Tuesday, April 21, 2009

သူရူးလက်နဲ့ခတ်တဲ့ဗုံ

" xxxxx.....ရှုပ်တယ်လို့ နာမည်ကြီးတော့ .... ရှင်းပြဖို့လည်း ခက်နေခဲ့.... မျက်ရည်ကသက်သေဘဲ...ရက်တွေတိုင်းမှာ ငိုချင်းချ...လိုရင်းကဘာလဲ ဘာလဲ.... အချစ်ဆိုတာပိုရှင်းသွား..... .နှင်းကျတဲ့ညတွေမှာဆို ကိုယ့်အိမ်တောင်ကိုယ် မပြန်ချင်တော့... မြက်ခင်းပေါ်ကျောခင်းပြီးတော့....ဒီလိုနဲ့ မိုးတောင်လင်းပေါ့....နေမင်းကရက်ရက်စက်စက်... ငါ့ကျောကိုတောက်လောင်လွန်းတော့....သေလုအောင် လွမ်းတာများ....ဒီရောဂါနဲ့ လွမ်းနာကျပေါ့....xxxxx.... "

" သနားဖို့ ကောင်းလိုက်တာ မောင်ရယ် "

ဗိုက်ဆာဆာနှင့် ရှမ်းခေါက်ဆွဲ ကုန်းစားနေတဲ့ ကျွန်တော် ချစ်သူ၏ပြောစကားကြောင့် ခေါင်းမော့ကြည့်လိုက်မိတော့ ချစ်သူက ဆိုင်ရှေ့ဘက်ကို ငေးရင်း ဂရုဏာမျက်ဝန်းတွေနဲ့ ကြည့်လို့ ။

" ဘ၀တွေပေါ့ မြတ်နိုးရယ်...ဘ၀တွေပေါ့ "

" ရုန်းကန်ကျင်လည်နေရတဲ့ ဒီသံသရာထဲမှာ ဒီလို သနားစရာ ပန်းကလေးတွေ ဒုနဲ့ ဒေးပါဘဲကွာ...။ တစ်ချို့က ဘ၀ပေးညံ့လို့ တစ်ချို့က ကံကြမ္မာ ဖိစီးနှိပ်စက်လို့ တစ်ချို့က အစွန့်ပစ်ခံကြရလို့ အမျိုးမျိုး အဖုံဖုံပေါ့ မြတ်နိုးရယ်။ ဘယ်သူ့ကို အပြစ်တင်ကြမလဲ ။ ကံကြမ္မာကိုလား?? လူဖြစ်ခွင့် ရပါရဲ့ လူလို့ သမုတ်မခံကြရတဲ့ နိမ့်ကျ နွမ်းပါးလှတဲ့ ဘ၀တွေကိုလား???? "

" ဟုတ်တယ်နော် မောင် ။ တကယ်တော့ သူတို့လေးတွေရဲ့ အရွယ်ဟာ ကျောင်းစာသင်ခန်းထဲမှာ စာသင်နေရမဲ့ အရွယ်..။ အခုလိုမျိုး လမ်းမပေါ်မှာ ပိုက်ဆံတောင်းနေရတာမျိုး မဖြစ်သင့်ဘူး ။ မြတ်နိုးတို့ အိမ်ထောင်ကျလို့ သားသမီးတွေ ရလာရင် သေချာ ဂရုစိုက်ရမယ်နော် ။ ဒီလို အဖြစ်မျိုးတွေ သူတို့တွေအပေါ် လုံးဝမကျရောက်စေရဘူး..။ "


စဉ့်ဖြင့်လုပ်ထားသော အိုးအငယ်စားလေး၏ မျက်နှာဝကို သားရေပြားဖြင့်အုပ်ကာ ကျစ်နေအောင် စီး၍ ဗုံသဖွယ်ပြုလုပ်ကာ တီးခတ်ရင်း သီချင်းဆိုကာ ပိုက်ဆံတောင်းနေကြသော သုံးတန်းအရွယ် မရှိတရှိကလေးငယ်နှစ်ယောက်ကို ဂရုဏာမျက်ဝန်းများနှင့် ကြည့်ကာ ပြောလိုက်သော ချစ်သူ၏စကားကြောင့် ကျွန်တော်ပြုံးမိလိုက်၏ ။ ချစ်သူ၏ နွေးထွေးနူးညံသော စိတ်ထားနှင့် ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်များကဘဲ ကျွန်တော့်ကို မြတ်နိုးပိုစွာ ချစ်စေခဲ့သည်ဘဲလေ ။

" ဘာတွေလျှောက်ပြောနေတာလဲ မြတ်နိုးရယ် "

" မောင်တို့တွေက အဲလိုလုပ်မယ့်လူတွေလား ။ မောင်ကော မြတ်နိုးကော မှာ မိခင်ဖခင်စိတ်အပြည့်ရှိနေတာဘဲ။ မောင်တို့ ရင်သွေးလေးတွေကို အကောင်းဆုံးဖြစ်အောင် မောင်ကော မြတ်နိုးကော ပြုစုစောင့်ရှောက်ကြမှာပေါ့ ။ မောင်တို့ ရင်သွေးလေးတွေဟာ လမ်းဘေးမှာ ဗုံတီးပြီးတောင်းစားရတဲ့ အဖြစ်မျိုး ဘယ်လိုနည်းနဲ့ မှ မကြုံစေရဘူး "


ကျွန်တော်၏ ပြတ်သားသော စကားသံအဆုံးမှာတော့ ချစ်သူက ပါးလေးနှစ်ဘက်ခွက်ဝင်အောင် ပြုံးရင်း ကျွန်တော့်လက်လေးကို နွေးထွေးစွာ ဆုပ်ကိုင်လို့ ။ ချစ်သူရဲ့ အပြုံးချိုချိုလေး နှင့် လက်ဖ၀ါးနုနုလေးမှ ရှိန်းမြမြအနွေးဓါတ်လေးတွေကဘဲ ကျွန်တော့်ရင်ခုန်သံအချက်တိုင်းကို သိမ်းပိုက်သွားခဲ့တာပေါ့ ။

" မောင် " " မြတ်နိုး နဲ့ မောင့် အတွက် ကဗျာလေး တစ်ပုဒ် ရေးပါလားဟင် "

" စိတ်ချမြတ်နိုး မောင် ရေးမယ်။ ပြီးရင် မြတ်နိုးကို လက်ဆောင်အဖြစ်ပေးမယ် "

ကျွန်တော် သွက်လက်စွာပင် ခေါင်းညိတ်ဖြေကြားမိလိုက်တော့ ချစ်သူက ရွှန်းရွှန်းလဲ့လဲ့ပြုံးလို့...။

( ၂ )

" ကျွန်မ မောင်နဲ့လမ်းခွဲချင်ပြီ "

" ကျွန်မကို ခွင့်လွှတ်ပါ မောင် "

လောကကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီလား ။ စောစောကခြစ်ခြစ်တောက်ပူနေခဲ့သည့် နေမင်းလလည်း အခုဘယ်ဆီဘယ်ဝယ်ရောက်တယ်မသိ။ တိမ်ညိုတစ်သိုက်ကတော့ ကျွန်တော့်ရာသီကို အုံ့မှိုင်းစေခဲ့တာတော့အမှန်ပင်။ ကျွန်တော့် နားကို ကျွန်တော်မယုံနိုင်တော့။ ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်ရင်း ပြောနေတာ ကျွန်တော့်ချစ်သူမှ ဟုတ်ရဲ့လား။ ဘယ်လို နတ်ဆိုးတွေကများ အယောင်ဆောင်လိုက်ကြတာလဲ။ ကျွန်တော် သိပ်မြတ်နိုးရလွန်းလို့ နာမည်တောင်မခေါ်ဘဲ "မြတ်နိုး"လို့ ခေါ်ခဲ့တဲ့ချစ်သူ။ "မြတ်နိုး" လို့ကျွန်တော့်နှုတ်က ခေါ်တိုင်း လှပစွာ ပြုံးရင်း ကျေနပ်နေတတ်တဲ့ချစ်သူ။ အခု သူ့နှုတ်ဖျားက ကျွန်တော့်ကို လမ်းခွဲစကားတွေဆိုနေပါပြီလား ။ သံရည်ပူထက်ပြင်းပြတဲ့ စကားလုံးဒီဂရီတွေနဲ့ ကျွန်တော့်အသည်းကို အရည်ဖျော်ချနေတာ ကျွန်တော့်ချစ်သူတဲ့လေ။

" ဘယ်လိုပြောလိုက်တာလဲ မြတ်နိုး "

" မောင့်ကို နောက်နေတာလား ဟင် "


" အဲလိုတော့ မနောက်နဲ့ကွာ "


" ကျွန်မ နောက်နေတာ မဟုတ်ဘူး ကိုမိုးတိမ် " " ကျွန်မ ရှင့်ကို ဘယ်လိုမှ ချစ်လို့မရတော့ဘူး "

" ဗျာ "


" ရှင့်ကိုမှ မဟုတ်ပါဘူးလေ။ ကျွန်မ ဘယ်သူ့ကိုမှ ချစ်လို့မရတော့တာပါ " " ကျွန်မ တစ်ယောက်တည်းဘဲ နေချင်တော့တယ်။ ကျွန်မကို လွတ်လပ်ခွင့် ပေးပါတော့ ကိုမိုးတိမ် "

" မြတ်နိုး ဘယ်လိုပြောလိုက်တာလဲ မြတ်နိုးရယ်။ မောင် မြတ်နိုးကို ဘယ်လောက်ချစ်တယ် ဆိုတာ မြတ်နိုး အသိဆုံးလေ။ မောင် မြတ်နိုးမကြိုက်တာ ဘာများလုပ်မိလို့လဲ မြတ်နိုးရယ်။ မောင့်ကို ပြောပါ။ မြတ်နိုးမကြိုက်တာရှိရင် မောင် ပြင်ပါ့မယ်။ မောင်နဲ့ မြတ်နိုးတို့စိတ်ကူးစီစဉ်ထားတာလေးတွေ မြတ်နိုးမေ့ကုန်ပြီလားကွာ။ မောင်တို့ သိပ်ကို ချစ်ခဲ့ကြတာလေ။ "

" ရှင် ဘာမှမလုပ်ခဲ့ပါဘူး ကိုမိုးတိမ်။ ကျွန်မ ကိုက ရှင့်ကို မချစ်တော့တာ "

" ဘာကြောင့်များလဲ မြတ်နိုးရယ်။ ဘယ်လိုအကြောင်းအရာမျိုးတွေက မောင့်ကို မချစ်စေတော့တာလဲကွာ "

" ဘာကြောင့်မှ မဟုတ်ပါဘူး။ ကျွန်မကိုက တစ်ယောက်တည်းနေချင်တော့လို့ပါ။ ပြီးတော့ ရှင့်ကို မညာချင်ဘူး။ ကျွန်မ ရှင့်ကို ချစ်လို့မရတော့ဘူး။ ဒါဟာ အမှန်တရားတစ်ခုပါ။ အခုအမှန်တရားကို ကျွန်မ ရှင့်ကို ပြောပြနေတာ။ ကျေးဇူးပြုပြီး ရှင်လက်ခံပေးပါ။ "

" မဟုတ်သေးပါဘူး မြတ်နိုးရယ်။ ဘာအကြောင်းပြချက်မှမရှိဘဲ မြတ်နိုးမောင့်ကို မချစ်နိုင်တော့ဘူးဆိုတော့။ မဟုတ်သေးပါဘူးကွာ။ "

" ကျွန်မ အများကြီးထပ်မပြောချင်တော့ဘူး ကိုမိုးတိမ်။ ကျေးဇူးပြုပြီး ရှင်လက်ခံပေးပါ "

" မြတ်နိုးကို မောင်တစ်ခုမေးမယ်။ မြတ်နိုးဘယ်တုန်းကမှ မောင့်ကို မချစ်ခဲ့တာလား "


" ကျွန်မရှင့်ကို ချစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာဟိုအရင်တုန်းကပါ။ အခုရှင့်ကို ကျွန်မ မချစ်တော့ဘူး။ "
" လုံးဝကိုသေချာတယ် ကျွန်မ ရှင့်ကို မချစ်တော့ဘူး "

နေကိုလှည့်ပတ်နေသော စကြာဝဋ္ဌာအဖွဲ့အစည်းတွေလည်း ဓါတ်ခဲကုန်သွားတဲ့ နာရီတစ်လုံးလိုရပ်တန့်။ အရှေ့ဘက်ကထွက်လို့ အနောက်ဘက်ကိုဝင်တဲ့ အမြဲတမ်းမှန်ကန်နေခဲ့တဲ့ နေတို့ရဲ့နိယာမတရားတွေကကော။ ရာသီကိုလိုက်လို့ ပေါ်တတ်တဲ့ ရာသီစာလို ကိုယ့်ဘ၀င်ကိုယ် ပြန်ပြန်မျိချနေရတာက အမှန်တကယ်မနှစ်မြို့စရာ ကောင်းနေပြီလေ။ ပြောစရာစကားလုံးတွေ အာစေးထည့်ခံလိုက်ရပြီလားမသိ။ ယူကြုံးမရခြင်း မယုံကြည်နိုင်ခြင်းတို့ မဟာမိတ်ဖွဲ့တွန်းချလိုက်တဲ့ အဟောသိကံဇာတ်မှာ မျက်ရည်တွေကဘဲ လက်နက်အဖြစ်။ ယောကျာ်းတစ်ယောက် မျက်ရည်ကျတာဟာ ပျော့ညံ့လွန်းနေတာတဲ့လား ။ ရင်နှင့်အမျှရင်းခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ မျက်ရည်ထက်တောင် ရင်နာစရာကောင်းလွန်းနေတယ်ဆိုတာ....။

" မြတ်နိုး ရုတ်တရက်ကြီး ပြောင်းလဲသွားတာ မောင် ဘယ်လိုမှ မယုံနိုင်ဘူး မြတ်နိုး "

" ရည်မှန်းချက်တွေ ရည်ရွယ်ချက်လေးတွေ အခု ဘယ်ရောက်ကုန်ပြီလဲ မြတ်နိုး "

" မြတ်နိုး လုပ်ရက်တယ်နော်။ မောင် မြတ်နိုးအပေါ်ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာ မြတ်နိုး မသိတာလား။ မသိချင်ယောင်ဆောင်လိုက်တာလား။ ဒါမှမဟုတ် အဖြစ်အပျက်တွေအားလုံးကို ဥပေက္ခာပြုလိုက်တာလား မြတ်နိုး။ မောင်ဟာ ဘာကြောင့်များ မြတ်နိုးလိုစိတ်ဓါတ်မျိုးကို မပိုင်ဆိုင်ခဲ့ရတာလဲ။ မောင်ဟာ ဘာလို့များအစွဲအလမ်းတွေ ကြီးခဲ့ရတာလဲ။ မောင်ဟာ ဘာလို့များ မြတ်နိုးကိုမှ အသည်းနင့်အောင် ချစ်ခဲ့မိတာလဲ။ မောင် အတိတ်ဘ၀က ဘယ်လိုဝဋ်ကြွေးတွေများ မြတ်နိုးအပေါ်တင်ခဲ့တာလဲ မြတ်နိုးရယ် "

" မောင့်ဘက်ကို နည်းနည်းလေးမှ ထည့်မတွက်တော့ဘူးလားကွာ။ "

" ကျွန်မကို ကြိုက်သလိုပြောနိုင် စွပ်စွဲနိုင်ပါတယ် မိုးတိမ်။ ပြီးရင်တော့ ကျွန်မကို သွားခွင့်ပြုပါ။ ကျွန်မ လွတ်လပ်စွာ ပျံသန်းချင်ပြီ။ အဲဒီ့ အတွက် ရှင့်ကို ခံစားစေခဲ့ရတယ်ဆိုရင် ကျွန်မကို နာကျည်းလိုက်ပါ။ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ နာကျည်းမှုမျိုးတွေနဲ့ နာကျည်းလိုက်ပါ။ အရာအားလုံးအတွက် ကျွန်မ ကျေနပ်ပါတယ်။ "

" ကျွန်မမှာ ပြောစရာစကားကုန်ပြီ မိုးတိမ်။ ကျွန်မကို သွားခွင့်ပြုပါ။ "


ဘယ်သောအခါမှ ပြန်မလာနိုင်တော့ပြီဆိုတဲ့ အသိတစ်ခုက ရင်ဝကို အင်အားကြီးလှိုင်းလုံးတစ်လုံးလို တဟုန်ထိုးဝင်ဆောင့်ခဲ့ချိန်။ ကျွန်တော့်ရင်တွေ ကြေမွနေပြီဆိုတာ ချစ်သူ မသိနိုင်တော့တာလား။ အနှစ်နှစ်အလလက မျှော်လင့်တောင့်တနေခဲ့တဲ့ အလင်းရောင်လေးတစ်ခုဟာ ရုတ်တရက် မမြင်နိုင်တော့လောက်အောင် ကွယ်ပျောက်သွားခဲ့တာ။ ဒါသံသရာလား?? ဒါဝဋ်ကြွေးလား??? ဒါမှ မဟုတ် သိပ်ချစ်တတ်လွန်းတဲ့ ကျွန်တော့်အတွက် ချစ်သူကပေးတဲ့ အမှတ်တရလက်ဆောင်လား????? ဘယ်လိုဘဲဖြစ်ဖြစ် မောင် မင်းကို ရင်နင့်အောင်ချစ်ခဲ့တဲ့ အဖြစ်တွေကို ချစ်သူရယ် မင်းမမေ့ပါစေနဲ့ ။

" ရှင်ကျွန်မကို ဘာပြောစရာကျန်သေးလဲ။ မကျန်တော့ဘူးဆိုရင် ကျွန်မသွားတော့မယ်။ "

မေးနေခဲ့ပြီ။ အတည်ငြိမ်ဆုံး လေသံနဲ့ အရင့်ကျက်ဆုံးမျက်နှာထား။ ပြုံးချင်း မဲ့ချင်းအလျင်းမရှိတော့တဲ့ ချစ်သူ။ ကျွန်တော် ဘာပြောရမလဲ။ သူ့ကို သွားခွင့်ပေးလိုက်ရမှာလား။ ကျွန်တော်တားဆီးထားရင်ကော သူက နေမှာတဲ့လား။ သိပ်ကိုပြတ်သားလွန်းတဲ့ချစ်သူရဲ့စိတ်ဓါတ်ကို နားလည်နေတတ်ခဲ့တဲ့ ကျွန်တော်။ ရင်ကိုခင်းပေးရုံဘဲ ရှိတော့မပေါ့။ မင်းနင်းသွားလိုက်ပါတော့ ချစ်သူ။ ငါ့ရင်တွေကို မင်းနင်းသွားလိုက်ပါတော့။ ရည်ရွယ်ခဲ့သည်ဘဲဖြစ်ဖြစ် မရည်ရွယ်ခဲ့သည်ဘဲ ဖြစ်ဖြစ် ငါ့ရာသီမှာ နေမသာနိုင်တော့တာ အမှန်ကန်ဆုံး နိယာမတရားတွေထက် ပိုမှန်ကန်နေခဲ့ပြီလေ။

" မောင် တောင်းပန်ပါရစေ မြတ်နိုးရယ် " " မောင့်ကို ခွဲမသွားပါနဲ့ကွာ "

" ၀မ်းနည်းပါတယ် မိုးတိမ်။ ကျွန်မ ဆုံးဖြတ်ပြီးပြီ။ ကျွန်မသွားတော့မယ်။ "

" မြတ်နိုးခဏ"

" ဒါ မောင်စပ်ထားတဲ့ မြတ်နိုးကိုလက်ဆောင်ပေးမယ်ဆိုတဲ့ ကဗျာ "


မြဲမြံအောင်ဆုပ်ကိုင်ထားနိုင်စွမ်းမရှိတော့တဲ့ လက်ထဲမှာ စက္ကူလေးတစ်ရွက်ဟာ ပိသာချိန်ပေါင်းများစွာလေးလံ နေသလို။ ဆောက်တည်ရာမဲ့တဲ့ စိတ်အစဉ်မှာ ဖြတ်သန်းပြေးလွှားနေကြတဲ့ ခံစားမှုအရိပ်တွေကို ဒီကဗျာလေးက ဖော်ပြနိုင်စွမ်းမရှိတော့တာ ချစ်သူရယ်မောင့်ညံ့ဖျင်းမှုတွေဘဲလား ။ ပန်းနုရောင်နှင်းဆီပန်းလေးနှစ်ပွင့် အောက်ခံပါတဲ့ ဒီကဗျာစာရွက်လေးနဲ့ ကဗျာလေးဟာ ချစ်သူရဲ့စိတ်တွေကို ပြန်လည်ညွှတ်နူးလာအောင် စွမ်းဆောင်နိုင်စွမ်းတော့ ရှိမည်မထင်။ ကမ်းပေးလာတဲ့ ကဗျာစာရွက်လေးကို အိနြေ္ဒရရလှမ်းယူရင်းက ဖွင့်ဖတ်နေတဲ့ ချစ်သူ။ သူ့မျက်ဝန်းမှာ ဘယ်လိုသံယောဇဉ်အရိပ်အယောင်ကိုမှ မမြင်ရတော့ပြီဘဲ။

လမင်းနှစ်စင်းသာခဲ့သည်

ကမ္ဘာမှာ အမည်တွင်သွားတဲ့ ရိုမီယိုနဲ့ ဂျူလီယက်
တိုင်းတန်းနစ်ဇာတ်ကားထဲက ဂျက်နဲ့ရိုစ့်
ရာဇ၀င်ထဲက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ
ကမ္ဘာဦးအစက အာဒမ်နဲ့ အေဝ
အချစ်ဟာ ဘ၀လို့ ခံယူခဲ့ကြတဲ့
သူရဲကောင်းတွေ
အားလုံးကို ပေါင်းစုလို့
မင်းတို့ဝိညဉ်တွေနဲ့ငါ့ကမ္ဘာကိုခြုံလွှမ်းကြည့်လိုက်

မြတ်နိုးနဲ့ မောင်ဆိုတဲ့ သမုဒယနှစ်သွယ်က ထွန်းတဲ့အလင်းမှာ

သေချာပါတယ်...မင်းတို့ဝပ်ဆင်းခယ ရလိမ့်မယ်။

နူးညံ့အဆင်းနဲ့ ယုယခြင်းတွေထုံမွှမ်းထားတဲ့ရာသီမှာ
စိတ်ကူးဓါတ်နဲ့ ဆောက်တဲ့ကမ္ဘာထဲ
ချစ်သူလက်ကိုတွဲယူတော့

မေတ္တာဓါတ်နဲ့ သစ္စာတရားတွေတည်တဲ့
တိုင်းပြည်ရဲ့ကောင်းကင်ထက်

လမင်း နှစ်စင်းသာခဲ့တယ် ။

မိုးတိမ်


" ကဲ ကျွန်မသွားတော့မယ်။ နှုတ်ဆက်ခဲ့ပါတယ်။ "

ဆူနာမီထက် အဆတစ်ရာမကပြင်းထန်တဲ့ မုန်တိုင်းလို နှုတ်ဆက်စကားက ကျွန်တော့်နားစည်ထဲမှာ အညှာအတာကင်းမဲ့စွာ။ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ချစ်သူကိုကြည့်ရင်း လျှံတက်လာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှတဆင့် မြေပြင်ပေါ်သို့ တစ်စက်ခြင်း တစ်လှိမ့်ခြင်း။

" ရက်စက်လိုက်တာ မြတ်နိုးရယ်...... "


( ၃ )


" လမင်းသား စားသောက်ဆိုင် "

အတန်အသင့်ခန့်ညားသပ်ရပ်သော စားသောက်ဆိုင်ရှေ့သို့ မာစီတီးတစ်စီးနှင့် ဆာ့ဖ်တစ်စီး အသီးသီး ထိုးဆိုက်လာကြသည်။ ကားနှစ်စီးပေါ်မှ အရောင်အသွေးစုံ ယောကျာ်း၊ မိန်းမများ ဆင်းသက်လာကြပြီး ဆိုင်အတွင်းရှိ စားပွဲလွတ်တစ်လုံးတွင် အတူတကွ ၀ိုင်းဖွဲ့ထိုင်လိုက်ကြရင်းက တစ်ယောက်တစ်ပေါက်ပြောဆို စနောက်သံများက အိပ်ငိုက်နေသော ဆိုင်လေးအား နိုးထလာစေတော့သည်။

" အကိုတို့ အမတို့ ဘာများသုံးဆောင်ပါမလဲ ခင်ဗျာ "

စားပွဲထိုးလေး၏ ယဉ်ကျေးပျူငှာစွာ မေးသံအဆုံး တစ်ယောက်တစ်ပေါက်မှာသံများက ပိုမိုဆူညံစွာထွက်ပေါ်လာ ပြန်သည်။

" ငါက ထမင်းကြော် ၀က်သားနဲ့ "


" ဟဲ့ ထမင်းစားမယ်လေ။ ဟင်းမှာပြီး အားလုံးစုစားမယ်လေ ဟာ "


" အာ ငါကတော့ ထမင်းပေါင်း ကြက်သားနဲ့ "


" ညီလေးရေ ကြက်ကုန်းဘောင်တစ်ပွဲ၊ ၀က်ချဉ်စပ် ၊ ဆယ့်နှစ်မျိုးဟင်းချို "


" အမက နန်းကြီးသုတ်ကြက်သားနဲ့ ပဲမှုန့်လျှော့ထည့်နော် "


" ခေါင်ဆွဲကြော်လုပ်ပါ ၀က်သားနဲ့ မြန်မြန်လေး "

တစ်ယောက်တစ်ပေါက်မှာကြားမှုတွေကြား စားပွဲထိုးလေးမှာလည်း လက်မလည်နိုင်တော့ပေ။ မမှားအောင်သာ ဂရုစိုက်မှတ်နေရတော့၏ ။

" ဟဲ့ ဟေမာန် နင်ဘာတွေလိုက်ကြည့်နေတာလဲ မမှာဘူးလား "

နှောင်း၏ မေးသံကြောင့် ဆိုင်အဆင်အပြင်ကို လိုက်ကြည့်နေသော ဟေမာန်တစ်ယောက် သတိဝင်လာသည်။

" ငါ က ရှမ်းခေါက်ဆွဲ "

နှောင်း၏ အမေးကြောင့် စားပွဲထိုးလေးအားမှာကြားရင်း တဆက်တည်းနှောင်းအား ဆက်ပြောဖြစ်လိုက်သည်။

" ဒီဆိုင်လေးက အရင်ကဒီလိုမဟုတ်ဘူးဟ။ ငါးနှစ်တာဆိုတဲ့ ကာလအတွင်းမှာ တော်တော်ပြောင်းလဲသွားတယ်"


" ဟယ် နင်က အရင်တုန်းက ဒီဆိုင်ကို ရောက်ဖူးလို့လား "


" အင်းရောက်ဖူးတယ်။ ရောက်ဖူးရုံတင်မကဘူး ဒီမြို့လေးမှာလည်း နှစ်အတော်ကြာကြာနေခဲ့ဖူးတယ် "

" ဟယ် နင်ငါတို့ကို ဘာမှလည်း မပြောဘူး။ အခုမှ ပေါ်တော့တယ် "


" ဟဲ့ ဟေမာန်က ဒီမြို့မှာနေခဲ့ဖူးတယ်တဲ့ "


" နှောင်း သူတို့ကို သွားပြောမနေနဲ့။ ဝေသာလီပြည်ဘီလူးကျတာတောင်မှ တော်ဦးမယ်။ ဒီအစားဘီလူးတွေ သောင်းကျန်းနေတာ နင့်စကားတိုးမှာ မဟုတ်ဘူး "

" အေးဟ။ ဒါနဲ့ ဟေမာန် နင်လူတစ်ယောက်ကို သတိထားမိလား "


" ဟမ် ဘယ်သူတုန်း "


" ဟိုမှာလေ ဆိုင်ထောင့်မှာ "

နှောင်းညွှန်ပြရာသို့ ကြည့်လိုက်မိတော့ ဆိုင်အပြင်ဘက်ထောင့်စွန်းတနေရာတွင် ဗုံလေးတစ်လုံးအား ပိုက်ကာ သူတို့ရှိရာသို့ မမှိတ်မသုန်ကြည့်နေသော ခပ်နွမ်းနွမ်းလူတစ်ယောက်။ သူ့ပုံစံကြည့်ရသည်က သူတောင်းစား ဆိုတာထက် အရူးတစ်ယောက်နှင့် ပိုတူလေသည်။ ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သူ့အကြည့်တွေက နည်းနည်းလေးမှ လွှဲဖယ်မသွား ။ ကျွန်မ မျက်ဝန်းထဲတွင်လည်း ထိုလူအား မြင်ဘူးသလိုလို။

" နှောင်း ငါကြောက်လာပြီ ဟာ။ ဒီအရူးက ငါ့ကို စိုက်ကြည့်နေတယ် "

" အေး ဟုတ်တယ်ဟ။ မကြောက်ပါနဲ့ ဟေမာန်ရယ်။ ငါတို့တွေ အများကြီးရှိနေတာကို "

" အမ ရှမ်းခေါက်ဆွဲ ရပါပြီ "

အသံနှင့်အတူ စားပွဲထိုးလေးမှ ရှမ်းခေါက်ဆွဲ ပန်းကန်အား စားပွဲပေါ်သို့ လာချပေးရင်း

" အမတို့ ဘာများ ထပ်မှာ ဦးမလဲ ခင်ဗျာ "

" ဟင့်အင်း မမှာတော့ပါဘူး "

" ဒါနဲ့ ဟိုအရူးက ဘာလို့ကျွန်မတို့ကို စိုက်ကြည့်နေလဲမသိဘူး ဒီမှာ ကျွန်မ သူငယ်ချင်းက ကြောက်နေပြီ "

နှောင်း၏ပြောစကားကြောင့် စားပွဲထိုးလေးက အရူးဘက်သို့ တစ်ချက်စောင်းငဲ့ကြည့်ရင်း

" အမလေးတို့ မကြောက်ပါနဲ့ခင်ဗျာ။ သူက ဘာအန္တရာယ်မှ မပေးပါဘူး။ တကယ်ဆို သူက အရမ်းသနားဖို့ ကောင်းတဲ့လူတစ်ယောက်ပါ "


" သူက အရင်က လူကောင်းတစ်ယောက်ပါ။ ပျော်ပျော်နေတတ် စတတ်နောက်တတ်တဲ့ လူတစ်ယောက်ပေါ့။ တစ်ခါတစ်ရံ ကဗျာတွေလည်း ရေးတတ်တယ်။ "

" သူက ဘယ်လိုဖြစ်လို့ရူးသွားတာလဲ "


" နှောင်းနင်ကလဲ တော်တော်စပ်စုတာဘဲ "

" ငါသိချင်လို့ပေါ့ ဟေမာန်ရ "


" သူ့မှာ သူအရမ်းချစ်ရတဲ့ ကောင်မလေးရှိတယ်။ အဲဒီ့ကောင်မလေးက သူ့ကို ပစ်သွားပြီးနောက်ပိုင်း သူလည်း ဒီလိုဖြစ်သွားတော့တာဘဲ အမ။ ယဉ်ယဉ်လေးရူးနေရှာတာ "

" သနားပါတယ်နော် "

" သူစိတ်ကူးပေါက်လာရင် သူ့လက်ထဲက ဗုံလေးတီးပြီး သီချင်းဆိုပြပြီး ပိုက်ဆံတောင်းတတ်တယ် အမ "
" တစ်ခါတစ်ခါကျရင် သူကဗျာတစ်ပုဒ်ကို ရွတ်ပြတတ်တယ်။ ကျွန်တော်တို့က ကြားရဖန်များတော့ အလွတ်နီးပါးလောက်တောင် ရနေပြီလေ။ ကဗျာနာမည်က လမင်းနှစ်စင်းသာခဲ့သည် တဲ့ "

ကျွန်မခေါင်းကို နွေခေါင်ခေါင် ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရသလိုပါဘဲ ။ " လမင်းနှစ်စင်းသာခဲ့သည် " ဒီ....ဒီကဗျာက မောင် ကျွန်မကို ပေးခဲ့တဲ့ ကဗျာပေါ့ ။ ဒါဆို ဒီအရူးက....ဒီအရူးက ။ ကျွန်မခေါင်းထဲမှာ မေးခွန်းပေါင်းမြောက်များစွာ ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်အချိန်ကာလတွေက မျက်စိထဲကို ရုပ်ရှင်တကားနှယ် တကွက်ချင်း တကွက်ချင်း ။

" အို....မဖြစ်နိုင်ပါဘူး..မောင် ဒီလို မဖြစ်နိုင်ပါဘူး "

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ မောင် ဟာ သူမနဲ့ ပတ်သက်ပြီး ဒီလောက်အထိဖြစ်လိမ့်မည်ဟု သူမ မထင်။ အချိန်ကာလာကြာလာရင် အလိုလို မေ့ပျောက်သွားလိမ့်မည်ဟုပင် သူမမှတ်ထင်ခဲ့မိသည်။

" ဒါနဲ့ သူ့နာမည်က ဘယ်လိုခေါ်လဲဟင် သိလား "


ကျွန်မ အလောတကြီးပင် စားပွဲထိုးလေးအား မေးလိုက်မိသည်။

" ကျွန်တော်တို့ကတော့ သူ့ကို " ဗုံခတ်သူ " လို့ခေါ်ကြတယ်။ သူ့အရင်နာမည်က မိုးတိမ်တဲ့ ။ "

" ရှင် "

ထိုသို့ပြောဆိုနေဆဲမှာပင် ထိုသူရူး (သို့မဟုတ်) မောင်မှာ ဗုံလေးကို ပိုက်ရင်း နေရာမှ တရွေ့ရွေ့ထွက်ခွာသွားလေတော့သည်။ ထိုသို့ထွက်ခွာသွားရင်းမှ သီချင်းတစ်ပုဒ်ကိုလည်း သံနေသံထားဖြင့် သီဆိုသွားပြန်သေးသည်။

"....မြတ်နိုးလွန်းသူရယ်....ချစ်မိုးစွေခဲ့တယ်......တယ်.....
ဘုံကြိုးပြတ်တဲ့ ...ဒေ၀ီနတ်မျိုးနွယ်.....မျက်မာန်တော်မညှိုးလိုက်ပါနဲ့ .....xxxxxx "

နွေနေ့လယ်ခင်း၏ ပြယုဂ်အဖြစ် အပူရှိန်က ထင်ဟပ်နေဆဲ။ တရွေ့ရွေ့ထွက်ခွာသွားသည့် ခြေလှမ်းများ ဦးတည်ရာက.......။ ချစ်သူပျောက်ရှာပုံတော် အစခရီး။ သံသရာဆိုတာ ရှည်ကြာလွန်းလှတဲ့ ခရီးမှာ ဗုံတစ်လုံးနဲ့ ချစ်သူပျောက်ရှာပုံတော်ဖွင့် နေတဲ့ သူရူးတစ်ယောက်ရဲ့ ဗုံခတ်သံက......လွမ်းဆွတ်နေမည်လား???? ကြေကွဲနေမည်လား????? ဒါမှ မဟုတ် မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေမည်လား?????

ကမ္ဘာလောက ကတော့သာယာနေဆဲ။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်နေဆဲ။ ရာသီတွေကလည်း အလီလီပြောင်းလဲနေဆဲ ။ ထို့အတူ သူရူးတစ်ယောက်ဟာလည်း ချစ်သူကို ရှာဖွေရင်း ဗုံကိုတီးခတ်နေဆဲ.......။ လမင်းနှစ်စင်းသာခဲ့တဲ့ ကမ္ဘာလေးဟာလည်း.....တစ်စစီ တစ်စစီ တစ်ဖဲ့စီ တစ်ဖဲ့စီ လွင့်ပျက်ကြေမွရင်း ပဲ့ကြွေကျနေရင်း.......။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Saturday, April 18, 2009

နဖူးစီးပတ်လိုက်တဲ့ ကောင်းကင်

ဖြတ်လျှောက်ခဲ့လိုက်တဲ့ တစ်နှစ်တာရဲ့အစွန်းထွက်ခရီးမှာ
အရေနှစ်ခါလဲတယ်
ရင်ကပေါက်ဖွားတဲ့ သွေးသားကို
သေမိန့်နှစ်ခါ ချခဲ့ဘူးတယ် ။

ပညာသည်လည်း မဟုတ်ခဲ့ဘူး
ပညာရှင်လည်း မဟုတ်ခဲ့ဘူး
ဝါသနာကို ရင်မှာပိုက်ရင်းကြဲချလိုက်တော့
နိစ္စဓူဝနဲ့ တည်တဲ့ဘုံမှာ
ငါ့ကဗျာတစ်ငုံစာလောက်တော့ သောက်ခွင့်ရချင်မပေါ့ ။

မရှိခြင်းနဲ့ စခဲ့တဲ့ကောင်းကင်မှာ
ပေါင်းစည်းလာတဲ့ မောင်နှမတွေလက်နဲ့
ငါ့ကောင်းကင်ဘုံက တဖြည်းဖြည်းရုပ်လုံးကြွလို့ ။

ကိုယ့်အလံ ကိုယ်ထူလိုက်စမ်းဘာ ။

လှေကားထစ်တိုင်းသာ တက်ခွင့်ရှိခဲ့ရင်
လူလူချင်းနင်းနိုင်တဲ့ အခွင့်ရှိခဲ့ရင်
ရင်ဘတ်မှာဖြစ်တဲ့ အမြုတေကို
အညုသပြေတွေက အလဲထိုးနိုင်ခဲ့ရင်
လူယဉ်ကျေးတို့နေတဲ့ တိုင်းပြည်မှာ
သေချာတယ်.....မုဒိတာဟာ ပန်းမဖြစ်နိုင်ဘူး ။

ကောက်ကျစ်ခြင်းက ရိုးသားခြင်းကိုအနိုင်ယူ
လိမ်လည်ခြင်းက ဖြောင့်မတ်ခြင်းကိုအလဲထိုး
ပုထုဇဉ်တို့ရဲ့ အရောင်ဆိုးခံစိတ်ဓါတ်တွေမှာ
အမှန်အမှားဟာ ရောထွေးလာမှတော့
ငါ့ကိုယ်ငါ ရိုက်ချိုးပစ်လိုက်ရင်းက
လောကပါလအတွက် ကဗျာတစ်ပုဒ်ထားခဲ့မယ် ။

ခရာသံတွေရဲ့ ခွာရှပ်သံတွေလည်း ညံခဲ့ပြီ
ပြေးလမ်းတို့ရဲ့ စိန်ခေါ်ပွဲတွေလည်း စခဲ့ပြီ
ဆိုင်ကလုန်းလည်း ရခိုင်ထဲကို ဖြတ်ဝင်ခဲ့ပြီ
လူသိရှင်ကြား ဘုရားရှိခိုးတတ်တဲ့လူတွေလည်းရှိခဲ့ပြီ
အမေ့အတွက်လို့ ပြောတဲ့ပါးစပ်ကလည်း
သေရည်အရက်ဆိုတာကို သောက်တတ်နေခဲ့ပြီ ။

လောကရေ.....
ငါ..ဟာလူပါ လူကျင့်လူကြံတော့ကြံဦးမပေါ့
လူတွေကြားမှာ လူပီသချင်သေးသပေါ့ ။

ကဲ...အခု
ရင်ဘတ်တူတစ်ယောက်ရဲ့ လက်နှစ်ဖက်က
အံချလိုက်တဲ့ အနုပညာနဲ့ ငါ့ကောင်းကင်မှေးစက်ဘို့
ထွေးဖက်တဲ့ခေါင်းစီးတစ်စုံ ဆင်မြန်းရင်း
ငါ့ ကဗျာပန်းတွေက ပွင့်လန်းနေမြဲဘဲ ။

ရိုကျိုးမှုတွေအတွက်နဲ့ဘဲ ငါတို့ခါးတွေ
ကိုင်းမြဲကိုင်းဆဲ ညွှတ်မြဲညွှတ်နေရဆဲဘဲ ။

ခေတ်ကိုက နွဲ့နှောင်းမှုတွေအသာစီးရတဲ့အခါ
မင်းတို့ငါတို့ရဲ့ ကလောင်တွေအရောင်မထွက်တော့တာ
ငါ....သိပ်စိတ်နာတယ် သူငယ်ချင်း ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကျွန်ုပ်၏ ဘလော့ခ်ဘန်နာလေးအတွက် မအားလပ်သည့်ကြားမှ တကူးတက အချိန်ယူကာ အကောင်းဆုံး ဖြစ်အောင် ဒီဇိုင်းရေးဆွဲကူညီပေးသော ယိမ်းနွဲ့ပါးမှ ကိုမိုးကြယ်အား ဤကဗျာလေးနှင့်အတူ အထူးပင် လေးနက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း။

Tuesday, April 14, 2009

နှလုံးမိုက် အိမ်ပြန်ချိန်

တိတ်ဆိတ်ခြင်းက ကမ်းကပ်တဲ့လှိုင်းကြပ်ခွပ်လိုမျိုး
အသံလုံလုံနဲ့ ထိုးစစ်ဆင်တတ်လာခဲ့တော့
တရေးနိုးထဆိုတတ်တဲ့တယောသံမှာ ညဟာငိုပြန်တယ် ။

ကာလဆိုတာတွေက ကြာရှည်လွန်းလှပါတယ်လေ..။

ဘ၀အချိုကို လိုချင်တပ်မက်ကြတဲ့လူတွေ
နိုးစက်အားကိုးနဲ့ နိုးထတတ်တဲ့မနက်တွေ
လျှောက်နေရင်းက ပျောက်သွားတဲ့လမ်းတွေ
ဖွင့်ထားချင်ယောင်ဆောင်တဲ့ တံခါးတွေ
ဒဏ်ရာကိုဆေးကြောဘို့ စိတ်ခ၀ါချနေ့တွေ

ဒါတွေဟာ...
အတုမဟုတ်တဲ့ အစစ်တွေလား
အစစ်ယောင် ဆောင်လိုက်တာများလား ။

ပျော်ရွှင်ခြင်းတွေကြားထဲမှာ
ငြိမ်းအေးခြင်းကို ရှာမတွေ့တတ်ခဲ့တာ
မျက်ကြည်လွှာတွေက သစ္စာဖောက်တာလား
သံသရာမှာဘဲ တောမှောက်သွားတာလား
မရေရာခြင်းဆူးတွေ ကြားမှာ
မျှော်လင့်ခြင်းတစ်ခက် ရဲရဲတောက်တိုးထွက်နေပြန်ပေါ့ ။

ကိုယ်တိုင်ပျိုးခဲ့တဲ့ ပန်းတပွင့်ကြောင့်
ကိုယ် ကိုယ်တိုင် အဆိပ်တက်ခဲ့တော့
ဘယ်လက်နက်တွေနဲ့ ငါ့ကိုထိုးနှက်မလဲ
အရေမာသယောင်ထင်ရတဲ့ ရင်လဲ
နုံးညွှတ်ကွဲအက်ခြင်းမှာ ရင်းစားလို့မရနိုင်တော့
ခလုတ်ထိလို့အသည်းခိုက်မှ မိုက်မိုက်မဲမဲတမိတယ်
အမေရယ်....။

မျောပါနေတဲ့စိတ်ဓါတ်ကို ကျင်ယူဘို့
အသည်းပျက်လူမှာ လက်မဲ့ခဲ့ရတော့
သမုဒယကို ပိုက်ထွေးရင်း
ဆွေးမြေ့ခြင်းကို ဖျော်ချ
ဝမ်းနည်းခြင်းတွေကို အန်ချလိုက်တယ်

သြော်...ဒီဘ၀ နှလုံးမိုက်အိမ်ပြန်ချိန်
အလွမ်းရင်မှာ လမသာနိုင်တော့ဘူး...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင် အသုံးပြုထားသောပုံကို www.wowinsider.com မှ ကူးယူဖော်ပြပါသည်။

Sunday, April 12, 2009

လွတ်ကျသွားတော့မည့် ဗိမ္မာန်


ဘ၀ကို တိုက်ပွဲဝင်ဖို့
ချွန်မြထက်မြက်တဲ့ စိတ်လက်နက်ကိုတပ်ဆင်ရင်း
ကန့်သတ်ချက်ကျဉ်းမြောင်းတဲ့ စကားလုံးသတ်ရပ်ဝန်းမှာ
အတ္တစားသီအိုရီတစ်ချို့ရဲ့ သံစဉ်တေးဂီတနဲ့
ပျံသန်းခြင်း မော်ကွန်းအစ
ကံကြမ္မာက ခါးသက်လွန်းတယ် ။

မရေရာခြင်းတွေနဲ့ မိတ်ဖွဲ့ခင်မင်ရင်း
ကြမ်းတမ်းခြင်းနဲ့ လက်ပွန်းတတီးနေခဲ့တဲ့
စိတ်အရောင်စုံ နွံနစ်နေ့ရက်တွေထဲ
သက်တန့်ထဲမှာ မိုးကြိုးတို့ကခုန်
ငါ့ဘ၀ရဲ့ သောင်ပြင်အစုံမှာ
တိုက်စားခြင်း လေးညှို့တင်သံတွေပဲ့တင်ထပ်လို့ပေါ့ ။

သံသရာအတွက်တဲ့...
တပ်တပ်မက်မက် ခြုံလွှမ်းလိုက်တဲ့ဝတ်ရုံမှာ
အငုံအဖူး နှလုံးသားတစ်စုံ
ရိုက်ခတ်ခြင်း ဒဏ်ခံရင်း
ကြိုးစား ပြုံးပြနေတတ်ခဲ့တာ

လောကဓံရေ......
ဒါ..မင်းပေးတဲ့ သင်ခန်းစာတွေပေါ့ ။

သောကကို ကျောပိုးရင်းက
ရင်နင့်စွာ ကျဆုံးသွားခဲ့တဲ့
အစွန့်ပစ်ခံညရဲ့ နောက်ဆုံးထွက်သက်မှာ
တစ်ကိုယ်စာအတ္တတွေအတွက် ငါ့ကျင်းငါတူးရင်း
ဝမ်းနည်းခြင်းတွေနဲ့ မြုပ်နှံပစ်လိုက်တယ်

ငါ့ဗိမ္မာန် ရာသက်ပန်အထီးကျန်...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

Friday, April 10, 2009

စိတ်နှင့် စကားပြောခြင်း

စိတ်ရေ......
ဝိညာဉ်ခြင်းထိုးနှက်တဲ့ တိုက်ပွဲတွေကိုရုပ်သိမ်း
မှီခိုရာမဲ့လွင့်မျောခြင်းကို အရှိန်သတ်လို့
တပ်မက်မှုကင်းတဲ့ တည်ငြိမ်ခြင်းမှာ
မင်း..ရပ်နေကြည့်လိုက်ပါ..။

အကြောင်းအရာ အသစ်အဟောင်းတွေ
ပြောင်းပြန်စီးတဲ့မြစ် အကြောင်းတွေ
ဆွေးမြေ့ပျက်စီးနေတဲ့ ဘ၀ရဲ့မျက်လှည့်ဆန်ဆန်ညတွေ
ရွှေရောင်တောက်ခဲ့တဲ့ အတိတ်ဘောင်နေရောင်တွေ
အားလုံးကိုမေ့ပစ်ရင်း ခြေအစုံရပ်ခြင်းမှာ
တည်ငြိမ်ညိမ်းအေးခြင်းနဲ့ မိတ်ဆွေဖွဲ့လို့ ။

စိတ်ရေ.....
အခိုင်မြဲဆုံး ကျစ်တဲ့ကြိုးတွေနဲ့
ဘ၀ကို ချည်နှောင်မြဲမြံတော့
ဒဏ်ရာအရှိုးရာတွေ အပြည့်နဲ့
အံခဲရင်း ကုတ်ဖဲ့တက်ခဲ့တဲ့နေ့ရက်တွေမှာ
ရင်ဘတ်ရဲ့ အမြုတေဟာ
နာကျင်မှုဖုံးလွှမ်းရင်း အဆန်လမ်းမှာ
လက်ပန်းကျလိမ့်မပေါ့...။

တိုးထွက်လာတဲ့နေမင်းဟာ ညကိုခ၀ါချသလို
ဖြစ်တည်လာတဲ့ ရှင်သန်ခြင်းမှာ
အတ္တတံတိုင်းကို ထွင်းဖောက်ဖြိုချဘို့အတွက်
စိတ်ဟာ တူရွင်းတစ်လက် ဆောက်တစ်ချောင်းဖြစ်မယ် ။

မှတ်ကျောက်ရဲ့သီအိုရီမှာ အရည်အသွေးကိုတောက်ပြောင်စေခဲ့ရင်
ကိုယ့်အရောင်ကိုယ်တင်ဘို့ အိတ်သွန်ဖာမှောက်ဆေးကြောခြင်းမှာ

စိတ်ရေ.......

အတိတ်နဲ့ အနာဂါတ်ကိုမေ့လို့
ပစ္စုပန်ဆိုတဲ့ နေ့တစ်နေ့မှာ
တို့တွေ ရပ်လိုက်ကြရအောင် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.myspace.com မှ ကူးယူဖော်ပြပါသည်။

Thursday, April 9, 2009

လေးဆယ့်သုံးကို ဖြတ်သန်းခြင်း

သမုဒယတွေ ပါးလျားလာတဲ့ခေတ်ထဲ
အထင်ကရနဲ့ ဂုဏ်ဓနတွေကြီးစိုး
ကိုယ့်အကျိုး ကိုယ်ကြည့်ရင်း
ရင်းနှီးခဲ့ကြတဲ့ ဘ၀ရဲ့ကဝေတွေကြား
ဝင်္က၀ုတ္တိတွေလည်း ကြောက်ခမန်းလိလိပါဘဲ
ထွန်းကားတိုးတက်နေလိုက်ကြ ။

ဘ၀ကိုတောင်းလိုရက်ရင်း ကိုယ့်ဝါသနာနဲ့ချခင်း
ပေးဆပ်လိုက်ရခြင်းအတွက် တရှိုက်မတ်မတ်သောက်သုံးတော့
ရရှိခဲ့တဲ့အဖြေ ပိုင်ဆိုင်လိုက်တဲ့ရလာဒ်
အထီးကျန်မှုတဲ့လား..။

ဖြတ်သန်းခဲ့တဲ့ လေးဆယ့်သုံးနှစ်တာမှာ
အကြင်နာတွေပိုင်ဆိုင်ရင်း နာကျင်မှုတွေထွေးပွေ့ရင်း
ရင်နှီးကျွမ်းဝင်ခဲ့တဲ့ အတိတ်ရဲ့ရုပ်ကြွင်းမှာ
သူဟာ အဓိပတိတစ်ပါးလည်း ဖြစ်လိမ့်မယ်
သူဖုန်းစားအသွင်လည်း ယူခဲ့တယ်
ခြင်္သေ့နဲ့လည်း တစ်ဂူထဲအိပ်ခဲ့တယ်
ကဗျာတွေနဲ့လည်း ပျော်ပါးခဲ့ဘူးတယ် ။

ပြောင်းလဲလာတဲ့ ကံတရားကို
ဖြစ်ဖြစ်မြည်အောင် ကျစ်ရင်းက
တက်ခဲ့လိုက်တဲ့ ဘ၀ရဲ့တိုက်စားခံကမ်းပါးမှာ
သူဟာ မားမားရပ်နေတယ်
သူမြတ်နိုးတဲ့ ၀ါသနာကိုထွေးပွေ့ရင်း
သူ့ရင်နှလုံးကို သူကိုယ်တိုင်ဆုပ်ကိုင်ရင်း
တပ်မက်မှုမဏ္ဍိုင်မှာ ကဗျာပန်းတွေလှိုင်လှိုင်ပွင့်တယ် ။

အရာရာကို ပြင်ဆင်လိုက်တဲ့ မိုင်တိုင်လေးဆယ်ကျော်မှာ
ဘ၀ကို ရင့်ကျက်မှုနဲ့ မောင်းနှင်ရင်း
နေ့သစ်တွေကို ကျော်လွန်ဖြတ်သန်းမယ့် "သူ"
ကမ်းပေးလာတဲ့ ချစ်သူလက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း
ဖြတ်သန်းမယ့်ဘ၀သက်တမ်း အပြုံးပန်းတွေလှိုင်စေ..။

ကျွန်တော့်ရဲ့အကိုအရင်းလိုလည်းဖြစ် ဆရာဆိုလည်း မမှားတဲ့ အကိုမင်းသုခရဲ့ မွေးနေ့မှာ ဒီကဗျာလေးကို မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ တင်လိုက်ပါတယ် ခင်ဗျာ။ အကိုရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများ
စွာအထိ ပျော်ရွင်ချမ်းမြေ့မှု အပေါင်းခညောင်းပါစေလို့ မွေးနေ့ဆုမွန်တောင်းလိုက်ပါတယ် အကို။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, April 6, 2009

လက်ဖွဲ့ ( သို့ ) ရာသက်ပန်

ရာဇ၀င်က ပေါက်ကျိုင်းရဲ့လှံ
မြဲမြံတဲ့ပင်စည်ကို ထုတ်ခြင်းဖောက်ဝင်သလိုမျိုး
ပိန်းပိတ်တဲ့ ညအမှောင်မှာ
လအရောင် ထိန်ဝါစွာထွန်းလင်းသလိုမျိုး
ဥဒေါင်းတို့ရဲ့ မျက်နှာစာ
လှပခြင်းတို့ခြံရံ အရောင်တင်သလိုမျိုး

ဖြစ်တည်ခံစား ရင်တွင်းထိုးဆင်းတဲ့မြှား
နူးညံ့သိမ်မွေ့မှုကို စားသုံးရင်း
လှပကျော့ရှင်းမှုကို ၀တ်ဆင်ရင်း
နက်ရှိုင်းထက်မြစွာ စွဲငင်ရစ်နှောင်
ဘ၀ဆိုတာကို ထုတ်ခြင်းဖောက်အောင် စူးနစ်ဝင်ခဲ့တယ် ။

သဲတစ်မှုန်ဟာ ကမ္ဘာရဲ့အစိတ်အပိုင်း
ကမ္ဘာတစ်ခုဟာ စကြာဝဠာရဲ့အစိတ်အပိုင်း
စကြာဝဠာဟာ အနန္တများစွာရဲ့အစိတ်အပိုင်း
ဘ၀ဆိုတာဟာလည်း သံသရာရဲ့အစိတ်အပိုင်း

မရေရာမှုတွေကဘဲ ခြုံသိုင်းလွှမ်းရစ်နေတာလား
တွယ်တာမှုတွေကဘဲ ထုံထိုင်းလွမ်းရစ်စေတာလား
တစ်ကြိမ်တစ်ခါ ပေါ်ပေါက်ဖူးတဲ့အရာများစွာထဲမှာ
အရာတစ်ခုဟာ မြဲမြံနေခဲ့တယ် ။

အတိတ် ပစ္စုပန် အနာဂတ်
ကာလသုံးပတ်စလုံးမှာ မဏ္ဍိုင်
မြတ်နိုးခြင်း အလံကိုင်တဲ့
နှလုံးသားတပ်ရဲ့ သံယောဇဉ်သူရဲကောင်း
တစ်ကြိမ်သာတိုက်တဲ့ပွဲမှာ မရှုမလှကျဆုံးသွားခဲ့တာ
နယူတန်ရဲ့နိယာမတွေ ရိုက်ချိုးခံခဲ့ရလို့ပေါ့ ။

တွယ်ငင်နှောင်ရစ် မှုတွေတင်းကြပ်ရင်း
သီတင်းတစ်ပတ်မှာ ချစ်သူမျက်နှာသာ
ရက်ရာဇာ ဖြစ်တတ်ခဲ့တဲ့...ငါ
ဥပက္ခာပြသဒါး အောက်
တစ်စခြင်းစီ လိုက်ကောက်ခဲ့ရတဲ့ရင်ဘတ်အတွက်
စီရင်ချက်ချ နေ့ရက်မှာ

သေချာပါတယ်..
ကောင်းကင်က လမသာဘူး ။

အပြစ်ကို မြူတစ်မှုန်မျှမတင်ခဲ့လေတော့
သစ္စာတရားကို တိုင်တည်ဦးညွှတ်ရင်း
ချစ်သူအတွက် ပူပန်ခြင်းမှာ
ရင်ကွဲခြင်းဝေဒနာနဲ့ ထွေးပွေ့နှုတ်ဆက်
ရင်ခုန်သံ အချက်တိုင်းကိုလက်ဖွဲ့ခဲ့တယ်

ငါ့ရင်ခွင် ကြွေကာနင့်လေသမျှ
မင်းကိုယ်မှာ ဝေဒနာလွင့်စေသား..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.awesomeclipartforeducators.com မှကူးယူဖော်ပြပါသည်။

