Friday, November 28, 2008

ဆုတောင်း






















သြကာသလောကမှာ
နေနဲ့လ နှစ်ပါးဆိုင်လို့
နေမင်းက အလင်းဝင်တဲ့
နေ့ခင်းဆိုတာကို ပေးတယ်
လမင်းက ညခင်းကိုပေးတယ်...

နေအလင်းကြောင့် ကမ္ဘာကလင်းသလို
လမင်းက အေးမြခြင်းကိုဆောင်တယ်
လင်းထင်းခြင်းမှာ အပူလှိုင်းတစ်ခုရှိသလို
အေးမြခြင်းကိုတော့ လူတိုင်းငြိတွယ်ကြတယ်...

နေလာလို့ နှင်းပျောက်ခဲ့ချိန်မှာတောင်
ဝေဒနာတို့ ထွင်းဖောက်တဲ့ရင်ခွင်တွေနဲ့ဘဲ
ငါတို့ရဲ့လက်တွေ နွေးထွေးစွာတွဲခဲ့ကြတယ်
အမှတ်တမဲ့နေ့ရက် တွေဖြတ်သန်းရင်း
အမှတ်တရတွေ ရရှိခဲ့ကြတယ်...

ဒါပေမယ့်လည်းလေ
လောကကိုစိုးမိုးတဲ့ နိယာမတရားတွေကို
တွန်းလှန်ဘို့အင်အား ငါတို့မှာမရှိခဲ့ကြဘူး...

အနောက်အရပ်က နေမထွက်သလို
အရှေ့ဘက်ကလည်း နေမ၀င်ဘူး
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်မအောင်းသလို
လားရာခြင်းတူတဲ့ ပြိုင်မျဉ်းနှစ်ကြောင်းဟာလည်း
မပေါင်းဆုံနိုင်ဘူး...

တကယ်လို့များသာ ဘ၀ကိုပြန်စခွင့်ရှိခဲ့ရင်
ငါ့ကဗျာကို စွမ်းအင်ပြုလို့
ဒီနိယာမတရားတွေကို ကျွမ်းပြန်အောင်
ပြောင်းပြန်လှန်ပစ်ချင်တယ်
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်အောင်းလို့
ပြိုင်မျဉ်းနှစ်ကြောင်းလည်း ပေါင်းစေ...

ခုတော့လည်း
စိတ်ကူးပန်းချီနဲ့ ရေးသီတဲ့
ငါ့ကမ္ဘာ ငါ့ကဗျာမှာ
ရင်ခုန်သံတွေ တိုးပျောက်လို့
မှော်ဝင်တဲ့ အိပ်မက်တွေနဲ့ဘဲခရီးဆက်မယ်
ငါ့ကဗျာတွေက ညဉ်းလျက်နဲ့ဆွေးကြတယ်...

နောက်နောင်ဘ၀များမှာ
ကုသိုလ်ကံ အကြိုးပေးကောင်းလို့
လူဆိုတဲ့ ပေါင်းကူးလိုဘ၀မျိုးပြန်ရခဲ့ရင်
ငါ..လေးနက်စွာ ဆုတစ်ခုတောင်းမယ်
ဘယ်လို အကြောင်းမျိုးနဲ့မှ
ငါ့နှလုံးသားကို မစတေးရပါစေနဲ့.....



စိတ်၏စေရာနာခံလေသော

Wednesday, November 26, 2008

တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်

ငါဆိုတဲ့ကောင်က ပွင့်လင်းတယ်
ကောင်းကင်ကလည်း ရဲတင်းစွာဖြေတယ်
ပွင့်လင်းတာ ရှက်စရာမဟုတ်သလို
ရဲတင်းတာကလည်း ကလက်တာမဟုတ်ဘူး
ဓါးတစ်ချောင်းမှာတောင် ဓါးရိုးနဲ့ ဓါးနှောင်ရှိခဲ့ရင်
ဘ၀ဆိုတာမှာလည်း အဆိုးနဲ့အကောင်းဆိုတာရှိစမြဲဘဲ.....

မင်းလည်း မင်းလမ်းလျှောက်တဲ့ချိန်
ငါလည်း ငါ့လမ်းငါလျှောက်လို့ပေါ့
အကြောင်းတိုက်ဆိုင်ရင်တော့
ငါတို့နှစ်ယောက် ပေါင်းလျက်ပြန်လာနိုင်တယ်
မျှော်လင့်ချက်တွေ အသက်ဆက်သရွေ့ ပေါ့.....


