အဲဒီ့မြို့ရိုးဟာ
စူးရှတစ်ချင်နေတဲ့ ကြောင်အော်သံတွေကြားမှာ
စိုးစိုးရွံ့ရွံ့ ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
မြို့ပြအရေခြုံ တောနက်တွေရဲ့
စနစ်တကျ ၀ါးမြိုခြင်းမှာ
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
တစ်စိတ်ကို တစ်အိတ်လုပ်
တစ်ယောက်အပုပ်ကို တစ်ရာဝိုင်းချ
အာပေါင်အာရင်းသန်လှတဲ့
အီလက်ထရောနစ် စာမျက်နှာ
ထွန်းကားလာတဲ့ ခေတ်မှာ
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
ကြွေးကြော်မှုပေါင်းများစွာနဲ့
ခြေထိုးယိမ်း ပွဲတော်မှာ
လူ နဲ့ လူ မတူတဲ့ဇာတ်ကို
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
အတ္တမှိုင်းဝနေတဲ့
သူ့မြို့ထဲက လူ့ယဉ်ကျေးမှုသမိုင်းကို
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
သူ့မြေပေါ်က ရှူးဖိနပ်ရာတွေကို
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
ခေတ်လွန်ပေါ်ပြူလာ သီအိုရီရဲ့
ယဉ်ကျေးမှု ရိုင်းရိုင်းတွေကို
ခံတွင်းပျက်တယ် ။
ပတ်မကြီးထိုးခွဲမယ့် လူစားမျိုးတွေ
များလာတဲ့ မြို့ကိုကြည့်ရင်း
အဲဒီ့မြို့ရိုးက
ခံတွင်းပျက်တာကို ရေးရမှာတောင်
ခံတွင်းပျက်လာတယ် ။
မိုးမြင့်တိမ်
(၂၄.၅.၂၀၁၃)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago