Thursday, January 29, 2009

အကျွေ

" ဒီညနေစာကို ဆီဒိုးနားမှာ သွားစားရအောင် "

" တန်းစီနေရဦးမှာလားကွာ "

" စီစရာ မလိုပါဘူးကွာ ။ ရောက်တာနဲ့ ၀င်စားရုံပါဘဲ "

" ဟုတ်မှလဲ လုပ်စမ်းပါကွာ ။ တော်ကြာ ဗိုက်ဆာဆာနဲ့ စောင့်နေရဦးမယ် ။ "

" မင်းကလဲ အလကားစားရမှာကို ဂျီးများနေတယ် "

" သြော်...မင်းကကော ဘယ်လောက်ကုန်သွားမှာ မို့လို့လဲ "

တဖိတ်ဖိတ်လက်နေသာ ကား၏နောက်ကြည့်မှန်မှ ကိုယ့် ကိုယ် ကိုယ် ပြန်ကြည့်ရင်း ဇွဲ
၏အပြောကို ရဲရင့်ပြန်မေးလိုက်၏ ။

" ဒါနဲ့ ဒီကားကို ဒီ့ထက်မော်ဒယ်မြင့်တဲ့ ကားနဲ့ လဲဘို့ သိန်းတစ်ထောင် အလိုက်ပေးရမယ်
တဲ့ "

" မင်းက ဘယ်လိုလုပ်သိတာလဲ "

ရဲရင့်အပြောကြောင့် ဇွဲပြန်မေးလိုက်မိသည်။

" မနေ့ညက ငါ့အဖေက အမေ့ကို ပြောနေသံကြားတယ် ။ သိပ်မကြာခင်လဲဖြစ်မယ်ထင်
တယ်တဲ့ ။ "


x x x x x x x x x x x x x x x x x x x x x


" မစံပယ်ရေ ဒီအ၀တ်တွေလျှော်ပြီးရင် ပြန်လို့ရပြီနော် ။ မောင်ဇွဲရေ ကားရေဆေးပြီးရင်
မင်းအတွက် မုန့်ဘိုးလာယူချေ ။ "

အပေါ်ထပ်ဝရန်တာမှ ဒေါ်မြင့်မြတ်နှင်းအသံကြောင့် ဇွဲ ကားရေဆေးရာမှ အပေါ်ထပ်
ဝရန်တာသို့မော့ကြည့်မိလိုက်၏ ။

" ဟုတ်ကဲ့ မာမီလေး "

" မောင်ရဲရင့်ရေ မင်းအဖေ ကိုမောင့်ကို အလုပ်ကိစ္စနဲ့ မှော်ဘီဘက်ကို လိုက်ပို့တယ်ကွယ့်။
အိမ်ပြန်နောက်ကျလိမ့်မယ် ။ မင်းအမေကို ပြောလိုက်ဦး "

" ဟုတ်ကဲ့ မာမီလေး "

ဒေါ်မြင့်မြတ်နှင်း၏ အပြောကို ရဲရင့်တစ်ယောက် ရိုကြိုးစွာခေါင်းညိတ်ပြရင်း ပြန်လည်ဖြေ
ကြားလိုက်၏ ။

" သားရေ ဇွဲ "

" နင့် မာမီလေး ပေးတဲ့ မုန့်ဘိုးနဲ့ ငါးရေခွံကြော်ဝယ် ၊ ပြီးရင် မလှကြည်တို့ ဆိုင်ကဆန်သုံး
လုံးနဲ့မီးသွေးတစ်ပိသာ သွားယူ "

" နင့်အဖေပြန်လာရင် ဆက်ဆက်ပေးပါ့မယ် ပြောနော်၊ပြီးတော့ အနော်မာကန်မှာ ရေခပ်
ပြီးပြုတ်တို့ဘို့ ကနဖော့တွေ ချိုးလာခဲ့ ။ "

" အမေ လျှော်ပြီးသား အ၀တ်တွေလှန်းပြီရင် လိုက်လာခဲ့မယ် "

" ကောင်းကောင်းလည်း ပြန်ကြဦး ။ ဆော့မသွားကြနဲ့ ။ ပိုက်ဆံမပျောက်စေနဲ့နော် "

တန်ဘိုးကြီးကြွေပြားများနှင့် အလှဆင်ထားသည့် ခမ်းနားကြီးကျယ်လှသောနှစ်ထပ်တိုက်
ကြီးကိုကျောခိုင်းကာ တိုးချဲ့ရပ်ကွက်ဆီသို့ နှစ်ရာတန်တစ်ရွက်ကိုဆုပ်ကိုင်ရင်းကလေးနှစ်
ယောက်တရွေ့ရွေ့နှင့် ထွက်ခွာသွားလေတော့သည်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, January 25, 2009

ချစ်သူ့ညစာ


ယာဇ်ပလ္လင်ထက် ရင်ငွေ့မဲ့သိုးတစ်ကောင်
ကြေကွဲမှုအရောင် တဖျတ်ဖျတ်
တလက်လက် တမြမြဓါးသွား
ဘ၀ရဲ့အနားသတ်ကို လှီးဖြတ်
အနက်ရှိုင်းဆုံး အဇ္ဇျတ္တတွေပြတ်ရွေ့
ဆွေးမြေ့တဲ့ခံစားချက်တို့ တ၀ုန်းဝုန်းပြို
ဝေချင်သလို ဝေပြခွင့်မရတဲ့ ဘဝ
ကြွေချင်သလိုသာ ကြွေကျရင်း
အဆိပ်ဒီလှိုင်းထဲ ၀ါသနာကိုဖျော်ချ
ကမ်းစပ်တို့ ပျော်ကျတဲ့ညမှာ
ငါ့...ရင်ကဖြစ်တဲ့...ကဗျာ
မြတ်နိုးစွာ ချော့မြူရင်း
ရက်စက်ခြင်း သတ်ကွင်းကိုပို့
ငါ့...လက်ကို..ငါကိုယ်တိုင်..ရှို့ခဲ့..။

ပေါင်းစပ် မှုတွေကပဲ
ပွတ်တိုက်ခြင်းအဖြစ် ကျွမ်းမြေ့လောင်မြိုက်
ညခင်းက ဆည်းဆာနဲ့ အလဲထပ်ရိုက်
အရောင်တွေ သိမ်းပိုက်သွားတဲ့ခဏ
ယိုင်နဲ့နဲ့ ရင်အစုံ..လဲ..ပြို..ကျ..
အမုန်းနဲ့ နန်းဆွဲတဲ့ အထီးကျန်လည်ဆွဲ
ဝိညာဉ်အတွက် တီးခတ်တဲ့ဗုံသံမှာ
ရင်ခုန်သံ ကြိုး ..ဆွဲ..ချ..
အကျည်းတန်ခြင်းတို့လည်း စည်းချက်လွတ်ကခုန်ခဲ့ကြ..။

အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့
သန်းခေါင်ချိန် စက္ကန့်ပိုင်းလေးအတွင်းမှာ
မနေ့က ဆိုတာတွေမေ့ပစ်ရင်း
ဒီနေ့ဟာ ရက်ရက်စက်စက်နင်းချေ
အနည်းဆုံး အမှတ်တရတွေဟာ
ဒဏ်ရာတွေအဖြစ် မနက်ဖန်တွေအထိ
ဆက်ရှိနေမှာပါ...။

ဝန်ခံပါတယ်...
မျက်ရည်စက်တွေ အဖတ်လိုက်ကွာကျတဲ့
မင်းရဲ့အမုန်းကျောက်စာချပ် ငါ့တမ်းတခြင်းနဲ့ရစ်ပတ်
ကမ်းကုန်အောင် ချစ်တတ်ချင်ခဲ့တာ...။

ဦးဏှောက်နဲ့ ရင်ဘတ်
တရစပ် ပစ်ခတ်နေသရွေ့
နင့်..နေအောင်နာတဲ့အသည်းနဲ့
မျှော်လင့်ခြင်း သွယ်တဲ့လမင်း
ဥပေက္ခာ ရင်ကွဲမြစ်ထဲ သွေးသံရဲရဲကျဆုံး
ဆည်းဆာရဲ့ သက်ပြင်းသီတံမှာ
မျက်ရည်စက်လက် ရင်ခုန်မှုတွေ စုံကန်းခဲ့..။

နာကျည်းခြင်း ၀ိုင်တစ်ခွက်မှမပါတဲ့
သံယောဇဉ်ဖြတ် ညစာစားပွဲမှာ
အသည်းဟင်းနဲ့ ပွဲတည်
ဝင်ရိုးစွန်းအဆီကို ခွဲထုတ်
လမင်းရဲ့ အပူရုပ်ဟင်းချို
ငါ့မြတ်နိုးခြင်း ဆီပြန်တစ်ခွက်
မင်းညစာအတွက် ပေးအပ်တယ်
နောက်ဆုံးထွက်သက်ထိ
အ..ရ..သာ..ရှိ..စေ..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


အထက်တွင် အသုံးပြုထားသောပုံကို www.picasaweb.google.com မှ ကူးယူဖော်ပြပါသည်။

Template by - Abdul Munir