Sunday, February 24, 2008

ပိုလာဝက်ဝံရဲ့ ပုံပြင်


မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွတ်ချင်ဆုံးပါ”လို့ ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး
ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။


သူငယ်ချင်းတစ်ယောက်က forward လုပ်လိုက်တဲ့ mail လေးပါ။ ဒီပုံပြင်လေးကို ဖတ်ပြီးရင်ကိုယ်ကိုတိုင်ကော ပိုလာဝက်ဝံ
ဖြစ်နေပြီလားဆိုတာ စဉ်းစားဖို့လိုပြီနော်။

Sunday, February 17, 2008

မိုးမြင့်တိမ်မွေးဖွားခြင်း


မိုးမြင့်တိမ်ဆိုတဲ့ ဘလော့ခ်လေးဖြစ်ပေါ်လာပုံ (သို့မဟုတ်) မိုးမြင့်တိမ်မွေးဖွားလာခြင်း အကြောင်းလေး နည်းနည်းပြောပြချင်လို့ပါ။ ကျွန်တော် ၁၀တန်းအောင်ပြီးချိန်လောက် ကတည်းကစပြီး စိတ်ဝင်စားခဲ့တဲ့ ၀ါသနာကတော့ programmer တစ်ယောက်ဇြစ်ချင်တာပါ။ ဒါပေမယ့် ဘ၀ဆိုတာကလည်း ခက်သားလားဗျာ။ တစ်ခါတစ်ရံမှာ ၀ါသနာနဲ့ရပ်တည်မှု ဆိုတာ တသားတည်း မကျတတ်ဘူးလေ။ ၀ါသနာပါတာက programming တစ်ကယ်တမ်း ဖြစ်လာတာကတော့ အဆောက်အအုံတွေ ဆောက်ရတဲ့အင်ဂျင်နီယာ။ ဒါပေမယ့် ဘ၀ဇာတ်ဆရာ အလိုကျ အင်ဂျင်နီယာဘ၀ကို ကပြရင်းနဲ့ပဲ ကိုယ်ဝါသနာပါတဲ့ computer ကိုလည်း တတ်နိုင်သလောက် လေ့လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော့်ဝါသနာအကြောင်းလေး ပြောပြတာပါ။ ကျွန်တော် အဓိကပြောချင်တာကတော့ မိုးမြင့်တိမ်မွေးဖွားလာပုံလေးပါ။

