Monday, September 26, 2011

ကိုယ်ပိုင်လက်နက်

တစ်လုံးနှစ်လုံးလောက် ခုန်ထွက်ရုံနဲ့တင် လူတစ်ယောက်...
သေသွားနိုင်တယ်၊ အောင်မြင်သွားနိုင်တယ်။
ပွန်းပဲ့သွားနိုင်တယ်၊ တောက်ပသွားနိုင်တယ်။
မြင့်တက်သွားနိုင်တယ်၊ ပိန်ချိုင့်သွားနိုင်တယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

ဆက်သွယ်မှု အတတ်ထဲမှာ ခင်ဗျားတို့ကျွမ်းကျင်တဲ့ ဘာသာရပ်ပါ။
အဲ.. ကျုပ်လဲ မတောက်တခေါက်တော့ တတ်ရဲ့။
ခင်ဗျားတို့လောက်တော့ ကျွမ်းချင်မှကျွမ်းမှာပေါ့။
သူလိုငါလိုလောက်တော့ ကောင်းကောင်းတတ်ပါ့။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလာ။..!!

ငွေကုန်ကြေးကျမှုမရှိပဲ ကျုပ်တို့ ဖန်တီးနိုင်တာတွေ ရှိတယ်။
မှန်ချင်လဲမှန်မယ် မှားချင်လဲမှားမယ်ပေါ့။
ဧရာမလဲ ဖြစ်သွားနိုင်တယ်၊ သေးငယ်ပြီးလဲ ပျောက်သွားနိုင်တယ်။
ကျုပ်တို့ကို တွန်းချနိုင်တယ်၊ ကျုပ်တို့ကို ကိုင်လှုပ်နိုင်တယ်။
ကျုပ်ကိုတွန်းချတာ ခင်ဗျားတို့ ဖြစ်ချင်ဖြစ်မယ်။
ခင်ဗျားတို့ကိုတွန်းချတာ ကျုပ်ဖြစ်ချင်ဖြစ်မယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

တစ်ယောက်ကို ချီးမွမ်းလို့ရသလို တစ်ယောက်ကို ရှုတ်ချလို့ရတယ်။
တစ်ယောက်ကို ပင့်တင်လို့ရသလို တစ်ယောက်ကို ရိုက်ချလို့ရတယ်။
တစ်ယောက်ကို နွေးထွေးလို့ရသလို တစ်ယောက်ကို အေးစက်လို့ရတယ်။
တစ်ယောက်ကို မြှင့်တင်စေသလို တစ်ယောက်ကို နိမ့်ကျစေနိုင်တယ်။
တစ်ယောက်ကို ရှင်သန်စေသလို တစ်ယောက်ကို မြုပ်နှံပစ်လို့ရတယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

ကျုပ်တို့ နေ့တဓူဝ ပြောနေကြတဲ့ စကားတွေပေါ့။
ကဲ.. ဘယ်လိုလဲ ခင်ဗျားတို့ သိပ်ရှုပ်သွားပြီလား..!!


မိုးမြင့်တိမ်

Thursday, September 22, 2011

မတိတ်နိုင်တော့သော

လွန်ခဲ့တဲ့ တစ်လလောက်ကပေါ့
အိတ်တစ်လုံးထဲ မျှော်လင့်ချက်တွေ ဒရောသောပါးထိုးထဲ့
လုပ်လက်စတွေအားလုံး ခလုတ်ပိတ်လိုက်သလိုရပ်တန့်
လွမ်းဆွတ်နေမဲ့အမေ့ကို အားရပါးရရှိုက်နမ်း
ဆုံးမစကားတွေခြွေနေတဲ့ အဖေ့ရှေ့မှာ ရိုရိုသေသေလေးထိုင်
မိဘနှစ်ပါးရဲ့ခြေဖမိုးကို ရှိခိုးဦးခိုက်လို့
ငါ့အနာဂါတ် ငါပိုက်ပြီး ထွက်လာခဲ့လိုက်တယ်။

ဖုန်တထောင်းထောင်းထနေတဲ့လမ်းပေါ်ကနေ ဖုန်မရှိတဲ့လမ်းကိုရောက်
ချွေးနံ့လူနံ့တွေရောပြွမ်းနေတဲ့ ကားပေါ်ကနေ အေးမြတဲ့ ရထားပေါ်ကိုရောက်
ခြင်ထူတဲ့ နေရာကနေ ခြင်မရှိတဲ့ နေရာရောက်
လေးကန်နေတဲ့ အင်တာနက်ကနေ မြန်နှုန်းမြင့် အင်တာနက်ကိုရောက်
မထင်ရင်မထင်သလို မှောင်မှောင်သွားတတ်တဲ့ ဒေသကနေ အမြဲလင်း ဒေသကိုရောက်
ဆယ်ထပ်ထက်မပိုတဲ့ တိုက်ကြားကနေ မိုးမျှော်တိုက်ကြားကိုရောက်
ဘ၀ဆိုတာကြီးကို တောက်တောက်ပပကြီးကို ကျေနပ်နေမိတာ။

