Friday, December 30, 2011

အဲဒီ့ညမှာ သူ့ကိုယ်သူရိုက်ခွဲလိုက်တယ်

အဲဒီ့ပြဇာတ်က
မတိတ်နိုင်တော့လောက်အောင်
ညဉ်းညူစရာ မရှိတော့လောက်အောင်
နင့်နဲခြင်း တင်းပြည့်ကြပ်ပြည့် ။

ဘ၀နဲ့ရင်းလိုက်ရတဲ့ ဇာတ်
အသက်နဲ့ခင်းလိုက်ရတဲ့ ဇာတ်
ရုပ်လုံးကြွဒဏ်ရာ အရှိုးအထပ်ထပ်နဲ့
ကြီးမြတ်သူအဖြစ်လဲ(လည်း) စာရင်းမ၀င်
သူရဲကောင်းအဖြစ်လဲ(လည်း) အမည်မတွင်
နစ်နေတဲ့ဘ၀ထဲ ခဲပစ်ချရုံသာသာ ။

တိုးဝင်ပျောက်ကွယ်လုဆဲ လမင်းနဲ့
အပူတပြင်းရောက်မလာနိုင်တဲ့ နေမင်းရဲ့ကြား
မနက်မဟုတ်တဲ့ မနက်ခင်းတစ်ခုမှာ
ခြောက်ခြားဖွယ်ရာ အသံတစ်ခုရဲ့နောက်
ပုထုဇဉ်ဖြစ်တည်မှုတွေ ကျပျောက်ခဲ့ပြန်ပေါ့ ။

ဘာအတွက် သီးပွင့်ခဲ့သလဲ
ဒီမေးခွန်းမေးမိတော့
ဒီဇင်ဘာက သူ့ကိုယ်သူရင်နာတယ် ။

ပျော်ရွှင်စရာများနဲ့ အဆုံးသတ်နှုတ်ဆက်ချိန်
လူအများတွက် ကြည်နူးစရာပွေ့ပိုက်သယ်ဆောင်လာမယ့်
နှစ်တနှစ်ရဲ့ ပြည်ဖုံးကားချပိတ်ကားထက်မှာ
ပေါက်ကွဲခြင်း သင်္ကေတနဲ့
ပူဆွေးမှု ပြယုဂ်နဲ့
အသက်မဲ့သွားတဲ့ ဘ၀တွေနဲ့
အသက်စွန့်သွားတဲ့ ဘ၀တွေနဲ့
အရေးပေါ်ရောက် လူနာတွေနဲ့
သွေးသံရဲရဲ ၀မ်းနည်းလွန်းစရာမြင်ကွင်းတွေနဲ့ ။

ပျော်ရွှင်ခြင်းတွေ ဖေါက်ချခံလိုက်ရတဲ့
မျက်ရည်စက်လက် မျက်နှာတွေ
ယူကြုံးမရ ပူဆွေးဗျာပါဒနဲ့
ကျန်ရစ်သူ မိသားစုဘ၀တွေ
အချိန်မတိုင်ခင် ခြွေချခံလိုက်ရတဲ့
နွမ်းနွမ်းလျလျ ဘ၀အညတရတွေ
အဲဒီလိုတွေနဲ့ ခြယ်သ ဒီတစ်နှစ်ဒီဇင်ဘာက
လှနိုင်ပါသတဲ့လား ။

မွန်းကြပ်လွန်းလာတဲ့ အတွေးတွေနဲ့ထွေးလုံးရစ်ပတ်
အမြန်ဆုံးသက်သာပျောက်ကင်းပါစေ..
ကောင်းရာသုဂတိလားပါစေ..
ဆုတောင်းတွေနဲ့ အကြိမ်ကြိမ်ဦးညွှတ်ရင်း
ကြေကွဲခြင်းတွေ ပိပိကျနေတဲ့ညမှာ
ရှင်သန်မှုရုတ်သိမ်းခံရတဲ့ ဘ၀တွေအတွက်
ဒီဇင်ဘာက
သူ့ကိုယ်သူရိုက်ခွဲ ကမ္ဘာမြေပေါ်ဖြန့်ကျဲလိုက်တယ်
ဆင်းရဲခြင်းမှ ကင်းပါစေ ။


