Monday, March 30, 2009

ယနေ့မှစ၍

နှုတ်ဆက်သူတွေ နှုတ်ဆက်ကြပြီ
ထွက်ခွာသူတွေ ထွက်ခွာကြပြီ

ပြုံးကျန်ရစ်သူတွေ ရှိတယ်
မုန်းကျန်ရစ်သူတွေ ရှိတယ်
လက်ပြနှုတ်ဆက်သူတွေ ရှိတယ်
ဆွေးမြေ့ငိုကြွေးသူတွေ ရှိတယ်
ဝမ်းသာကြည်နူး ပျော်မြုးတဲ့အပြုံးတွေရှိတယ်
ရင်နှလုံးညှိုးချုံး ရှုံးသူရဲ့ အလွမ်းတွေရှိတယ်
နေခြည်ဖြာလင်းလက် အချစ်ရဲ့ရက်တွေရှိတယ်
ရင်နင့်တိုက်စား မိုက်မှားတဲ့ညတွေရှိတယ် ။

ကမ္ဘာမြေက လမိုက်ညကိုနှုတ်ဆက်
ကြယ်တာရာက ကုမုဒြာကိုနှုတ်ဆက်
နေခြည်နုနုက မနက်ခင်းကိုနှုတ်ဆက်
အုံ့မှိုင်းနေတဲ့ အလွမ်းတိုင်းပြည်ကို
လျစ်လျူရှု ချစ်သူက နှုတ်ဆက်
စာနာမှုတွေကို စွန့်လွှတ်ခြင်းကနှုတ်ဆက်
ခင်မင်သူတွေကို ခွဲခွာခြင်းကနှုတ်ဆက် ။

ကဲ...
ယိုင်နဲ့နဲ့ကမ်းပါးတွေတောင်
ပင်လယ်ဆီကို မျောပါနေကြပေါ့ ။

ဘ၀အခါးတဲ့
ရင်နင့်သွားစေလောက်ရဲ့
အမှားကို အရောင်ထပ်ရင်း
နက်သထက်နက်လာခဲ့လိုက်တာ
သန်းခေါင်တွေသာ များများလာခဲ့တယ် ။

မြစ်တို့ရဲ့ လှည့်စားခြင်းဟာ
ဗေဒါအတွက် ဆုလာဘ်ဖြစ်ခဲ့ရင်

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

Sunday, March 29, 2009

ကဗျာမဟုတ်ပါ

မင်းမှတ်မိသေးလား
အမေဆူတိုင်း မင်းအတွက်ကူပြောတတ်ခဲ့တာတွေ
တစ်ဆိုင်တည်း အတူထိုင်ခဲ့တဲ့ နေ့ရက်တွေ
အတူသောက်ခဲ့တဲ့ အရက်တွေ
ဆေးလိပ်တစ်လိပ်ကို နှစ်ယောက်သောက်တဲ့အဖြစ်တွေ
ပြီးတော့ နေ့တိုင်းသော့ဖွင့်ပေးရတဲ့ ငါ့ရဲ့ညတွေ ။

မင်းမှတ်မိသေးလား
ခုနစ်စင်ကြယ်တို့ အမြီးထောင်တုန်း
အမေတစ်ယောက်နဲ့ ညီတစ်ယောက်
ရတက်ပွေရင်း ရှင်းခဲ့ရတဲ့
မင်းရှာခဲ့တဲ့ ပြသနာလေ ။

မင်းမှတ်မိသေးလား
မင်းတာဝန်ကျတဲ့ မြို့လေးမှာ
ငါတို့နွေးထွေးစွာ အတူထိုင်ဖြစ်ကြတုန်း
ညီအကိုချစ်ခြင်းကို သက်သေထူခဲ့တာ
ငါမမေ့ရက်ဘူး ။

မင်းမှတ်မိသေးလား
ခေတ္တပြန်လာတဲ့ ငါ့ကိုကြည့်တဲ့
မင်းရဲ့မျှော်လင့်ချက် မျက်ဝန်းတွေ
ငါ့ရှေ့မှာ အားတင်းရင်း
မျက်ရည်ကျတဲ့ အဖြစ်တွေ
ငါနဲ့နေချင်တယ်လို့ မင်းပြောခဲ့တာတွေ ။

မင်းသိရဲ့လား
မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့
မိခင်တစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးမှု
ကွဲကြေတဲ့မျက်ဝန်းနဲ့ မျက်ရည်ဝဲနေတဲ့ဖခင်
မေးကြောတွေထောင်လောက်အောင်
အံတင်းတင်းကြိတ်ထားတဲ့ အကိုကြီးရဲ့သောက
မောင်လေးရယ်လို့ဖက်ငိုတဲ့ တစ်ဦးတည်းသောအမရဲ့ ဝေဒနာ
ဒီအပူတွေ ကြားထဲမှာ ငါ့မျက်နှာဟာ
မချိတင်ကဲ ဒဏ်ရာတွေအပြည့်နဲ့ ။

လွန်ခဲ့တဲ့ ခုနစ်လကပေါ့
ငါ့ရင်ဘတ်ကို မိုးကြိုးပစ်ခဲ့တာ...။

လာကတည်းက သွားဘို့အတွက်ဘဲ
တရားဆိုတာလည်း ရင်ထဲမှာတော့ ရှိခဲ့ကြတယ်
လက်တွေ့မှာတရားကို သောကတွေစားတဲ့အခါ
အကိုရေ....
ဒါဟာ မင်းအတွက်တော့
ကဗျာတစ်ပုဒ် မဟုတ်ခဲ့ဘူး ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အကိုဆုံးခဲ့တာ ခုနစ်လပြည့်တဲ့ နေ့လေးမှာ ကဗျာမဟုတ်စာ မဟုတ်တဲ့ ခံစားချက်လေးတွေကို ပိုစ့်လေးတစ်ပုဒ် အနေနဲ့ တင်မိလိုက်တယ်။ ကြေကွဲမှုကို ဖောက်ထုတ်ခြင်းဖြစ်လို့ ဖတ်လို့မကောင်းခဲ့ရင် အားလုံးဘဲ နားလည်ပေးကြပါဗျာ။