အသားမဖြူရင်ပဲ လူရာမ၀င်သလိုလို
ကိုယ့်တိုင်းပြည်ကို ကျွန်လုပ်ခဲ့တဲ့ အင်္ဂလိပ်လို မတတ်ရင်ပဲ မျက်နှာမွဲလိုလို
ကိုယ်ရထားတဲ့ အောင်လက်မှတ်က စက္ကူတစ်ရွက်လို အဖိုးမတန်သလိုလို
မျက်ဝန်းမျက်ဆံမှေးမှေးတွေရဲ့အကြည့်က အထင်သေးသလိုလို
အဲဒီလို လိုလိုတွေကြားမှာ ဦးနှောက်တွေလဲ ဖောက်စားခံကြရ
ဓါးပြမှန်းသိလဲ ကျောချခံနေကြရ
မာနတွေလဲ နေ့တဓူဝ ခေါက်ခေါက်သိမ်းနေရ
လူစင်စစ်ကနေ စက်ရုပ်ဇာတ်သွင်းတာလဲ ခံခဲ့ရတယ်။

ဘယ်တတ်နိုင်မလဲ
ဝက်ဖြစ်မှတော့ မစင်မကြောက်ကြေးပေါ့
ကိုယ်တိုင်ကိုက ဒီလမ်းမှဒီလမ်းရွေးချယ်ခဲ့တာမှလား
အခုမှငိုချင်းချပြလဲ ကိုယ့်ရင်ကိုယ်ထု ရင်ကွဲလုအောင်ငိုပေတော့
အဖေကိုလွမ်း အမေကိုလွမ်း မြေကိုလွမ်း ရေကိုလွမ်း
အဲဒီ့အလွမ်းတွေအားလုံးကို ငွေကြေးကွာဟမှုနဲ့ ခဏတုပ်နှောင်ထားရဦးမပေါ့။

ဟိုတစ်နေ့က အမေပို့လိုက်တဲ့ စာနဲ့ပစ္စည်းရတယ်
ကျန်းမာရေးကောင်းရဲ့လား အလုပ်အကိုင်အဆင်ပြေလား
အမေသားအတွက် ဘုရားရှေ့မှာအမြဲဆုတောင်းလို့
သားရှိရာအရပ်ကိုမှန်းပြီး အမေမေတ္တာပို့ပေးနေတယ်နော်တဲ့။

ကဲ...ခင်ဗျားတို့ဆိုရင်ကော ဒီစာကိုဘယ်လိုဖတ်မလဲ
ကျုပ်ကတော့ ရင်ဘတ်နဲ့ဖတ်လိုက်မိတယ်
ကြမ်းပြင်ပေါ် မျက်ရည်ကျကွဲသံတွေနဲ့ ရွှဲလို့
ချက်ခြင်းကို စာတစ်စောင်ကောက်ရေးလိုက်တယ်
ကျွန်တော်တို့အိမ်လေးရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က လက်တစ်ဆုပ်စာမြေပုံလေးကို
ကျွန်တော်ရွပ်ရွပ်ချွံချွံ လွမ်းနေပါတယ် အမေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Tuesday, September 20, 2011

မာန်

နေ့တဓူဝ သက်ပြင်းတွေနဲ့
အခိုးပျံလုလု နေ့ရက်တွေအတွက်
အရိုးရင့်ရင့်တွေနဲ့ တန်ဆာဆင်လိုက်တယ် ။

တင့်တယ်ခြင်းအတိမ်အနက်နဲ့
တစ်ကိုယ်ရေတကာရ ကျော့ရှင်းမှုဟာ
အစာအိမ်အတွက် လောင်စာမဖြစ်နိုင်သရွေ့
ဖြန့်ပြချခင်းလိုက်မိတာ ဝေဒနာငွေ့ငွေ့တွေသာ ။

ရွပ်ရွပ်ချွံချွံ ချဉ်ခြင်းတက်နေတဲ့ အောင်မြင်ခြင်းတွေအတွက်
အနဲငယ်သက်ရှနေတဲ့ မျှော်လင့်ခြင်းတွေအတွက်
အားကိုးတကြီး ဆုပ်ကိုင်နေတဲ့လက်တွေအတွက်
ပြားကပ်ကပ်ဖြစ်နေတဲ့ အိတ်ထောင်တချို့အတွက်
မာကျောကျော မျက်နှာစာသစ်တွေနဲ့နိုးထခဲ့တဲ့
ဖျော့တော့တော့ အတွေးအခေါ်ရဲ့မနက်စာဟာ
အဘိဓမ္မာမဆန်နိုင်မှာတော့ သေချာတယ် ။

