တစ်ခါတစ်ရံမှာ...
ဖြစ်တည်မှုမရှိတဲ့ အဆုံးကို...
ရည်ညွှန်းရာမဲ့ ခြေအစုံနဲ့...
ငါလျှောက်လှမ်းနေမိတယ်...
တစ်ခါတစ်ရံမှာ...
ခြစားနေတဲ့ အသည်းနှလုံးကို...
ပိုက်ထွေးရင်း ငါငေးနေခဲ့မိတယ်...
တစ်ခါတစ်ရံမှာ...
မဆုံနိုင်တဲ့ မျဉ်းနှစ်ကြောင်းကို...
အတင်းပေါင်းဘို့ ငါကြိုးစားခဲ့ဘူးတယ်...
တစ်ခါတစ်ရံမှာ...
လမ်းဘေးကပလက်ဖောင်းမှာ...
ခပ်ဟောင်းဟောင်းဂစ်တာတလုံးနဲ့...
ငါ့ခံစားချက်တွေ ကျရှုံးခဲ့ဘူးတယ်...
တစ်ခါတစ်ရံမှာ...
ငါ့ရင်ထဲက ချစ်တတ်တဲ့...
နှလုံးသားတစ်စုံကို...
ခွဲထုတ်လို့ လွှင့်ပစ်လိုက်ချင်တယ်...
ချစ်သူရယ်...
ကျတော့်အကြောင်း
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
“ခွေးကလေး ကောက်ကောက်”2 years ago
-
စာပေဆု ၂၀၂၀3 years ago
-
မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ တ3 years ago
-
ဟိုး အဝေးမှာ4 years ago
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား4 years ago
-
အလှနတ်သမီးလေး မလိခ...5 years ago
-
'ဝန်ခံခြင်း'5 years ago
-
လမ်းမကြီးရဲ့ ဘေ6း years ago
-
-
" ကိုယ့်ဇာတာက အဲ့လိုပဲ "7 years ago
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ8 years ago
-
-
What is Media?9 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့9 years ago
-
ကန္တာရ ပန်းပွင့်9 years ago
-
မင်္ဂလာပါရှင် ☆彡9 years ago
-
Teachers10 years ago
-
“ ဖြတ်မျဉ်းများ “10 years ago
-
တဖြည်းဖြည်းနဲ့ဝေး10 years ago
-
-
-
-
အနွေးထည်11 years ago
-
လျှို့ဝှက်ပန်း11 years ago
-
ရွာပြင်ထုတ်ခံရသူများ12 years ago
-
-
ချစ်သူသို့13 years ago
-
လွတ်မြောက်ခြင်း13 years ago
-
အတွေ့အကြုံတခုအကြောင်း13 years ago
-
ခရမ်းရင့်ပြာ13 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Friday, May 30, 2008
တစ်ခါတစ်ရံမှာ
Posted by Moe Myint Tane 4 comments
Labels: ကဗျာ
Thursday, May 29, 2008
ပြန်လာပေးပါ
ယုယခြင်းကိုအခြေတည်...
မေတ္တာကို မဏ္ဏိုင်လုပ်လို့...
သံယောဇဉ်ကို နှောင်ကြိုးတင်း...
ချစ်ခြင်းဆိုတာကို ငါမြတ်နိုးချိန်မှာ...
ဘ၀ဟာ ပုဇွန်ဆီရောင်သန်းတဲ့...
ညနေခင်းလေးပါ...
ရာသီတွေအလီလီပြောင်း...
နွေမှမိုး မိုးမှဆောင်း...
သုံးရာသီခါခါပြောင်းတော့...
အချစ်ဆိုတဲ့ အရာ...
ငါ့ရင်ထဲက လစ်ထွက်သွားတာ...
ငါမသိလိုက်ခဲ့ဘူး...
ခပ်ပြင်းပြင်းလေတစ်ချက်...
ခြွေလိုက်တဲ့ သစ်ရွက်တွေ ငါငေးရင်း...
တစ်စစ်စစ်နာလာမှ ငါသိလိုက်တာက...
ငါ့နှလုံးသားမှာ အချစ်ပျောက်ဆုံးနေပါလား..
တစ်ခါကပြောဘူးတယ်...
သံယောဇဉ်သာ အမိုးအကာဖြစ်ခဲ့ရင်...
မြတ်နိုးမှုဟာ အိမ်တိုင်ဖြစ်လို့...
တွယ်တာခြင်းလှေကားထစ်တွေနဲ့...
အချစ်တွေကာရံထားတဲ့နံရံမှာ...
ယုယမှုပြတင်းပေါက်တွေဖေါက်လို့...
မေတ္တာနဲ့ ဆောက်တဲ့အိမ်တဲ့...
ခုတော့လည်းလေ...
ယိုင်နဲ့နဲ့ရင်အစုံ...
အချစ်မရှိစွာ ခုန်နေရပြန်တော့...
ပုံသဏ္ဏာန်က စက်ရုပ်နဲ့မခြား...
အစုန်အဆန် ငါသွားရမယ့်ဘ၀ခရီးမှာ...
အချစ်ရယ်....
ကြုံရင်တစ်ခေါက် ပြန်လာပေးပါကွာ...
Posted by Moe Myint Tane 1 comments
Labels: ကဗျာ
Monday, May 26, 2008
လွမ်းတတ်ခဲ့ပြီ
လွမ်းသူမြတ်နိုး...
လွမ်းပင်ပျိုးသည်...
လွမ်းမိုးရွာစွေ...
လွမ်းပန်းဝေလည်း...
လွမ်းလျက်ပဲငါ...
လွမ်းနေပါသည်...
လွမ်းတတ်ခဲ့ပြီ...
" ဒဏ္ဍာရီ "
Posted by Moe Myint Tane 0 comments
Labels: ကဗျာ
Sunday, May 18, 2008
နှလုံးသားပျောက်ဆုံးသူ
တုန်ရီနေတဲ့ လက်အစုံက မခိုင်းစေရပါဘဲနဲ့ စာအိတ်ပေါ်အလိုလို ရောက်သွားမိတယ်။ "အို ငါဒီဖိတ်စာကို ဖတ်လို့ကော ဒီ့ထက်ပို ခံစားရတာဘဲ ရှိမှာဘဲ" စိတ်ထဲကတွေးလိုက်မိပြီး ဖိတ်စာကို အသာပြန်ချထားလိုက် ပြီးပင်ပန်းနွမ်နယ် နေပြီဖြစ်တဲ့ မျက်လုံးအစုံ ကိုအနားပေးဘို့ အတွက် မျက်စိမှိတ်ပြီး ကုတင်ပေါ်လှဲချလိုက်မိတယ်။ ရင်ထဲမှာတော့ ခြစားနေတဲ့ နှလုံးသားတစ်စုံ တစ်ဖြည်းဖြည်းပဲ့အကြွေမှာ တစ်စစ်စစ်နာနေလေရဲ့။
ရုတ်တရက် မနက်က ဖိတ်စာလာပေးရင်း ပြောသွားခဲ့တဲ့ သက်ကေခိုင်ရဲ့ စကားတွေ ပြန်ကြားရောင်လာတယ်။ 'ငါစိတ်မကောင်းဘူး မိုးမြင့် သူ့စိတ်ကို ငါအသိဆုံးပါ။ သူနင့်အပေါ်မှာ ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိတယ်။ အခု သူလက်ထပ်ရတာလည်း သူ့အမေရဲ့ နောက်ဆုံး အချိန်မှာ သူ့အမေဖြစ်စေချင်တဲ့ ဆန္ဒကို သူ့နှလုံးသားနဲ့ ရင်းပြီး ဖြည့်ဆည်းပေးလိုက်တာပါဟာ " " ဒါကြောင့်မို့ နင်ခိုးပြေးဘို့ ပြောတာကို လက်မခံတာပေါ့ " " ဒါပေမယ့် ငါသေချာ ပြောရဲတာက သူနင့်ကို သိပ်ချစ်တယ်ဆိုတာဘဲ" " ငါက နှစ်ဘက်စလုံးက အခြေအနေတွေကို သိနေတဲ့လူဆိုတော့ နင့်ကိုလည်းသနားတယ် သူ့ကိုလည်းငါစာနာမိတယ် မိုးမြင့်"
ပါးပြင်နှစ်ဘက်မှာ နွေးကနဲ ဖြစ်သွားချိန်သိလိုက်တာက ခြောက်ခန်းလုပြီလို့ ထင်ထားတဲ့ မျက်ရည်တွေ သူ့အကြောင်းတွေးမိတဲ့ အချိန်မှာ ထပ်မံစီးကျလာပြန်ပြီ ဆိုတာကိုပေါ့။ " သြော် တွယ်တာရယ် ငါ့ရင်တွေကွဲပြီး ငါ့အသည်းတွေ တစ်စစီကြွေကုန်ပါပြီကွာ" "သက်ကေခိုင်ပြောသွားတဲ့ စကားတွေထဲက နောက်ဆုံးစကား တစ်ခွန်းကို သူအထပ်ထပ် ကြားယောင်နေမိတယ်" " ဒီမင်္ဂလာပွဲကို သူနင့်ကို သိပ်လာစေချင်တယ် မိုးမြင့်။ နင့်ကို နောက်ဆုံးနေနဲ့ သူတွေ့ချင် မြင်ချင်တယ်တဲ့" " ငါဘာလုပ်ရမလဲ ငါ့ချစ်သူရဲ့ နောက်ဆုံးတောင်းတမှုကို ငါလိုက်လျောရမလား" " မိုးမြင့် မင်းချစ်သူ သူတစ်ပါးရင်ခွင်ထဲ ရောက်သွားအောင် ကင်ပွန်းတတ်တဲ့ အဲဒီလက်ထပ်ပွဲ ကိုသွားဖို့ မင်းမှာ ခွန်အားရှိရဲ့လား " ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ " အို ဘာပဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲ သွားလို့ ငါ့ရင်တွေကွဲအက် ရင်ကွဲနာကျလို့ ငါ့အသက် အဲဒီနေရာမှာတင် ဖုတ်ကနဲ ကြွေသွားပါစေ ငါသိပ်ချစ်ရတဲ့ သူ့ရဲ့နောက်ဆုံး တောင်းဆိုမှုကို ငါ့ရင်အကွဲခံပြီး ငါဖြည့်ဆည်းပေးမယ်" ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပြီးတာနဲ့ စားပွဲပေါ်က ဖိတ်စာကို ယူဖတ်လိုက်တယ်။
ပန်းရောင်စာအိတ် လေးထဲကဆွဲထုတ်ကြည့်လိုက်တော့ ဇာမဏီငှက်နှစ်ကောင် ပျံနေတဲ့ ပုံနံဘေးမှာ ဖောင်းကြွရွှေရောင်စာလုံးနဲ့ ရေးထားတာက " ဒေါက်တာရဲရင့် နှင့် မတွယ်တာမြင့်မြတ် တို့၏ မင်္ဂလာ ဧည့်ခံပွဲ " ရင်ထဲမှာ ဆစ်ခနဲ နာကျင်သွားတယ်။ " အို ဒီလောက်တော့ ခံနိုင်ရည်ရှိ ရမယ်လေ " ကိုယ့်ကိုကိုယ် အားပြန်ပေးမိတယ်။ မင်္ဂလာအချိန်နဲ့ နေရာကို တစ်ချက်ကြည့်လိုက်တယ် ညနေ၄:၃၀ Sedona Hotel ။ " မိုးမြင့်မင်းခံနိုင်ရည်ရှိရမယ်။
......................................................................................................................................................
ခန်းမထဲဝင်လိုက်တာနဲ့ ကျွန်တော့်ကို စာနာသနားစွာနဲ့ စိုက်ကြည့်နေတဲ့ သက်ကေခိုင်နဲ့ အံ့သြနေတဲ့မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေတဲ့ တွယ်တာ့ဖေဖေ ဦးအောင်မြင့်ထွန်း တို့ရဲ့ မျက်ဝန်း တွေနဲ့ အကြည့်ချင်းဆုံသွားတယ်။ " မောင်မိုးမြင့် မင်းလာတယ်နော် သမီးလေးသိရင်တော့ သိပ်ဝမ်းသာမှာဘဲ " " မင်းတို့နှစ်ယောက်အတွက် ဦးစိတ်မကောင်းပါဘူးကွာ ခက်တာကသူ့အမေ သူ့ရောဂါအကြောင်း မင်းလည်းသိပါတယ်ကွာ" " ဟုတ်ကဲ့ ဦးကျွန်တော်အထဲ ၀င်တော့မယ် " ဦးအောင်မြင့်ထွန်း ပြောမယ့်စကားတွေကို ဆက်မကြားလိုတော့တာနဲ့ စကားဖြတ်ပြီးအထဲကို ၀င်ခဲ့လိုက်တယ်" ရိုင်းသလိုဖြစ်သွားရင် ခွှင့်လွှတ်ပါဦးရယ် ကျွန်တော့်ရင်တွေ နာကျင်လွန်းလို့ပါ။
" မိုးမြင့် လာလာ နင်ထိုင်ဘို့ နေရာသီးသန့်လုပ်ထားတယ် " ငါထိုင်ဘို့ နေရာသီးသန့်တဲ့လား ဒါဆို ငါလာမယ်ဆိုတာ တွယ်တာကြိုသိနေတာပေါ့။ " ကေခိုင် ငါလာမယ်ဆိုတာ တွယ်တာသိနေတယ် ဟုတ်လား " " သူကတော့ သူ့တောင်းဆိုချက်ကို နင်ငြင်းမှာ မဟုတ်ဘူးတဲ့ ဘာလို့လည်းဆိုတော့ နင့်ကိုသူသိပ်ချစ်သလို နင်ကလည်း သူ့ကို သိပ်ချစ်လို့တဲ့ " " သြော် တွယ်တာရယ် "