အထက်တွင်အသုံးပြုထားသောပုံကို www.ncac.org မှ ကူးယူဖော်ပြပါသည်။

Saturday, March 28, 2009

မကျက်တော့မယ့်ဒဏ်ရာ

တက်ကျမ်းနဲ့ ဆန်းလဂ်ကို
အားကိုးလာကြတဲ့ ခေတ်ထဲ
မြစ်တွေလည်း ဒေါင်လိုက်ဖြတ်စီး
အချစ်တွေလည်း လောင်မြိုက်ပျက်ဆီး
ဘ၀တွေလည်း ဘောင်ကန့်သတ်ပြီးကြီးပြင်းနေလေရဲ့ ။

အမှန်အမှားဆိုတာ လူ့သတ်မှတ်ချက်
သုံးသပ်သူတို့ဘက်မှာ ရှုထောင့်ဆိုတာရပ်တည်တော့
ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်စိတ်ထားတွေ
ထွန်းကားလာလိုက်ကြတာများ
မိုးရာသီမှာတောင် နွေခေါင်တတ်လာပြီ ။

တောင်သူတို့ရဲ့ မျက်ရည်စက်လက်ညတွေ
ဂွင်ကျဂဏန်းတွေတွက်တဲ့ ကုန်သည်တို့ရဲ့လက်တွေ
အနင်းခံဘ၀တွေ ပြားသထက်ပြားလာကြ
ဒါဟာ....
လိုက်ဖက်ညီမျှမှုတစ်ခု မဟုတ်ခဲ့တာတော့
သေချာတယ် ။

ခေတ်ရေစီးကြောင်းတဲ့
မျောပါတတ်သူတွေအတွက်တော့ ကျေနပ်စရာ
မုသာဝါဒတံတိုင်းတွေ ကြားမှာ
ပျော်ပါးနေလိုက်ကျ ယဉ်ပါးနေလိုက်ကျ
ကုတ်ခြစ်တွယ်တက်သူတို့ရဲ့ ကမ်းပါးမှာတော့
လေပြင်းတိုက်တိုင်း ချဉ်ဆီခိုက်နေတုန်းဘဲ ။

ထိန်းချုပ်ထားတဲ့ ဆန္ဒတစ်စုံတစ်ရာကို
အရောင်တင်ဘို့ ကြိုးစားကြည့်တော့
ကိုယ်တိုင်ကိုက ဖွတ်ပုံဘ၀နဲ့
ချွတ်ခြုံကျဆဲ ။

ကဲ....
လုပ်ပိုင်ခွင့်နဲ့ အခွင့်အလမ်း
စွမ်းဆောင်ရည်နဲ့ မျှော်လင့်ချက်
ဒါတွေဟာ နေ့ဘက်မက်တဲ့ အိပ်မက်တွေပေါ့ ။

နိုးထချိန်မှာတော့
အရာရာဟာ မှေးမှိန်မှုန်ဝါးလို့ ။

တစ်ခါတစ်ခါ ဘ၀ကိုဖြတ်ရိုက်ခံရတာများ
နှလုံးသွေး ပွက်ပွက်အန်တယ် ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင် အသုံးပြုထားသောပုံကို www.artist-starving.livejournal.com မှကူးယူဖော်ပြပါသည်။

Wednesday, March 25, 2009

သဂြိုင်္ဟ်ခြင်း

စိတ်ကိုက တစ်ခါတစ်ခါ
ထထပွင့်တတ်တဲ့ ရာသီပန်းလိုမျိုး ။

ရင်ကိုဖောက်တဲ့ မှော်ဘီလူးလက်တွေ
အစွမ်းထက်နေလိုက်ပုံများ...

နေ့ရက်တွေကို အစိမ်းရောင်ခြယ်ကြည့်တော့
ပြက္ခဒိန်ဆိုတာ ငါတို့တည်ရှိရာကို မညွှန်းဆိုဘူး ။

ကံကြမ္မာတဲ့
ဘ၀တွေကို နင်းချေလိုက်ပုံများ
အတင့်ရဲလွန်းနေလိုက်တာ...

ပြိုကျကမ်းပါးတွေရဲ့ ရာဇ၀င်တွေအောက်မှာဘဲ
အနင်းခံဘ၀တွေ ပျောက်ပျောက်သွားခဲ့ပေါ့ ။

ကြေးနီရောင်တောက်တဲ့ မျက်နှာ
ကျောက်သားဖြစ် ပုခုံးနဲ့
ကျောပြင်မှာ လမိုက်တဲ့ဘ၀တွေရဲ့ရင်ဘတ်ထဲ
သံယောဇဉ်စိုက်ဝင်ရင်း တန်းလန်းနဲ့
ကြမ်းကြမ်းတမ်းတမ်းဘဲ ဖြတ်သန်းလိုက်တယ် ။

တစ်ခါတစ်ရံမှာ လူယောင်ဆောင်လိုက်တာကလွဲလို့
ဘ၀ကို ဘ၀နဲ့ဖမ်းဆုပ်နေရတာလည်း
မောပန်းလွန်းနေခဲ့ပြီ ။

ဇာတာနိမ့်လို့ တောင်းစားတဲ့ဘ၀တွေကိုတောင်
လှောင်ပြောင်တဲ့ လူတွေရှိနေကြမှတော့
ငါလေ....
စကားလုံးတစ်ချို့ကို သဂြိုင်္ဟ်ပစ်လိုက်တယ် ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.ian-upton.com မှကူးယူဖော်ပြပါသည်။

Saturday, March 21, 2009

ကဗျာလက်နဲ့ဆောက်တဲ့ရက်


ကဗျာတဲ့
အစာငတ်နေတဲ့ စိတ်ဓါတ်တွေကို
တပ်တပ်မက်မက်ဘဲ ချကျွေးလိုက်တော့
အနုပညာဟာ အသက်မဲ့တောင်
ခေါင်းမော့ ထားဆဲ ။

ပျောက်ရှသွားတဲ့ ဘ၀ကိုပြန်ရှာဘို့
သဘာဝကို သဘာဝနဲ့ပြန်မျှား
စိတ်ကို စိတ်နဲ့ဖွင့်ရင်း
လက်ကျန်ခွန်အားတစ်စုံနဲ့
ကုန်းထခဲ့လိုက်တဲ့ သောင်ပြင်
ပင်လယ်ရဲ့ ညဉ်းသံကိုဗဟိုပြု
မြောက်ပြန်လေကို စီးနှင်း
ခရီးပြင်း နှင်ခဲ့ခြင်းရဲ့ အဆုံး
ကဗျာဆရာတွေ ဆောက်တဲ့ရက်မှာ
လနှစ်စင်း သာခဲ့ ။

အဲဒီ့ရက်မှာ
ကဗျာဆရာတွေရဲ့ ဘ၀တွေ
ကဗျာဆရာတွေရဲ့ အစာအိမ်တွေ
ကဗျာဆရာတွေရဲ့ အတွေးအခေါ်တွေ
ကဗျာဆရာတွေရဲ့ စကားလုံးတွေ
ကဗျာဆရာတွေရဲ့ မျက်ဝန်းတွေ
ပြီးတော့ ကဗျာဆရာတွေရဲ့ ကလောင်တွေနဲ့
အလှပဆုံး ခင်းကျင်းပစ်ခဲ့ ။

အသွားတွေသွေးရင်း ရင်ဘတ်တွေရင်းရင်း
ဘ၀တွေဆွေးမြေ့ရင်း အူအချင်းချင်းပွတ်တိုက်ရင်း
လောကကိုခါးစောင်းတင်ရင်း ကောင်းကင်ကိုပုခုံးထမ်းရင်း
စီးမျောလှည့်ပတ်တဲ့သွေးကြောမှာ
ရသတွေပျော်ဝင်နေသရွေ့
ကဗျာနေ့ အသက်ဝင်တယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်ဖော်ပြထားသောပုံအား ယိမ်းနွဲ့ပါးမှ ကိုမိုးကြယ် မှရေးဆွဲပါသည်။

Thursday, March 19, 2009

နှောင်

တစ်ကြိုးတည်းပါဘဲ
ရစ်ပတ်တင်းလွန်းခဲ့
လှုပ်မရအောင်လည်း တုတ်ခဲ့
ရုန်းမရအောင်လည်း မြုပ်ခဲ့
ရင်သစ်ပင်မှ ပေါက်ဖွား
မမြင်နိုင်ခြင်း စွမ်းအားကြီးမားခဲ့ ။

ရင်ဘတ်နဲ့ချစ်တတ်သူတို့လည်း နှောင်
ဦးနှောက်နဲ့ကစားတတ်သူတို့လည်း နှောင်
ဘောင်ခတ်သူတို့လည်း နှောင်
ဖောင်ဖျက်သူတို့လည်း နှောင်

ဘ၀အသက်ချင်းလည်း နှောင်
မြကလပ်ချင်းလည်း နှောင်
ဇနပုဒ်နဲ့ မြို့လည်း နှောင်
သူကြွယ်သဘက်နဲ့ ကချေသည်ပုခက်လည်း နှောင်

သံသရာမှာလည်း နှောင်
အပြန်တရာမကလည်း နှောင်
ပတ်သက်သူတို့လည်း နှောင်
တပ်မက်သူတို့လည်း နှောင်

ပင်အိုနဲ့ ရွက်နုတို့လည်း နှောင်
ယဉ်သလိုနဲ့ရိုင်းတဲ့ အဟိတ်တိရိစ္ဆာန်တို့လည်း နှောင်
ကမ္ဘာမြေလည်း လနဲ့ နှောင်
ကြယ်တာရာလည်း ညနဲ့ နှောင်

ပင်လယ်လည်း မြစ်နဲ့ နှောင်
ကဗျာဆရာလည်း အချစ်နဲ့ နှောင်
ရင်မှာရူးသွပ်ရင်းလည်း နှောင်
အစဉ်သာ ဦးညွှတ်ရင်းလည်း နှောင်

တစ်ကြိုးတည်းပါဘဲ
ရစ်ပတ်တင်းလွန်းခဲ့
ရင်လှိုက်လို့လည်း နင့်တယ်
အစဉ်တစိုက်မို့လည်း လွင့်တယ်
ပတ်ခြုံရစ်သိုင်း ဒီဘဒ္ဒအသိုင်းအ၀ိုင်းထဲ
ဘုံသုံးဆယ့်တစ် ဖြစ်တည်သရွေ့
နှောင်ကြိုးတို့ လွန်းတင်ရစ်
ခန္ဓာချွတ်ယွင်းနေ့အထိ နှောင် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.thehathorlegacy.com မှကူးယူဖော်ပြပါသည်။

Monday, March 16, 2009

ကဗျာ

ဗျာပါဒတရားနဲ့ ကပြခဲ့တဲ့ဇာတ်ခုံ
ဆူကြုံနိမ့်မြင့် အဆင်းအတက်တစ်ဖုံ
ရင်နင့်ခံစား အမှန်တရားအတွက်တစ်သွယ်
တက်ကြွရွှင်လန်း ရွှေလမ်းကတစ်နည်း
ဖြစ်ပြီးပျက်သုဉ်း ဓါတ်သဘာဝအဆုံး
တွေ့ကြုံဆုံရ ဘ၀များစွာထဲမှာ
ဒါဟာ...ကဗျာ ။

ရုတ်သိမ်းသလိုနဲ့ ကြွေကျတဲ့သစ်ခက်
ချုပ်ထိန်းသလိုနဲ့ အခြေမကျတဲ့စိတ်ဓါတ်
တပ်မက်မှုနဲ့ဂုဏ်သိက္ခာ
အချိုးမကျနိုင်တော့တဲ့အခါ
ဒါဟာ...ကဗျာ ။

အမြင့်တက်သူတို့ မှော်ကွန်းမှာ
အောက်ဆုံးဟာ အခြေခံဖြစ်ပေမယ့်
တစ်ချို့ တစ်ချို့
ရင်ဘတ်တွေကို နင်းရင်း
တစ်ချို့ တစ်ချို့
အသက်ကို နှင်းရင်း
တစ်ချို့ တစ်ချို့
ဘ၀တွေကို ရင်းရင်း
သီလတွေဖျားတဲ့ အခါ
ဒါဟာ...ကဗျာ ။

ရင့်ကြူးလိုက်ကျ ပွင့်ဖူးလိုက်ကျ
ဝေပြလိုက်ကျ မြေခလိုက်ကျ
တံဆိပ်ခတ်လိုက်ကျ နိမိတ်ဖတ်လိုက်ကျ
ရုန်းကန်လိုက်ကျ ပြုံးပြန်လိုက်ကျ
ဒီလိုနဲ့...
တစ်ထောက်တစ်ကွေ့ နားကြရင်း
ဝိညာဉ်နဲ့ခန္ဓာ ကွဲကာ
ဝသုန်မြေကို အပေါက်ဖောက်
အစာကျွေးခြင်း ပွဲတော်မှာ
ပို့ဆောင်သူတို့ရဲ့ မျက်နှာ
ဒါဟာ...ကဗျာ ။

နက်သထက်နက်ခဲ့တဲ့ ဘ၀တွေ
နင်းသထက်နင်းချင်တဲ့ ဘ၀တွေ
မညီမျှခဲ့တဲ့ လူတန်းစားတွေ
အစာရှာထွက်နေတဲ့ အစာအိမ်တွေ
မြက်ပေါက်နေကြတဲ့ လျှာတွေ
မနက်ညပေါင်းသွားတဲ့ တနပ်စာတွေ
ပြားချပ်နေတဲ့ အိပ်ကပ်တွေ
ကားနဲ့ပြိုင်တဲ့ ခြေထောက်တွေ
တုန်ရီနေတတ်တဲ့ ကဗျာဆရာရဲ့လက်တွေ
တပ်မက်စွာစကားလုံးတွေ ဆုပ်ကိုင်ရင်း
ငိုခြင်းနဲ့စ ၀မ်းနည်းခြင်းနဲ့ဆုံးတဲ့ဇာတ်မှာ
ကိုယ့်ပြကွက် ကိုယ်သတ်မှတ်ကြတဲ့အခါ
ဒါဟာ...ကဗျာ ။

ဘ၀များစွာထဲက ကဗျာ
ကဗျာများစွာထဲက ဘဝ
အစ အလယ် အဆုံး
ညီမျှခြင်းချရင်း ထွက်ခဲ့တဲ့အဖြေမှာ
ဒါဟာ...ကဗျာ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်ဖော်ပြပါပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

Sunday, March 15, 2009

စနေပျောက်ခဲ့တဲ့ စနေ

မှန်တစ်ချပ်ရဲ့ကြည်လင်သန့်ရှင်းမှုမျိုး
ပျော့ပြောင်းနူးညံ့တဲ့ ယမင်းသူဇာရဲ့
မှော်ဝင်လွန် ကကွက်လိုမျိုး
အတိမ်းညွှတ်ဆုံး ယစ်မူးတဲ့
မဉ္ဇူသကရဲ့ အဆင်းရနံ့လိုမျိုး
ယုန်သူငယ်တို့ရဲ့ အပြစ်ကင်းအလံတိုင်နဲ့
ချစ်ခြင်းမဏ္ဏိုင်ကို ခိုင်ခိုင်စိုက်ရင်း
စိတ်ကူးယဉ်အတတ်ဟာ ငါ့အကျွမ်းကျင်ဆုံး
ဘာသာရပ် ဖြစ်ခဲ့။

လှပခဲ့တာပေါ့ သိပ်ကို လှပခဲ့တာ
ရက်သတ္တပတ်ရဲ့ နောက်ဆုံးထွက်သက်
ရင်လှိုက်ဖိုခြင်းတို့ လွှမ်းခြုံတဲ့ရက်
လရောင်ရဲ့တမ်းချင်းတစ်ဝက်နဲ့
ညရဲ့အသက်ကို ဖမ်းဆုပ်ရင်း
ရင်တွင်းဖြစ် ကဗျာတစ်ပုဒ်သွန်ချတော့
ကမ္ဘာမြေက လှပစွာငိုခဲ့ ။

အဲဒီနေ့မှာ
ဆူးအပြည့်နဲ့ပန်းတွေ အဆိပ်ကိုမေ့နေခဲ့
နဂါးနဲ့ ဂဠုန် ချစ်ကြည်စွာပေါင်းဆုံခဲ့
ကေသရာဇာရဲ့ နန်းပလ္လင်ထက်
သားသမင်တို့ ဘေးမဲ့ခြင်းနဲ့ ကခုန်ခဲ့ ။

အဲဒီ့နေ့မှာ
ငါ့ကိုယ်ငါ ဖီးနစ်အဖြစ်ဖန်ဆင်း
အချစ်ဆိုတဲ့ မီးပုံထဲ အကြိမ်ကြိမ်ခုန်ဆင်းရင်း
ရှင်သန်ထမြောက်ခြင်းမှာ အရာရာဟာ တောက်ပလွန်းခဲ့ ။

အနင့်နဲ့ဆုံး ရေးသီဖွဲ့ခဲ့တဲ့
တပ်မက်မှုအရောင်လက် ဘ၀စာမျက်နှာမှာ
မြတ်နိုးတွယ်တာမှု ခရီးစဉ်တစ်လျှောက်
အနက်ရှိုင်းဆုံးတွယ်ငင် နှောင်ပတ်
ငါ့ရင်ဘတ်ကို ပေးအပ်ခဲ့ ။

အဲဒီ့စနေမှာပေါ့...
အမြင့်မားဆုံး စိတ်နယ်လွန်အရပ်မှာ
ပွင့်ချပ်တို့ ကောင်းချီးသံကို နာခံရင်း
ပျော်ဝင်စီးဆင်းတဲ့ ကောင်းကင်ထက်
လွမ်းဆွတ်ကြိမ်စာ ထွေးဖက်ရင်း
လွင့်ပျောက်အပြုံးကို တပ်မက်စွာရှာဖွေခဲ့ ။

ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ ။

ကိုယ့်ရင်ကိုယ်ခွဲကြည့်တော့
တမြေ့မြေ့အသည်းမှာ သခွတ်တစ်ပွင့်
တင့်တင့်ဆန်းဆန်းပါဘဲ ပွင့်လန်းနေလိုက်တာ ။

ဒီလိုနဲ့ဘဲ
စနေရဲ့ စနေဟာ
လူမသိသူမသိ တိတ်ဆိတ်စွာကျဆုံးနေတာ

ကံကြမ္မာရယ်...
နင်ရက်စက်လွန်းတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို slattern23.wordpress.com မှ ကူးယူဖော်ပြပါသည်။

Thursday, March 12, 2009

ဝသုန္ဒရေသိသည်

တစ်ကြိမ်တည်းပါဘဲ
ဖြိုချခံကမ်းပါးတို့ ရာဇ၀င်မှာ
စွဲလမ်းမှုသံသရာ အမြစ်ကျွတ်ပါခဲ့ ။

မရွာလိုက်ပါနဲ့ မိုးတိမ်
သိမ်းဝှက်ထိန်ချန်ခဲ့လိုက်တဲ့ ဝေဒနာ
ဗြဟ္မစိုရ်တရားရဲ့ ကျောက်စာမှာထူးခတ်ထားလိုက်ပါ
လေဟာနယ်မှာ ပန်းတို့ ပြန့်ကြဲပါစေ ။

ချည်နှောင်တွယ်ငင်ခြင်းက တိုးထွက်တဲ့သစ်ရွက်မှာ
သွေးကြောနဲ့ဆက်တဲ့ နှလုံးအသက်တွေရှိသေးတယ် ။

ပီမိုးနင်းက ပြောဘူးတယ်
ကမ္ဘာပေါ်မှာ စီပွားရေးဟာ အချစ်ပြီးရင်
အရသာ အရှိဆုံးတဲ့ ဒါဆို
အာဒမ်စားခဲ့တဲ့ ပန်းသီးနဲ့
နယူတန်ရဲ့ ပန်းသီး
ဘယ်အသီးကို ရွေးမလဲ ။

မအိန္ဒြာရဲ့
အဲဒီနေ့မတိုင်ခင် တစ်ရက်အကြောင်း
ကိုမင်းသုခရဲ့
ခုနှစ်ဆယ့်ငါးကျပ်တန်တရွက်ရဲ့ အထ္တုပတ္တိနဲ့
တိုက်စားခံကဗျာ တစ်ပုဒ်အကြောင်း
နားထောင်ရင်းကြားယောင်ရင်း ငါကိုယ်တိုင်က
စိတ်ကူးနဲ့ အိမ်တစ်လုံးဆောက်ခဲ့ ။

တကယ်တော့
မှော်မီးအိမ် ကိုင်ဆောင်ချီတက်သွားကြတဲ့
စေတန်ရဲ့ ကဗျာတပ်မှာ
နှလုံးသားတစ်စုံ ပြုတ်ကျကျန်ခဲ့တာ
ဝသုန္ဒရေဘဲ သိခဲ့တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို profile.myspace.com မှ ကူးယူဖော်ပြပါသည်။

Tuesday, March 10, 2009

သက်တမ်းမဲ့တို့ တမ်းချင်း

ညက အလှနဲ့ကြွယ်တတ်သလို
ဘ၀က တပ်မက်မှုနဲ့နွယ်တတ်ခဲ့ ။

ရိတ်သင်ခံလိုက်ရတဲ့ မြက်တစ်ပင်အတွက်
ပူဆွေးဝမ်းနည်းသူ မဲ့သလိုမျိုး
လူတစ်ချို့ရဲ့ ပရိဒေ၀တွေက
ဆုတ်ဖြဲခံ နေ့ရက်တွေထဲ
အညတရအဖြစ် ကျဆုံးလို့ ။

ငါ့ကိုယ်ငါ အတောင်တပ်ရင်း
တဟုန်ထိုး ပျံတက်ခဲ့လိုက်တာ
တကယ်တမ်းကျမှ ငါကိုယ်တိုင်က
မှိုင်းမ၀ခဲ့ဘူး ။

ဆေးရွက်မှာ တမာဖက်
အချဉ်မထွက် အချိုမသက်
အခါးဓါတ်နဲ့ တည်သလိုမျိုး...

ဖြတ်သန်းတဲ့လမ်းကြောင်း
တစ်ခြမ်းစောင်း ကမ်းပါယံကို
ထပ်မံတိုက်စား ခံရသလိုမျိုး...

အသံမဲ့သွားတဲ့ ဆည်းဆာကို
နေခြည်သစ်တေး ဆိုစေသလိုမျိုး...

ရနံ့တင့်မွှေးတဲ့ ပန်းပွင့်လေးတွေအလယ်
ဝင့်ထယ်စွာရပ်တည်တဲ့ ကုက္ကိုအကိုင်းမှာ
အမှောင်နဲ့ ရောစပ်ဖို့ ညဉ့်နက်တေးဆို
အိပ်တန်းတက်ရင်း လရဲ့အသက်ကို
ဇောက်ထိုးဖမ်းတတ်တဲ့ လင်းဝက်လိုမျိုး...

ယိုင်ယိုင်နဲ့နဲ့ ပြိုကျချိန်
တဆစ်ဆစ် နာကျင်ခြင်းနဲ့
ရှိန်းမြနွေးထွေးခြင်း အလယ်မှာ
အေးစက်စက် ကော်ဖီတစ်ခွက်သာ
ငါ့မနက်စာ ဖြစ်ခဲ့ ။

ကံကြမ္မာလေတိုးလို့
အချစ်ငှက်အတောင် ကြိုးခဲ့တယ်ဆိုရင်
အဲဒီ့ကံကြမ္မာကို ငါကျိန်စာတိုက်တယ်
ဥသြငှက်တွေ ဘယ်တော့မှ လွမ်းတေးမထွက်စေရဘူး ။

ဝတ်ဆံတွေ ခြွေချခံရမှတော့
ကြယ်စင်ရယ်...
သုံးဆယ့်တစ်ဘုံ ကျင်လည်ချင်တုန်းလား ။

တကယ်တော့...
ညဟာ မနက်ခင်းယောင်ဆောင်ထားမှန်း
ငါမသိခဲ့လိုက်တာ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.commons.wikimedia.org မှကူးယူဖော်ပြပါသည်

Sunday, March 8, 2009

ဘ၀မုတ်သုံမှာ ညို့တဲ့မိုး

မနေ့ကဆိုတာကို ခ၀ါချ
ဒီနေ့ဆိုတာကို ၀တ်ဆင်
ပစ္စုပန်ကို တစ်ဖက်ကဆုပ်ကိုင်ရင်း
အတိတ်ကို ကျောလွယ်လို့
အနာဂါတ်ဆီသို့ ခရီးထွက်ခဲ့ ။

ဖြတ်သန်းခဲ့ဘူးတယ်...

ဝမ်းနည်းမှု ၀မ်းသာမှု
ချမ်းမြေ့မှု ဆင်းရဲမှု
စွဲလမ်းမှု အသည်းကျွမ်းမှု
အောင်မြင်မှု ဆုံးရှုံးမှု
ခိုင်မြဲမှု ယိုင်လဲမှု
စာနာမှု ရက်စက်မှု
ရှင်သန်မှု ကျရှုံးမှု

အဲဒီ့အမှုတွေနဲ့ ဖြိုချခံနေ့ရက်တွေ
ရွှေရောင်နဲ့ ကွပ်ခဲ့ဘူးတဲ့ဘ၀ဘောင်တွေ
ရွှန်းစိုဝံ့ကြွားတဲ့ မာန်မာနတရားတွေ
သကာထက်ပိုချို ခဲ့ဘူးတဲ့
နားဝင်ပီယံ စကားတွေ
တလက်လက်တမြမြ ဘ၀ရဲ့ရက်ရာဇာတွေ
အခုတော့....
အလွမ်းအဆိပ်ခတ်လို့
ငါ့တပ်မက်မှုတွေ အရောင်မထွက်
ရင်ဘတ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့ ။

သတိတရ ထုတ်ကြည့်မိတော့
ငါ ခြယ်မှုန်းခဲ့တဲ့ မုတ်သုန်ပန်းချီကား
ဘ၀ရဲ့ အနားသတ် အနောက် တောင်ထိပ်ဘက်မှာ
အသဲ(သည်း)ပျက်မိုးတို့ ညို့ပြန်ပြီ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.impulsivearts.typepad.com မှ ကူးယူဖော်ပြပါသည်။

Friday, March 6, 2009

အစားမထိုးနိုင်ပါ

သူ....

သူ့ကို ကျွန်တော် သိပ်ချစ်ခဲ့တယ်။ သိပ်မြတ်နိုးခဲ့တယ်။ သူ့ ပျော်နေတာလေးကို အမြဲဘဲ မျှော်လင့်နေခဲ့တယ်။ သူပျော်မယ်ဆို ကျွန်တော့်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံး ကျွန်တော် ပေးရဲတယ်။ ကျွန်တော့်ရဲ့ ရှင်သန်မှုကို ကျွန်တော် စတေးရဲတယ်။ သူ့အတွက်ဆို နေမင်းကို အနောက်ဂေါယောကျွန်းဆီက ထွက်ခိုင်းရမလား။ စကြာဝဋ္ဌာကို မီးတင်ရှို့ရမလား။ ဒါမှ မဟုတ် ကြယ်စင်တွေနဲ့ ပန်းပွင့်စေရမလား။

သူစိတ်ချမ်းသာဘို့ အတွက် ကျွန်တော် အကုန်လုပ်ပေးရဲတယ်။ ကျွန်တော့် ဘ၀ရဲ့ အရာရာဟာ သူပါဘဲလေ။ သူ့ကြောင့် ကျွန်တော် သွေးတို့ယိုစိမ့်ထွက်ရတဲ့အထိ ထိခိုက်ဒဏ်ရာရခဲ့ဘူးတယ်။ အကြိမ်ကြိမ်ပါဘဲ။ ဒါပေမယ့် တစ်ကြိမ်တစ်ခါမှ ကျွန်တော် သူ့ကို စိတ်မဆိုးခဲ့ဖူးဘူး။ စိတ်လည်းမနာခဲ့ဖူးဘူး။ သူ့ဘေးနားမှာ ရှိနေရရင်ကို ကျွန်တော်ဆိုတဲ့ ကောင်က ပျော်နေခဲ့မိတာ။ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတာကို ကျွန်တော် နှစ်သက်နေခဲ့တာ။

သူကကော...

သူကလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့တာပါ။ ကျွန်တော့်ဘေးနားမှာ အမြဲတမ်းနေရင်း ကျွန်တော်နဲ့ တက်ညီလက်ညီ အလုပ်တွေလည်း အတူတူလုပ်ဖူးတယ်။ ကျွန်တော် ပင်ပန်းချိန်မှာလည်း သူဖေးကူခဲ့ဘူးတယ်။ ကျွန်တော် စိတ်ဓါတ်ကျချိန်မှာလည်း သူအားပေးခဲ့ဖူးတယ်။ ကျွန်တော့်ကို အကျိုးအကြောင်းတွေလည်း သင်ပြပေးခဲ့ဘူးတယ်။ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေလည်း သွန်သင်ခဲ့ဘူးတယ်။

သူဟာ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ မိခင်ဖြစ်နေတတ်သလို တစ်ခါတစ်လေ ကျွန်တော့်ရဲ့ သမီးလေး။ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ ချစ်သူ။ တစ်ခါတစ်လေ ကျွန်တော့်ရဲ့ ဆရာ။ သူဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ကို ကျွန်တော့်ကို ချစ်ခဲ့တာလေ။ ကျွန်တော်နဲ့သူ ရဲ့ချစ်ခြင်း သံယောဇဉ်က အနက်ရှိုင်းဆုံးမှာကို ထိုးဖောက်နေရာယူနေခဲ့တာ။ ကျွန်တော်တို့တွေ ဘယ်တော့မှ မခွဲကြဘူး။

သခင်....

သခင်က ကျွန်တော်တို့ကို သိပ်ချစ်တယ်။ သခင်ဘယ်သွားသွား ကျွန်တော်တို့ အမြဲပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့တွေ စိတ်ကောက်ကျတိုင်းလည်း သခင်က အမြဲတမ်း ဖြန်ဖြေပေးတယ်။ ကျွန်တော်တို့ကလည်း သခင့်အလိုကျ အမြဲတမ်း လိုက်နာကြတယ်။ သခင်ကျွေးသမျှ စားကြတယ်။ သခင်ပြောသမျှ ချောမွေ့အောင် ကျွန်တော်တို့ ကြိုးစား စွမ်းဆောင်ပေးတယ်။ သခင်စေစားရာ စကားအတိုင်း ကျွန်တော်တို့ လိုက်နာကြတယ်။

တစ်ခါတစ်ရံ သခင်က သူ့ကို စိတ်လိုလက်ရ လှပအောင် ပြင်ဆင်ပေးတတ်တယ်။ ကျွန်တော့်ကိုလည်း သန့်ရှင်း ကျန်းမာအောင် အမြဲ ဂရုစိုက်တယ်။ ကျွန်တော်တို့ကို သခင်က ချစ်သလို သခင့်ကို လည်း ကျွန်တော်တို့က ချစ်တယ်။ သခင်ရယ် ကျွန်တော်ရယ် သူရယ် ဟာဘယ်တော့မှ မခွဲခွာကြတဲ့ အဆွေခင်ပွန်း၊ မိသားစု၊ ဆရာတပည့်တွေ။

ဒီလိုနဲ့....

သခင်ရယ်၊ ကျွန်တော်ရယ်၊ သူရယ် အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်လာကြရင်း တစ်ရက်သူနေမကောင်း စဖြစ်လာခဲ့တယ်။ သူအမြန်ဆုံးနေကောင်းဖို့ ကျွန်တော် ဆုတွေ အကြိမ်ကြိမ် ကြိတ်တောင်းနေတဲ့ကြားက သူ့ကျန်းမာရေးက တဖြည်းဖြည်း ပိုပိုဆိုးရွားလာခဲ့တယ်။ ရောက်ခဲ့ပါပြီ။ ကျွန်တော် သိပ်ကြောက်ရတဲ့ အကြောက်ဆုံးနေ့ကို ရောက်ခဲ့ပါပြီ။ နေထိုင်ဖြစ်တည်မှု ပျက်သုဉ်းကိန်း လက်မှတ် သူ့အတွက် ပေးတာ စောလွန်းလှတယ်။ ကံကြမ္မာရယ်...တကယ်ဆို သူဟာ ထွက်ခွာဘို့ သိပ်ကို စောလွန်းပါသေးတယ်။ ဒါပေမယ့် ဇာတ်ဆရာအလိုကျ ကပြနေရတဲ့ ဇာတ်ခုံမှာဘယ်သူကများလွန်ဆန်နိုင်မှာလဲ။

အဲဒီနေ့က ကျွန်တော့်ကောင်းကင် နေမထွက်ခဲ့ဘူး။ တိမ်တိုက်တွေ အငွေ့ပျံရင်း မျက်ရည်တွေ မိုးအဖြစ်ရွာသွန်းလို့။ ကန္တာရမှာ အိုအေစစ်ဆိုတာ မရှိတော့လောက်အောင် ကျွန်တော့်ရင်ခွင် နွေရာသီ ပူလောင်လွန်းနေတယ်။ သူ့ကို ကြည့်ရင်း မျက်ရည်တွေ တွင်တွင်သာစီးကျလို့။ သခင့်ကို ကြည့်မိတော့ သခင့်မျက်နှာမှာ စိတ်မကောင်းခြင်း ရာသီဖြစ်ထွန်းနေတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပူဆွေးဝမ်းနည်းမှုတွေ ကြားမှာဘဲ သူ့နောက်ဆုံးခရီးကို ကျွန်တော်နဲ့ သခင်အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်။

သူ့ကို ခရီးရှည်တစ်ခု ထွက်ခွာခွင့် ပေးလိုက်ရတဲ့ ကျွန်တော့်ရင်မှာတော့ နာကျင်လိုက်တာ။ အပြန်လမ်းမှာ ကျွန်တော်ရော သခင်ပါ တိတ်ဆိတ်လို့။ သခင့်အသက်ဇီဝိန် ဖြစ်တည်နေသရွေ့ သခင်နဲ့အတူ ကျန်ခဲ့တဲ့ကျွန်တော်ဟာ သခင့်အပေါ်ထာဝရဆက်ပြီး တာဝန်ကျေသွားမယ်ဆိုတာ ကတိပေးပါရစေ။ ကျွန်တော့်ကျောပေါ်က အရသာခံဖုတွေ ရှိနေသရွေ့ပေါ့ သခင်ရယ်...။

လျှာတို့ရဲ့ သမိုင်းကြောင်းကို သခင့်အတွက် အလှပဆုံး ခြယ်မှုန်းသွားပါ့မယ်။ ဒါပေမယ့်လေ လစ်လပ်သွားတဲ့ သူ့နေရာမှာ ဘယ်အရာမျိုးနဲ့မှ အစားမထိုးဖို့ ကျွန်တော်တောင်းဆိုပါရစေ သခင်။ ဒါလေးတစ်ခုပါပဲ။ ဒါလေးတစ်ခုတော့ ကျွန်တော့်ကို ငဲ့ညှာပေးပါ။ သူ့နေရာမှာ ဘယ်လောက်ကောင်းမွန် အဖိုးတန်တဲ့ သွားအတုမျိုးကိုမှ ကျွန်တော်နဲ့မိတ်ဆက်မပေးပါနဲ့ သခင်ရယ်...။ ကျွန်တော့် အတွက် သူဟာ အစားထိုးမရနိုင်လို့ပါ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Wednesday, March 4, 2009

ဆည်းဆာအလွန်

ဖြီးသင်ပြီးစဆံနွယ်လို ကျော့ရှင်းမှုမျိုး
အလင်းစက်ကို မိတ်ကပ်လိုချယ်သ
သာယာလှပခြင်း ချိတ်ဆွဲဘို့
နေမင်းရဲ့ လေးညှို့တင်သံမှာ
ငှက်ကျေးတို့ ရင်ခတ်ဂီတနဲ့
သဘာဝတရားရဲ့ အမှန်အမှားတေးကို သီကြူးရင်း