ကောက်ကြောင်းဟာ ပန်းချီတစ်ကားရဲ့အသက်
စိတ်ဓါတ်ဟာ လူတစ်ယောက်ရဲ့အားမာန်
ရိုးသားမှုဟာ ကိုယ်ကျင့်တရားရဲ့ ပြယုဂ်
နွေးထွေးမှုဟာ အိမ်တစ်လုံးရဲ့ဝိသေသ ။

ကံကြမ္မာကမ်းရိုးတန်း ရှည်သလောက်
ကိုယ်ကျင့်တရားတွေ ကျကျပျောက်နေခဲ့တော့
ဒီကနေ့ နှစ်ဆယ့်လေးနာရီမှာ
တဖြုတ်ဖြုတ်ကြွေနေတဲ့ စာနာမှုတွေကြား
မြွေတစ်ကောင်အနေနဲ့တော့ တွင်းဝင်ဖြောင့်ချင်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Saturday, September 17, 2011

လောကဓံ

ပေါက်ထွက်လုမတတ် ခုန်နေတဲ့ရင်နဲ့
သပွတ်အူမက ရှုပ်ထွေးလွန်းနေတဲ့ဦးနှောက်ကြား
စွန့်စားမှုတွေ ဖျားနာနေကြပြီ ။

ရောက်မှန်းမသေချာတဲ့ ရည်ရွယ်ရာကို
ဗိုက်ဟောင်းလောင်း လှေတစ်စီး
ခြစားလုနီးနီး တက်မတစ်ချောင်းနဲ့
လှော်ခတ်နေလိုက်ပုံများ
သူ့လက်ထဲမှာတော့ ၀ီရိယဆိုတဲ့ကော်ဖီတစ်ခွက်
နဲနဲတောင် ခါးသက်ချင်နေပြီ ။

ကျောတစ်ပြင်လုံး စိုက်ဝင်နေတဲ့စိုးရွံ့မှုတွေနဲ့
မျှော်လင့်တကြီး မျက်နှာတွေကြား
ညဉ်းတွားခြင်းတွေ မျိုမျိုချနေရတဲ့
ဖယောင်းတိုင်တစ်ချောင်းရဲ့ အလင်းမှာ
သက်ပြင်းတွေ ဘယ်လောက်ပါနေလိုက်မလဲ ။

တွင်းနက်ပေမဲ့ ရေမကြည်နိုင်တာ
မြေဆီလွှာရဲ့ အပြစ်ဆိုမလား
တကယ်သာစိုက်ပျိုးခွင့်ရရင် ပွင့်ဖူးပြလိုက်ချင်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Tuesday, September 13, 2011

အိပ်မက်ခရီး

တွေးလက်စအတွေးတွေအားလုံး ဖြေလျော့ပစ်လိုက်တယ်
အိပ်မက်တွေက သိပ်ကိုလေးလံလွန်းနေပြီ
ကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်..

ကိုယ့်အတောင်ကိုယ်ဖြန့်ကြည့်လိုက်တယ်
တဟုန်ထိုးတက်ဖို့အတွက် လေမလာသေးဘူး
မချိတင်ကဲစိတ်တွေနဲ့ပဲ ညကိုခပ်စိမ်းစိမ်းကြည့်လိုက်တယ်
ညကတော့ နက်သထက်သာနက်လို့..

ကိုယ့်လိပ်ပြာကိုယ် ပြန်ကြည့်တော့
ခပ်ယဲ့ယဲ့လေး ပြုံးပြတယ်
ရှိရှိသမျှကြေကွဲခြင်းတွေကို တနင့်တပိုးထွေးပိုက်ထားတဲ့ပုံမျိုး..

အဝေးကထပျံသွားတဲ့ ညငှက်တွေကိုကြည့်ရင်း
မဆီမဆိုင် အမုန်းကျည်ဆံတွေပစ်သွင်းလိုက်တယ်
အာရုံခြောက်ပါးစလုံးက အကြောက်အကန်ငြင်းဆန်လို့
မျက်လုံးတွေမှိတ်လိုက်ပါတော့ မင်းအရမ်းပင်ပန်းနေပြီ..

အရိပ်လိုချင်လို့ အပင်စိုက်တာပါ
ကိုယ်တိုင်စိုက်ပျိုးပြီးမှ အသီးလဲစားချင်မိရဲ့
ဒီလိုအတွေးတွေကပဲ ကိုယ်ကျင့်တရားကိုဖျားစေတာလား..
ကျချင်ချင်ဖြစ်နေတဲ့စိတ်ဓါတ်ကို ခပ်တင်းတင်းဆွဲစိရင်း
ဒီတစ်ညအိပ်မက်မှာလဲ ကိုယ့်ခန္ဓာကိုယ်ထမ်းကိုယ့်လမ်းကိုယ်လျှောက်ရမယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir