Sunday, June 28, 2009

နှလုံးရင်မြစ်၌ ကျောက်ဖြစ်သွားသောပန်း

ကြွေ.....

ကြွေတဲ့.....။
နာမည်လေးက ခပ်ဆန်းဆန်း။ တစ်လုံးတည်းမှည့်ထားတဲ့နာမည်လေး။
ကြွေမို့လို့ဘဲ ချွေခဲ့တာလား ။ ဒါမှမဟုတ်......
ကိုယ်ကိုယ်တိုင်ကဘဲ ကြွေခဲ့တာလား ကြွေရယ်..။
အခုတော့လည်း ရင်မှာအဖြေမရှိ ။ မေးမိတဲ့ကိုယ့်အသဲ(သည်း)ကို ကိုယ်ကိုယ်တိုင်ခွဲလိုက်ချင်ပြီ ကြွေ..။
အခုအချိန်ဆိုရင် မင်းဘယ်ရောက်နေမလဲကြွေ။ မင်းဘာတွေလုပ်နေမလဲ။ ရင်ခွင်သစ်မှာပျော်ရွှင်နေပြီလား။
ကိုယ် ဒီအတွေးတွေနဲ့ စိတ္တဇဖြစ်နေရပြီကြွေ။ ကိုယ်လေ ကိုယ့်ကိုယ်ကိုယ် အရမ်းမုန်းမိတယ်ကြွေ။
ဒီအချိန်ဆို မင်းရင်ခွင်မှာ လသာနေလောက်ပါတယ်ကြွေ။
ကိုယ့် ရင်ခွင် ခြောက်ကပ်ကပ်မှာသာ နွေရာသီတွေ အဆက်မပြတ်လည်ပတ်နေတာပါ ကြွေရယ်။
ကမ္ဘာ လှည့်ပတ်တဲ့လမ်းကြောင်းကို ပြောင်းနိုင်တဲ့အစွမ်းတွေများရှိခဲ့ရင် ကြွေရယ်....
ကိုယ်တို့ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေထဲမှာဘဲ ကျောက်ချထားလိုက်ချင်တယ်ကြွေ...။
ဆည်းလည်းလေးတွေမြည်ခတ်လိုက်သလို အသံချိုချိုလေး....။
အရာရာမှာ လူကြီးဆန်စမ်းပါလို့ ကိုယ့်ကို ဆရာလုပ်ခဲ့တဲ့ မင်းရဲ့ဟန်ပန်..။
ဟဲ့ မိန်းကလေးဆိုပြီး မီးဖိုချောင်ထဲက မထွက်စတမ်းနေရမှာလား ငါဒါမျိုးတွေဝါသနာမပါဘူးဆိုတဲ့ မင်းရဲ့ဒသနတွေ..။
ပြီးတော့....ပြီးတော့......မင်းနဲ့ ပတ်သက်သမျှ အရာရာပါကြွေ...။
ငါ့အတွက် ဒဏ်ရာတွေကြီးပါဘဲကွာ..။
တစ်ကြိမ်တစ်ခါမှ ဖူးပွင့်ခွင့် မရလိုက်တဲ့ ပန်းကလေးတစ်ပွင့်....
ဘယ်တော့မှလည်း ထပ်မပွင့်နိုင်တော့သလို ဘယ်တော့မှလည်း ပြန်လည်မရှင်သန်နိုင်လောက်အောင်ပါဘဲ
ကြွေ....။
ကြွေ.....ရေ ငါ့နွေတွေ ငိုနေပါပြီကွာ...။

..........................................................................................................................................................

နင်ဟာ ငါ့ရဲ့ တစ်ဦးတည်းသော ယောကျာ်းလေးသူငယ်ချင်းပါ.....။

သူငယ်ချင်းတဲ့လားကြွေရယ်..။ သူငယ်ချင်းတဲ့လား။
ကိုယ်ဒီဘွဲ့ကို မလိုချင်ဆုံးပါဘဲကြွေ။
ဖြေးညှင်းစွာ ကျီစယ်တိုက်ခတ်တတ်တဲ့ လေပြေတွေဆော့ကစားလို့ လွင့်ပျံ့နေတဲ့ မင်းဆံနွယ်လေးတွေကအစ
မင်းဖ၀ါးနုနုလေးတွေ သွေးခြေမဥအောင် ကာကွယ်ပေးတတ်တဲ့ ကတ္တီပါဆိုတဲ့ မင်းစီးတဲ့ ဖိနပ်လေးအဆုံး...
ကိုယ့်စိတ်နှလုံးကလေ အရာရာကြွေပါ ကြွေ...။
မှတ်မိနေပါသေးတယ် ကြွေ..။ ကိုယ်မှတ်မိနေပါသေးတယ်။
ကိုယ့်ရင်ဘတ်ကို မိုးကြိုးတွေနှိပ်စက်တဲ့နေ့ပေါ့ကြွေ။
ကိုယ်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ကိုယ့်ကိုကျဆုံးစေခဲ့မယ်ဆိုတာ ကိုယ်ကြိုသိခဲ့ရင်...
ကြွေ...ကိုယ်လေ သတ္တိတွေမွေးခဲ့ရတယ်ကြွေ...
မင်းနဲ့ပတ်သက်ရင် ကိုယ့်ပါးစပ်တွေက အာစေးထည့်ခံထားရသလိုပါဘဲကြွေ..။
တုန့်ဆိုင်းတွေဝေမှုတွေကြောင့် မင်းကိုလက်လွတ်ဆုံးရှုံးရတာလားကြွေ...။
မဟုတ်ဘူးကြွေ မဟုတ်ဘူး ။ ဒါဟာ ကံကြမ္မာလား။ မရေရာတဲ့အတွေးတွေနဲ့ပါဘဲ ကြွေ..။
တကယ်ဆို မင်းမှ မသိခဲ့တာဘဲ ကြွေ...။
ကိုယ့်ရဲ့ မစူးစမ်းမှုတွေကြောင့်ဘဲလား ။ ကိုယ်သတ္တိတွေ နည်းခဲ့လို့လားကြွေ ။
ဘ၀မှာ အကြိမ်ကြိမ်အောင်မြင်ခဲ့မှုတွေက တစ်ကြိမ်တစ်ခါဆုံးရှုံးရတဲ့အဖြစ်ကို မဖုံးလွှမ်းနိုင်ပါဘူးကြွေရယ်..။
အမြတ်နိုးဆုံးနှလုံးတစ်စုံကွယ်ပျောက်ခဲ့ရတဲ့ ကိုယ့်အဖြစ်ဟာ ရှိသမျှဘ၀လက်ကျန်မှာ အကြိမ်ကြိမ်အဖန်ဖန် လဲပြိုနေဦးမှာပါကြွေ..။
ဒါဟာ အမှားတွေဆိုရင် ဒီအမှားတွေကိုဘဲ ရာသက်ပန်ကိုးကွယ်သွားလိုက်တော့မယ် ကြွေ...
ဒါဟာလေ....
ဒါဟာ..
ကိုယ်မင်းကို သိပ်ချစ်လို့ပါကြွေ...။

........................................................................................................................................................

ငါနင့်ကို ပြောစရာရှိတယ်ကြွေ။

ဟယ်....တိုက်ဆိုင်လိုက်တာ ငါလည်းနင့်ကိုပြောစရာရှိတယ်....။

ဟင် ဟုတ်လား ဒါဆို နင်အရင်ပြောကြွေ ။

ရပါတယ် နင်ပြောစရာရှိတာ အရင်ပြောပါ။

ငါဘယ်တုန်းကများ နင့်ကို ဦးစားမပေးခဲ့ဘူးလို့လဲ ကြွေ..။နင်အရင်ပြောပါ။

ကဲ...ဒါဆိုလည်း ငါပြောမယ်ဟာ...။
ငါ စကာင်္ပူသွားတော့မယ် မင်းခက်။

(((((((ဟင်)))))))))

ဟိုမှာ ကိုကိုက အစစအရာရာ အားလုံးပြင်ဆင်ထားပြီးပြီဟ။
နင်အံ့သြနေလား ။ ငါတို့ဒီအကြောင်းတွေကို ဘယ်သူမှ မပြောပြထားဘူးဟ။
ငါဒီကို ပြောင်းမလာခင် တစ်နှစ်လောက်အလိုကမှ ကိုကိုက စကာင်္ပူကို ထွက်သွားတာလေ။
သူအစစအရာရာ အခြေတကျပြင်ဆင်ပြီးတာနဲ့ ငါ့ကိုလှမ်းခေါ်မယ် ပြောထားတာလေ။
ပြီးရင် ငါတို့ဟိုမှာဘဲ လက်ထပ်ကျမယ်။
မာမီနဲ့ ဒယ်ဒီကတော့ လက်ထပ်တော့မှဘဲ လိုက်လာကြမှာပေါ့။
ငါကတော့ အရင်လိုက်သွားမယ်လေ။ဟိုမှာ အလုပ်ရှာပြီး အရင်လုပ်မယ်။
ပြီးတော့မှ လက်ထပ်မယ်။ ငါအရမ်းပျော်နေတယ်ဟ သိလားမင်းခက်။
ကိုကိုနဲ့ငါ ခွဲနေရတာ သုံးနှစ်နီးပါးရှိပြီလေ။
လေလှိုင်းထဲက အသံလေးတွေနဲ့ဘဲ အလွမ်းဖြေနေရတာဟ။
အခုတော့ ငါတို့ ခွဲမနေရတော့ဘူးပေါ့ ။ နင်ကော ၀မ်းမသာဘူးလား မင်းခက်။

ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ ကြွေ့ မျက်နှာမှာ ၀မ်းသာမှုတွေ၊ ပျော်ရွှင်မှုတွေက အတိုင်းသား...။
ကိုယ်ဘာပြောရမလဲကြွေ...။ ကိုယ်ဘာကိုများပြန်ပြောရမှာလဲ...။
ကိုယ် ၀မ်းသာပေးနေရမှာလား ကြွေ။ ကိုယ်ရည်ရွယ်ခဲ့တဲ့ စကားတွေ။ ကိုယ်မွေးခဲ့တဲ့အားတွေ..။
ကြွေရေ အဟောသိကံဇာတ်မှာ ကိုယ့်အလွမ်းရက်တွေ ဘယ်လောက်များခါးနေလိုက်မလဲကွာ...။
ဒီအကြောင်းတွေကို ကိုယ်ဘာမှ မသိခဲ့ရပါလားကြွေရယ်..။
ဘာကြောင့်လဲကြွေ..။ ဘာကြောင့်များလဲ...။ဒါဟာ ဖုံးကွယ်စရာကိစ္စတစ်ခုလားကြွေ..။
ကိုယ့်ရင်ထဲက မေတ္တာပန်းတွေ အခု ဝေဒနာလေနီကြမ်းတွေကြားမှာ သွက်သွက်ခါယမ်းနေကြပြီကြွေ...။

ဟဲ့....မင်းခက် နင်ဘာဖြစ်နေတာလဲ...။ငါမေးနေတာ ဖြေဦးလေ။ နင်ကောဝမ်းမသာဘူးလားလို့ ။

ငါ....ငါ....နင်နောက်နေတာတော့မဟုတ်ပါဘူးနော်...။

ဟဲ့...ဒါကနောက်စရာမှ မဟုတ်တာ။ ဘာလဲ နင်က မယုံဘူးလား ။

ရုတ်တရက်ဆိုတော့ အံသြသွားတာပါ။ ဒီအကြောင်းတွေကို ငါလုံးဝမသိရပါလားကြွေ..။

မသိဆို ငါတို့က ဘယ်သူ့ကိုမှ မပြောတာကို..။အရင်ပတ်ဝန်းကျင်ကတော့ အားလုံးသိကြတယ်လေ။
ဒီပတ်ဝန်းကျင်ကတော့ ကိုကိုထွက်သွားပြီးမှ ပြောင်းလာတာဆိုတော့ မသိကြတာပါ..။
ပြီးတော့ ပြောဖို့လည်း မလိုအပ်ဘူးထင်လို့လေ။

((((((((ဘာ))))))))

နင်ငါ့ကိုတော့ ပြောသင့်တယ်ထင်တယ် ကြွေ..။

အေးလေ နင့်ကိုငါအခုပြောတာဘဲ။ ဘာလဲ နင်က အခုမှ သိရလို့စိတ်ဆိုးနေတာလား။
ငါတို့က မသေချာသေးဘဲနဲ့ ဘာမှ မပြောချင်လို့ပါဟာ။
ငါကမိန်းကလေးလေ။ တစ်စုံတစ်ခု လွဲချော်သွားရင်။ ဒါကြောင့်မို့ပါဟာ။
ဟဲ့...နင်ငါ့ကို လေယဉ်ကွင်းလိုက်ပို့မှာလား....။ သန်ဘက်ခါ မနက်ဆယ်နာရီခွဲဖလိုက်နဲ့ ။

ငါလိုက်ပို့ဖြစ်မယ် မထင်ဘူးကြွေ...။

အေးလေရပါတယ်ဟာ။ နင်လည်း နင့်ကိစ္စနဲ့ နင်ရှိမှာပေါ့။ မအားရင်လည်း လိုက်မပို့ပါနဲ့ဟာ။
ဒါနဲ့ နင်ပြောစရာရှိတယ်ဆိုတာ ဘာလဲ ပြောလေ..။

ကိုယ်ဘာပြောရတော့မှာလဲ ကြွေ...။ကိုယ်ဘာများပြောရတော့မှာလဲ..။
ကိုယ့်မှာ ဘာများပြောပိုင်ခွင့် ရှိတော့မှာလဲကြွေ...။
ဒါဟာ ကိုယ့်အတွက် ကြွေနဲ့ပတ်သက်တဲ့ ကံကြမ္မာလားကြွေ..။
မတိုက်ရခင်ကတည်းက ရှုံးနိမ့်သွားခဲ့ရတဲ့ စစ်ပွဲမှာမှ ကိုယ်က စစ်သူကြီးဖြစ်ခဲ့ရသူပါကြွေရယ်...။
အခုတော့ ကိုယ့်ရင်မြို့ ပျက်မှာ ဝေဒနာတွေသာ မတ်တပ်ရပ်နေကြတယ်ကြွေ...။
ကိုယ်ဘာမှ မပြောပါရစေနဲ့တော့ကြွေ။ ကိုယ့်ရင်ဘတ်တွေ အသံမထွက်တတ်တော့လို့ပါ...။

ဘာမှ မဟုတ်ပါဘူးဟာ....။ ငါသွားတော့မယ်...။

ခွင့်ပြုပါတော့ ကြွေ...။ ကိုယ်ဘယ်လိုမှ ရပ်တည်နိုင်စွမ်းမရှိတော့လို့ပါ။

........................................................................................................................................................................

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ ပို့ဆောင်သူတွေ ပြန်လည်ရောက်ရှိသူတွေ ထွက်ခွာသူတွေနဲ့
သူ့တာဝန်သူ ကြေပွန်နေပါတယ်ကြွေ..။
ကိုယ်လေ ကြွေ့မျက်နှာလေးကို နောက်ဆုံးမြင်ချင်တဲ့စိတ်နဲ့ လေယာဉ်ကွင်းကို တိတ်တဆိတ်လိုက်လာမိတာပါကြွေ..။
ကြွေရယ်....ဒီနေ့ မင်းအရမ်းလှနေပါတယ်ကြွေ။ ပြုံးပျော်နေတဲ့ မင်းရဲ့ မျက်နှာလေး ။
ကိုယ်တစ်သက်လုံး မှတ်ထားလိုက်ပါတယ်ကြွေ...။
ဘယ်တော့မှ မမေ့နိုင်တော့အောင် မင်းမျက်နှာလေးကို ကိုယ့်နှလုံးအိမ်မှာ ခတ်နှိပ်လိုက်ပါတယ်ကြွေ...။
ကိုယ်လေ...မင်းကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့ပေမယ့် ကိုယ်မင်းကို ထာဝရချစ်နေပါတယ်ကြွေ..။
ဒီအဖြစ်တွေဟာ အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရင်တောင် ကိုယ်လေ မင်းကို ချစ်တဲ့စိတ်တွေနဲ့ဘဲ ထာဝရအိပ်နေပါ့မယ်ကြွေ..။
တကယ်တော့ဒီနေ့ဟာ မင်းအပျော်ဆုံးနေ့တစ်နေ့ဖြစ်မှာပါ ကြွေ..။
ကိုယ့်နှလုံးအိမ်ဟာလည်း သွေးစိမ်းရှင်ရှင်ထွက်တဲ့နေပေါ့ ကြွေရယ်...။
ကိုယ်သိပ်ချစ်ရတဲ့ မိန်းကလေး ကိုယ့်ကို ခွဲခွာသွားမှာကို ကိုယ်တိတ်တိတ်လေး ကြည့်နေရတဲ့အဖြစ်ပါကြွေ..။
မင်းကော ကိုယ့်ကို သတိမှ ရပါ့မလားကြွေ...။
မင်းမျက်နှာလေးကို ငေးကြည့်နေရင်း ကိုယ့် နှလုံးသားတွေ တစ်စစပဲ့ကျနေမှန်း.......
ကြွေရယ်....မင်းသိခဲ့ရင်...
မင်းရဲ့ အပြုံးလက်လက်လေးတွေက ကိုယ့်မျက်ဝန်းက မျက်ရည်တွေကို ဖျောက်ဖျက်ပစ်နိုင်မှာလားကြွေ..
ကိုယ်လေ...ကိုယ်...
ငိုနေမိတယ်ကြွေရယ်...
ကိုယ့်ရင်ကိုယ် အဆိပ်ခတ်နေတဲ့ ကိုယ့်ရဲ့ စိတ်ဓါတ်အလုံးစုံမှာ....
ကြွေရယ်....မင်းအတွက် အချစ်ဓါတ်တွေအပြည့်ပါဘဲ ကွာ....
ကိုယ့်ဝေဒနာတွေကို ကိုယ်တူးဖော်နေ့ရတဲ့ ကမ္ဘာပျက်နေ့ရက်တွေမှာ....
ကြွေရယ်.....ကိုယ့်ကို တစ်ချက်လောက် သတိရပေးပါကွာ...။
တရွေ့ရွေ့ ဝေးကွာသွားတဲ့ လေယဉ်ရဲ့အဆုံးမှာ ကိုယ့်နှလုံးသားတွေပျက်သုဉ်းကြေမွရင်းက....
ကိုယ့်အချစ်ပန်းလေးတစ်ပွင့် ကျောက်အဖြစ် အသွင်ပြောင်းခဲ့ပြီ ကြွေရယ်........။


