Sunday, May 31, 2009

ကဗျာဈာပန

အဲဒီကဗျာပေါ့...
စိတ်ကူးအတွေးကို
အမြင့်မားဆုံး ရင့်ကြူးဖွဲ့သီရင်း
လောကဓံ ကမ်းရိုးတန်းတလျောက်
ပိတောက်တွေနဲ့ ပစ်ပစ်ပေါက်နေတတ်ရဲ့ ။ ။

အဲဒီ့ကဗျာပေါ့...
ပဓါနနဲ့ ပကာသနကြား
ရုန်းကန်ဖောက်ထွက်ဖို့ ကြိုးစားရင်း
အရိုးစွဲတဲ့ သတ်မှတ်ခြင်းဘောင်ကိုဖြိုချချင်နေခဲ့ပေါ့ ။ ။

တစ်ခါတစ်ခါမှာ.. ကဗျာဟာ
သူ့သွေးကြောထဲ သူကိုယ်တိုင်စီးမျောရင်း
မနက်ညစာတွေလည်း ပေါင်းစားနေတတ်ရဲ့ ။ ။

အဲဒီ့ကဗျာကဘဲ
စီးကရက်နဲ့ ကော်ဖီကို
အသည်းခိုက်အောင် ကြိုက်နေပြန်သေးသတဲ့ ။ ။

ဘ၀ရဲ့ဆူကြုံနိမ့်မြင့် ကံတရားတွေ
အမြဲတမ်းမှန်ကန်မှုမဲ့တဲ့ အမှန်တရားတွေ
နေ့နဲ့ညကိုစားသုံးနေတဲ့ လူကုံထံတွေ
ကမ္ဘာလုံးပေမဲ့ ပြားပြီးရင်းပြားနေတဲ့ဘ၀တွေ
ဒါတွေကိုငေးကြည့်ရင်း ကဗျာက
ဆင်ခြင်တုံတရားတွေ လွှင့်ထုတ်နေတတ်ခဲ့ပြန်ပေါ့ ။ ။

ခံယူထားရှိတတ်ခဲ့တဲ့စိတ်နဲ့
ရပ်တည်ခဲ့တဲ့ နေရာတွေမှာ
ဘ၀ဖောင်ကို ကြိုးစားပဲ့ကိုင်
လွဲမှားစွာကျင့်သုံးခဲ့တဲ့ နေ့ရက်တွေကို
ခေါက်ချိုးသိမ်းထည့်ရင်း ကဗျာဟာ
ပင်စည်မဲ့တဲ့ အခြေအနေမျိုးမှာတောင်
အပွင့်အဖူးတွေနဲ့ ၀င့်ဝင့်ကြွားကြွားရူးချင်နေခဲ့သေးတယ် ။ ။

ကာကွယ်ချိန်မဲ့ခဲ့သလို ကာကွယ်နိုင်စွမ်းလည်းမရှိခဲ့
အပြင်းထန်ဆုံး အရက်စက်ဆုံးတို့ထက်
ပိုမိုဆိုးဝါးစွာ ရင်နှလုံးဖောက်ခွဲခံခဲ့ရချိန်မှာတော့
ကဗျာကလေ....အဲဒီ့ကဗျာက
သူ့ကိုယ်သူ ပြန်သတ်လိုက်တယ် ။ ။

သင်္ခါရတဲ့ ဈာပနမှာမှထပွင့်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံအား www.nzflowers.co.nz မှ ကူးယူဖော်ပြပါသည်။

Wednesday, May 27, 2009

မိတ်ဆက်ခြင်း

ကျွန်ုပ် ဘလော့ခ်လောကသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစကာ ယနေ့အချိန်အထိ ကျွန်ုပ်နှင့်ခင်မင်ခဲ့ကြသော၊ ကျွန်ုပ်နှင့်ခင်မင်ရင်းနှီးခြင်း မရှိသော်လည်း ကျွန်ုပ်ကဲ့သို့ပင် ကဗျာ စာပေရေးသားခြင်း ကိုဝါသနာထုံကြသော ကျွန်ုပ်နှင့်ရင်ဘတ်တူကြသော မိတ်ဆွေများအား ဖတ်ရှုကူညီ ဝေဖန် အကြံပြုနိုင်ခြင်းအလို့ငှာ ကျွန်ုပ်၏ မိတ်ဆွေ ၀ါသနာရှင်လူငယ်တစ်စု ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်ခဲ့ကြသော contemporary art ဟုခေါ်ဆိုအပ်သော ခေတ်ပြိုင်စာစုလေး တစ်စောင်နှင့် ရင်ဘတ်တူ စာပေ၀ါသနာရှင်၊ မိတ်ဆွေများအား အခါအခွင့်သင့်ခြင်းအားလျော်စွာ မိတ်ဆက်ပေးလိုပါသည်။ ဤစာစုလေးအား စီစဉ်ထုတ်ဝေသူ ကျွန်ုပ်၏မိတ်ဆွေများမှ ရပ်ဝန်းသစ် ဟူ၍ အမည်နာမ မှည့်တွင်ထားကြပါသည်။ ထိုရပ်ဝန်းသစ်ခေတ်ပြိုင်စာစုလေးတွင် ၀ါသနာ၏စိတ်စေရာအရ ကျွန်ုပ်ရေးသားသော ရင်ဘတ်ကြိုးဟု ခေါ်တွင်သည့် မဖြစ်ညစ်ကျယ် ကဗျာလေးတစ်ပုဒ်အားလည်း ကံအားလျော်စွာ ဖော်ပြခွင့် ရခဲ့ပါသည်။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်နှင့် ရင်ဘတ်တူကြသော ကဗျာစာပေ ရေးသားခြင်းကို ၀ါသနာထုံကြ သော ကျွန်ုပ်မိတ်ဆွေများအား ဝေဖန်အကြံပြု ကူညီ ပါဝင်နိုင်စေခြင်းအလို့ငှာ ဤ ရပ်ဝန်းသစ်ခေတ်ပြိုင်စာစု လေးနှင့် မိတ်ဆက်ပေးလိုပါသည်။ ဤစာစုလေး၏ဖွဲ့တည်ပုံနှင့် အသေးစိတ်အချက်အလက်များအား အောက်တွင် တစ်ပါတည်း ပူးတွဲ ဖော်ပြပေးကာ ထိုစာစုလေးအား ဝေဖန်အကြံပြုကူညီ ပံ့ပိုးနိုင်စေခြင်းအလို့ငှာ ဒေါင်းလုပ်လင့်ခ်နှင့်တကွ လေးစားစွာ ဖော်ပြမိတ်ဆက်ပေးလိုက်ပါသည်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


စာပေအနုပညာ ၀ါသနာပါသော မိတ်ဆွေသူငယ်ချင်းများသို့...

မိတ်ဆွေတို့၏ စာပေအနုပညာများကို စုစည်းဖတ်ရှုရန် အလို့ငှာ လစဉ်စာအုပ်တစ်အုပ်ကို အွန်လိုင်းဖြန့်ချိရန် ကျွနု်ပ်တို့ရည်ရွယ်နေပါသည်။ လစဉ်ပုံမှန်ထွက်ရှိနိုင်ရေးအတွက် စာမျက်နှာအရေအတွက်မှာ ကန့်သတ်မှုရှိနေ
ပါသည်။စာအုပ်မှာE-book အမျိုးအစား ဖြစ်၍ အခမဲ့ဖြန့်ချိပါမည်။ မိတ်ဆွေတို့၏ အနုပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