ကျွန်တော့်ဘို့သီးသန့်ချန်ထားတဲ့ နေရာလေးရောက်တော့ ၀င်ထိုင်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ကျွန်တော့် စားပွဲက စင်မြင့်နဲ့ ကပ်လျက် သတို့သမီးထိုင်မယ့် ဘက်ကထိပ်ဆုံးစားပွဲ။ ကျွန်တော့်နဲ့ မျက်နှာချင်းဆိုင် ရှေ့နှစ်ဝိုင်းကျော်မှာတော့ Wheel Chair ပေါ်မှာ ထိုင်နေတဲ့ တွယ်တာ့မေမေ ရောဂါသည် ဒေါ်စံပယ်မြင့်မြတ်။ သူကတော့ ကျွန်တော့်ကို မြင်ဟန်မတူပါဘူး။ " မြင်လည်း ဒီမင်္ဂလာခန်းမထဲမှာ အရှက်အကွဲခံပြီး သူဆွဲထုတ်ခိုင်းမှာ မဟုတ်ဘူးလေ။
တွေးတောနေစဉ်မှာဘဲ အခါတော်ပေးတီးလုံးသံက ထွက်ပေါ်လာတယ်။ " သူ သူ လာတော့မှာပါလား " " တီးလုံးသံနဲ့ မရှေးမနှောင်းမှာဘဲ သူတို့စုံတွဲ ထွက်လာပြီလေ။ ဂါဝန် အဖြူရောင်ဝမ်းဆက်နဲ့ လှပကျော့ရှင်းတဲ့ သူ့မျက်နှာလေးက နတ်သမီးလေးများလားထင်ရတယ်။ ဒါပေမယ့် အရင်တုန်းက အမြဲတမ်းတက်ကြွလန်းဆန်းနေတတ်တဲ့ သူ့မျက်နှာလေး အမြဲလိုလို ပြုံးနေတတ်တဲ့ ပြုံးအလှပိုင်ရှင်လေး အခုတော့ ငြိုးရော်နေပါလား။ ဟန်လုပ်ပြီးပြုံးနေပေမယ့် ဒီအပြုံးရဲ့ နောက်မှာ ကြေကွဲမှုတွေ တွဲလျက်ပါလာတာကို ကျွန်တော်ခံစားလို့ ရနေတယ်လေ။ ဘယ်လိုဘဲဖြစ်ဖြစ် " မင်းကို နောက်ဆုံးမြင်တွေ့ခွင့်ရတဲ့ ဒီနေ့လေးမှာ မင်းဟာ အစွမ်းကုန်လှနေပါတယ် တွယ်တာ " ဒီလို နဲ့စင်မြင့်နားနီးလာတော့ သူကျွန်တော်ရှိတဲ့ စားပွဲဆီကို မျှော်လင့်တကြီးလှမ်းကြည့်တယ်။ ရုတ်တရက် သူ့မျက်လုံး တွေအရောင်လက်သွားတာ ကျွန်တော် မြင်လိုက်တယ်။ သူကျွန်တော့်ကို မြင်သွားပြီလေ။ ဒီအချိန်မှာ သူ့မျက်နှာပေါ်မှာ ၀မ်းသာလွန်းလို့ ဖြစ်ပေါ်လာတဲ့ တောက်ပတဲ့ အပြုံးတစ်ခု ဖျတ်ကနဲပေါ်လာတာ ကျွန်တော်တွေ့လိုက်တယ်။ " သြော် တွယ်တာရယ် " ဒီအပြုံးက ကျွန်တော့် တသက်တာ မေ့မရနိုင်တဲ့ အပြုံးလေးပါဘဲ။
စင်မြင့်ပေါ်ရောက်ပြီးထိုင်ပြီးတာနဲ့ သူကျွန်တော့် ဘက်ကို စိုက်ကြည့်နေတယ်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေဝဲနေပါလား။ မင်္ဂလာသြဘာဖတ်ကြားပြီးတဲ့ အချိန်မှာတော့ အကျွေးအမွေးစပြီပေါ့ ။ ဒီအချိန်မှာ သက်ကေခိုင် အနားကို ရောက်လာတယ်။ "မိုးမြင့် ဒါနင့်အတွက်" သူလာပေးတဲ့ဟာကို ကြည့်လိုက်မိတာနဲ့ ကျွန်တော်အရမ်းအံသြသွားခဲ့တယ်။ ဒါ ဒါ ငါသောက်နေကျခွက်လေးပါလား။ သူနဲ့ ကျွန်တော်ချစ်သူ ဘ၀မှာ သူကျွန်တော့်ကို အမြဲဖျော်တိုက်ခဲ့တဲ့ ကော်ဖီခွက်လေးလေ" " ရော့ ဒါနင့်အတွက် စာ " " သူနင်လာခဲ့ရင်သောက်ဘို့ ဆိုပြီး သူကိုယ်တိုင် မင်္ဂလာဝတ်စုံ မလဲခင် ဖျော်ပြီး ငါ့ကို ပေးခဲ့တာ " မေသက်ခိုင်ပေးတဲ့ ကော်ဖီခွက်လေးနဲ့ စာလေးကို ကျွန်တော်လှမ်းယူလိုက်တယ်။ တုန်နေတဲ့ လက်အစုံက စာကို ဖွင့်ဖတ်လိုက်မိတယ်။ "ကို့ အတွက် တွယ်တာကိုယ်တိုင် နောက်ဆုံး အနေနဲ့ ဖျော်ပေးလိုက်တယ်ကို " ကျွန်တော့် ခေါင်းထဲ မိုက်ကနဲဖြစ်သွားတယ်။ တင်းထားတဲ့ ရင်အစုံ ပွင့်ထွက်လို့ ကြွေကုန်ပြီ ထင်တယ် တွယ်တာရယ်။ မျက်ဝန်းအိမ်မှာ နှလုံးသားက လျှံထွက်လာတဲ့ နှလုံးသွေးစက်တွေ မျက်ရည်အဖြစ်နဲ့ အသွင်ပြောင်းပြီး စီးဆင်းလာကြပြန်ပြီလေ။ " မိုးမြင့် သတိထားအုံးလေ ခန်းမထဲမှာ " " တွယ်တာ စိတ်မကောင်းဖြစ်နေလိမ့်မယ် " သက်ကေခိုင် သတိပေးစကားကြောင့် ကျွန်တော် စိတ်ကို ပြန်တင်းလိုက်တယ်။ ကျွန်တော်မျက်ရည်ကျတာကို တွယ်တာ့ကို မမြင်စေချင်ဘူးလေ။
ကော်ဖီခွက်လေးကို တယုတယကိုင်လို့ ကျွန်တော်သောက်လိုက်မိတယ်။ ချစ်သူက ကျွန်တော့် အကြိုက်ကို သိပြီးသားလေ။ ကော်ဖီဟာ အပိုအလိုမရှိ ကျွန်တော့် အကြိုက်နဲ့ ကွက်တိပါဘဲ။ သူ့ကို ကျွန်တော်လှမ်းကြည့်မိလိုက်တယ်။ သူကျွန်တော့်ကို တစ်ခုခုမေးချင်တဲ့ ပုံစံမျိုးနဲ့ လှမ်းကြည့်နေတယ်။ ကျွန်တော်သိလိုက်တယ်။ အရင်ဆို သူကော်ဖီဖျော်ပေးပြီးတိုင်း "ဘယ်လိုနေလဲကို သောက်လို့ကောင်းရဲ့လား" " တွယ်တာဖျော်တာ ကြိုက်ရဲ့လား " လို့မေးနေကြလေ။ အခုလည်းသူ ကျွန်တော့်ကို မေးချင်နေတယ်။ ကျွန်တော်သူ့ကိုကြည့်ပြီး လက်မထောင်ပြလိုက်တယ်။ သူ့မျက်နှာ ဖျော့ဖျော့လေး ပြူံးသွားတယ်။ ပြီးတော့ သူ့မျက်ဝန်းအိမ်ကနေ မျက်ရည်တွေစီးကျလာတာကို လူတွေမမြင်အောင်အသာလေး သုတ်လိုက်တာကို မြင်လိုက်တယ်။ ပြီးတော့မှ အငိုစွက်နေတဲ့ မျက်လုံး တွေနဲ့ ကျွန်တော့်ကိုပြုံးပြတယ်။ ကျွန်တော်မသိမသာ ခေါင်းညိတ်ပြလိုက်မိတယ်။
မင်္ဂလာပွဲပြီးလို့ ပြန်ကြတဲ့ အချိန်မှာတော့ သူတို့အ၀မှာ ဧည့်သည်တွေကို နှုတ်ဆက်နေကြတယ်။ ကျွန်တော်သူ့နားကို ရောက်သွားချိန်မှာ သူကျွန်တော့်ကို ဆွေးဆွေးမြည့်မြည့် ကြည့်နေတယ်လေ။ ပြီးတော့ လက်ဆွဲနှုတ်ဆက်ရင်း ကျွန်တော့်လက်ထဲကို စာလေးတစ်စောင်မသိမသာ ထည့်ပေးလိုက်တယ်။ ကျွန်တော်လည်း နောက်ဆုံးအနေနဲ့ သူ့ကို ခဏစိုက်ကြည့်နေမိတယ်။ သူ ကော ကျွန်တော့်မျက်ဝန်းမှာပါ မျက်ရည်တွေဝဲလို့ပေါ့။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောဖြစ်တော့ဘူး။ ပြောစရာမလိုအောင်လည်း တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်မျက်ဝန်းမှာ မြင်နေရတယ်လေ။ " တွယ်တာရေ မင်းကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ်"