ဆူးရင့်


ကျွန်တော့်ရဲ့မဖြစ်ညစ်ကျယ်ဝထ္တုတိုလေးအတွက် အချိန်ကုန်ခံကာ တကူးတက ကူညီဒီဇိုင်းဆွဲပေးရှာသောယိမ်းနွဲ့ပါးမှ ကိုမိုးကြယ်အား အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

Monday, June 22, 2009

ဝါသနာ

ဝါသနာတဲ့....
စိတ်က ဆာနေတတ်တယ် ။ ။

ကိန်းဂဏန်းတွေ အစွမ်းထက်တဲ့
ဟောဒီ့ လောကရမ္မက်ထဲမှာ
ငါဝါသနာပါတာ ကဗျာ ။ ။

ရင်ဘတ်အတွက် အဆိပ်မခတ်ဘူး
လူကုံထံချင်းလည်း မနှိပ်စက်တတ်ဘူး
နင်းရင်းနဲ့ ပြားသွားတာလဲ နင်းပြားတွေဘဝ
သုံးဆယ့်တစ်ဘုံမှာ ကျင်လည်သမျှပြကွက်အစုံ
ပုံပမာပြုလို့ ကဗျာကိုထုဆစ်ရင်း
အတွင်းအပြင် ငါ့စိတ်အာရုံအပြင်အဆင်က
ပဒိုင်းသီးတစ်လုံးလို ကဗျာကိုရူးတယ် ။ ။

ကဗျာဆိုတာ...
နှလုံးသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း
စေတသိတ်ရဲ့ အကျစ်လစ်ဆုံးမှန်
ဒဏ်ရာတို့ရဲ့ မော်ကွန်း
ရင်တွင်းမြစ်ရဲ့ မွေးဖွားရာ
အမှန်တရားရဲ့ သားတပါး
လောကပါလရဲ့ နရည်စည်းချက်
ဘ၀ဂ်အထိညံလို့
ရင်ခွင်မှာ ဒဏ်ရာနက်စေဦး
ငါ့နှလုံးရင်ပြင်ထက်မှာ
ကဗျာအတွက် ထိုးကွင်းနှက်တယ်
ချဉ်ဆီပါမက သွေးကြောထဲအထိဝါသနာ
ဒါဟာ ကဗျာ...။ ။

ခွင့်တောင်းစရာမလို တိုင်ပင်ညှိနှိုင်းစရာမလို
မိတ်ဆွေမှန်သမျှ ၀င်ထွက်သွားလာလို့ရတယ်
ငါ့နှလုံးသား ပြတိုက်ဘုံဆောင်
နက္ခတ်တို့ ညှိုးလို့ လရောင်မတိုးတောင်
ငါ့ဝါသနာ ငါ့ကဗျာအတွက်
ငါ့ရင်ခွင်အရောင်လက်မယ်
နေ၀င်လို့ မီးသတ်
ငါ့ဘ၀ အပြီးသတ်ရင်တောင်
ငါဆိုတဲ့ကောင်က ကဗျာဆိုတာကို
အာ ဂုံ ဆောင် သွား မယ် ။ ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


ကျွန်တော့်အား အလွန်တရာမှပင် ခင်မင်ချင်ယောင်ဆောင်တတ်သော၊ ခိုင်းစရာရှိပါက မောင်လေးရေဟု အစပြုတတ်သော၊ ခိုင်းစရာမရှိလျှင် စကားပင်လေးလုံးပြည့်အောင် မပြောတတ်သော၊ ကျွန်တော့်အား မတွေ့ချင်မမြင်ချင်သူ စာရင်းတွင် နံပါတ်လေးနေရာတွင် ထည့်ထားသော၊ ကျွန်တော် မူး၍ရစ်သောအခါတွင် သည်းခံနားထောင်ပေးတတ်ရှာသော၊ ကျွန်တော့်အမအရင်းနှင့် မခြား ရိုသေလေးစားခင်မင်ရသော၊ တစ်ခါတစ်ခါ စိတ်ကောင်းဝင်လျှင် ထမင်းချက်ကျွေးတတ်သော(စိတ်ကောင်းကလည်း တစ်ခါဘဲ ၀င်တာပါ) အမအိန္ဒြာမှ တက်ဂ်သည့် ၀ါသနာဆိုသော ခေါင်းစဉ်အား ဤကဗျာလေးဖြင့် အကျွေးဆပ်အပ်ပါသည်။ မကြီးရေ ရေးပေးတာ နောက်ကျတာကို ခွှင့်လွှတ်ပေးစေချင်ပါတယ်နော်။ မကြီးကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။

Sunday, June 21, 2009

ဆူးတစ်ချောင်းရဲ့ရာဇ၀င်

စူးရှတစ်ချင်စွာကို အော်မြည်လွှင့်ထုတ်ချင်နေမိတယ်..။
ရင်ခုန်သံ တချို့တ၀က်နဲ့ လတ်ဆတ်သန့်ရှင်းပါတယ်ဆိုတဲ့ ပင်ယံထက်က ပန်းနဲ့လေပြေ..။
အနူးညံ့ဆုံးချစ်တတ်ပါတယ်ဆိုတဲ့ ငါ့ရင်ခွင်ဘုံနန်းက စေတသိတ်ဆိုတဲ့ချပ်ဝတ်တွေ..။
သိပ်သည်းမှုအထပ်ထပ်နဲ့ ကမ္ဘာတည်သရွေ့မရပ်မဲ့ ငါ့ရင်ခုန်သံတေးထပ်တွေ...။
အိုကွာ....
ကမ္ဘာတစ်ခုလုံးမှာ ရှိသမျှ ရနံ့ပေါင်းစုံနဲ့မှ ငါလေ မင်းကို သင်းထုံယစ်စေခဲ့တာ..။
အခု...ဒါတွေက...ဒါတွေက.........။
ဘ၀ဆိုတဲ့ ကြိုးတစ်ချောင်းမှာမှ သံယောဇဉ်ပိုးမျှင်တွေကို လွန်းတင်နေတတ်ခဲ့မိလေတော့...
ရုတ်တရက်ကြေမွသွားခဲ့ရတဲ့ နှလုံးရင်ကွဲပွဲတော်မှာ...မင်းတီးခတ်လိုက်တဲ့ဂီတဟာ..
မိုးခက်ရယ် ငါ့ကမ္ဘာပျက်တေးသံတွေပါဘဲ...။