တစ်နေရာမှာ ရာဇာဖြစ်ရင်
တစ်နေရာမှာ ပြာတာဖြစ်တယ်
ဒီတော့........ငါက
ဘယ်နေရာမှာရာဇာဖြစ်လို့
ဘယ်နေရာမှာပြာတာဖြစ်သလဲ.....

ရာဇာဘဲဖြစ်ဖြစ် ပြာတာဘဲဖြစ်ဖြစ်
အချစ်ဆိုတဲ့ သစ်ပင်ရှင်နေသရွေ့
ငါ့ ကောင်းကင်က မိုးမချုပ်ဘူး
ရဲရဲတောက်တဲ့ ငါ့သွေးသောက်ကဗျာတွေကလည်း
ငါ့ရင်မှာ ဖြိုးမောက်တုန်းဘဲ.....

ကဗျာကိုသောက် ကဗျာကိုစား
ကဗျာတွေသာ ကြီးထွားတဲ့ရင်ခွင်မှာ
ကဗျာသစ်ပင်တွေ အမြစ်တည်နေသမျှ
ငါ့ကမ္ဘာကို ငါ့ကဗျာနဲ့တည်ဆောက်မယ်
အဲဒီ့အတွက် ကောင်းကင်တစ်ခုကိုငါရောက်ခဲ့တယ်.....

တိမ်ဆိုတာပေါ့ပါးတယ် လွတ်လပ်တယ်
တစ်ချို့ကလည်း ဆိုတယ်
ပုံသဏ္ဍာန်ပြောင်းလွယ် ပျောက်ပြက်လွယ်တဲ့
ဘယ်လိုဘဲဖြစ်ဖြစ် ငါကတော့တိမ်တွေကိုချစ်တယ်.....

တစ်ချိန်က အချစ်ဆိုတာကိုပြက်ရယ်ပြုလို့
မင်းတိမ်တွေညိုခဲ့ရသလို
ငါ့တိမ်တွေလည်း ငိုခဲ့ရတယ်.....

ခု ငါတိမ်ညိုတွေကင်းလို့ လင်းထင်းတဲ့ကောင်းကင်မှာ
ငါ့ကဗျာတွေကို မောင်းနှင်ရင်းငါသေမယ်
ဒါဟာ ငါ့ယုံကြည်ချက် ငါ့သံဓိဌာန်
ကဗျာတွေက ငါ့ရင်ခုန်သံ.....

ငါ့လက်တွေသန်နေသမျှ
ငါ့ကမ္ဘာမှာ ကဗျာတွေရှင်သန်နေစေရမယ်
အလင်းနှစ်တွေ မပြန်သရွေ့
ဒီကောင်းကင်မှာ ငါပျော်မွေ့မယ်
ကဗျာကိုအသက်သွင်း မှော်ဝင်တဲ့စုတ်ချက်သွင်းလို့
ဒီကောင်းကင်မှာဘဲ ကဗျာတွေကို
ငါ့လက်နဲ့ ခင်းကျင်းခဲ့ဦးမယ်.....

ငါဆိုတဲ့ကောင်က ပွင့်လင်းတယ်
ကောင်းကင်ကလည်း ရဲတင်းစွာဖြေတယ်
အလင်းတွေမင်းရှေ့ရောက်တာ
တိမ်ညိုတွေ ပျောက်လို့တဲ့လေ.....

ကဗျာတွေကလည်း ငါ့ကိုပြောကြတယ်
မင်းရဲ့နေ့ရက်တွေ တိမ်ညိုကင်းလို့
လင်းခဲ့ပြီ ကဗျာဆရာတဲ့.....

ငါ့ကဗျာတွေက ပြောတဲ့စကား
ငါ့ရင်ခွင်က ကြားတဲ့အချိန်
ငါကဗျာရေးသီတဲ့ ငါ့ကောင်းကင်ကြည်ကြည်ကို
အမည်တစ်ခု ပေးခဲ့တယ် အဲဒါ
"တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်"



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Tuesday, November 25, 2008

မှတ်တမ်းရေးသော ဆွေးရက်များ














အချစ်လက်ဖ၀ါးထက်မှာ
ပါးအပ်ထားတဲ့ ပန်းသီးတစ်လုံး
ရင်ခုန်သံမပျက်သုဉ်းဘဲ ပြုတ်ကျခဲ့တာ
ရူးနှမ်းနှမ်းဖြစ်တဲ့ လက်အပြစ်လား
ပြုတ်ကျသွားတဲ့ ပန်းသီးအပြစ်လား.....