အပြန်လမ်းမှာ တွယ်တာပေးလိုက်တဲ့စာလေးကို ကျွန်တော်ဖွင့်ဖတ်လိုက်တယ်။ " ကို ကိုတွယ်တာ့ကို ဘယ်လောက်ချစ်တယ် မြတ်နိုးတယ်ဆိုတာ တွယ်တာ သိပါတယ် တွယ်တာ့မင်္ဂလာ ပွဲကိုလာဘို့ ကို့နှလုံးသား ဘယ်လောက်နာကြင်စွာ စတေးခဲ့ရတယ် ဆိုတာတွယ်တာသိပါတယ်။ တွယ်တာလည်းကိုနဲ့ ထပ်တူထပ်မျှ ခံစားရပါတယ်ကို။ ကို့ ကို တွယ်တာပြောချင်တာက ကို့ဘ၀ကို တွယ်တာ့ကြောင့် မနစ်မွန်းပါစေနဲ့ကို။ ကို့ဘ၀ ကိုမြင့်သထက်မြင့်အောင်ကြိုးစားပါနော်ကို။ ကို့ကို တွယ်တာစိတ်ချ ပါရစေနော်ကို။ ကို့ ကို တွယ်တာ ရင်နင့်အောင့် မြတ်နိုးစွာချစ်ပါတယ်ကို။ ကို အောင်မြင်အောင်ကြိုးစားနိုင်ပါစေ.......တွယ်တာ " တွယ်တာရယ် ကို့ရင်ထဲကို ၀င်ကြည့်လှည့်ပါအုံးကွာ။
မင်္ဂလာပွဲက အပြန်မှာ ကျွန်တော်သတိထားမိလိုက်တာကတော့ ကျွန်တော့် ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတာပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့် နှလုံးသားပျောက်ဆုံးခဲ့ပြီလေ။
Posted by Moe Myint Tane 6 comments
Labels: ၀တ္တုတို
Friday, May 16, 2008
ကျောက်ခဲလိုမာပါစေ
ဘ၀ဆိုတဲ့လမ်း ငါလျှောက်လှမ်းရင်း
တစ်ချိန်တစ်ကွေ့မှာ ငါတွေ့လိုက်တယ်
ငါ့ရှေ့တူရှုမှာ သူလျှောက်လာခဲ့တယ်လေ...
လမင်းလိုဝင်းပမျက်နှာထား
့ကြယ်စင်လိုတောက်ပတဲ့မျက်လုံး
မိုးတိမ်လိုလွင့်မျောနေတဲ့ဆံနွယ်
အို ငါထင်မှားမိတယ် သူဟာ
ထုဆစ်မှုမှားတဲ့ နတ်သမီးတပါးလား...
မှိုင်တွေလို့ငေးမော
တွေးတောရင်းငါငေးလို့
ဗလောင်ဆူတဲ့ နှလုံးအစုံ
ရူးသွပ်စွာ ခုန်သံကြားတော့
အော် သူသဘောကျနေပါလား...
ဒီလိုနဲ့ဘဲ ငါ့နံဘေးထံပါး
သူဖြတ်ကျော်သွားခဲ့ပါလား...
ငါ့ရင်မှာ လစ်ဟာလို့
ဟင်းလင်းဖြစ် ငါ့နှလုံးသား
ချစ်ခြင်းအားကို ငါမတွန်းလှန်နိုင်လို့
မျှော်လင့်ခြင်းစိတ်နဲ့ သူရှိရာ
ငါရိပ်ခနဲ ကြည့်လိုက်ပေမယ့်
စိတ်ထဲသိလိုက်တာက
သူငါ့ကို ကျောခိုင်း
သူဦးတည်ရာ သူ့လမ်းကြောင်း
သူဆက်လို့ လျှောက်လှမ်းခဲ့ပြီလေ...
သူလည်းလူ ငါလည်းလူ
လူလူချင်း တူပါပေသည်
သို့သော်လည်း
ငါ့အသည်း ကျောက်ခဲလိုမမာတာ
ငါသိပ်စိတ်နာတယ် သူငယ်ချင်း...
Posted by Moe Myint Tane 0 comments
Labels: ကဗျာ
ချစ်တယ်
ချစ်လို့ ချစ်တယ်...
ချစ်တယ် ပြောလည်း...
ချစ်တဲ့ စိတ်က ချစ်တာဘဲမို့...
ချစ်တယ် လို့ဘဲ ပြောလိုက်မယ်...
Posted by Moe Myint Tane 0 comments
Labels: ကဗျာ
Wednesday, May 14, 2008
မိဘကျေးဇူးကို ပြန်ပြောင်းအောက်မေ့ခြင်း
ဒီနေ့ အလုပ်က ပြန်ရောက်လို့ရေချိုး ၀မ်းရေးဖြည့်တင်းပြီး blogမှာတင်ဘို့ postတစ်ခုရေးမယ် ဆိုပြီးcomputerဖွင့်လိုက်တယ်။ ပြီးတော့မှ Postမရေးခင် emailစစ်လိုက် ဦးမယ်ဆိုတဲ့ စိတ်နဲ့ စစ်လိုက်မိတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ အမက forwardလုပ် ထားတဲ့ when i become old ဆိုတဲ့ emailကို ဖတ်လိုက်မိတယ် ဆိုရင်ဘဲအစတည်းက အိမ်ကိုလွမ်းတဲ့ စိတ်ဖြစ်နေတဲ့ ကျွန်တော် ပိုလို့တောင် လွမ်းလာမိတယ်။ အခုလို မိသားစု နဲ့ဝေးကွာပြီး တစ်မြေ တစ်ရပ်ခြားမှာ နေရမှဘဲ မိဘရဲ့ တန်ဘိုးကိုနား လည်လာမိတယ်။ မိဘအိမ်မှာနေတုန်းက ဘာမှပူပင် စရာမလို မနက် အိပ်ရာထတာနဲ့ ကော်ဖီနဲ့ မုန့်က အဆင်သင့်။အ၀တ်အစား ဆိုရင်လည်းလျှော်ပြီးသား မီးပူတိုက် ပြီးသား အဆင်သင့်။ အော် အခုများတော့ ကိုယ့်ဘာသာကိုယ် အကုန်လုပ်နေရတယ် မေမေ။ မိဘအိမ်မှာ ဆို အလုပ်က ပြန်လာတာနဲ့ ရေချိုးပြီး ထမင်းစားပွဲဝင်ထိုင်လိုက် ရုံနဲ့ ခူးပြီးသား ထမင်းပွဲ ကအဆင်သင့်။ အမေရယ် အမေ့ လက်ရာလေး ကိုလွမ်းလိုက်တာ။ အော်မေမေ့ မေတ္တာကြီးမား လှပါလား။
အလုပ်ကပြန်လာတဲ့ အချိန်တိုင်းမှာ "သား မင်းအလုပ်က အဆင်ပြေလား" လို့အမြဲတမ်းမေးတတ်တဲ့အဖေ့စကားသံကိုလွမ်းတယ်
်အဖေ။ အခုတော့ အလုပ်ကပြန်လာရင် ဆီးကြိုနေတတ်တာက သော့ခတ်ထား တဲ့တံခါးကြီးပါလား။ ဘယ်အရာကို ဘယ်လိုလုပ်ရ မယ် ဘယ်အလုပ်ကို ဘယ်လို ကြိုးစားရမယ် လို့အမြဲတမ်းသွန်သင်ဆုံးမတတ်တဲ့ အဖေ့ရဲ့ ဆုံးမစကားတွေ ကိုလွမ်းတယ်အဖေ။ တစ်လောကလုံး မှာကျွန်တော်အလေးစားဆုံးက ကျွန်တော့်ရဲ့အဖေပါ။ ကျွန်တော် စိတ်ထဲကစွဲမြဲစွာခံယူသတ်မှတ်ထားတဲ့သူရဲကောင်း
ကလည်း အဖေပါ အဖေ။ အခုလို အဖေနဲ့ဝေးနေချိန်မှာ ကျွန်တော်သိလိုက် တာတစ်ခုရှိတယ်အဖေ။ အဲဒါကအဖေ့ ကျေးဇူးကြီးမား လိုက်တာ။
ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ် ဆိုတဲ့အရွယ်ကနေ ယနေ့ လူလားမြောက်ကြီးပြင်းလာတဲ့ အချိန်အထိ ကျွေးမွေး ပြုစုစောင့်ရှောက် လာတဲ့ ကြီးမားလှတဲ့ မိဘနှစ်ပါးရဲ့ အနန္တမေတ္တာစေတနာ တွေကိုသားလေ ဘယ်သောအခါမှ မမေ့ခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့်လို့ ဇရာရဲ့ အရေးအကြောင်းတွေ ထင်ဟပ်နေပေမယ့် သားအတွက်တော့ ဖေဖေနဲ့မေမေ မျက်နှာဟာအမြဲတမ်း ကျက်သရေ အပေါင်းနဲ့ ပြည့်စုံလို့ လှနေပါတယ် ဖေဖေနဲ့ မေမေ။
Posted by Moe Myint Tane 1 comments
Labels: ဆောင်းပါး
Tuesday, May 13, 2008
မုန်းတီးမိတဲ့ ကံ
ဒေါသထွက်တယ်..မုန်းတီးမိတယ်...