(၁)

ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် အသက်ရှုရပ်မတတ်ဖြစ်သွားခဲ့တယ်။
ဒီသတင်းတွေကို တဆင့်စကားတဆင့်နားနဲ့ ကြားသိခဲ့ရပေမယ့် ကျွန်တော်ယုံကြည်မှုမရှိခဲ့။
ယုံကြည်မှုမရှိခြင်းဆိုတာထက် ကိုယ့်ချစ်သူအပေါ် ယုံကြည်လွန်းတတ်ခဲ့တဲ့ကျွန်တော်...။
မင်းဘာပြောမလဲ ဆူးရင့်..။
ကဲ..ဘယ်လိုလဲလို့ သဘောရနေတဲ့ စိုးစံရဲ့ သေချာလွန်းတဲ့ မျက်ဝန်းတွေကို ကျွန်တော်ရင်ဆိုင်ဘို့..။
မိုးခက် ငါ့မှာသတ္တိတွေပျက်နေခဲ့ပြီ။
ချစ်သူကို သိပ်ယုံကြည်တတ်လွန်း သိပ်အထင်ကြီးတတ်လွန်းတဲ့ ဆူးရင့်ဆိုတဲ့ငါ..
မိုးခက်ရာ မင်းကြောင့်ငါ ဘယ်သူ့ကိုမှ မော်မကြည့်ရဲတော့ဘူး..။
အပေါင်းအသင်းတွေကြားမှာ ချစ်သူကို နည်းနည်းလေးတောင်မှ အထိမခံအပြောမခံခဲ့တဲ့ငါ..
အခု ၀ိုင်းထိုးကြမယ့်လက်ညှိုးတွေမှာ...ငါဘယ်လိုရင်ဆိုင်ရမလဲကွာ..။
ဆူးရင့်ဆိုတဲ့ကောင် သိပ်ချစ်ပါတယ်ဆိုတဲ့ မိုးခက်နွယ် အခုတော့ တစိမ်းယောကျာ်းတစ်ယောက်နဲ့ ပန်းခြံခုံတန်း လေးမှာ ကြည်နူးချစ်ကြည်စွာ ပွေ့ဖက်ကြည်စယ်နေ ကြတဲ့မြင်ကွင်းဟာ အရှင်လတ်လတ်ရင်ခွဲခံနေရသလိုပါဘဲ လား မိုးခက်ရယ်...။
ဘာကြောင့်များ ငါ့အပေါ်မှာ သစ္စာမဲ့ရတာလဲ...????
ဘယ်လိုနတ်ဆိုးတွေကများ မင်းကို စိတ်ဓါတ်အဆိုးတွေသွင်းပေးလိုက်တာလဲ...?????
ယောကျာ်းတစ်ယောက်ရဲ့ နှလုံးကွဲအက်သံကို လောကပါလနတ်တွေများ မကြားနိုင်လေရော့သလား...။
တမင်ဘဲ အသဲ(အသည်း)မာခဲ့တာလား..။ဒါမှမဟုတ် မထင်ဘဲခွဲခွာခဲ့တာလား...။
အခုလေ ငါ့ရင်ကွဲနာမှာ တသက်တာဆူးတွေနဲ့...။
ရက်စက်သွားတာလား...ပျက်ကွက်သွားတာလား...မင်းပစ်ချလိုက်တဲ့ တစ်ရှုးတစ်စမှာတောင်မှ...
ငါလေ.....အပြစ်မကြူးရက်ခဲ့သူပါ...။
ဒါနဲ့များတောင်ကွာ ဒါနဲ့များတောင် မင်းလုပ်ရက်တယ်နော် မိုးခက်နွယ်...။

(၂)

ရူးသွပ်သွားတာလား...ဒါမှမဟုတ် ခူးဆွတ်ထားတဲ့ကောင်ကို ဦးညွှတ်သွားအောင် လုပ်ချင်တာလား..။
မမြင်နိုင်တဲ့ ခွန်အားတွေက တစ်ကိုယ်လုံးကို စီးဆင်းရင်း သွေးကြောအနှံ့ ဒေါသနဲ့ ခံပြင်းနာကျည်းခြင်းတွေ တောက်လောင်နေလိုက်တာ..။
လက်သီးနှစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှေ့ကိုလှမ်းထွက်ဘို့ ကျွန်တော်ခြေလှမ်းပြင်လိုက်မိတယ်..။
စိတ်မှာတော့ နာကျည်းခြင်း ရှက်ရွံ့ခြင်း ယူကြုံးမရဖြစ်ခြင်း လုပ်ရက်လေခြင်း အစရှိတဲ့ ခံစားမှုပေါင်းစုံက ပွဲခံနေ ကြလေရဲ့။
ရုတ်တရက် မြင်ကွင်းအစုံေ၀၀ါးလာတော့မှ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ လျှံတက်လာနေကြောင်း သတိထားမိလိုက်တယ်..။
ဒီကိစ္စကို ငါရှင်းရမယ်...ငါ့အပေါ်မှာ ဘာအကြောင်းပြချက်တွေနဲ့များ မင်းရက်စက်သလဲ..။
ဒီအကြောင်းကို ငါ့ကိုရှင်းပြရမယ် မိုးခက်...။
ငါလက်ခံနိုင်လောက်အောင်ပေါ့...။ဒါပေမယ့် မိုးခက် ငါဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ...။
မုန်ယိုနေတဲ့ ဆင်ပေါက်တစ်ကောင်လို ဘယ်အရာကိုမှ ကျွန်တော် မမြင်နိုင်တော့..။
ထင်မှတ်မထားဘဲ တစစ်စစ်နာလာတဲ့ ဘယ်ဘက်ရင်အုံကိုလည်း ဂရုမထားနိုင်တော့..။
ဒီအချိန်မှာ ပတ်ဝန်းကျင်ဆိုတဲ့ အရာဟာ ငါ့အတွက် အဆိုးဝါးဆုံးအရာတွေကို သယ်ဆောင်လာတော့မယ်ဆိုတာ အလိုလိုသိနေခဲ့မိတယ် မိုးခက်...။
မင်းကိုငါ မြတ်နိုးလွန်းခဲ့တာ...ယုံကြည်လွန်းခဲ့တာ..တန်ဖိုးထားလွန်းခဲ့မိတာ..
တကယ်တော့ မင်းဟာ မာယာဖုံးထားတဲ့ သစ်တော်သီးတစ်လုံးပါလား မိုးခက်ရယ်...
ဆူးရင့်ဆိုတဲ့ကောင် သိပ်အချစ်ကြီးလွန်းမှန်းသိရက်နဲ့ မိုးခက်ရယ်...
အခုငါက မင်းရဲ့ဘယ်နှဖျာမြောက်သဲမှာ နစ်မြုပ်ခဲ့ရတဲ့ကောင်လဲ...။
ယောကျာ်းတစ်ယောက်ရဲ့ မာနနဲ့မှ မင်းက အလမ္ပယ်ပြတတ်တာလား မိုးခက်ရယ်...။
ငါ့ရင်တွေ ကျိုးအက်မှ မင်းဘ၀င်တွေ ပြိုးပြက်စေတာလား...????
ငါ့ရင်ရဲ့ အနိဌာရုံကိုမှ မင်းကခုံမင်သတဲ့လား...။
တစ်ချိန်က မင်းရဲ့အပြုံးဟာ ငါ့ဘ၀တစ်ခုလုံး သာယာမှုတွေဖူးလို့....။
အခု မင်းရဲ့အပြုံးမှာ ငါ့ရာသီတွေ တေးမဆိုတတ်တော့ဘူး မိုးခက်နွယ်...။
လည်ပင်းကြောတွေထောင်ထနေအောင် တင်းတင်းကြိတ်ထားတဲ့ အံတွေရဲ့ နောက်ကွယ်မှာ ဘ၀တစ်ခုပါတယ် မိုးခက်နွယ်...။
ငါဘာလုပ်ရမှာလဲ မိုးခက်နွယ်....ငါဘာလုပ်ရမှာလဲ...။