Friday, April 3, 2009

ပြန်လည်ဆန်းသစ် ဒုတိယအကြိမ်အဖြစ်

စကားချီး ။ ။

တနေ့သ၌ ကျွန်ုပ်သည်လုပ်ငန်းခွင်၌တက်ကြွစွာ ငိုက်မျဉ်းနေလျက်ရှိလေ၏။ သို့သော် ကြာရှည်စွာ ငိုက်မျဉ်းနိုင်ခြင်းကား မစွမ်းသာပေ။ အဘယ်အတွက်မူ ကျွန်ုပ်၏ အလုပ်ရှင်သူဌေးရောက်ရှိလာသဖြင့် လွန်စွာမှပင် အားထုတ်၍ အလုပ်လုပ်နေသယောင် ဟန်ဆောင်ထားရပေသည်။ သို့သော်လည်းကမ္ဘာပေါ်၌ အလေးဆုံးအရာသည် မျက်ခွံဖြစ်ရကား ကျွန်ုပ်မှာ အိနြေ္ဒမဆည်နိုင်လောက်အောင်ပင် ပျက်ရွင်းနေလေ၏။ ထိုသို့ ယိုင်လဲလုနီးနီးဖြစ်နေသာ ကျွန်ုပ်၏အခြေအနေအား ထိန်းသိမ်းရန်အတွက် ကျွန်ုပ်၏အာရုံတို့အား လွှဲပြောင်းရန် သူဌေးအလစ်၌ ကျွန်ုပ်၏ကောင်းကင်လေးရှိရာသို့ ရောက်ရှိခဲ့လေ၏။

ထိုသို့ရောက်ရှိလျှင် ရောက်ရှိခြင်း စီဘုံးဟုခေါ်တွင်သော ကျွန်ုပ်မိတ်ဆွေများ၏ မှတ်တမ်းများ သိမ်းဆည်းရာ ပြတိုက်လေး၌ အသစ်စက်စက် မှတ်တမ်းလေးတစ်စောင်အား အမှတ်မထင်တွေ့လိုက်ရလေတော့၏။ ထိုမှတ်တမ်းလေးမှာ ကျွန်ုပ်လွန်စွာမှပင် ခင်မင်လှ၍ ကျွန်ုပ်အားလည်း လွန်စွာမှပင် ခင်မင်ကြသော ကျွန်ုပ်နှင့် ပြောမနာ ဆိုမနာ မိတ်ဆွေရင်းချာများသဖွယ် ဖြစ်ကြသည့် ကိုရင်နော်နှင့် မခင်လေးငယ်တို့ ၏ မှတ်တမ်းပင် ဖြစ်လေတော့သည်။ ထိုမှတ်တမ်းတွင် ပါဝင်သော အကြောင်းအရာကို ဖတ်ရှုမိသည့်ခဏ၌ပင် ကျွန်ုပ်ရင်ဘတ်သို့ လော်ရီကား တက်ကြိတ်သည့်နှယ် အသက်ရှုကျပ်သွားလေတော့သည်။ အဘယ်ကြောင့်ဟူမူ မှတ်တမ်း၌

"ချစ်ခြင်းဗလပွဖြင့် TAG တော်မူ၏ ဟဲ ဟဲ..."

ဆိုသောစာမှာ ကျွန်ုပ်အား များစွာ အသက်ရှုကျပ်စေလေ၏။ အဘယ်အကြောင်းအရာများကို ရေးသားရန် ကျွန်ုပ်၏မိတ်ဆွေကြီးများ တက်ဂ်ပါသနည်း။ ပြင်းပြလာသော သိချင်စိတ်များအား မမျိုသိပ်နိုင်တော့သောကြောင့် ချက်ခြင်းလိုပင် အနှီမိတ်ဆွေကြီးများရှိရာ အိမ်ဂေဟာသို့ တက်သုတ်ရိုက် ချီတက်ခဲ့လေတော့သည်။ အိမ်သို့ရောက်လတ်သော် အကြိမ်ကြိမ် အခါခါ အသံပြု ခေါ်ငင်ပါသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ထွက်လာခြင်းငှာ မတွေ့ရှိရသဖြင့် ကျွန်ုပ်သည်လည်း တတ်သည့်ပညာ မနေသာသည့်အလျောက် ကျွန်ုပ်၏ပညာဖြင့်ပင် ယင်းမိတ်ဆွေကြီးတို့၏ တံခါးကိုဖွင့်ကာ ၀င်ရောက်ခဲ့လေတော့သည်။

ထိုသို့ ၀င်ရောက်သည်ဆိုခြင်း၌ ကျွန်ုပ်အနေနှင့် မည်သို့သော ပစ္စည်းတစ်စွန်းတစ်စမှ ခိုးယူလိုသော စိတ်မရှိဘဲ မည်သည့်အကြောင်းအရာအားတက်ခ်သည် ဆိုသော သိချင်စိတ်တစ်ခုတည်းသာ ရှိသည်ဆိုသည်ကိုမူ ကျွန်ုပ်နှင့် လွန်စွာရင်းနှီးခင်မင်ကြသော ကျွန်ုပ်၏ မိတ်ဆွေကြီးများ သိလိမ့်မည်ဟု မျှော်လင့်မိလေ၏။ ထိုသို့ တွန်းဖွင့် ၀င်ရောက်ရင်း အနှီမိတ်ဆွေကြီးများ၏ တက်ခ်ကို ရှာဖွေဖတ်ရှုရာ ယခင့်ယခင် ရေးသားထားသော အဟောင်းများအား ပြန်လည်ဆန်းသစ်ရန် တက်ခ်ထားခြင်းဖြစ်ကြောင်းကို သိရှိရလေ၏။ သို့မှသာလျှင် ကျွန်ုပ်လည်း အနည်းငယ် စိတ်အေးရလေတော့၏။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်လည်း ကျွန်ုပ်၏မိတ်ဆွေကြီးများနှင့် ကျွန်ုပ်လေးစားရသော စာဖတ်သူ၊ ဘလော့ခ်ဂါမောင်နှမများအား ပြန်လည် တင်ပြနိုင်ရန်အလို့ငှာ စဉ်းစားခန်းဝင်ရလေတော့၏။

ကျွန်ုပ်မှာ ကဗျာရေးသားသော ဘက်၌အားသန်သူဖြစ်သည့်အလျောက် ရေးခဲ့ဘူးသော ကဗျာများစွာရှိလေ၏။ သို့သော်ကျွန်ုပ်၏ကဗျာများမှာ ဖတ်ရှုသူများအတွက် စိတ်အပန်းပြေစရာ နည်းပါးလှသည် ဖြစ်သည့်အလျောက် ကျွန်ုပ်မှာလွန်စွာမှပင် အားနာခြင်းဖြစ်မိလေ၏။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်ကိုယ်တိုင် စိတ်ကူးဖြင့် တည်ဆောက်ခဲ့သော အိမ်လေးတစ်လုံးနှင့် ကျွန်ုပ် ဂျီတီအိုင်ကျောင်းသားဘ၀ ကိုယ်တွေ့ကြုံဆုံခဲ့ရသော ရီမောဖွယ်ရာ အမှတ်တရ အဖြစ်လေးတစ်ခုအား ဒုတိယအကြိမ် ပြန်လည်ဆန်းသစ်ခြင်းဖြင့် ကျွန်ုပ် မိတ်ဆွေကြီးများ၏ တက်ဂ်ကို ရေးသားလိုက်ရပါကြောင်း။၊



စိတ်ကူးနဲ့ဆောက်တဲ့အိမ်


အခမ်းနားဆုံး အလှတရားတွေနဲ့ ဖွဲတည်ရင်း
ရှိန်းမြနွေးထွေးခြင်းနဲ့ တည်ဆောက်ခဲ့...။

အဲဒီနေရာလေးမှာ...

ရင်ခုန်သံတွေ ထပ်တူကျခဲ့
အသည်းချင်းတွေ ထွေးပွေ့ခဲ့
နားလည်သိတတ်မှုတွေ မျှတခဲ့..။

နှစ်ယောက်ထဲပါ
အရာရာ ပြည့်စုံနေခဲ့တယ်...။

ကန္တာရလို နေရာမျိုးမှာ
နေပြောက်မတိုး တောအုပ်စိုက်ချင်တဲ့....ငါ
စိတ်ကူးအတွေးနဲ့ ဆောက်တဲ့အိမ်မှာ
အိပ်မက်တွေက
ရင်တိမ်းညွှတ်စွာ သာယာခဲ့...။

နှစ်ကိုယ့်တစ်စိတ် အိပ်ခန်း
သမုဒယလွှမ်း ကြမ်းပြင်
ရင်ငွေ့ချ ပန်းချီတစ်ချပ်နဲ့
သပ်ရပ်တဲ့ ဧည့်ခန်း
သံယောဇဉ် မြေနီလမ်းထဲ
နေခြည်ဖျော့ဖျော့ ထွေးဖက်
မေတ္တာဓါတ်နဲ့ ဆောက်တဲ့အိမ်
သစ္စာပန္နက်ရိုက်ရင်း ဖြစ်တည်
ငါ့.. မြတ်နိုးခြင်းနှင်းဆီ
မင်းပန်ဆင်ဘို့ ဖူးပွင့်နေခဲ့...။

အတင်းကြပ်ဆုံး ရစ်ပတ်ချည်နှောင်ရင်း
အမြတ်နိုးဆုံး သီကျူးတဲ့ ချစ်ခြင်းသံစဉ်တွေကြား

ချစ်သူရေ......

ကိုယ်တို့အိမ်လေးမှာ ဆည်းလည်းလေးတွေတောင်
ရင်...ခုန်...တတ်...နေ....ပြီ..။

အထက်တွင်အသုံးပြုထားသောပုံကို www.homeplaninfo.com ကူးယူဖော်ပြပါသည်။



အမှတ်တရအလွဲ(သို့) ကျွန်ုပ်နှင့်ကားမီး

ပူပြင်းအိုက်စပ်လှတဲ့ နွေရာသီနေ့တနေ့....

