စိတ်ကူးတွေနဲ့ပဲ တိမ်းမူးနေလိုက်တယ်
ဒီဝပ်ကျင်းထဲ သက်ပြင်းယဲ့ယဲ့တွေနဲ့..!!
ရွက်ကြွေတွေအသက်ဆက်ဖို့ထက်
ဖူးပွင့်ခွင့်တွေက ပိုအရေးပါနေသလား
ဗီးနပ်စ်ရဲ့လက်နှစ်ဖက်ထက်
ဖီးနစ်တစ်တကောင်ရဲ့နှလုံးသွေးကို အလိုရှိနေမိတယ်..!!
ဗျာပါဒတန်းလန်းနဲ့ ဘ၀တွေဟာ
ယစ်မူးစရာကောင်းလောက်အောင် သာယာဘွယ်မရှိ
ရင်နာခြင်းအတိနဲ့ တီးခတ်တဲ့ဝမ်းတထွာမှာ
မနက်ဖြန်အစီအစဉ်ဟာ မရေရာနိုင်တာ သေချာတယ်..!!
အကျစ်လျစ်ဆုံး ထုံးနှောင်ခဲ့ရတဲ့ အနာဂါတ်တွေအတွက်
အကြင်နာမဲ့ရိုက်ခတ်တဲ့ သဘာဝဘေးအောက်
ဖျော်ချခံကမ်းပါးတစ်ခုလို ယိုင်နဲ့ပြိုကျရင်း
ရေငတ်သူများလာတဲ့ လောကဓံမှာ
ပရဟိတတွေ ရှင်သန်ဖို့အတွက်
မုဒိတာ ကဗျာတစ်ပုဒ်နဲ့
အတ္တပင်ကို နှုတ်ခွင့်ပြုပါ အမေ..!!
မိုးမြင့်တိမ်