(၃)

ရုတ်တရက်ဆုပ်ကိုင်လာတဲ့ စိုးစံရဲ့ လက်က ရုန်းထွက်ဖို့ကြိုးစားရင်း သူ့မျက်နှာကို ကြည့်လိုက်မိတော့ စာနာနား လည်မှု စိတ်မကောင်းဖြစ်မှုတွေနဲ့ စိုက်ကြည့်နေတဲ့ စိုးစံရဲ့မျက်ဝန်းတစ်စုံ..။
စိတ်လျော့လိုက်ပါ သူငယ်ချင်းရယ်...မင်းဘယ်လိုခံစားနေရမယ်မှန်းငါသိပါတယ်..
ကိုယ်ချင်းလည်းစာပါတယ်ကွာ...ဒါပေမယ့် ဒေါသအလျောက်အမှားတွေမဖြစ်ပါစေနဲ့ကွာ..။
ငါမင်းကို သူငယ်ချင်းကောင်းပြီသစွာတားနေတာပါ..။ဒီပြသနာကို ဒေါသအလျောက်ဖြေရှင်းလိုက်ရင် နောက် ထပ်ပြင်မရတဲ့ အမှားတွေထပ်ဖြစ်လာနိုင်တယ် သူငယ်ချင်း..။
ငါ့စကားကို နားထောင်ပါကွာ..။ငါတို့ ပြန်ကြရအောင်..။
ငါရှက်တယ် စိုးစံ..။သူငယ်ချင်းတွေ ကြားမှာ ငါဘယ်လိုမျက်နှာပြရမလဲ။ ငါတို့ကို ချစ်သူတွေလို့ သိထားတဲ့ ပတ်ဝန်းကျင်မှာ ငါဘယ်လိုမျက်နှာနဲ့ နေရမလဲ သူငယ်ချင်းရာ။
ငါ့ဘ၀တစ်သက်တာမှာ အကြီးမားဆုံး ဖောက်ဖျက်မှုတစ်ခုကို ခံလိုက်ရပြီစိုးစံ..။
ငါနားလည်ပါတယ် သူငယ်ချင်း..။ဒါပေမယ့် ဒါဟာ အဆိုးထဲက အကောင်းလို့မင်းမှတ်ယူလိုက်ပါကွာ။
သူ့အကြောင်းကို စောစောသိရတဲ့ အတွက် မင်းကံကောင်းတယ်လို့မှတ်ယူလိုက်ပါ။
မင်းကို သူငယ်ချင်းတွေက ဘယ်သူမှ လှောင်ပြောင်မှာ မဟုတ်ပါဘူး။
ဆူးရင့် မင်းမမေ့ပါနဲ့ကွာ ငါတို့ဟာ သူငယ်ချင်းတွေပါ...။
စာနာမှုတွေအပြည့်နဲ့ ပြောနေတဲ့ စိုးစံရဲ့ မျက်နှာကို ကြည့်ရင်း တစ်စုံတစ်ခုကို ကျွန်တော်သဘောပေါက်သွားခဲ့ တယ်။
ကျွန်တော်အမြတ်နိုးဆုံး အချစ်ရဆုံး ချစ်သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမယ့် ကျွန်တော့်မှာ သူငယ်ချင်း ကောင်းတွေ ပိုင်ဆိုင်နေရသေးတယ်ဆိုတာကိုပေါ့...။
ကျေးဇူးတင်ပါတယ် စိုးစံ။ မင်းကိုသိပ်ကျေးဇူးတင်ပါတယ်..။
သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်အပြည့်နဲ့ ပြောနေတဲ့ စိုးစံရဲ့မျက်နှာကို ကြည့်ရင်းကျွန်တော်သူ့ကို ခေါင်းညိတ်ပြလိုက်ပါတယ်...။
တင်းကြပ်စွာ ကျွန်တော့်ပခုံးကို ဖြစ်ညှစ်လိုက်တဲ့ စိုးစံရဲ့လက်တွေမှာ သူငယ်ချင်းဆိုတဲ့ဓါတ်တွေ စီးဝင်နေတယ် ဆိုတာ ကျွန်တော်လေးလေးနက်နက်သိနေခဲ့တယ်...။
ရုတ်တရက်ခုန်ချသွားတဲ့ မျက်ရည်စက်လေးကိုကြည့်ရင်း ကျွန်တော် မချိပြုံးတစ်ချက်ပြုံးလိုက်ရင်းက အဲဒီနေရာ ကနေ ကျွန်တော်တို့ လှည့်ထွက်လာခဲ့လိုက်တယ်..။
ကျွန်တော်တို့ရဲ့ နောက်မှာတော့ မာယာဖုံးနေတဲ့သစ်တော်သီးတစ်လုံးကတော့ ကမ္ဘာတစ်ခုလုံးကို မေ့လျော့ရင်း ချစ်ခြင်းသံစဉ် အသစ်တစ်ပုဒ်ကို ခပ်တိုးတိုးလေး လွှင့်ထုတ်နေလိမ့်ဦးမယ် ဆိုတာ....။
သေချာတာကတော့ စိတ်မှာစူးတဲ့ ဆူးဆိုတာ တစ်သက်စာ နာနေလိမ့်ဦးမယ်ဆိုတာပါဘဲ...။
ဒီဆူးကို ငါမနုတ်တော့ဘူး မိုးခက်...။
ငါ့ကို ရူးသွပ်စေခဲ့တဲ့ ဆူးအနေနဲ့ ဘ၀တစ်သက်တာလုံး ငါမှတ်မှတ်သားသား စိုက်သွင်းထားလိုက်တော့မယ်...။

ဆူးရင့်

Saturday, June 13, 2009

နွံနစ်သွားသော လတစ်ခြမ်း

ချွေချခံလိုက်ရတဲ့ အမှောင်ထုကို လိုက်ကောက်ဖို့ကြိုးစားရင်း ...
တိတ်ဆိတ်မှုတွေက ငါ့တံခါးကို လာခေါက်နေကြပေါ့...

ငါဘယ်ရောက်နေလဲ..

ဘယ်နေရာမှာလဲ..

မြင်မြင်သမျှအရာအားလုံးမှာလဲ အမိုက်မှောင်တွေဖုံးအုပ်လို့...
အရိုးနင့်အောင်ကြွေရင်း ဘ၀ကိုဖြတ်သန်းလာလိုက်တာ...
ငါ့အာရုံတွေခါးနေမှန်းကို ငါတကယ်ကိုမသိခဲ့လိုက်ဘူး...
တကယ်ဆိုငါက မြောက်အရပ်ကိုမှ တောင်ဘက်ရွှေ့ချင်ခဲ့မိတာ..
တစ်ခါသာ ပစ်ချခဲ့လိုက်မိတဲ့ ရာဇ၀င်..
ငါ့လောကကို ၀င်ရောက်မွှေနှောက်သွားလိုက်ပုံများ ..
စိတ်ကူးစိတ်သန်းနဲ့ တည်ဆောက်ခဲ့တဲ့ တောင်တန်းတွေဟာလည်း ..
ကြေကွဲဖွယ်ရာ ပက်ကြားအက်တို့ရဲ့ စုပ်ယူစားသုံးခြင်းမှာ အပြိုပြိုအလဲလဲ ။ ။

တကယ်ဆို ငါကတိမ်တစ်စ ဖြစ်ချင်ခဲ့မိတာ...
လွတ်လပ်တယ် ပေါ့ပါးမယ် နေရာဒေသမရွေး ငါရွေ့လျားနိုင်တယ်...
မထင်မှတ်လိုက်ဘူး .. တကယ့်ကို မထင်မှတ်လိုက်ဘူး...ကံကြမ္မာသူခိုးရဲ့ ချောက်တွန်းမှုမှာ..
ငါဟာ မိုးစက်တစ်စက်ဖြစ်နေမှန်းကိုပေါ့...
တစ်စုံတစ်ခုကို ရဘို့ တစ်စုံတစ်ရာထက်ပိုတဲ့ တန်ကြေးတွေပေးရမယ်မှန်းသိရင်..
ကွက်ကျားမိုးတို့ရဲ့ အထ္တုပတ္တိကို ငါပြင်ရေးချင်တယ်...
အစွမ်းအစတော့မရှိဘူး ဒါပေမယ့် တစ်လမ်းသွားခရီးတွေကို ငြီးငွေ့တတ်တဲ့ငါ..
အခု ဒီတစ်လမ်းကို ငါလှမ်းနေရပေါ့ ။ ။

ပြေးဝင်တိုးဝှေ့လာတဲ့ လေတစ်မျှင်ကိုမှ မက်မက်မောမောရှုရှိုက်မိခဲ့တဲ့ငါ ..
ပြင်ဆင်ခွင့်မရှိခြင်းတွေသာ အဲဒီနောက်မှာ ကပ်ပါလာမှန်း...
ငါသာကြိုသိခဲ့ရင်...
ဘယ်သူမှ မသိခဲ့ဘူး.. ကိုယ့်ရင်ကိုယ်ထုနေရတဲ့အဖြစ်တွေ...
ကိုယ့်ဆံပင်တောင် မြဲမြံအောင် မထိန်းသိမ်းနိုင်တော့တဲ့ ခန္ဓာမှာ..
သေးသိမ်ကြုံလှီသွားတဲ့ စိတ်ဓါတ်တွေနဲ့...
ခရီးဆက်ဖို့ရာ ငါ့အတွက်မြေသြဇာတွေလိုနေတယ်..

ငါဘာလုပ်မလဲ...

ဘာလုပ်ခွင့်ကောရှိသေးလဲ...