လှပတဲ့မေတ္တာ ငှက်ကလေးတစ်ကောင်ကို
ရွှေလှောင်အိမ်မှာ နှောင်ဖွဲ့ထားချင်တာ
ချစ်တတ်သူရဲ့ အပြစ်လား
ချစ်စရာကောင်းတဲ့ ငှက်ကလေးရဲ့အပြစ်လား.....

မီးထဲခုန်ဆင်းလို့ အသစ်ပြန်ဖြစ်ထွန်းတဲ့
ဖီးနစ်ငှက်မဟုတ်ဘူးဆိုတာ ငါမေ့နေခဲ့တယ်.....

လောကကြီးက ထူးဆန်းပါတယ်လေ
ရာမာယဏ ဇာတ်တော်မှာတောင်
အချစ်နွံထဲကျွံတဲ့ ဒဿ
မယ်သီတာကို ရဘို့ကြိုးစားခဲ့တာဘဲ.....

အချစ်ကြီးတဲ့ ဒဿ
ပြန်ရလိုက်တဲ့ မယ်သီတာရဲ့ဆုလာဘ်ကကော
နောင်ဆယ်သက်တောင် သေစေတဲ့.....

ခုနေချိန်များ မယ်သီတာရှိသေးရင်
နှောင်ဖွဲ့မဲ့ ဓါးတစ်ချောင်းပေးလို့
ဘယ်သူ့ကိုထိုးမလဲ မေးလိုက်ချင်တယ်
ရွေးချယ်လိုက်ပါလေ.....

အဆိပ်သင့်တဲ့ ငါ့ရင်ခွင်ကအချစ်ကို
မင်းမကြင်တော့တဲ့အခါ
တခြားတစ်ယောက် ရင်ခွင်မှာ
မင်းပျော်ရွှင်စွာ ခိုဝင်လှည့်ပါ
ငါငိုချင်ရင်လည်း ငိုနေခဲ့လိမ့်မယ်.....

ကောင်းကင်ထက် ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်း
Velocity ကုန်လို့ပြန်လည်ကျဆင်းတဲ့အချိန်
ရင်ဆီးခံမြေပြင်ဟာ ငါမဟုတ်နိုင်တော့တာ
ကောင်းကင်သက် မကုန်ခင်ကတည်းက
ငါသိပြီးသားပါ.....

အဆုံးသတ်မှာ
ငါအပြုံးမပျက် ဟန်ဆောင်နေပေမယ့်
ရင်ခုန်သံတွေကတော့ ပျက်သုဉ်းရက်ကိုရောက်နေပြီ.....

အဆုံးတစ်နေ့မှာ
မင်းငါ့ကို လုံးဝမေ့ခဲ့ပြီဆိုရင်
ဒေါနပန်းတွေ လှိုင်လှိုင်ပွင့်တဲ့
အလွမ်းတောင်ထိပ်က သောကမြို့ရိုးရှေ့မှာ
ငါ့ရင်ကိုခွဲ ငါ့အသဲ(သည်း)ကိုစတေးပြီး
ငါ့သွေးနဲ့ ကဗျာတစ်ပုဒ်ရေးခဲ့မယ်
ဆွေးရက်မှတ်တမ်း တွင်စေတယ်.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Monday, November 24, 2008

မှော်ဆရာနှင့် တိမ်ပျိုမ
























ကြည်ပြာရောင်တောက်တဲ့ ကောင်းကင်မှာ
ပန်းနုရောင် ကလောင်တစ်ချက်နဲ့
အချစ်အတွက် ဆေးဖော်စပ်ချိန်
သက်တန့်အိမ်တံခါးကို ဖွင့်လို့
တိမ်ပျိုမ တေးတစ်ပုဒ်ဆိုတယ်
မှော်ဆရာ တမ်းချင်းတဲ့လေ.....

ကောင်းကင်ကိုမှ ခေါင်းတင်မှေးစက်ချင်တဲ့ မှော်ဆရာ
တိမ်တိုက်တောကို ဖြတ်ကျော်စဉ်မှာ
တိမ်ပျိုမနဲ့ တွေ့ခဲ့တာလေ.....

ကဗျာမှာ ၀ိညာဉ်အသက်သွင်း
မှော်လမ်းကို ခင်းတဲ့အချိန်
တိမ်ပျိုမအတွက် ဖြစ်တည်ရာအိမ်ဟာ
မှော်ဆရာ ရင်ခွင်မှာဖြစ်တဲ့
အသဲ(သည်း)လွန်ကြိုးနဲ့ ထိုးတဲ့အိမ်လေ.....

