Sunday, September 5, 2010

အာရုံမှားတဲ့ လှေ

မြင်မြင်သမျှ အပြာနဲ့ယက်တယ်..

ကောင်းကင်ထဲ နစ်မြုပ်သွားသလို
နှလုံးသွေးကို အရောင်ဆိုးထားသလို
ပင်လယ်ရဲ့ ပြုစားခြင်းကိုခံရသလို
ဝင်သက်ထွက်သက်တိုင်းက ဆေးခတ်ထားသလို
အဲသလိုမျိုး...
မြင်မြင်သမျှက အပြာ ။ ။

ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ကိုလှန်ကြည့်မိတော့
ငါ့လက်ကို အပြာရောင်မီးတောက်တစ်ခု
ရုတ်ခနဲ ဖြာခနဲ လောင်မြိုက်
အူလှိုက်သဲလှိုက် အနာတရတွေနဲ့
စေတသိတ်ရဲ့ ဒဏ်ရာကလဲအပြာ ။ ။

တစ်ခါတစ်လေမှာ မွတ်သိပ်လွန်းလို့
ဝမ်းစာကိုပြာချ အရည်ဖျော်သောက်တဲ့အခါ
ယိုဖိတ်စီးဆင်းမှုနဲ့ ပိတ်ပင်တားဆီးမှုအကြား
တံတိုင်းတစ်ချပ်ခြားထားတာလဲ အပြာ ။ ။

ထိုင်နေရင်းက နစ်မြုပ်နေသလို
ထွန်းလင်းနေရင်းက မှောင်မိုက်နေသလို
ပြုံးနေရင်းက ငိုနေသလို
ဆုပ်ကိုင်မိသမျှ အိပ်မက်အပိုင်းအစတွေဟာ
တစ်တစ်ချင်ချင်ကို ပြာနေခဲ့ပေါ့ ။ ။

ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ခြင်းတွေနဲ့
ရေးသားထားတဲ့ ကယ်ရီကားချားတစ်ချပ်ဟာ
ရုတ်တရက်ပြာပိန်းသွားရင်းက
သံစဉ်တစ်လက်ရဲ့ ရင်ကွဲသံအဆုံး
ပွင့်လာတဲ့ မျက်လုံးအစုံနဲ့မော့ကြည့်တော့
လမင်းက ငုံ့ကြည့်ရင်းပြံးပြချိန်
ငါ့ကိုယ်ငါ သိလိုက်တယ်
ငါဟာ အာရုံမှားတဲ့လှေ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Thursday, September 2, 2010

ငါမရေးချင်တဲ့ ကဗျာ

ထိုးနှက်မှုတို့ ပတ်လည်မှာ
ကုန်းရုန်းထဖို့ ကြိုးစားရင်း
ဘ၀က အိပ်မက်ကလှုပ်နှိုးခံရသလို
ကံကြမ္မာရဲ့ ခြေထိုးခံမှုဟာ
သိပ်ကို တရားမဲ့လွန်းတယ် ။ ။

ကိုယ်တိုင်တင်ခဲ့ဖူးတဲ့ မှတ်ကျောက်ဟာ
တစ်ချိန်က အသွားနှစ်ဖက်နဲ့ဓါး
အခု လေးမရှိတဲ့မြှား။ ။

အတင်းကြပ်ဆုံး လွန်းတင်ပစ်ခဲ့ရင်း
မျှော်လင့်ချက်ချိုချိုတွေ ခူးဆွတ်ကာမှ
ဖြုတ်ခနဲကြွေကျသွားတဲ့ ရမ္မက်လက်တစ်ခုပ်စာဟာ
ကြယ်သက်ကြွေ နတ်သမီးအဆုတ်ဖြစ်နေခဲ့တယ်။

လက်မခံချင်ပဲ လက်သင့်ခံလိုက်ရတဲ့
ခွက်တစ်လုံးရဲ့ နောင်တသက်ပြင်းမှာ
အာရုံပျက်ဂီတနဲ့ မျှော်လင့်ချက်ချို့တဲ့
ဘ၀တွေ ပါခဲ့တယ် ။ ။

တစ်ကယ်တော့လဲလေ...