စာအုပ်၏ရည်ရွယ်ချက်၊ပုံသဏ္ဌန်ကိုခန့်မှန်းရန်အတွက် အသေးစိတ်မိတ်ဆက်လိုပါသည်။
(၁) E-book အမျိုးအစား ရောင်စုံစာအုပ်ဖြစ်ပါသည်။
(၂) အခမဲ့ online မှတဆင့်ဖြန့်ဝေပါမည်။
(၃) တစ်လတစ်ကြိမ်ထွက်ရှိပါမည်။
(၄) စာမျက်နှာ ကန့်သတ်ချက်ရှိပါသည်။
(၅) အခန်းကဏ္ဍ (၄)ခုပါဝင်ပါမည်။
(တစ်ပုဒ်လျှင်တစ်မျက်နှာထက်မကျော်ရပါ။)
(က) ကဗျာ ၅ ပုဒ်
(ခ) ကတွန်း ၁ ပုဒ်
(ဂ) ဆောင်းပါး ၁ ပုဒ်
(ဃ) ၀တ္ထုတို ၃ ပုဒ်

(၆) စာအုပ်၏ မျက်နှာဖုံးနှင့် မျက်နှာဖုံးပါခေါင်းစဉ်သည် စာပေ၀ါသနာရှင်များ တိုက်ဆိုင်ခံစားရေးသားနိုင်ရန် ရည်ရွယ်ပါသည်။ ခေါင်းစဉ်နှင့် မတိုက်ဆိုင်သော ပုဂ္ဂလိက ခံစားချက်များကိုလည်း ရေးသားပေးပို့နိုင်ပါသည်။

(၇) နောက်လထွက်ရှိမည့် စာအုပ်၏ အဖုံးကို စာအုပ်၏နောက်ဆုံးစာမျက်နှာတွင် ကြည့်ရှူနိုင်ပါသည်။
(က) ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ၀တ္ထုတို စသည်တို့ကို မိတ်ဆွေတို့မှ ပေးပို့နိုင်ပါသည်။
(ခ) ကျွနု်ပ်တို့၏ E-mail (yatwonthit@gmail.com) သို့မြန်မာစာဖြင့်ရိုက်ပြီးပေးပို့ရပါမည်။
(ဂ) E-book ဖြစ်သည့်အတွက် ကာတွန်းများအားလုံး ကွန်ပျူတာဂရပ်ဖစ်ဖြင့် ပေးပို့ရပါမည်။

(၈) စာအုပ်၏ ခေါင်းစဉ်မှာ တစ်လတ်ကြိမ်ပြောင်းရန် ရည်ရွယ်ထားပါသည်။ ဖတ်ရှုသူများ မငြီးငွေစေရန်ရည်ရွယ်ပါသည်။

ပထမဆုံးထွက်ရှိလာသော ဇွန်လအတွက် ရပ်ဝန်းသစ်ခေတ်ပြိုင်စာစုကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။ဤခေတ်ပြိုင်စာစုလေးအား မိတ်ဆွေတို့၏ တန်ဘိုးရှိသော အချိန်လေးများအား ဖဲ့ထွင်ကာ အချိန်ပေး ဖတ်ရှူခြင်းအတွက် ရပ်ဝန်းသစ် မှအထူးပင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။



ပေးပို့ရန်လိပ်စာ... yatwonthit@gmail.com

ခင်မင်လေးစားစွာဖြင့်၊
ရပ်ဝန်းသစ်

Saturday, May 23, 2009

စိုသူမဲ့သောမိုးစက်များ

အဲဒီနေ့က
ကောင်းကင်မှာ လမသာဘူး
ကြယ်တာရာတွေတော့ လင်းတယ်
ရေးလက်စကဗျာတစ်ပုဒ်ကို ခေါက်သိမ်းရင်း
ဘ၀ကိုတစ်ဆစ်ချိုးဘို့ ကြိုးစားတော့
ခေါက်ရိုးကျိုးနေတဲ့ ထောင့်တွေက
ဆန္ဒမှန်သမျှကို ဆန့်ကျင်နေကြ ။ ။

ဝမ်းတထွာကို ကျောင်းဖို့
ငါ့ကိုယ်ငါ ပေါင်းသင်ရင်း
ကြဲချလိုက်တဲ့ မျိုးစေ့တွေမှာ
ပတ်ဝန်းကျင်ရဲ့ သဟဇာတတွေပါတယ် ။ ။

နက်နက်နဲနဲ ဖြစ်သလို
နက်နဲမှုမရှိတဲ့ အတွေးကိုတွေးရင်း
မှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခို့ငွေ့တွေမှာ
လက်ပွန်းတတီး ညှစ်သတ်ခံလိုက်ရတဲ့
အတိတ်အနာ များစွာပါတယ် ။ ။

ဘယ်လိုလဲ.....

ဘ၀ကိုပဲ ကျောင်းမှာလား
အချစ်ကိုပဲ ပေါင်းမှာလား
တစ်ချို့ဒသနတွေက စိတ်ဓါတ်ကိုအားဖြည့်နေကြပေါ့ ။ ။

ငါသောက်သုံးမိလိုက်တဲ့ အိပ်မက်တစ်ခွက်အတွက်
မျှော်လင့်ချက်တွေကို ဖြည်ချရင်း
ညခင်းရဲ့ အလှဖောင်ထက်မှာ
ပေါက္ခရ၀ဿမိုးတွေ ရွာချမိကာမှ
ငါ့ရင်က တရိရိနဲ့နာလာတယ် ။ ။

ဒီမိုးစက်မှာ စိုသူမဲ့နေတယ်...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံအား www.rocbike.com မှ ကူးယူဖော်ပြပါသည်။

Saturday, May 16, 2009

အက္ခရာတိုက်ပွဲ

ပြင်မရတာတွေလည်း ဘ၀မှာဖြစ်ခဲ့သလို
အထင်ကရတွေလည်း ညမှာဖြစ်ခဲ့တယ် ။ ။

ကိုယ့်အသွေး ကိုယ်ကျစ်ရင်း
အရိုးဆွေးအောင် တုပ်နှောင်ရင်း
ဘ၀ကိုမျှားဘို့ ဘ၀ကိုငါးစာလုပ်
ဖြားယောင်းခြင်းဘုံထုတ် ပွဲတော်မှာ
လွတ်ကျကွဲကြေသွားတဲ့ တယောသံ
အက်သံတွေပါဝင်နေတာက ကံကြမ္မာလား ။ ။

တစ်ထွာဆိုတဲ့ ၀မ်းကိုကျောင်းဘို့
ကိုယ့်အနားသတ်ဘောင်ကို ကိုယ်ပြန်မျိုနေရတော့
နေ့တဓူဝဆိုတာ စက်ဆုပ်စရာတောင်ကောင်းလာတယ် ။ ။

ကဲ....
မင်းတို့ငါတို့တွေ လူဖြစ်လာကြတည်းက
သုံးဆယ့်သုံးသော ဗျည်းတွေနှိပ်စက်လာလိုက်တာ
ဝိညာဉ်နုတ်ခံလိုက်ရတဲ့ အိပ်ယာထက်မှာတောင်
ဘီလူးငုတ်တုတ်ထိုင်လို့ ။

အဲဒီ့ စစ်တလင်းမှာ
ရာသီနက္ခတ်တွေ လင်းလက်နေဆဲ
တစ်လမ်းမောင်းဝင်ရိုးတွေ တိုးထွက်နေဆဲ
အိမ်လွမ်းတေးကို ရင့်ကျူးနေဆဲ
မိမာတာကို ဦးညွှတ်နေဆဲ
သင်းကွဲကဗျာကို ရွတ်သီနေဆဲ
ကလောင်တစ်ချောင်းနဲ့ အက္ခရာတိုက်တဲ့ပွဲမှာ
ငါ့ခံတပ်မြို့ရိုး သစ်ကနက်သားနဲ့ရေးထိုးတယ်...

တစ်ခါတစ်ခါ စိတ္တဇနာမ်တွေဝါးမျိုတာ
ရင်လှိုက်နင့်အောင် နာတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.gamesetwatch.com မှ ကူးယူဖော်ပြပါသည်။

Template by - Abdul Munir