အဲဒီနေ့က ကျွန်တော်ကျောင်းသွားတုန်း တွေ့ကြုံရတဲ့အလွဲလေးတစ်ခုပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်က အင်းစိန်မှာ GTI မှာ ပထမနှစ်တက်ခါစ။ ကျောင်းဖွင့်တာ ၃လလောက်ဘဲ ရှိသေးတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဘယ်လိုအိပ်ချင်မှန်းကို မသိဘူး။ ကျွန်တော်လည်းအိပ်ချင်တဲ့ မျက်လုံးကိုအတင်းပြူးပြီး အိမ်ကထွက်လာခဲ့တယ်။ ရာသီဥတုကလည်း တော်တော်ပူတာ။ မြေနီကုန်းကားဂိတ်မှာ ကားစောင့်နေရင်း ပူပြင်းလှတဲ့နေမင်းကို ရန်လုပ်နေသေးတယ်။ ၁၀မိနစ်လောက်ကြာတော့ ၄၅aricon-busကြီးရောက်လာပါကော။ ဒါနဲ့ကျွန်တော်လည်း ကားနား ပြေးသွားပြီး ကားပေါ်တက်လိုက်ပါတယ်။ ကျေးဇူးရှင် စပယ်ယာကလည်း အတင်းတွန်းတင်နေတာ။ တော်တော်မလွယ်ဘူးဗျာ။

ကျွန်တော့် လက်ထဲမှာ Tကပါသေးတယ်လေ။ ကျောပိုးအိတ်ကဖက်၊ ဒီကြားထဲ ကျေးဇူးရှင်က အတင်းတွန်းတင်တော့ စိတ်ထဲကနေ မေတ္တာပို့လိုက်သေးတယ်။ ဒါနဲ့ကားပေါ်ရောက်တော့ ထိုင်စရာလေးများ ရနိုင်မလားလို့ မျက်စိကလေးကစားလိုက်တယ်။ တွေ့ပါပြီဗျာ ဟိုးနောက်ဆုံးတန်းမှာ။ ဒါနဲ့ကျွန်တော်လည်း သူများမထိုင်ခင် ကဗျာကယာ ပြေးဦးလိုက်တာပေါ့။

"ဟဲ့ ဟဲ့ ဘယ်လိုလုပ်တာလဲ..."
"ဟာ" "ကတော့နော် အမ ဆောရီး.."

ကျွန်တော်တောင်းပန်တာတောင် သူကမျက်ထောင့်နီကြီးနဲ့ ကြည့်တုန်း။ သူစိတ်ဆိုးမယ် ဆိုလဲဆိုးချင်စရာပါဘဲ။ ကျွန်တော်က နေရာရလိုဇောနဲ့ အပြေးလေးသွားတော့ လက်ထဲကTကို ခဏမေ့သွားတယ်၊ အဲဒီမှာတင် Tတံခေါင်းက အဲဒီအမကြီးလက်ကို ချိတ်မိပြီး ကျွန်တော်သွားတဲ့နောက် ကိုသူကယိုင်ပြီးတော့ ပါလာတာ။ သူ့ကြည့်ရတာလဲ တော်တော်နာသွားတဲ့ ပုံဘဲ။ ကျွန်တော်လည်း ဆောရီးပြောပြီး အသာလေးလစ်ထွက် လာလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်လည်း နောက်ဆုံးတန်းက ခုံမှာဝင်ထိုင်လိုက်တယ်။ မကြာပါဘူး စပယ်ယာ ကားခလာကောက်တာနဲ့ ပိုက်ဆံထုတ်ပေးလိုက်ပြီး လွယ်အိတ်လေး ပေါင်ပေါ်တင် Tတံကို ဒူးနှစ်ဖက်နဲ့ ညှပ်ပြီး စငိုက်တော့တာပေါ့။ မဟာမြိုင်မှတ်တိုင် ရောက်တော့ ကျွန်တော့်ဘေးက တစ်ယောက်ဆင်းသွားပြီး အသက်၅၅ ၆၀ လောက်ရှိတဲ့မိန်းမကြီး တစ်ယောက်ဘေးကို ၀င်ထိုင်လိုက်တာ သိလိုက်တယ်။ ဒါနဲ့ ကျွန်တော်လည်း ငိုက်ရင်းကနေ မှေးကနဲ အိပ်ပျော်သွားတယ်။

"မီးတွေ မီးတွေ ကားနောက်မှာ မီးလောင်နေပြီ"
"စပယ်ယာ ကားနောက်မှာ မီးလောင်နေပြီ"

ဆိုတဲ့ ကျွန်တော့်ဘေးက မိန်းမကြီး စူးစူးဝါးဝါး အော်သံကြားမှ ဆတ်ကနဲ လန့်နိုးသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ နောက်လှည့်ကြည့် လိုက်တော့ ကားနောက်မှာ မီးခိုးလုံးကြီးတွေက အူထွက်လာတာ တွေ့လိုက်ရတယ်။ ဒီမှာတင် ကျွန်တော့်ဘေးက မိန်းမကြီးက ဘာမပြော ညာမပြောနဲ့ ထပြေးတော့တာဘဲ။ ကျွန်တော်လည်း ဘယ်ရလိမ့်မလဲ ပေါင်ပေါ်တင်ထားတဲ့ ကျောပိုးအိတ်ကို ဇတ်ကနဲ ကောက်လွယ် Tကို လက်တစ်ဖက်က ကိုင်ပြီးပြေးတော့တာပေါ့။ ဟိုမိန်းမကြီးက ရှေ့က ကျွန်တော်က နောက်ကပေါ့။ ကားပေါ်မှာလည်း ကျွန်တော်တို့ နှစ်ယောက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာပေါ့။ အဲဒီမှာတင် စပယ်ယာက

"ဟာ ဘယ်လိုဖြစ်လို့ လျှောက်ပြေးနေတာတုန်း မီးလောင်တာ မဟုတ်ဘူးဗျ။ အင်ဂျင်ကျနေလို့ မီးခိုးအလုံးလိုက် ထွက်နေတာ"

"မသိဘူးလေတော် မီးခိုးတွေအများကြီး ထွက်တော့ ကျူပ်ကမီးလောင်တယ်ထင်လို့ပေါ့.."

လို့ ပြောပြောဆိုဆို နဲ့ ဘာမှမဖြစ်သလိုနဲ့ သူ့နေရာသူ ပြန်သွားထိုင်နေလေရဲ့။ ကျွန်တော့် မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ အိပ်ချင်မူးတူးနဲ့ သူ့နောက်ကလိုက်ပြေး မိတာကိုး။ တစ်ကားလုံးကလည်း ပြူံးစိစိနဲ့ ကျွန်တော်တို့ကို ၀ိုင်းကြည့် နေကြလေရဲ့။ တစ်ချို့မထိန်းနိုင်တဲ့ သူတွေဆို အသံထွက်ပြီးတောင် ရီနေလေရဲ့။ ဟိုမိန်းမကြီးကတော့ ဘာမှမဖြစ်သလို သွားထိုင်နေနိုင်ပေမယ့် ကျွန်တော်မှာတော့ ရှက်လွန်းလို့ နီးစပ်ရာ မှတ်တိုင်မှာ ဆင်းပြီးနောက်ကား ပြောင်းစီးခဲ့ရပါကော။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Wednesday, April 1, 2009

မျက်နှာဖုံးခွာလိုက်တဲ့သစ်ပင်

အဲဒီသစ်ပင်ပေါ့...
ခြေလက်တွေ သုတ်သင်ခံရတိုင်း
ဘ၀ကို ကျိန်စာတိုက်တိုက်နေတတ်တာ ။

ခြောင်းမြောင်းလုပ်ကြံခံရတဲ့ ရွက်ကြွေတွေအတွက်
ရေသောက်မြစ်ကို အဆက်ဖြတ်ရင်းက
လောကကို လှောင်ရယ်ပစ်လိုက်တယ်
ရင်ဘတ်မှာ အက်ရာတွေထင်ရင်းနဲ့ပေါ့ ။

ဖြစ်တည်ခြင်းကို တိုက်စားခံရရင်း
ပြဌာန်းချက် ခပ်ညစ်ညစ်နဲ့
ဘ၀ထဲကို တိုးဝင်လာခဲ့လိုက်တာ
ရုန်းထွက်ခြင်း ကမ်းပါးရောက်မှ
လကလှောင်ပိတ်ခံထားရမှန်း သိတယ် ။

စွန့်ပစ်ခြင်းခံညနဲ့ အရောင်ချွတ်ခံရတဲ့ဘ၀မှာ
ဂုဏ်သိက္ခာအတွက်တဲ့ ငါ့ရင်ဘတ်မြစ်ထဲ
လူမဆန်တဲ့ဒဏ်ရာတွေ စိုက်သွင်းခဲ့လိုက်ကြ ။

တကယ်တော့...
မြစ်တွေကျယ်ဘို့ အတွက်
သောင်ပြင်အသက်တွေ စတေးခဲ့ရတာ ။

နောက်ဆုံးမှာ...
ချဉ်ဆီလှိုက်တိုင်း ကဗျာတွေထပွင့်တတ်တဲ့ရာသီအရောက်
ဟန်ဆောင်မှုကိုရွံမုန်းသွားတဲ့ သစ်ပင်ဟာ
သူ့မျက်နှာဖုံးကို သူခွာချလိုက်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.library.uvic.ca မှကူးယူဖော်ပြပါသည်။

Template by - Abdul Munir