စုတ်ချက်ဆွဲတဲ့ မှော်ဆရာလက်အပြောင်း
ခပ်စောင်းစောင်းဖြစ်သွားတဲ့ ဆေးတစ်စက်ကြောင့်
တိမ်ညိုတွေရစ်သိုင်း နှလုံးသားတောင်ထိပ်က
တံတိုင်းတစ်ချပ်လည်း ကြိုးပဲ့ခဲတယ်.....

ရုတ်တရက်ပျောက်ကွယ်တဲ့ တိမ်ပျိုမကိုကြည့်ရင်း
မှော်ဆရာကောင်းကင်က ပြုတ်ကျခဲ့တာ
အလင်းနှစ် ထောင့်ငါးရာကြာခဲ့တယ်.....

မြေပြင်မှာ မတ်မတ်ရပ်
မှော်ဆရာ စုတ်တစ်ချက်ရမ်းတဲ့အချိန်
ကြူးရင့်တဲ့ တမ်းချင်းတစ်ပုဒ်ဖြစ်ထွန်းတယ်.....

မင်းသိဘို့ ဝေဒနာကိုကြေငြာခဲ့ရင်
မဏိမေခလာတောင် နေနိုင်မယ်မထင်ဘူး
ရင်ခုန်သံ မရပ်ဘဲရူးချင်လည်းရူးမယ်
တိမ်ပျိုမလက်နဲ့ မသတ်မချင်းပေါ့.....

မှော်ဆရာရင်ထဲ
တိတ်တိတ်လေး တေးမှတ်ခဲ့တဲ့အချိန်ရှိတယ်
တိမ်ညိုတွေ ပြိုတဲ့ကောင်းကင်ရောက်ခဲ့ရင်
တိမ်ပျိုမရေ................................
မင်းဆီကို မှော်ဆရာတစ်ယောက်
အရောက်လာခဲ့မယ်.....



စိတ်၏စေရာနာခံလေသော

Sunday, November 23, 2008

ရင်ခွင်တမ်းချင်း

သံယောဇဉ် အမျှင်တန်း
ရင်ခွင်လမ်းကို လျှောက်ခဲ့စဉ်
ကြောင့်ကြမဲ့စွာ မပူပင်တဲ့ငါ့စိတ်
ဘောက်မဲ့ကြောင့်များ တိတ်ဆိတ်
ရင်ခုန်သံတွေများ တိုးတိတ်သွားတာလား....

ရေကူးရင်းကြွက်တက်သလို
တဆတ်ဆတ်နာကျင်တဲ့ ရင်ခွင်နဲ့ဘဲ
အဖက်ဖက်ကို ချင့်ချိန်တွေးတော
လိုဘမပြည့်တဲ့ လူတို့သဘော
အခုငါကကော...................
ရိုဘော့တစ်ရုပ်လို ပြုမူတွေးတောလို့...

အတွေးပြောတာတွေ နားထောင်
သွေးပြောတာတွေ နားယောင်လို့
ရင်ခွင်မှာ ရေးသောကဗျာတွေလည်း
များမြောင်ခဲ့ပြီ........................

ဘ၀သံသရာ လမ်းတစ်လျှောက်
ခံစားလောက်တဲ့ အဖြစ်အပျက်တွေ
အချစ်အတွက် နေခဲ့တဲ့ရက်တွေပျောက်ဆုံး
အမှောင်လုံးလုံး ကျရင်တောင်
ငါ့ရင်ခွင်က တမ်းချင်းတစ်ပုဒ်
ဖြစ်ကျန်ရစ်စေ...........



စိတ်၏စေရာနာခံလေသော

Friday, November 21, 2008

တိမ်ညိုမိုက်၍ ငိုရှိုက်သည်

ခါးသက်တဲ့ ညတွေကို
ညတွေကဘဲ ပြန်မျိုချရင်း
ငိုချင်းကို သီရှိုက်တဲ့
လူတစ်ယောက်ရဲ့ ရင်ခုန်သံ
လူတွေကြားမှာဘဲ ပျောက်ပြက်ပြန်ပြီ...

တိတ်ဆိတ်စွာ ကျဆုံးနေတဲ့
ဒီအခန်း............................
အကြင်နာမဲ့တဲ့ ခြေလှမ်းတွေနဲ့
ဘယ်သူတွေ ၀င်လာကြဦးမလဲ...

ဝင်သူလဲ မဲ့ခဲ့ပြီ
ကြင်သူလည်း ခွဲခဲ့ပြီ
ခုတော့လည်း
ရင်ပူတဲ့ လူတစ်ယောက်သာ
ညအခါးတွေကြားမှာ
................................
................................
................................
တွေးလျက်နဲ့ ဆွေး.....



စိတ်၏စေရာနာခံလေသော

Tuesday, November 11, 2008

လပြည့်ည( သို့ ) ဆေးပေါင်းခတဲ့ည

ထိန်ထိန်သာတဲ့ လမင်း
ကောင်းကင်ယံမှာ ထွန်းလင်း
ကြယ်အပေါင်းလည်း ခြံရံ
ဒါ လမင်းနိုင်ငံ.....

တက်ညီတဲ့ လူတွေပေါင်းစုံ
အာရုဏ်မလာခင် အမှီကပ်ရေး
လက်မနှေးအောင် ကြိုးစားလို့
မသိုးသွားတဲ့ သင်္ကန်း
အပြိုင်အဆိုင် ရက်ကာကပ်ကြတယ်
ဒါ လပြည့်ည.....

လောကဓါတ်တခွင် ဆေးပေါင်းစုံလင်
ညအလှမှာတောင် ဆေးပေါင်းခတော့
နွယ်မြက်သစ်ပင်တွေလည်း
ဆေးဘက်ဝင်ကြတယ်.....

မယ်ဇလီဖူးသုပ် အထူးပြုလုပ်လို့
ရောဂါဘယ ကင်းကွာကြစေဘို့
ဝေမျှကာ တို့တွေစားကြတာ
အမေရာ......
သား ဒီညကိုလွမ်းလိုက်တာ.....

မသိုးသင်္ကန်းတွေ အပြိုင်အဆိုင်
ကောင်းမှုတွေ လှိုင်လှိုင်ပြုတဲ့ည
အဝေးကနေ ကျွန်တော်တမ်း
လွမ်းလှတယ် အမေ.....

ကံကြမ္မာ အခါသင့်ရင်ဖြင့်
တဖန်သာ ပြန်ကာတွေ့ကြမယ်
ထိန်ထိန်သာ ပျော်စရာပွဲတော်ည
အမေ.........
သား ဒီဘ၀ပြန်ရမှာပါနော်.....


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Monday, November 10, 2008

စိတ်၏စေရာနာခံလေသောလူ

တိမ်းမူးတာလည်း ဒီစိတ်
ယိမ်းလူးတာလည်း ဒီစိတ်...
ထိန်းကွပ်တာလည်း ဒီစိတ်
တိမ်းညွှတ်တာလည်း ဒီစိတ်...
စွဲလမ်းတာလည်း ဒီစိတ်
အသည်းကျွမ်းတာလည်း ဒီစိတ်...
အထင်လွဲတာလည်း ဒီစိတ်
ရင်ကွဲတာလည်း ဒီစိတ်...
ချစ်ခြင်းဟာလည်း ဒီစိတ်
အပြစ်မကင်းတာလည်း ဒီစိတ်...
မုန်းခြင်းဟာလည်း ဒီစိတ်
ပျက်သုဉ်းခြင်းဟာလည်း ဒီစိတ်...
တွယ်တာတာလည်း ဒီစိတ်
ဖယ်ခွာတာလည်း ဒီစိတ်...
တမ်းတတာလည်း ဒီစိတ်
လွမ်းရတာလည်း ဒီစိတ်...
ခွှင့်လွှတ်တာလည်း ဒီစိတ်
စွန့်လွှတ်တာလည်း ဒီစိတ်...
ပင်ပန်းတာလည်း ဒီစိတ်
ရွှင်လန်းတာလည်း ဒီစိတ်...
နေတုန်းတော့လည်း ဒီစိတ်
သေဆုံးတော့လည်း ဒီစိတ်...
ဤသို့ဤနှယ် စိတ်နယ်ပယ်မှ
စိတ်တို့ပေါင်း၍ စိတ်ပေါင်းများစွာ
သောင်းချီလာလည်း
မဖယ်မယွင်း နာခံစင်းသည်
လူတို့မည်သည်
စိတ်၏စေရာနာလေသည်.....


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Sunday, November 9, 2008

ကဗျာတွေကပြောမယ့်ငါ့အကြောင်း

ကဗျာကို ဖက်တွယ်ခဲ့တာ
အသက်ငယ်ငယ်လေးထဲက.....

ခံစားချက်ကို အလေးပေးတော့
ဦးနှောက်ကလည်း မနိုင်
ငါ့နှလုံးအိမ်မှာ
ဒဏ်ရာလှိုင်တာလည်း
ယနေ့ထက်တိုင်ဘဲ....

သံယောဇဉ် ချင်ခြင်းတက်
ရင်တွင်းကအဖြစ်အပျက်ကို
ဖွင့်ဟခဲ့တာလည်း
ဒီကဗျာထဲမှာဘဲ.....