အမြဲတမ်းလွဲနေတဲ့ ကံကို နားရင်းအုပ်ချင်တယ်.......
ဘာပဲလုပ်လုပ် အစုပ်ပလုပ် နဲ့ငုတ်တုတ်ပဲ....
လက်တွေ့ဘ၀မှာ အကုန်လုံးကငါ့အတွက် .....
အနှောက်အယှက်တွေပ်ါလား~~~
Posted by Moe Myint Tane 0 comments
Labels: ကဗျာ
စာဖတ်သူ စာချစ်သူ သူငယ်ချင်းများအား အနူး အညွတ်တောင်းပန်ခြင်း
မွှေပြန်တော့ မိသားစုတွေ အပေါ်မှာ စိုးရိမ်စိတ်တွေဝင် စိတ်တွေက ယောက်ယက်ခတ်လို့ စာရေးတဲ့ ဘက်ကိုအာရုံ ကမ၀င်စား... ရေးမယ် လို့ကြံပြန်တော့ လည်းခေါင်းထဲက ဘာမှထွက်မလာ ဒီလိုနဲ့ဘဲ မိုးမြင့်တိမ် ဟာလည်း post အသစ်တွေ ဆိတ်သုဉ်းလို့ သုံည လုံးလုံး ဘ၀နဲ့ ရက်အတန်ကြာ အကျည်းတန်နေခဲ့ ရပါတယ်..
အဲဒီအတွက် ကျွန်တော့် blog လေးကို ၀င်ရောက်ဖတ်ရှု အားပေးကြတဲ့ စာဖတ်သူ စာချစ်သူ သူငယ်ချင်းများ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်။ ဒီနေ့တော့ အမြဲတမ်း လွဲမှား မှုတွေနဲ့ ကြုံတွေ့ နေတဲ့ ကျွန်တော့် ကံကို စိတ်နာစွာ နဲ့ "မုန်းတီးမိတဲ့ ကံ" ဆိုတဲ့ ကဗျာလေး နဲ့ ပြန်လည်အသက်သွင်း လိုက်ပါတယ်။ နောက်ရက်တွေမှာ လည်း post တွေတင် ဖြစ်အောင် ကြိုးစားသွားပါမယ်။
စာကြွင်း။ ။ အစကတော့ "နှလုံးသား ပျောက်ဆုံးသူ" ဆိုတဲ့ ၀တ္ထုတို လေးတင်ဘို့ပါ.. ဒါပေမယ့် အဲဒီ ၀တ္ထုတို လေးပြီးလုပြီးခင် အချိန်မှာဘဲ စက်က encoding လုပ်တာ မှားပြီး ရေးထားသမျှ စာတွေ အကုန်ပျောက်ကုန်ပါတယ်။ ကျွန်တော်လည်း ကိုယ်ရေးထားတဲ့ ၀တ္ထုတို လေးကို နှမျောတာနဲ့ ပြန်တင်လို့ ရအောင် ကြိုးစား ရှာဖွေပါသေးတယ်။ ဒါပေမယ့် မရတော့ပါဘူး။ ဒါနဲ့ greengirl ဆီကို မေးမယ်ဆိုပြီး လှမ်းဆက်သွယ် ပါသေးတယ်။ ကံဆိုး ချင်တော့ အဆက်အသွယ် မရခဲ့ပါဘူး။ အဲဒီ အတွက် "မုန်းတီးမိတဲ့ ကံ" ဆို
တဲ့ ကဗျာလေး နဲ့ ဘဲပြန်လည် အသက်သွင်းလိုက်ပါတယ်။ မတင်ဖြစ်လိုက်တဲ့ "နှလုံးသား ပျောက်ဆုံးသူ" ဆိုတဲ့
ဝတ္ထုတိုလေးကိုတော့ နောက်ရက်တွေမှာ ပြန်တင်ပေးပါ့မယ်။
Posted by Moe Myint Tane 0 comments
Labels: တောင်းပန်ခြင်း