Friday, July 31, 2009

ပစ်စလတ်ခတ် ကောင်းကင်

အနူးညံ့ဆုံးလို့ ရည်စူးခဲ့တယ်
အချစ်တတ်ဆုံးလို့ ဟစ်ကြူးခဲ့တယ်
တကယ်ဆို...
အဖြစ်တွေ မထူးခင်ရူးသွားနိုင်တဲ့အနေအထားတွေနဲ့
အခုဘ၀က ရှေ့သွားနောက်လိုက်မညီတော့ဘူး ။ ။

အနာဂတ်ကို မှန်းမျှော်ကြည့်တော့
ပိန်းပိတ်အောင် မှောင်တဲ့ညတွေမှာ
ဘ၀ကံကြမ္မာတွေ ခါးသက်လွန်းတာများ
အတိတ်ချိုချိုတွေတောင် ဆေးဘက်မ၀င်တော့ ။ ။

ငါ့သက်ပြင်းနဲ့ပဲ ငါ့ခန္ဓာကိုထွန်းလင်းစေလိုက်တယ်
တိုးတိတ်လွန်းစွာရှိုက်ငင်နေတဲ့ အရိုးအဆစ်တွေရဲ့ညဉ်းသံနဲ့
ဘယ်လိုစည်းချက်မျိုးမှ ကာရန်မတိုးတော့တဲ့အခါ
နေဆယ်စင်းရဲ့ အပူမျိုးတွေကိုပဲ
တစ်ယုတစ်ယပိုက်ထွေးရင်း
အမှတ်တရတွေထဲမှာပဲ တခုတ်တရရူးသွပ်နေပေါ့ ။ ။

ဝါးအနုလေးတွေစုနေတာ မြှစ်ဖြစ်ခဲ့သလို
သနားအမှုလေးတွေစုနေတာ အချစ်ဖြစ်ခဲ့ရင်
လောကပါလရေ...
ဘယ်လိုသနားမှု တံစိုးလက်ဆောင်မှမပေးနဲ့
ငါ့ရင်ခွင်ရွက်တိုင်ထိပ်မှာ အကြင်နာတံဆိပ်ကပ်နှိပ်ခွင့်မရှိတော့လို့ ။ ။

ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာချည်းပါတဲ့
အချိန်တော်တော်ကြာကြာတည်းက ကြားဖူးခဲ့တယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုလိုက်လျောလွန်းနေရတော့
နစ်မြုပ်မှန်းမသိနစ်မြုပ် ယိုင်နဲ့မှန်းမသိယိုင်နဲ့ရင်း
ကန့်လန့်ဖြတ်မျောတဲ့ အနာဂတ်ခရီးကြောမှာ
ဝေဒနာသာ အောင်ပွဲခံလို့ပေါ့ ။ ။

ပေးခဲ့ဖူးတဲ့ ကတိစကားတွေနဲ့
ထားခဲ့ဖူးတဲ့ သစ္စာတရားတွေဟာ
စတေးပစ်ခံလိုက်ရတဲ့ နှလုံးမိုက်ရင်မှာ
ဖွတ်တစ်ကောင်လောက်တောင်မှ တောက်ပမှုကင်းမဲ့သွားတဲ့အခါ
ဒဏ်ရာတွေကိုပဲ နေ့ရက်လိုခင်းနင်းရင်း
ရင်တွင်းအပူရုပ်ကို ဟန်ဆောင်သိမ်းထုပ်
ခန္ဓာမီးငြိမ်းလို့ အာရုံတွေမတိမ်းခင်
စိတ်စေရာဟင်းလင်းပြင်ထဲ ဗလာစိတ်တွေနဲ့မျောဦးမယ်
ရင်နင့်ခြင်းရာသီမှာ
ပစ်စလတ်ခတ် ကောင်းကင်ဟာလည်း
ဘာရာဇ၀င်မှ မရေးချင်တော့ဘူး ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, July 27, 2009