ဒီအကြောင်းလေးကို ပြောပြရမှာ နည်းနည်းလေးရှည်တာမို့ ကျွန်တော့် blog ကို ၀င်ရောက်ဖတ်ရှု အားပေးကြတဲ့ သူငယ်ချင်းများက နည်းနည်းသည်းခံပြီး ဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တကယ်တော့ ဒီမိုးမြင့်တိမ် blog လေးကို ဖန်တီးခဲ့သူက ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ မိုးမြင့်တိမ်မွေးဖွားဖို့အတွက် အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးတာကတော့ အစိမ်းရောင်ကောင်မလေးပါ။ သူမပါဘဲ မိုးမြင့်တိမ်ဆိုတာ မွေးဖွားလာမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော်နဲ့ ကျွန်တော့်ညီမအရင်းလေးလိုခင်ရတဲ့ အစိမ်းရောင်ကောင်မလေး တွေ့ဆုံခင်မင်မှုကို နည်းနည်း ပြောပြချင်ပါတယ်။ ကျွန်တော်စောစောက ပြောပြခဲ့သလို ဘ၀ဇာတ်ဆရာအလိုကျ အင်ဂျင်နီယာဘ၀ကို ကပြဘို့အတွက် ဆောက်လုပ်ရေးကုမ္ပ္ပဏီတခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ စလုပ်ခါစတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာပေါ့ဗျာ။ နောက်တော့လည်း တဖြေးဖြေး အဆင်ပြေလာပါတယ်။ ဒီလိုနဲ့ တစ်နှစ်လောက်ကြာတဲ့အချိန် တနေ့ကျွန်တော်စာရွက်ပုံတွေကြား ခေါင်းစိုက်နေတုန်း ကျွန်တော့်ဆရာက ကျွန်တော့်ကိုခေါ်ပြီး အသစ်ရောက်လာတဲ့ ကောင်မလေးသုံးယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီအထဲမှာ နောင်တစ်ချိန် အစိမ်းရောင်မိန်းကလေး ဖြစ်လာမယ့် ကောင်မလေးလဲ ပါတာပေါ့။ ပြီးတော့ လိုအပ်တာတွေလည်း သင်ပြပေးဘို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့ အဲဒီကောင်မလေးသုံးယောက်နဲ့ ရင်းနှီးခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မောင်နှမလေးယောက် တက်ညီလက်ညီနဲ့ အလုပ်အတူတူလုပ်ကြရင်းနဲ့ တနေ့ကျွန်တော်တို့တွေ ခွဲခွာရမယ့်တနေ့ကို ရောက်လာခဲ့ပါတော့တယ်။ အဲဒီခွဲခွာမူကို စတင်ဖန်တီးခဲ့သူကတော့ ကျွန်တော်ပါဘဲ။ ကျွန်တော့်ဝါသနာ၊ ကျွန်တော့်မိသားစု အတွက် ကျွန်တော့်အင်ဂျင်နီယာဘ၀ အစပျိုးရာ ဆောက်လုပ်ရေးကုမ္ပ္ပဏီအပါအ၀င် ကျွန်တော့်ညီမလေး သုံးယောက်နဲ့ ကျွန်တော်ခွဲခွာခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း ကိုယ့်ဘ၀ကိုတိုးတက်ရာ ရှာရင်းနဲ့ ကုမ္ပ္ပဏီတစ်ခုပြီးတစ်ခု ပြောင်းခဲ့ပါတယ်။ဒီလိုဘ၀ကိုရင်ဆိုင်နေရင်းနဲ့ အစိမ်းရောင်ကောင်မလေး ဖြစ်လာမယ့် ကျွန်တော့်ညီမလေး စကာင်္ပူထွက်သွားပြီလို့ သတင်းကြားလိုက်ပါတယ်။ ဒီသတင်းကြားတော့ ကျွန်တော် တော်တော ၀မ်းသာမိပါတယ်။ ပြီးတော့ဝမ်းလည်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဒီညီမလေးနဲ့ပြန်တွေ့ဘို့မလွယ်တော့ဘူးဆိုတဲ့ အသိကြောင့်ပါ။နောက်ငါးလလောက်ကြာတော့ နောက်ထပ်ညီမလေးတစ်ယောက် ထပ်ထွက်သွားပြန်တယ်။ အဲဒီတုန်းကလည်း ကျွန်တော်ဝမ်းသာဝမ်းနည်း ဖြစ်ရပါတယ်။ဒီလိုနဲ့ ကျွန်တော်လည်း ကိုယ့်ဘ၀ကိုယ်ရုန်းကန်ရင်း တနေ့တော့ စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ အကြောင်းကဖန်လာ ပါတော့တယ်။ ဒီလိုနဲ့ ကျွန်တော်လည်း စင်္ကာပူလာဖို့ပြင်ဆင်ရင်း အစိမ်းရောင်မိန်းကလေးနဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ ကျွန်တော်စင်္ကာပူရောက်တဲ့ အချိန်မှာတော့ သူဟာအစိမ်းရောင်မိန်းကလေး ဖြစ်နေပါပြီ။ ဒီလိုနဲ့တနေ့စကားစပ်မိရင်းကနေ သူ့blog address ကို ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ၀င်ပြီးလေ့လာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်ကလည်း အစကတည်းက ကွန်ပြူတာနဲ့ ပတ်သက်ရင် ၀ါသနာပါပြီးသားဆိုတော့ သူတိုက်တွန်းသလို သူ့blogကို ၀င်ရောက်လေ့လာမိပါတယ်။ ဒီလိုလေ့လာမိတဲ့အချိန်မှာပဲ ကျွန်တော်ကိုယ်တိုင်လည်း blog ရေးချင်စိတ် ဖြစ်လာပါတယ်။ ဒါနဲ့ပဲ ကျွန်တော်အစိမ်းရောင်မိန်းကလေးကို အကူအညီတောင်းခဲ့ပါတယ်။ သူကလည်း အားတက်သရော်နဲ့ပဲ ကျွန်တော့်ကိုကူညီခဲ့ပါတယ်။ နောက်ခံ backgroundကအစ post ခေါင်းစဉ်အဆုံး အားလုံးဟာအစိမ်းရောင်မိန်းကလေးရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပုံဖော်မှုတွေချည်းပါဘဲ။ ကျွန်တော်က သူစိတ်ကှုးပုံဖော်ထားတဲ့ blogလေးပေါ်မှာ postလေးတွေ ရေးတင်ရုံသာ ရှိပါတယ်။ ဒါကြောင့်မို့ မိုးမြင့်တိမ်ဟာ အစိမ်းရောင်မိန်းကလေးမရှိဘဲနဲ့ ဖြစ်တည်မလာနိုင်ဘူးလို့ ကျွန်တော်ပြောခဲ့တာပါ။

နောက်ဆုံးမှာတော့ အစိမ်းရောင်မိန်းကလေးရဲ့ စိတ်ကူးပုံဖော်မှု ကျွန်တော့်ရဲ့post တွေ ပေါင်းစပ်ပြီး "မိုးမြင့်တိမ်" ဆိုတဲ့blogလေးကို အောင်မြင်စွာနဲ့ မွေးဖွားခဲ့ပါပြီ။ ဒီအတွက် အစစအရာရာ ကူညီပံ့ပိုးပုံဖော်ပေးခဲ့တဲ့ အစိမ်းရောင်မိန်းကလေးကို ကျွန်တော် ထာဝရ ကျေးဇူးတင်နေမှာပါ။အစိမ်းရောင်မိန်းကလေးရဲ့ စိတ်ကူးပုံဖော်မှုနဲ့ ကျွန်တော်ရဲ့postများ ပေါင်းစပ်ထားတဲ့ ဒီblogလေးပေါ်မှာ ကျွန်တော်တတ်နိုင်သမျှ၊ လက်လှမ်းမှီသမျှ postများကို ဆက်လက် ရေးသားသွားပါမယ်လို့ ပြောရင်း "မိုးမြင့်တိမ်မွေးဖွားခြင်း"ဆိုတဲ့ ဆောင်းပါးလေး
ကိုအဆုံးသတ်လိုက်ပါတယ်။

Saturday, February 16, 2008

အချစ်ကြောက်သူ


အချစ်ဆိုတာချိုမြိန်ခြင်းဆိုရင်
ငါဟာအချိုကိုကြိုက်တဲ့
သကာရှာသူပေါ့....
အချစ်ဆိုတာခါးသက်ခြင်းဆိုရင်
ငါဟာအခါးဓါတ်ကိုမှ
နှစ်သက်သူပေါ့....
ဒါပေမယ့်လည်းလေ
မင်းပေးခဲ့တဲ့အချစ်ဆိုတဲ့အရာဟာ
သစ္စာမဲ့စွာနဲ့ရက်စက်ခြင်းဆိုတာ
သိလိုက်ရတဲ့အချိန်မှာ
ငါဟာအချစ်ကြောက်သူတစ်ယောက်
ဖြစ်သွားခဲ့တယ်ချစ်သူ....

Friday, February 15, 2008

အစားထိုးမရနိုင်သောဆုံးရှုံးမှု



ချိုမြိန်သောအရသာ
အောင်မြင်ခြင်းမှာရှိတတ်ပါတယ်...
ထိခိုက်တဲ့ဝေဒနာ
ဆုံးရှုံးခြင်းမှာရှိတတ်ပါတယ်...
ထာဝရအောင်မြင်နေခြင်းဟာ
တစ်ကြိမ်တခါဆုံးရှုံးခြင်းကို
ဖုံးလွှမ်းမေ့ပြောက်နိုင်စွမ်း
မရှိပါဘူး........
ထိုတစ်ကြိမ်တခါဆုံးရှုံးရခြင်းသည်ကား
နှလုံးသားကိုစွန့်လွှတ်လိုက်ရခြင်းတည်း...

Template by - Abdul Munir