သိပ်ကို ပိရိပါးနားသေသပ်လွန်းလှတဲ့ မျက်လှည့်တစ်ပွဲကို
တစ်ဘ၀စာလက်မှတ်နဲ့ကြည့်လိုက်ရသလိုမျိုး
အနိမ့်အမြင့် အတက်အကျတွေနဲ့
မယုံကြည်နိုင်လောက်အောင်ပြောင်းလဲတတ်တဲ့ သံစဉ်တစ်ပိုဒ်ကို
ကံကြမ္မာနဲ့ လောင်းစားနားထောင်လိုက်ရသလိုမျိုး
ငြိမ်းလုဆဲဆဲ ကလောင်တံချောင်းရဲ့
မပြီပြင်တော့တဲ့ ကဗျာတစ်ပုဒ်ကို
ဘ၀နဲ့ရင်းပြီး ရေးလိုက်ရသလိုမျိုးပေါ့ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, July 25, 2010

အကွေ့

"၀ုန်း"

လွယ်အိတ်အတွင်းမှရေဘူးနှင့် စားပွဲထိခတ်သံက အနည်းငယ် ကျယ်လောင်သွားသည်။ မိမိသည်လဲ ထူးမခြားနား။ ဘ၀ထဲတွင် ပစ်ချခံခဲ့ရသည်မှာ ဒီ့ထက်ပင် ကျယ်လောင်လှပေသည်။နှစ်ပေါင်းအတော်ကြာ မိမိ မက်ခဲ့သော အိပ်မက်တို့သည်လဲ အခုတော့ တစ်စစီ။ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်မိလိုက်သည်။

"ဟူးးးးးးး"

စားပွဲပေါ်တွင်တင်ထားသော လန်ဒန်စီးကရက်ဗူးမှ စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိလိုက်သည်။ စိတ်နှင့်လူနှင့် မကပ်သောကြောင့်ပင်ထင်၏ ။ အနည်းငယ် ညှော်နံ့ထွက်လာမှ မိမိ စီးကရက်ကိုပြောင်းပြန်မီးညှိနေမိမှန်း သတိထားလိုက်မိသည်။

" တောက် "

" အဆင်မပြေချင်တော့လဲ ဆေးလိပ်သောက်တာတောင် အဆင်မပြေပါလား "

ဗူးထဲမှ နောက်စီးကရက်တစ်လိပ်ကို ထုတ်ရင်း မီးညှိကာ အားရပါးရ ရှိုက်လိုက်မိသည်။ အလွန်တရာ စိတ်မွန်း ကြပ်သည့် အချိန်တိုင်း၌ မိမိအား အဖော်ပြုပေးနေသည်မှာ ဤဆေးလိပ်ပင်ဖြစ်သည်။ မီးခိုးများကို မှုတ်ထုတ် ရင်း မျက်စိနှစ်လုံးကို အသာအယာ ပိတ်လိုက်မိသည်။ ဂရုဏာမျက်ဝန်း၊ မေတ္တာအပြုံးများဖြင့် နွေးထွေးစွာ စိုက် ကြည့်နေသော မိခင်နှင့် ဖခင်ကြီး၏ မျက်နှာများက စိတ်အာရုံတွင် ထင်ဟပ်လာခဲ့သည်။ ထို့နောက် မိမိအား စာနာနားလည်မှု အပြည့်ဖြင့် ယနေ့ထက်တိုင် ချစ်နေရှာသော တစ်လောကလုံး၌ မိမိ၏ မိဘနှစ်ပါးပြီးလျှင် အချစ်ရဆုံးသော မိန်းကလေးတစ်ယောက်၏ မျက်နှာက ဖျတ်ခနဲ ပေါ်လာခဲ့ပြန်သည်။

"ဟူးးးးးးးးးးးးးးးးးးးးး"

ပိတ်ထားသော မျက်ဝန်းအစုံကို ဖွင့်ရင်း သက်ပြင်းမော တစ်ခုကို ဒုတိယအကြိမ်မြောက် ချမိပြန်သည်။ တစ်ချိန် ကဖခင်ကြီး ဆုံးမခဲ့သော စကားများအား မိမိနားထဲတွင် ပြန်ကြားယောင်လာမိသည်။

" ငါ့သား အဖေတို့ ဒီခန္ဓာအဖွဲ့အစည်းကို လူလို့သမုတ်တယ်ကွ"

" ပိုပြီးပြည့်စုံအောင် ပြောရမယ်ဆိုရင် ဦးခေါင်း၊ ခြေ လက် ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အပြင် အရိုး၊ အသား၊ အကြော စတဲ့ အရာတွေနဲ့ တည်ဆောက်ထားတယ်ပေါ့ကွာ။ "

" ဦးခေါင်းပိုင်းမှာမှ အဓိက အနေနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တွေ ပါဝင်တယ်ပေါ့ "

" ငါ့သား လူတွေမှာ ဘာကြောင့်မျက်စိတွေ ပါလာသလဲ ငါ့သား "

ဖခင်ကြီး မေးလိုက်သော မေးခွန်းကြောင့် ရုတ်တရက် ကြောင်သွားမိ၏ ။ လူတွေမှာ မျက်စိပါလာကြခြင်းမှာ အ မြင်အာရုံ ရရှိစေရန်ဖြစ်သည်။ ထိုသို့အမြင်အာရုံရှိမှသာလျှင် ယေဘုယျအားဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်မြင်နိုင်ကြမည်၊ အရာဝထ္တုတို့ကို တွေ့မြင်နိုင်မည်။ မိမိကို အန္တရာယ်ဖြစ်စေနိုင်သော ယဉ် သို့မဟုတ် အခြားတစ်စုံတစ်ရာကို မြင်တွေ့ ရှောင်ရှားနိုင်မည် မဟုတ်ပါလား။ ထို့အတွက် ထိုမျှလွယ်ကူသော မေးခွန်းကို ဖခင်ကြီးမေးလိုက်ခြင်းအတွက် ရုတ်တရက် ကြောင်သွားခဲ့ခြင်းဖြစ်သည်။
ို
" အဖေရယ် မျက်စိပါမှသာ မြင်နိုင်မှာပေါ့။ ဒါမှလဲ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်မယ်။ အန္တရာယ်ကို ရှောင် ရှားနိုင်မှာပေါ့။ "

" အင်း ဒီလိုဖြေရုံနဲ့တော့ မပြည့်စုံသေးဘူး သား။ လူတွေမှာ သူတို့ရဲ့ စိတ်ကိုလိုက်ပြီး အရောင်တွေသူတို့ မျက်နှာ တွေမှာ ထွက်နေတတ်တယ် ငါ့သား။ အဲဒီ့အရောင်တွေကို ကြည့်ဖို့အတွက် လူတွေမှာ မျက်စိပါလာကြတယ်။ ဒါပေမယ့် မြင်အောင်ကြည့်တတ်ဖို့တော့ လိုတယ် သား။ သားပြောတဲ့ အကြောင်းအရာတွေ အပြင် အဲဒီ့ အရောင် တွေကို ကြည့်တတ်ဖို့ လဲလိုအပ်တယ် သား။ "

" နားတွေကော ဘာကြောင့်ပါသလဲ သား "

" နားတွေပါတာက အကြားအာရုံအတွက်ပေါ့ အဖေ။ ဒါမှလဲ ကြားနိုင်စွမ်း ရှိမယ်လေ အဖေ။ "

" မှန်တယ်သား။ နားတွေပါတာက အကြားအာရုံအတွက်ပေါ့။ သို့ပေမယ့် ငါ့သား ဘယ်လို အကြောင်းအရာ မျိုး တွေကိုနားစွင့်မလဲ။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်မှာ သူများ ကောင်းကြောင်း မကောင်းကြောင်းထက် ကိုယ် ကောင်းကြောင်း မကောင်းကြောင်းကို နားစွင့်ပါ ငါ့သား။ "

" မိမိမြင်သမျှ ကြားသမျှကို သားရဲ့ဦးနှောက်နဲ့ ချင့်ချိန်ဆုံးဖြတ်ပါ။ လောကမှာ အဆိုးရှိသလို အကောင်းလဲ ရှိ တယ် ငါ့သား။ သင်ယူသင့်တာရှိသလို မသင်ယူသင့်တာရှိတယ်။ လက်ခံသင့်တာ ရှိသလို လက်မခံသင့်တာ ရှိတယ်။ မိမိကိုယ်တိုင် သေချာချင့်ချိန် ဆုံးဖြတ်ပြီးမှ လိုအပ်တာကို ရယူပြီး မလိုအပ်တာဆို ပယ်ပါ ငါ့သား။ "

" ပါးစပ်တွေ ရှိနေသရွေ့ စကားတွေလဲ ရှိနေမှာပဲ သား။ အဲဒီ့စကားတွေထဲမှာ ကိုယ့်မကောင်းကြောင်းထက် ကိုယ့်ကောင်းကြောင်းကို သူများတွေ ချီးကျူးနိုင်အောင် ကြိုးစား ငါ့သား။ "

" နှာခေါင်းဆိုတာ အသက်ရှုဖို့ အတွက် အဓိက အင်္ဂါအစိတ်အပိုင်းဖြစ်ပေမယ့် လူတွေရဲ့ စိတ်ရနံ့ကိုလဲ အနံ့ခံ တတ်ဖို့ လိုတယ် သား။ ဒါမှလဲ ငါ့သားကျင်လည်ရာ ပတ်ဝန်းကျင်မှာ စိတ်တွေ ဘယ်လို ဖူးပွင့် ရှင်သန်နေတယ် ဆိုတာ သားသိလိမ့်မယ်။ အဲဒီ့ စိတ်ရနံ့တွေမှာလဲ မွှေးပျံ့တဲ့ ရနံ့တွေ ရှိသလို ဆိုးဝါးတဲ့ အနံ့တွေ ရှိနေတတ် တယ် သား။ ဒါတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် ငါ့သား စိတ်ရနံ့တွေကို ရှုရှိုက်တတ်ဖို့လိုတယ် သား။ "

" အေး ဒီလိုပဲငါ့သား။ လက်နှစ်ဖက်ပါလာတာဟာလဲ လောကဓံရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ဖို့ပဲ။ ဘယ် လောက်ပဲ ဆိုးဆိုးရွားရွား ထိုးနှက်ခံရပါစေ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းပြီး တစ်လှမ်း ဆက်ဖို့ ခြေနှစ် ဖက်လဲ ပါလာခဲ့တယ် သား။ အဲဒီ့ အတွက် ငါ့သား ဘ၀ခရီးကို လှမ်းတဲ့အခါ သားရဲ့ မျက်စိ၊နား၊ နှာခေါင်းနဲ့ ခြေ လက်တွေ ကို ကောင်းကောင်း အသုံးချနိုင်အောင် ကြိုးစားပါ ငါ့သား။ "

" သားကို အဖေ နောက်ဆုံးပြောချင်တာကတော့ လူ့အောက်ကျလို့ မသေဘူး ဆိုပေမယ့် အောက်ကျပါ များလွန်း တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ကိုယ်စွမ်းကိုယ်စတွေ တဖြည်းဖြည်း မှေးမှိန်လာတတ်တယ် ငါ့သား။ အဲဒီတော့ သား ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ချွန်မြနေအောင် ကြိုးစားပါ သား။ "

ခရီးဝေး ထွက်ခါနီး ဖခင်ကြီးက မိမိအားဆုံးမခဲ့သော စကားများအား ထိုစဉ် အချိန်က ကောင်းစွာ နားမလည် ခဲ့သော်လဲ ယခု ဘ၀ခရီးတွင် ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့လာချိန်၌ ထိုစကားများ၏နောက်ကွယ်မှ လေးနက်မှု များကို ကောင်းစွာ နားလည်ခဲ့လေပြီ။ ဖခင်ကြီး၏ ရှေ့နောက် တွေးခေါ်မျှော်မြင်မှု ကြီးလှသော စကားများ၏ တန်ဖိုးကို ကောင်းစွာ သဘောပေါက်ခဲ့လေပြီ။

" တီ တီ တီ တီ "

အတွေးလွန်နေမိသော မိမိအား လက်ကိုင်ဖုန်း မြည်သံမှ ရုတ်တရက် လှုပ်နှိုးလိုက်လေသည်။ ဖုန်းကို ကြည့်မိ တော့ မိမိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော နံပါတ် တစ်ခု။

" ဟယ်လို "

" ဟယ်လို။ ကိုဇော်ထွန်းပါလား "

" ဟုတ်ပါတယ်။ ကျွန်တော် ဇော်ထွန်းပါ "

" ဟုတ်ကဲ့။ ကျွန်မတို့ .......................ကုမ္ပဏီကပါ။ ကိုဇော်ထွန်း ပို့လိုက်တဲ့ အလုပ်လျှောက်လွှာ အီးမေးလ်ကို ကျွန်မ တို့လက်ခံရရှိပါတယ်။ မနက်ဖြန် .............နာရီကို အင်တာဗျူး လာနိုင်မလား ရှင်။ "

" ကျွန်တော် လာခဲ့ပါ့မယ် ခင်ဗျာ။ "

" ဟုတ်ကဲ့။ ဒါဆို လာရမယ့် လိပ်စာကို ခဏနေရင် ကျွန်မ အသေးစိတ် အီးမေးလ်ပြန်ပို့ပေးပါ့မယ် "

" ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော် လာခဲ့ပါ့မယ် "

" ကောင်းပါပြီ။ မနက်ဖြန် တွေ့ကြတာပေါ့ ကိုဇော်ထွန်း "

" ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ "

တစ်ဖက်မှ ဖုန်းချသွားပြီး ခဏ၌ ကျွန်ုပ်လဲ အီးမေးလ်ကို ဖွင့်၍ ထိုအမျိုးသမီး ထံမှ ၀င်လာမည့် အီးမေးလ်ကို စောင့်မျှော်နေလိုက်သည်။ ခဏအကြာတွင်တော့ လာရမည့် အသေးစိတ် လိပ်စာ အီးမေးလ် ၀င်ရောက်လာခဲ့ လေသည်။ မိမိ ဘ၀၏ အကွေ့တစ်ခုကား စတင်ခဲ့လေပြီ။ ထို အချိုးအဆစ်အတွက် ရင်ဆိုင်ဖြတ်သန်းရန် ဖခင် ကြီး၏ ဆုံးမစကားများက အားအဖြစ်ဖြင့် စီးဆင်းလာခဲ့သည်။ မိမိ၏ စိတ်အတွင်းမှ မိခင်နှင့် ဖခင်ကြီးအား ရိုသေ စွာရှိခိုး ကန်တော့မိလိုက်သည်။

အကွေ့တစ်ခုကို ဖြတ်ကျော်ရန်အတွက် မိမိ ပြင်ဆင်ရပေဦးမည်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Friday, June 18, 2010

အဖေ့အတွက်

ကံကြမ္မာက ချပ်ဝတ်တန်ဆာအပြည့်နဲ့
သူကုံလုံကြွယ်ဝကြောင်း
အရာအားလုံးထက် သူအင်အားကြီးမားကြောင်း
လတ်ခမောင်းခတ်ကြေညာဖို့
ချင်းချင်းရဲ ပူပန်မှုလောင်မြိုက်
ရင်ဘတ်ပေါင်းစုံကို တိုက်တယ် ။ ။

အလစ်အငိုက်ပေါင်း များစွားနဲ့
ထိုးနှက်ချက်တိုင်းအတွက်
ရင်နင့်စွာနဲ့ ကာကွယ်ရင်း
အကျဉ်းကျခြင်း စိတ်အလျဉ်မှာ
ငါ....ညနဲ့တွေ့တယ် ။ ။

အလောတကြီး မမည်ပေမဲ့
တအိအိယိုင်လာတဲ့နောက်
အမှောင်ရဲ့ချောက်ချမှုဟာ
စိုက်ဝင်လုဆဲဆဲ မြှားတံလို
ခုတ်ဖြတ်ထစ်ပိုင်းလုလု ဓါးတစ်ချောင်းလို
သပ်လျှိုသွင်းစိုက်လာတဲ့နောက်
သေရာပါအမာရွတ်ဗလပွနဲ့
ဘ၀ဆိုတာက ညစ်သထက်ညစ်လာခဲ့ ။ ။

ချိုမြမွှေးဖြာတဲ့ ၀တ်ရည်တွေဟာ
လုယက်သောက်သုံးခြင်းအတွက်
ကြေကွဲဖွယ်ရာ စီးထွက်တဲ့
ပန်းတစ်ပွင့်ရဲ့ မျက်ရည်တဲ့ ...

စွှန့်လွှတ်ခြင်းအတွက် သောကကိုဖြေတတ်လာတဲ့အခါ
မေတ္တာကို ပခုံးနှစ်ဖက်နဲ့ ထမ်းပိုးတတ်လာတဲ့အခါ
အိမ်ဆိုတဲ့ ဝေါဟာရကို နွေးထွေးစွာဖတ်တတ်လာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မဏ္ဏိုင်အဖြစ်ဘ၀ပြောင်းပြစ်လိုက်တဲ့အခါ
အဲဒီ့ညရဲ့ တိုက်ခိုက်မှုဟာတိုးတိတ်တိမ်ဝင်ရင်း
ကစဉ့်ကလျား ပုန်းရှောင်သွားတဲ့နောက်
ကံကြမ္မာကို စကားတစ်ခွန်းနဲ့ အပြီးသတ်တိုက်လိုက်တယ်...

" ဒါ အဖေ့အတွက် "


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Saturday, May 29, 2010

ညချော့တေး

ကိုယ့်အဠာရသနဲ့ ကိုယ်ပြန်အကျဉ်းကျ
ညတစ်ညရဲ့ မဏ္ဍိုင်ဟာ
ကိုင်လှုပ်ခံရတဲ့ လှံတစ်ချောင်းရဲ့အဖျားလို
ယိမ်းလို့ခါလို့ ။ ။

သုခုမဆန်ချင်စရာ တောရဲ့မာယာနဲ့
မြို့ပြတို့ရဲ့ဂီတ ရောနှောအချိုးချရင်း
လင်းတစ်ခါ မှောင်တစ်လှည့်ဘ၀တွေရဲ့
ကျင်လည်မှု အချိုးအဆစ်ကြား
သံဆူးတဲ့ လမ်းတွေများခဲ့ရင်း
လှည့်ကွက်မပြီတဲ့ လှည့်ကွက်များစွာထဲ
မပွင့်ရဲတဲ့ လည်ချောင်းတံခါးတွေ
မျက်စိသူငယ်နားသူငယ်
ဆာလောင်မှုနယ်ပယ်ထဲက
တစ်ထွာတစ်မိုက်အိမ်တွေ
သားမဲ့မိခင်နဲ့ မိခင်မဲ့သားတွေ
ဖခင်တစ်ယောက်ရဲ့ ပုခုံးသားနဲ့
ခြေသလုံးအိမ်တိုင် ဂရုဏာတွေ
အရာရာဟာ သဘာဝနဲ့အတူအသားကျလို့...

အဲလိုညမျိုးမှာမှ ငါကနိုးထလာခဲ့တယ် ။ ။

မာယာအတတ်နဲ့ ယက်တဲ့တောင်းထဲ
ဝိညာဉ်တို့ရဲ့ကပွဲက ခြိမ့်ခြိမ့်သဲသဲပွဲခံ
အစွဲရှိသူတို့ရဲ့မှန်နဲ့ အစွဲမရှိသူတို့ရဲ့ဟန်
ပေါင်းစပ်ခြင်းရဲ့ သံစဉ်အောက်
လူဆိုတဲ့သတ္တ၀ါက ကြောက်ကြောက်လာတတ်ခဲ့ ။ ။

သူ့အသားက လျှာဖျားမှာစိမ့်နေအောင်ချိုမြသတဲ့
ကိုယ့်အသားကျမှ အခါးဆိုင်းဘုတ်ထောင်
ကမ်းမမြင်လမ်းမမြင်အောင် အမှောင်တွေထဲဖျော်ချ
ကိုယ့်မျှခြေနဲ့ ကိုယ်ရစ်ပတ်
အယူဝါဒ ကတုတ်ကျင်းများစွာနဲ့
လူလူချင်း ခင်းတဲ့စစ်တွေမှာ
အနိဠာရုံတွေကြီးထွား ရာသီတွေခြစားလို့
ခံတွင်းနဲ့ လျှာတောင်ရန်ဆောင်
အော်....
ဘ၀တွေ မှောင်မှောင်သွားကြပေါ့ ။ ။

နောက်ဆုံးတော့
ဘ၀ကို ဘောင်ကွပ်မဲ့အစား
ညကို အမှောင်သွတ်သွင်းလိုက်တယ်
မင်းလဲ အိပ်သင့်ပြီပေါ့လေ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Tuesday, May 11, 2010

အမေ့သားက တစ်ဝက်တစ်ပျက်စီးဆင်းနေခဲ့ရတယ်

လေတိုက်လို့ သစ်ရွက်လှုပ်တာကအစ
လိပ်ပြာလွင့်မတတ်ဖြစ်နေခဲ့တယ် မေမေ..

မြဲမြံစွဲမြဲခြင်းနဲ့ ရဲ့ရင့်စွာတိုးထွက်ဖောက်ဝင်ခြင်းတွေဟာ
အထူးတလည်မကြိုးစားရပါဘဲ နစ်မြုပ်ပျောက်ဆုံးကုန်တာ
ခေတ်ကများ ပြုစားလိုက်တာလား မေမေ..

အလျားလိုက်ပဲ စီးစီး
ဒေါင်လိုက်ပဲ ပျော်ဝင်ပျော်ဝင်
ဒီခရီးက အတူတူဖြစ်နေမှတော့
တစ်နေ့တစ်လံလျှောက်လည်း
ကျွန်တော်ပန်းတိုင် ပျောက်နေတုန်းဘဲ မေမေ...

ကိုယ်တိုင်ကိုယ်ကျ ကျကျနနတည်ဆောက်မယ်ဆိုတဲ့အတွေးက
အခု လေဖမ်းဒါန်းစီးနေရသလိုပါဘဲ..

ခွန်အားရှိသလောက် ခြစ်ခြုတ်ကုတ်တက်ရင်း
ဥာဏ်စွမ်းရှိသလောက် ငြမ်းဆောက်ခါမှ
ကျွန်တော့်လှေခါး ခြစားနေတယ်တဲ့ မေမေ..

မိုးမျှော်အဆောက်အဦးတွေကြားရောက်မှ
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်သေးငယ်နေမှန်း
လူလူချင်း အနင်းခံရမှ
လေထုဖိအား ဘယ်လောက်များနေခဲ့မှန်း
မျက်ဝန်းမျက်ဆံ မှေးမှေးတွေမြင်မှ
ကိုယ့်ဘ၀က အနှိမ်ခံနေရမှန်း
လက်တစ်ဖျစ်စာ ဦးနှောက်က
ပလတ်စတစ်ပျားကြောင့် အရည်ဖျော်ခံနေရမှန်း
ချိနဲ့လာတဲ့စိတ်ဓါတ်က အရိပ်အမြွက်လောက်တောင်
မတွေးချင်တော့ပါဘူး မေမေ...

ကျွန်တော်တို့မြို့လေးမှာ
လျှပ်စစ်အားအလုံအလောက် မလာနိုင်ပေမယ့်
ကျွန်တော့်ဦးခေါင်းမှာတော့ တစ်နေ့တစ်ခြား
မီးချောင်းတွေ များများလာတယ် မေမေ...

ရတနာသုံးပါးကိုသာ အားထားရင်း
မေမေ့ခြေဖမိုးအစုံကို ဦးခိုက်ရင်း
"မွေးမေကျေးဇူးဆပ်ဖူးချင်တယ် အမေ" ဆိုတဲ့
မေမေသိပ်ကြိုက်တဲ့ သီချင်းလေးညဉ်းရင်း
တစ်ကိုယ်တည်း ကြိတ်ကြိတ်ငိုရလွန်းတော့
ခေါင်းအုံးလေးတောင်
ကျွန်တော့်ကိုအပေါင်းအသင်းမလုပ်ချင်တော့ဘူး မေမေ..

မေမေရေ.....
တောင်တစ်လုံးအဖြစ်ရပ်တည်ချင်တဲ့ မေမေ့သား
တိုက်စားဖန်များလွန်းတော့လည်း
ကျောက်စရစ် တစ်ခဲစာလောက်တောင် မကျန်တော့ဘူး..

အကောင်အထည်ဖော်ဆောင်မရနိုင်တဲ့ ထိုးနှက်ချက်တွေခံရတိုင်း
အမြင့်ကိုမှန်းတဲ့ ကျွန်တော့်ရင်ဘတ်တစ်ခြမ်းက
အရမ်းနာတယ် မေမေရယ်....။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, May 3, 2010

ဗလာ

အကြေးတစ်ချို့ကို ခွာချဖို့
ကိုယ့်စိတ်ကိုယ် စိုက်ပျိုးလိုက်ကာမှ
ငါ့မြေယာက လောင်စာမပြည့်ဘူး ။ ။

ပူပြင်းလာတဲ့ ရာသီကြောင့်ဘဲလား
လေးလံခန်းခြောက်လာတဲ့ တင့်တောင့်တင့်တယ်က
တစ်ကိုယ်ရေတကာရ အငွေ့ပျံခြင်းမှာ
ဖူးပွင့်လိုက်တဲ့ ရာသီစာ
အကြောင်းမတိုက်ဆိုင်မှု များစွာ ။ ။

ကိုယ်တိုင်ကိုယ်ကျ မကြောက်တတ်ခဲ့ပေမယ့်
အသိတရားတွေ အခိုးခံရတဲ့
နေ့တစ်နေ့ရဲ့ နောက်ဆုံးထွက်သက်မှာ
စိတ်ရဲ့ အမှောင်ဆုံးအခန်းဟာ
မျက်နှာ ဖြစ်နေခဲ့တယ် ။ ။

မှာယွင်းမှုကို ခြေရာခံမိသွားတာလား
ဒါမှမဟုတ်
အမှန်တရားကိုပဲ ရှာဖွေတွေ့ရှိလိုက်တာလား
ဘယ်လိုဘဲဖြစ်ဖြစ်
ပျော်ကျစီးဆင်းလာတဲ့သက်ပြင်းတွေမှာ
သုခုမဆန်စွာ တီးခတ်ဖို့
ငါ့လက်တွေ အသံမထွက်တော့ဘူး ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Friday, March 12, 2010

ငွေ က သံစဉ်

အသက်အောင့်ထားတဲ့ မနက်ခင်းတစ်ခုဟာ
ချဉ်းကပ်လာတဲ့ ပြောင်းလဲမှုကိုရင်ဆိုင်ဖို့
ရဲစိတ်တင် နှစ်ချို့တစ်ခွက်နဲ့
ရွပ်ရွပ်ချွံချွံ တိတ်ဆိတ်နေရဲ့ ။ ။

ကံကြမ္မာဟာ ကြည့်မှန်နောက်ကပြဒါး
အသံထက်မြန် နှုန်းထားနဲ့လာခဲ့ရင်
ကြိုတင်ပြင်ဆင်ခွင့်ဟာ ဆိုင်းဘုတ်အနေနဲ့သာ ။ ။

ပုလင်းတစ်လုံး ခေါင်းအပွင့်
ရေပေါ်ဆီ နှုတ်ခမ်းတွေနစ်ရင်း
စီးကရက်ရနံ့မှာ ပန်းကြွေကျရင်း
လင်းတစ်ခါ မှိန်တစ်လှည့်
ကဝေပျိုကကွက်တွေ ဖြန့်ကျက်
လျင်သူစားတမ်း အင်အားကြီးသူသာစတမ်း
ကိုယ်စီကိုငှ ၀ှက်ဖဲများစွာနဲ့
ဘ၀လှည့်တမ်း ကစားပွဲတွေဟာ
သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်တဲ့လား ။ ။

ရုန်းရင်းကန်ရင်း သလုံးတောင့်မတတ်
ချွေးမွေ့ယာနဲ့ ပျော်မွေ့ယဉ်ပါးလာတဲ့
ဆိုက်ကားသမားတစ်ယောက်ရဲ့ အိတ်ထောင်မှာ
ဆာလောင်မှု မျက်နှာများစွာနဲ့ ။ ။

ပက်ကြားအက်မတတ် လက်ဖ၀ါးဟာ
စွမ်းရည်တွေ စုပ်ထုတ်ခံလိုက်ရသလို
အချိန်မတိုင်ခင် ရင့်ရော်မှုဟာ
အလှအပတရားကို စုတ်ဖြဲခံရသလို
အပူလှိုင်းကို ပါးကွက်နဲ့အန်တု
အုတ် ကျောက် သဲသယ် ပန်းရံသမငယ်တစ်ယောက်ရဲ့နောက်ကွယ်မှာ
ကြောက်မက်ဖွယ်ရာ ကြပ်တည်းမှုတွေအပြည့် ။ ။

တစ်ပါးသူအမှိုက်နဲ့ ဆက်တဲ့အသက်
ပေးစာကမ်းစာ ထမင်းတစ်နပ်
သနားကြပါ တစ်စာစာအော်ရင်း
အရွယ်နဲ့မလိုက်အောင် ဖိနှိပ်ချိုးနှုက်မှုအစုံ
ဇိမ်ခံကားပေါ်က ခွေးတစ်ကောင်လောက်တောင်
အဖိုးမတန်လိုက်တဲ့ပုံ ။ ။

ဝေဒနာသည် မိခင်အတွက်
ငွေအရှာထွက်တဲ့ ပန်းရောင်းသမားလူငယ်မှာ
မရေမရာ မျှော်လင့်ချက်ဝတ်ရုံခြုံလို့
တဲငယ်အစုတ် မဏ္ဏိုင်ကိုပုခက်တိုင်ချည်ရင်း
သားချော့တေးဆို အမေအိုမှာ
မနက်ဖြန်ဆိုတဲ့ အတွေးခါးတွေမြိုလို့ ။ ။

အဲဒီလို......
ကိုယ့်ကိုယ်ကိုယ် ဖျော်ချကြည့်တော့
ဆို့နင့်သွားတဲ့ မေတ္တာကမ်းပါးမှာ
တခမ်းတနားကဖို့ ငွေလိုတယ်
လမ်းမမှားဖို့ ငွေလိုတယ်
နေဖို့ အတွက်ငွေလိုတယ်
သေဖို့ အတွက်ငွေလိုတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, February 21, 2010

ကျောက်ဖြစ်သွားတဲ့ အဖြူ

အစဉ်အလာနဲ့ ထုံးတမ်းဓလေ့ကိုဖောက်ဖျက်ဖို့
လက်နှစ်ဖက်ရဲ့ အသက်ဓါတ်ထက်
ဦးနှောက်ရဲ့တွက်ချက်မှုက အစွန်းထွက်နည်းမယ် ။ ။

ကိုယ်တိုင်က ခရီးသွားတစ်ယောက်
ကိုယ့်လမ်းကိုယ် ဖောက်ရမဲ့အစား
သူများခြေထောက်တွေ လိုက်ဖမ်းနေခဲ့တော့
စေတနာအရောင်ဟာ ပြဒါးလိုမှောင်တယ် ။ ။

အကောင်းဆုံးကိုတော့ မျှော်လင့်ကြသူချည်းပဲ
အစွန်းနှစ်ဖက်ကို ဆုပ်ကိုင်ဖို့တော့
လက်တံတွေ ရှည်ဖို့လိုလိမ့်မယ် ။ ။

ပုရွက်ဆိတ်တစ်ကောင်ရဲ့ ကြီးကျယ်မြင့်မြတ်မှုမှာ
အဖြူရောင်မှတ်တမ်းတွေ ချိုးဖျက်ခံရမှတော့
ကိုယ်တိုင်ကြိုချက်လိုက်တဲ့ အနာဂါတ်အတွက်
မကျတ်တော့မယ့် အနာရင့်ရင့်တွေ
မင်း မလွမ်းရစ်နဲ့ ။ ။

ခေတ်ကိုက အတုတွေမော်ကြွားလာတဲ့အခါ
ထိုးစစ် ဆင် တွေက ခြေတစ်လှမ်းမဆုတ်တော့တဲ့အခါ
တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေအတွက်
နာနာဘာဝဟာ အရေးမပါတော့ဘူး ။ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Friday, January 8, 2010

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

Template by - Abdul Munir