ငါ့ချစ်ခြင်းနဲ့အားပြိုင်
မေတ္တာနဲ့ နိုင်အောင်တိုက်တဲ့
ဒီအချစ်စစ်ပွဲ
ရှုံးနိမ့်ခြင်းကြုံလည်း
ကဗျာတွေကို
ငါလေ
ဖက်တွယ်ဆဲ.....

အဆုံးတစ်နေ့မှာ
လုံးဝမေ့စရာအကြောင်းတွေ
ရှိခဲ့ရင်တောင်မှ
ငါဆိုတဲ့ ကောင်အကြောင်း
ကဗျာတွေက
ကောင်း
ကောင်း
ပြော
လိမ့်
မယ်
....
...
..
.




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Saturday, November 8, 2008

ရင်ကွဲရူံ

ရယူခြင်းကင်းခဲ့တာ
မင်းအတွက်သာ ဖြစ်တည်တဲ့
အပြစ်ကင်းတဲ့ ငါ့ရင်ထဲက
ချစ်ခြင်းမှာ.....

မျှော်လင့်ခြင်းတွေကျိုးပျက်
ငါ့ကမ္ဘာပျက်ခဲ့တာ
ငါ့အပါးက
မင်းထွက်ခွာသွားချိန်မှာ.....

နက်နဲစွာ ဖြစ်တည်တဲ့
ငါ့ရင်တွင်းက ချစ်ခြင်း
မယုံကြည်ခြင်းနဲ့ ရိုက်ချိုးလို့
ငါ့အပါးက ထွက်ခွာ
အရာရာကို ဥပေက္ခာပြုခဲ့ချိန်မှာ
ငါ့ဝိညာဉ်လည်း ပျက်သုဉ်းလို့
ဘ၀တစ်လျှောက်လုံးမှာ
ငါလေ..........
ရင်ကွဲရုံ.........




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Friday, November 7, 2008

အစိမ်းခြွေ

တဖြုတ်ဖြုတ်ကြွေနေတဲ့ သစ်ရွက်တွေ
တရှုပ်ရှုပ်ငိုကြွေးနေတဲ့ နေ့ရက်တွေ
သက်သေတွေပြုမပေးနိုင်တော့တဲ့ အခါ
ဒါဟာ အစိမ်းခြွေ.....

ရင်ခွင်မှာတည်တဲ့ အချစ်တရား
လှည့်စားတာလား မေးခံရချိန်
ဖြစ်တည်တဲ့ ရင်နှလုံး
ပျက်သုဉ်းတဲ့ ဘ၀အခြေအနေ
ဒါဟာ အစိမ်းခြွေ.....

ပြင်ဆင်ခဲ့တဲ့ အနာဂါတ်သစ်အတွက်
ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေ
သက်သေတွေ မဲ့တဲ့အခါ
ဒါဟာ အစိမ်းခြွေ.....

အငိုမျက်လုံးနဲ့ အပြုံးမျက်နှာ
ဖုံးခဲ့တဲ့ ငါ့အသည်းဒဏ်ရာ
သွေးစိမ်းရှင်ထွက် နာကြင်လျက်နေလည်း
အစဉ်သာရင်ခွင်မှာ တမ်းတ
အလွမ်းနှင့်သာ နေရမည့်ငါ့ညတွေ
ဒီဘ၀မှာတော့လေ
ဒါဟာ အစိမ်းခြွေ.....

အဆုံးမှာတော့
ပျက်သုဉ်းတဲ့ ငါ့ဘ၀လည်းကြွေ
ဒါဟာ အစိမ်းခြွေ.....


ရင်ဘတ်နှင့်ရေးဖွဲ့သည်
စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

"RIGHT HERE WAITING"

Oceans apart day after day
And I slowly go insane
I hear your voice on the line
But it doesn't stop the pain

If I see you next to never
How can we say forever

Wherever you go
Whatever you do
I will be right here waiting for you
Whatever it takes
Or how my heart breaks
I will be right here waiting for you

I took for granted, all the times
That I though would last somehow
I hear the laughter, I taste the tears
But I can't get near you now

Oh, can't you see it baby
You've got me goin' CrAzY

Wherever you go
Whatever you do
I will be right here waiting for you
Whatever it takes
Or how my heart breaks
I will be right here waiting for you

I wonder how we can survive
This romance
But in the end if I'm with you
I'll take the chance

Oh, can't you see it baby
You've got me going crazy
Wherever you go
Whatever you do
I will be right here waiting for you
Whatever it takes
Or how my heart breaks
I will be right here waiting for you

Thursday, November 6, 2008

အခွင့်မရှိ မ၀င်ရ( သို့ )အလွမ်းအခန်း

နှလုံးသား နှုတ်ငုံတော်ဦး
ပွင့်ဖူးတဲ့ ပန်းတပွင့်
ကံကြမ္မာလေပွေ မွှေ့တာကြောင့်
ဝေမလိုနဲ့ ကြွေခဲ့ချိန်မယ်
လောကရယ်...
နင် သာယာနိုင်ပါ့မလား.....

ကျေးငှက်တို့ တေးမဆို
ပန်းတို့လည်း ငိုလို့
ပျော်ရွှင်စရာ ပျောက်ဆုံး
ဝမ်းနည်းမှု တိမ်ဖုံးလို့
ဆိတ်သုဉ်းတဲ့ ဘ၀တို့ညှိုးချိန်မှာ
လောကရယ်...
နင် သာယာနိုင်ပါ့မလား.....

ရင်ခွင်မှာ ဖြစ်တည်
ချစ်ခြင်းတို့ မပီခဲ့ခင်
ခွဲခွာရပြီဆိုတဲ့ အသိတရား
ခံစားလို့ ရရှိလိုက်ချိန်မှာ
လောကရယ်...
နင် သာယာနိုင်ပါ့မလား....

ခုတော့လည်းလေ
နေလာလို့ နှင်းပျောက်ခဲ့ပေမယ့်
ဝေဒနာတို့ ထွင်းဖောက်တဲ့ရင်ခွင်မှာ
အလွမ်းနှင့်သာ ပြည့်ပြန်တာမို့
အချစ်အငွေ့ပျံတဲ့ ဒီအခန်းထဲ
အခွင့်မရှိဘဲ ၀င်မလာကြပါနဲ့တော့.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Tuesday, November 4, 2008

မတရားတဲ့ လောက

ရင်ခုန်သံ ဗျောင်းဆန်
ငါ့ရင်ခွင် ကပြောင်းကပြန်ဖြစ်လို့
ပြောကြစမ်းပါ
လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ...

ချစ်ကြသူတွေ ဝေးတဲ့ရက်
ခွဲခွာသူတွေ ဆွေးတဲ့အတွက်
အသည်းမှာပူတဲ့ အလွမ်းရက်စက်
မင်းအတွက် မတရားဘူး.....

ဘုရားစူးပါစေ ကျိမ်ဆိုတဲ့ စကား
ခုများတော့
လူများကြားမှာ ပျောက်ပြက်
ဖောက်ဖျက်တဲ့ အသိတွေ
ဆိတ်သုဉ်းချိန်မှာတောင်
ငါသိပ်မုန်းမိနေမှာ
မင်းအတွက် မတရားတဲ့
ဒီ လောကတရားကိုပေါ့.....



စိတ်၏စေရာနာခံလေသာ

မိုးမြင့်တိမ်

Monday, November 3, 2008

ကိုယ်တိုင်ရေးပုံတူ

ည.....
တိတ်ဆိတ်မှုအပေါင်း ခညောင်း
ဗျောင်းဆန်အောင် ခုန်တဲ့ငါ့ရင်
ခုတော့လည်း လူသေနဲ့မခြား
ရင်ခုန်သံတွေ ငြိမ်နေပါပေါ့လား...

ပင်လယ်ဟာ အတိမ်အနက်ရှိသလို
ရင်ခုန်သံကို ဇိမ်အမှတ်နဲ့ကြည့်မိတဲ့ငါ
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...

လူတစ်ယောက်ကို ချစ်ခြင်းဟာ
ပူလောင်လိုက်တဲ့ ဖြစ်ခြင်းလို့
အရင်က ပြောခဲ့ဘူးတယ်
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...

နောင်တဆိုတာ
နောင်ကျမှရမယ်ဆိုတဲ့စကား
ဆိုခဲ့စဉ် အခါတုန်းက
မင်းမျက်နှာ ဂုဏ်တွေလွှင့်
အပြုံးတွေနဲ့ ၀င့်လို့
ကဲ...အခုတော့ မင်းအလှည့်ကျပြီ
ဘာတတ်နိုင်သေးလဲ...

ည.....
တိတ်ဆိတ်မှုအပေါင်း ခညောင်းလို့
ခုတော့လည်းလေ
ငါ့အကြောင်းငါရေး
ငါတေးသီရာ ငါ့ကဗျာမှာ
ငါ့ကမ္ဘာ တစ်ခါပျက်ခဲ့ပြီ...
ငါကိုယ်တိုင်ရေးသည်
ငါ့ပုံတူ ပန်းချီ...




စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, November 2, 2008

အမေပြောတဲ့စကား

အရာတိုင်းကို မခံစားပါနဲ့ သား
အရာတိုင်းကို ခံစားရင်
ငါ့သားရင်မှာ
ဒဏ်ရာဒဏ်ချက်သာများလာလိမ့်မယ်...

အခြေအနေတိုင်း
တရားသေမမှတ်နဲ့ သား
ဒီလောကကြီးထဲမှာ
ပုံသဏ္ဍာန် အမှားတွေ
အစုန်အဆန်သွားနေလေရဲ့ .....

ရည်မှန်းချက် မပျက်ပါစေနဲ့ သား
ရည်မှန်းချက် ပျောက်ရင်
မင်းဘ၀ မှောက်လိမ့်မယ်....

လောကထဲလှည့်ပတ်
မင်းရင့်ကျက်တဲ့ အချိန်
အမေ့အိမ်ကို မင်းပြန်ခဲ့
အဆင်းသဏ္ဍာန်မပျက်တဲ့
အမေ့ရဲ့ လေ
မေတ္တာဓါတ်နဲ့ နွေးစေမယ်....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ကမ္ဘာပျက်တဲ့မနက်

ငါထင်ခဲ့တာတွေက အမှား...
ငါမြင်ခဲ့တာတွေက အမှား...
ငါကြားခဲ့တာတွေက အမှား...
အမှားပေါင်းများစွာထဲမှာ...
ငါဟာ မှားပြီးရင်းမှား...

အမှားကို အမှန်ထင်
အမြင်ကိုေ၀၀ါးလို့
အမှားများဘဲ မြင်တဲ့
မျက်ဝန်းအစုံ
ငါဖောက်ထုတ်လိုက်ချင်တယ်...

အမှားများသာ ကြားတဲ့နား
ကန်းသွားလည်း ငါမသနားဘူး...

အမှားဘက်ကိုစောင်းတဲ့
ငါ့ရဲ့ စိတ်ဦးခေါင်း
ရူးနှမ်းလည်း မထူးဆန်း
လူတွေအကုန်ဟာ
အရူးအနှမ်းများသာဘဲလေ...

အမှားကိုမှ နှစ်ခြိုက်စွာမြုံတဲ့
ငါ့ရင်အစုံ
ခွဲထုတ်လို့ အကုန်သွန်
ငါ့ရင်ကို ဗလာကျင်း
နာခြင်းက ပြင်းပြလိုက်တာ...

မိတ်ဆွေတို့ရေ
သိများသိရင်လေ
ပြောပြပေးကြပါ
ငါ့ ကမ္ဘာပျက်တဲ့
မနက်မှာ
မတ်တတ်ရပ်နေတာ
ဘယ်နှနာရီရှိပြီလဲ???



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Saturday, November 1, 2008

ကောင်းကင်ပြိုမဲ့နေ့

အချစ်နဲ့ စစ်မှာ
အကုန်လုံး တရားတယ်
ဒါဆို
မေတ္တာဖုံးတဲ့နှလုံးသား
ဘယ်နားရှာရမတုံး...

အစရှိရင်လည်း
အဆုံးဆိုတာရှိတယ်
ဒါဆို
ငါတို့ ဘ၀နိဂုံးကကော...

တွေ့ဆုံခြင်းရှိရင်
ခွဲခွာခြင်းလည်း ရှိတယ်
ဒါဆို
ခွဲခွာရမယ်မှန်းသိပေမယ့်
အပြစ်ကင်းတဲ့ ချစ်ခြင်းနဲ့
ချစ်ခဲ့သူတွေ အတွက်ကော...

ကမ္ဘာမပြိုပေမယ့်
ငါ့ကောင်းကင် ငိုနေပြီ...
နေရောင်မထိုးပေမယ့်
ငါ့ကောင်းကင် ညှိုးလုပြီ...
ကြယ်ရောင်တောက်ပေမယ့်
ငါ့ကောင်းကင် ပျောက်လုပြီ...

နောက်ဆုံးတော့လည်းလေ
နေ၀င်လို့မိုးချုပ်
ညှိုးရုပ်နဲ့သာ နေရသည်
ငါ့ကောင်းကင်ပြိုမဲ့နေ့
ငါတကယ် မတွေ့ချင်ပြီ...




ရင်ဘတ်နှင့်ရေးဖွဲ့သည်
စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Template by - Abdul Munir