ကိုယ့်ကိုယ်ကိုယ် စိုက်ပျိုးရင်းထွန်ယက်ကြည့်လိုက်တော့...
ငါ့သက်တမ်းမှာ လတစ်ခြမ်းပျောက်နေတယ်...
မှားခဲ့ပါတယ်လို့ ၀န်ချတောင်းပန်ဖို့ထက် အဲဒီ့အမှားအတွက် ငါထမ်းလိုက်ရတဲ့ဝန်က...
ကံကြမ္မာတရားရေ.. ခင်ဗျားမတရားဘူးလို့မစွပ်စွဲချင်ဘူး ..
ငါကိုယ်တိုင်ကိုက ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွားခဲ့တာ...
ခက်ခက်ခဲခဲ ရှုထုတ်လိုက်တဲ့ လေရဲ့အဆုံးမှာ...
ငါ့ဝန်းကျင်တစ်ခုလုံး အဖြူရောင်တွေလွှမ်းသွားလိုက်တာ...
ငါကြိုးစားပြီး လှမ်းရဦးမယ် .. ခပ်ပျပျအဝေးတစ်နေရာက အမေ့ရဲ့ ခေါ်သံငါကြားလိုက်ရတယ်..
ဆို့နင့်နေတယ်..ကြေကွဲနေတယ်..ယူကြုံးမရမှုတွေပါဝင်နေတယ်..
ဖြစ်ရလေခြင်းဆိုတဲ့ မချိတင်ကဲစိတ်...လက်လွတ်ဆုံးရှုံးရပြီဆိုတဲ့ အသိတွေနဲ့ ...
တစ်တစ်ချင်ချင်ခေါ်ငင်လိုက်တဲ့ အမေ့ရဲ့ပူဆွေးမှုပြယုဂ်...
ခွင့်လွှတ်ပါတော့အမေ..
စိတ်အခါးတစ်ချို့ကို အမေ့ဆီကနေ သယ်ထုတ်သွားခွင့်ပြုပါတော့...
ခပ်လှမ်းလှမ်းရှေ့တစ်နေရာမှာ တံခါးတစ်ချပ်မြင်နေရတယ်...
ရွေးချယ်စရာ လမ်းမရှိဘူး...
ဒီတံခါးကိုဘဲ ငါ....ဖြတ်သန်းသွားရတော့မယ် ။ ။

အေ အိုင် ဒီ အက်စ် တဲ့...ဘ၀များစွာကို သတ်ပစ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, June 8, 2009

ကဗျာမရေးတတ်တော့ပါ

ကစဉ့်ကလျား စိတ်ဓါတ်တွေနဲ့
တစ်နေ့တာကို ရေးရေးလေးပုံဖော်ကြည့်လိုက်တယ် ။ ။

နောက်ကျိနေတဲ့ အမှန်အမှား
အမြစ်မပြတ်နိုင်တဲ့ အာရုံခြောက်ပါး
လဘ်သိတ်ထိုးလွင့်ကျလာတဲ့ အမှောင်ထု
ဒါတွေပေါင်းစုနေတဲ့ စိတ်စေရာအခန်းထဲ
ဒီညလေကိုလည်း ထိတ်လန့်မှုနဲ့ရှုတယ် ။ ။

ညိတွယ်မှုကြောင့်လား...
အသိတကယ် မရှိမှုကြောင့်လား...
ရိပ်ကနဲမြင်လိုက်တဲ့ အရာရာမှာ
ဝေခွဲရခက်မှု ထောင်သောင်းမကပါတယ် ။ ။

ကိုယ့်ကိုယ်ကိုယ် ပြန်ခြောက်နေမှတော့
ဦးနှောက်လည်း အလုပ်မလုပ်
ကဗျာတစ်ပုဒ်ဖြစ်ဖို့ ဝေးလို့
ကုတင်ဘေးမှာဘဲ ငုတ်တုတ်လေး
ငါလေ...
ကိုယ့်အရှုပ်ထုပ်နဲ့ ကိုယ်ထွေးလုံးရစ်ပတ်လို့ ။ ။

ဘယ်ကလာကြတာလဲ
ဘယ်ကိုသွားကြမှာလဲ
လျှောက်လှမ်းခဲ့သမျှခရီးတွေမှာ
ဒီညခရီးက အရှည်ကြာဆုံးဖြစ်နေတော့
ငါ့မှာ...
ကဗျာတစ်ပုဒ်နဲ့ အလင်းထုတ်ဖို့
ထိတ်လန့်ခြင်းမီးကို ပိတ်နိုင်အောင်ကြိုးစားရင်း
မနက်ခင်းမှာ...ငါ
ကဗျာမရေးတတ်တော့ဘူး ။ ။

ကံကြမ္မာတဲ့...
စိတ်မှာ အဖန်တစ်ရာမကသတ်လိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို pancam.astro.cornell.edu မှ ကူးယူဖော်ပြပါသည်။

Wednesday, June 3, 2009

စိတ္တဇ

စိတ်တွေ....
ယောက်ယက်ခတ်နေကြတယ်..။

ဘာတွေဖြစ်လာမှာလဲ..
ဘာတွေဖြစ်ဦးမှာလဲ..
ဘာတွေဖြစ်နေကြလဲ..

မေးခွန်းတွေ..
အဲဒီ့မေးခွန်းတွေ..
အဖြေမရှိဘူး ။

ထာဝရမမှန်နိုင်တဲ့ အမှန်တရားတွေအတွက်
ငါ့ရင်ခွင်က ပြန်ပြန်ဖြေနေခဲ့တဲ့တစ်ခွန်းတည်းသောအဖြေ
မင်းလေ...သိပ်ညံ့တယ် ။ ။

ထောင်ချောက်တွေ..
မာယာတွေ..
လိမ်လည်မှုတွေ..
ဖုံးကွယ်မှုတွေ..
အမြစ်ပါနှုတ်ခံလိုက်ရတဲ့ ယုံကြည်မှုတွေ..

အနာဂတ်အတွက် မတွေးချင်ဘူး
အတိတ်ကိုလည်း ဆွေးနေတုန်း
ပစ္စုပန်မှာ ငါဟာအထီးကျန်နေတယ် ။ ။

စိတ်တွေ..
အဲဒီ့စိတ်တွေ...
ယောက်ယက်ခတ်နေကြတယ်..
တစ်စုံတစ်ခုကို ငါသိတယ်..
ဒါပေမယ့် ငါမသိဘူး..
တစ်စိတ်တစ်ပိုင်းကို ငါကြားတယ်..
ဒါပေမယ့် ငါ့နားနဲ့မဟုတ်ဘူး..
အခြေအနေတစ်ခုကို ငါမြင်တယ်..
ဒါပေမယ့် ငါ့မျက်စိနဲ့မဟုတ်ဘူး ။ ။

စိတ်တွေ...
အဲဒီ့စိတ်တွေ...
ငါ့ကိုနှိပ်စက်နေကြတယ်...

ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့..
ငါ....ကြိုးစားရဦးမယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.myfreewallpapers.net မှ ကူးယူဖော်ပြပါသည်။

Template by - Abdul Munir