မိုးမြင့်တိမ်
(၂၉.၁၂.၂၀၁၁)

Wednesday, December 14, 2011

အမယ်အို

ကြေးစားဆန်ဆန် နေ့ရက်ထဲ
စွန်လွှတ်သူများရဲ့ အဘိဓမ္မာဟာ
အလျှော့အတင်းများစွာနဲ့ ပြဋ္ဌာန်းရင်း
မာတိကာဟာ ဘ၀စာမျက်နှာဖြစ်လာတယ် ။

စားနေကျ ထမင်းတစ်လုတ်ဟာ တန်ဖိုးဘယ်လောက်ကြီးမှန်း
ဝယ်ခြမ်းစရာမရှိတဲ့အခါမှ တမ်းတမ်းတတရေရွတ်
နေ့တဓူဝကတော့ ဖုန်တွေသဲတွေနဲ့အတူ လွင့်ပျံလို့
ရွှေရောင်တ၀င်းဝင်းနေ့ရက်တွေဆီ လည်ပြန်ကြည့်တော့
ဗိုလ်အောင်ဒင်ကြည့်ရင်း သုံးပစ်လိုက်တဲ့ပိုက်ဆံတွေပြန်လိုချင်မိတယ် ။

သိပ်ကျေနပ်စရာကောင်းတယ်လို့ သတ်မှတ်ထားတဲ့
ရွှေထီးဆောင်းနေ့ရက်တွေအကြောင်း တဖွဖွပြောပြမိတော့
တစ်ချို့နှုတ်ခမ်းတွေက စုပ်တသတ်သတ်
တစ်ချို့မျက်နှာပြင်တွေက မဲ့ရွဲ့လို့
တစ်ချို့မျက်ဝန်းတွေက ဟုတ်ပါ့မလားဆိုတဲ့အကြည့်နဲ့
လူတွေသိပ်ရီဖို့ကောင်းတယ် ။

ငါအိုခဲ့ပါပြီ
အထောက်အပံ့ဆိုလို့ ငါထောက်ထားတဲ့တောင်ဝှေးကလွဲလို့မရှိ
မင်းတို့အကြည့်တွေကြားထဲ သေးငယ်လာတဲ့စိတ်ဓါတ်တွေနဲ့
မျှော်လင့်တကြီးရပ်လိုက်မိတယ် အူတွေမီးထတောက်နေတယ် ။

မင်းတို့အစာပြေဟာ ငါ့အတွက်တစ်ရက်စာဖြစ်လေရဲ့
ဟိုတစ်နေ့က အမျိုးကောင်းသားလေးတစ်ယောက်
သဒ္ဒါပေါက်လို့ကျွေးတဲ့ မနက်စာ
ငါ့တစ်သက်မှာ အရသာအရှိဆုံးအဖြစ်သတ်မှတ်ရင်း
မျက်ဝန်းထဲ မိုးဖွဲဖွဲရွာတယ် ။

မြူပါးပါးကျနေတဲ့ အမြင်အာရုံဟာ
ဇရာဆိုတာကို ရေးချယ်နေကြရဲ့
မကြိုးစားရပါပဲ ကိုင်းလာတဲ့ခါးရယ်
အားယူလှမ်းနေရတဲ့ ခြေလှမ်းတွေကိုအရဲကိုးလို့
ဒီကမ္ဘာမှာ ကျပျောက်သွားတဲ့ ဂရုဏာတရားကိုရှာဖွေဖို့
နောက်တစ်နေ့ဆိုတာကို ခရီးဆက်ခဲ့ပြန်ပြီ ။


မိုးမြင့်တိမ်
(၁၄.၁၂.၂၀၁၁)

Template by - Abdul Munir