တစ်ချို့ ဦးညွှတ်ကြ
တစ်ချို့ နိုးထကြ
တစ်ချို့ မသိချင်ယောင်ဆောင်လိုက်ကြ ။

ငွေကြေးနဲ့ အလဲထပ်ရိုက်လိုက်တဲ့ဂုဏ်သိက္ခာ
သကာလောင်း နှုတ်ခမ်းပါးပါးတွေ
ပုံမှန်ထက်ပိုတဲ့ ဟန်ဆောင်မှုမျက်နှာဖုံး
မာန်မာန အိတ်တစ်လုံးဆွဲ
တပ်မက်ခြင်း ဘယက်ကိုယ်စီနဲ့
အရောင်လွင့် ရိုးသားမှုတွေကြား
ပုထုဇဉ်တွေ ခရီးသွားနေကြ ။

လူယောင်ဆောင် ဘီလူး
သိုးယောင်ဆောင် ၀ံပုလွေ
ကျီးယောင်ဆောင် ဒေါင်းနဲ့
လက်ခမောင်းခတ်ကြွေးကြော်တဲ့ ကျင့်ဝတ်တွေကြား
သမင်တစ်ကောင် နာခဲ့တဲ့တရားဟာလည်း
အတ္တမြဲ ၀ါဒီတွေအလယ်မှာ
ပေါင်မုန့်တစ်လုံး ၀ိုင်တစ်ခွက်ထက်ပိုလို့
အဖိုးမတန်ခဲ့ ။

အရောင်ပြောင်း သီအိုရီဟာ
ပုတ်သင်ညို အတွက်သာမဟုတ်ခဲ့ ။

မာယာပြည့် ကောင်းကင်ထက်
ကြယ်စင်တို့ ဥပဒေသဟာလည်း
ညကို လိုက်လို့ ပြောင်းလဲတတ်ခဲ့ ။

လမင်းရဲ့ စွန့်ပစ်ခံကုမုဒြာရဲ့ဇီဝ
အနိစ္စလမ်းဆုံမှာ ကြဲချရင်း
ရိက္ခာအတွက် ထုပ်ပိုးခြင်းမှာ
ဝမ်းနည်းမှု ရာသီစာတွေကြီးစိုးခဲ့ ။

တကယ်တော့ တိမ်တွေမညို့ခဲ့ပါဘူး
ဘ၀ကိုက မိုးချုပ်သွားခဲ့တာ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.xanga.com မှ ကူးယူဖော်ပြပါသည်။

Sunday, March 1, 2009

ဖြတ်သန်းခဲ့သော

တစစ်စစ်ပါဘဲ
ရင်လှိုက်နာကျင်ရင်း
ငါ့ ၀င်ရိုးတို့ငိုညဉ်းသံ
ငါ ပြန်ကြားနေခဲ့ ။

သံသရာ လည်သရွေ့
ဝေဒနာ ကိုယ်မှာပျော်သရွေ့
ငါ့ခန္ဓာ မြေစာမဖြစ်သရွေ့
ငါနှင်မယ့် ခရီးကြမ်း
ပြုံးယောင်ဆောင်ရင်း လှမ်းရမယ် ။

အတိတ်ကမ်းပါးကို ဖက်တွယ်စဉ်က
အမေပေးတဲ့ လက်အစုံ
တက်ကုန်အောင် ဖွင့်ရင်း
ထက်မြတဲ့ စိတ်ဓါတ်မြှား
အရှိန်ပြင်းစွာ စွဲဝင်သလိုမျိုး
မြဲမြံခဲ့ဘူးတယ် ။
ခိုင်မာခဲ့ဘူးတယ် ။

လမ်းမှန်သမျှ ၀င်ထွက်သွားလာ
ငါ့ခြေ နှစ်ဖက်မှာ
မြွေ ကင်းရန် ကာကွယ်ဘို့
သုံးလက်မအထူ ခွာနဲ့
ဖုန်ထူထူမြုပ်တဲ့ မြေမှာ
မဆုတ်မနစ် ငါလျှောက်ဖူးခဲ့ ။

အဆင်းအရောင် ညိုမွဲ
မွှေးညှင်းတို့ မျက်ရည်ရွှဲလည်း
တစ်ခွဲသား မာနနဲ့
သူရိန်ကို အံတုရင်း
ငါ.....
အခြေခံဘ၀ကို စာနာခဲ့ ။

ခိုင်မြဲစွာ တွယ်ငင်တင်း
မြေကြီးနဲ့ ၀ါးရုံချစ်ခြင်း
လမ်းဖောက်ရင်းလဲ ရှင်းဖူးခဲ့ ။

သေမင်းနဲ့ စစ်ခင်း
ရင်တွင်းက ပူလောင်ရင်း
သစ်ရွက်ခြောက်နဲ့ မီးတိုက်ပွဲ
ကသိုက်ကရိုက်လဲ ပြေးဖူးခဲ့ ။

အသွေးအရောင် စုံသရွေ့
ဦးနှောက်အငွေ့ ပျံထွက်ရင်း
အဲဒီ့ ခန်းမှန်းခြေစာရင်းနဲ့
လည်ပင်းဖက်လဲ သတ်ဖူးခဲ့ ။

ဒီလိုပါဘဲ...

ရေစီးတစ်ခါ ရေသာတစ်လှည့်
ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်နဲ့
သစ်ငုတ်မြင့်တုံ့ မြက်မြင့်တုံ့မှာ
ဖြတ်သန်းခဲ့တဲ့ အတိတ်ခရီး
ရှုမငြီးအောင်တော့ မလှပခဲ့ ။

ဖြတ်သန်းနေဆဲ ပစ္စုပန်မှာ
လဲကျရင်း ထူမတ်ရင်း
အောင်မြင်ရင်း ရှုံးနိမ့်ရင်း
ပိုင်ဆိုင်ရင်း ဆုံးရှုံးရင်း
ရွှေမှန်ကင်းတွေ ထင်းဖြစ်တဲ့နောက်
ရှေ့ဆက်ရမယ့် အနာဂါတ်အတွက်
ကျွန်တော့်လက်တွေ မမြဲတော့ဘူး...အမေ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.fs.fed.us မှ ကူးယူဖော်ပြပါသည်။

Template by - Abdul Munir