အရိုးစွဲသွားတဲ့ ဒဏ်ရာ

တဖြုတ်ဖြုတ်ကြွေနေတဲ့ စိတ်တွေ
အသာယာဆုံးလို့ ရည်မှန်းခဲ့ဘူးတဲ့အိပ်မက်တွေ
တပ်တပ်မက်မက် ချဉ်ခြင်းတက်ခဲ့တဲ့ နေ့ရက်တွေ
အားလုံးကိုစွန့်လွှတ်လိုက်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်ဆိုတဲ့
တစ်ခါက ဖတ်ခဲ့ဘူးတဲ့ကဗျာတစ်ပုဒ်
အခု ငါ့ရင်ခုန်သံကို အဆိပ်သုတ်နေကြပြီ ။ ။

ဘ၀ဆိုတာကို ငါကရွေးချယ်တာလား
ဘ၀ဆိုတာက ငါ့ကိုရွေးချယ်တာလား
သိပ်တော့မသေချာပေမယ့်
အဲဒီ့ဘ၀ရဲ့ ညတွေမှာ အလှဆိုတာ မပါဘူး ။ ။

စကားဆိုတာ စကြာဝဠာထဲမှာလွင့်ပျံနေတဲ့
ဒြပ်မဲ့လှိုင်းတစ်ခု ဖြစ်ခဲ့ရင်
ငါ့ရင်ခွင်မြို့ ရိုးရဲ့ စကားလုံးကြီးစိုးရာသီမှာ
ငါ့ခန္ဓာကို ကြဲဖြန့်ရင်း နှလုံးသွေးအစစ်ကို
မင်းချစ်ခြင်းပွဲတော် အတွက်
ယဇ်တင်ပူဇော်မယ် ။ ။

ရက်စက်ခဲ့တာလား
အရက်စက်ခံခဲ့ရတာလား
ဒါမှမဟုတ် ရက်စက်ဖို့အတွက်တိုက်တွန်းနှိုးဆော်ခဲ့တာလား
ပတ်ဝန်းကျင်မှာ သုညမိုးတို့ထစ်ချုန်းလို့ ။ ။

ကောက်ပင်ရိတ်လှီးတဲ့
စကားကြီးဆယ်မျိုးထဲကတစ်နည်းပေါ့
ငါ့ကို ထိုးနှက်လိုက်ပုံများ
အနုံညတရ ရင်ခွင်မှာ
မျက်ရည်သာ ပင်လယ်ဖြစ်ခဲ့တယ် ။ ။

ချစ်ခြင်းကို ဘုံထုတ်သတ်မှတ်ရင်း
အသည်းနှလုံးကင်းမဲ့ခြင်း အပြစ်ဒဏ်မှာ
အစွန်းရောက်သွားတဲ့ ဘ၀တစ်ခုသာ
လှော်ခတ်ရင်း တက်ကြိုးလို့
အဆိုးနဲ့သာ မွေ့လျော်ပျော်ပိုက်
ဟောဒီ့ ရင်ခွင်ခပ်မိုက်မိုက်လေ
ဒဏ်ရာတွေနဲ့ လဲကျနေခဲ့ပြီ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, July 20, 2009

ညရာသီ၏နောက်

အမှောင်ရင့်ရင့်သန်းနေတဲ့ စိတ်တစ်ခြမ်းနဲ့ဘဲ
ဘ၀ကိုလှမ်းလျှောက်တော့
တိုက်ခိုက်တွန်းတိုက် ကြေမွသွားလိုက်ပုံများ
အထ္တုပတ္တိမဲ့သွားတဲ့ ရာသီမှာ
ညက တိုးတိတ်ရီဝေစွာကခုန် ။ ။

စိုးရွံ့ မှုတွေနဲ့ တွန်ကြူးနေတဲ့လေတိုးသံမှာ
စည်းချက်မှန်နေတဲ့ အထီးကျန်ခန်းဆီးတစ်စ
ရှိန်းမြရစ်ခွေစီးဆင်းနေတဲ့ မျက်ရည်မြစ်နှုတ်ခမ်းနဲ့
ခြောက်ကပ်ကပ်အထီးကျန် အခန်းထောင့်တစ်နေရာမှာ
ငါကိုယ်တိုင်ထုဆစ်တဲ့ အပူရုပ်ထုတစ်ခု
အနာဂတ်ကို ထုတ်ဖော်သီကြူးဖို့ကြိုးစားရင်း
လျှပ်ပန်းလျှပ်နွယ် ပြည့်နှက်နေတဲ့ကောင်းကင်ယံထက်
ပျောက်သွားတဲ့ ကြယ်တစ်လုံးကိုသာရှာဖွေနေခဲ့မိတယ် ။ ။

လင်းချင်းခွင့်တွေကိုတော့ ရုပ်သိမ်းလိုက်ပါ
အမိုက်မှောင်မှာ ကျဆုံးသွားတဲ့ညအတွက်
လက သူ့ကိုယ်သူအမိုက်မဲဆုံး ပွတ်တိုက်ခြယ်သချင်နေလို့ ။ ။

တစ်ချက်မှောက်ကစားပွဲတွေအောက်မှာ
သံသရာမြှားတွေ တိုးတက်ထွန်းကားခဲ့လေတော့
ဘယ်မုဆိုးမှလည်း လူရာမ၀င်တော့ဘူးပေါ့ ။ ။

ချိုးဖျက်မရနိုင်တဲ့ ထုံးတမ်းဓလေ့တွေနဲ့
အကြီးမားဆုံးဝန်တွေရဲ့ ထိုးနှက်မှုတွေအောက်
နာလန်မထူနိုင်လောက်အောင် နူးညွှတ်တိမ်းခွေရင်း
လမင်း အကျဉ်းကျသွားတဲ့
ကောင်းကင်ရဲ့ ရင်ကွဲပက်လက်ရာသီမှာ
ငါလေ..........
ခြေပစ်လက်ပစ် အိပ်စက်နေလိုက်မိတယ် ။ ။

စေတန်တို့ရဲ့ ရာဇ၀င်တဲ့
တပ်မက်မှုနဲ့ နာကြင်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Thursday, July 9, 2009

မိုးမြင့်တမ်းချင်း

စိတ်အနှစ်ရဲ့ သိက္ခာအဆီတဲ့
လူယဉ်ကျေးတွေ ရီကြလိမ့်မယ်...။

ဘယ်လောက်များရရှိခဲ့ပြီးပြီလဲ
ဘယ်လောက်ကော ပေးဆပ်လိုက်ရလဲ
ဘာတွေထပ်ရဖို့ကော ကျန်ရှိနေသေးလဲ

မေတ္တာကို ဈေးကွက်တင်ရောင်းချလာတဲ့အခါ
အချစ်နဲ့ သစ္စာဟာ ရွှေမန်းသဘင်နဲ့မော်တော်ဘုတ်နာမည်သာသာ...။

သိပ်ကိုချစ်တတ်ပါတယ်တဲ့
သိပ်ကိုမြတ်နိုးတတ်ပါတယ်တဲ့
တစ်ဒင်္ဂ ဖြတ်ပြေးသွားတဲ့ အပြုံးအောက်မှာ
မာယာတပ်သားတွေ ကိုးဖျာမက...။

ဟန်ဆောင်ခြင်းတွေကိုဘဲ ပြန်လည်ဟန်ဆောင်လာကြတဲ့ခေတ်ထဲ
ချစ်ခြင်းကို ဘောင်ခတ်သတ်မှတ်လာကြတော့
လှည့်စားခြင်းတွေကိုပဲ မြိန်ယှက်စွာသောက်သုံး
ရာသီအမျိုးမျိုးမှာ ပန်းအမျိုးမျိုးတွေပွင့်ပြလိုက်ကြတာများ
ငါ့လက်ထဲမှာ အသည်းဘယ်လောက်ကွဲခဲ့တာကို ဂုဏ်ယူလိုက်ကြ
မျက်နှာဖုံးတွေ အမျိုးမျိုးနဲ့ ပွဲခံလိုက်ကြ
ခေတ်ကိုက ကြေးစားသိပ်ဆန်လွန်းနေပြီ...။

ငိုကြွေးနေတဲ့ အိမ်အိုတစ်လုံးထဲ
ပြုံးယောင်ဆောင် ပန်းချီတစ်ချပ်
မွန်းကြပ်ပြည့်လျှံ စကားလုံးနံရံနဲ့
အေးစက်သွားတဲ့ မနက်ခင်းစာ
ဆောင်ယူသူမဲ့နေတဲ့ သွားပွတ်တံတစ်ချောင်း
လောကရမ္မက်ထဲမှာ တစ်ချက်ခြင်းပစ်ချ
ဆည်းလည်းတစ်လုံးရဲ့ ကြုံးဝါးသံမှာ
သံစဉ်တွေအားလုံး ကျိုးပျက်ကြေမွ....။

အတုအယောင်ဆိုတဲ့ စကားလုံး
သုံးဆယ့်တစ်ဘုံမှာ အခါးဆုံးအရာ
အစစ်ဆိုတာ ပျောက်ဆုံးတောင်
အတ္တပုံဆောင်နဲ့ အစားမထိုး
ငါ့ရင်ခွင်သင်ရိုးမှာ ဘာသာရိုင်းတွေပဲကြီးစိုးတယ်...။

မိစ္ဆာတွေ ထုံကူးတဲ့အသိုက်အမြုံ
နင်ချန်ရစ်လေတော့မှ ကြုံတယ်...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, July 6, 2009

တံခါးတစ်ချပ်ရဲ့ ည


ပျောက်ရှသွားတဲ့ တည်မြဲမှုတွေကို
ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားရင်း
ဘ၀ကို မျဉ်းဖြောင့်ဆန်ဆန်ခြယ်သမိလိုက်ရဲ့ ။ ။

အတိတ် ပစ္စုပန် အနာဂါတ်
မရေရာမှုတွေနဲ့ ပြွန်းတီးနာကျင်
အကြိမ်ကြိမ်အဖန်ဖန် လဲပြိုမှုမှာအသားကျရင်း
ဖိတ်ကျခဲ့တဲ့ ဘ၀ရွှေအိုရောင်မှာ
ဝင်ရိုးမဲ့သွားတဲ့ တံခါးတစ်ချပ်
ခိုင်မာခြင်းကို သပ်သွင်းကျားကန်ဖို့ကြိုးစားဆဲ
သက်တမ်းဖွက်တမ်းကိုခုံမင်တဲ့ ညတို့ရဲ့အလယ်
ဝိညာဉ်ဖြို တေးသံချိုတွေကြား
ပြိုကျမှန်းမသိအောင်ကို တစ်စတစ်စ
ပြိုကျပျက်သုဉ်းလို့ ...။ ။

ဦးစားပေးသင့်တဲ့ အရာတွေအတွက်
ဦးစားပေးခြင်းကို စွန့်လွှတ်ရင်းက
နှိပ်စက်ကလူ သံချက်လိုမြူတွေကြောင့်
ေ၀၀ါးသွားတဲ့ အာရုံအစုံမှာ
ကြည်လင်မှုကို ဖန်ဆင်းဖို့
ကမ္ဘာဦးရဲ့ ညကောက်တေးသံ
ငါ့ရင်နဲ့ နာခံခွင့်ပြုပါ ။ ။

အံချော်သွားတဲ့ ဆန္ဒတွေနဲ့
ညွှတ်ယိုင်နှုံးခွေခြင်း တွင်းနက်ထဲ
ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့တံခါးတစ်ချပ်
သူ့မွေးရက်မရောက်ခင် မသေဆုံးချင်တာလည်း
အံချော်နေတဲ့ ဆန္ဒတစ်ခုလေလား ။ ။

တံခါးက တံခါးတွေကို အားပေးခဲ့တယ်
တံခါးက တံခါးတွေဖွင့်နိုင်အောင်ကူညီပေးခဲ့တယ်
တံခါးက တံခါးပီသအောင် နေထိုင်ခဲ့တယ်
အဲဒီ့တံခါးကိုယ်တိုင်က ကိုယ့်ပုံဆောင်ခဲကိုယ်ပြန်မျိုရချိန်
အာရုံဖျက်ခြစားနေတဲ့ အမြုတေတစ်ခုသာ
တံခါးရဲ့ ရာဇ၀င်ဖြစ်လာခဲ့တယ် ။ ။

အရာရာဟာ မမြင်နိုင်တဲ့အစီစဉ်ကျမှုမှာ
ပျော်ဝင်လှည့်ပတ် နေခိုက်
မြို့က သူ့ကိုယ်သူတိုက်ချွတ်ရင်း
ညကို အသက်သွင်းခဲ့ပြန်ပြီ ။ ။

ငွေမြစ်ပင်စည်တဲ့
လူတိုင်းရဲ့ ရင်မှာတည်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.comမှ ကူးယူဖော်ပြပါသည်။

Template by - Abdul Munir