Showing posts with label TAG. Show all posts
Showing posts with label TAG. Show all posts

Friday, April 3, 2009

ပြန်လည်ဆန်းသစ် ဒုတိယအကြိမ်အဖြစ်

စကားချီး ။ ။

တနေ့သ၌ ကျွန်ုပ်သည်လုပ်ငန်းခွင်၌တက်ကြွစွာ ငိုက်မျဉ်းနေလျက်ရှိလေ၏။ သို့သော် ကြာရှည်စွာ ငိုက်မျဉ်းနိုင်ခြင်းကား မစွမ်းသာပေ။ အဘယ်အတွက်မူ ကျွန်ုပ်၏ အလုပ်ရှင်သူဌေးရောက်ရှိလာသဖြင့် လွန်စွာမှပင် အားထုတ်၍ အလုပ်လုပ်နေသယောင် ဟန်ဆောင်ထားရပေသည်။ သို့သော်လည်းကမ္ဘာပေါ်၌ အလေးဆုံးအရာသည် မျက်ခွံဖြစ်ရကား ကျွန်ုပ်မှာ အိနြေ္ဒမဆည်နိုင်လောက်အောင်ပင် ပျက်ရွင်းနေလေ၏။ ထိုသို့ ယိုင်လဲလုနီးနီးဖြစ်နေသာ ကျွန်ုပ်၏အခြေအနေအား ထိန်းသိမ်းရန်အတွက် ကျွန်ုပ်၏အာရုံတို့အား လွှဲပြောင်းရန် သူဌေးအလစ်၌ ကျွန်ုပ်၏ကောင်းကင်လေးရှိရာသို့ ရောက်ရှိခဲ့လေ၏။

ထိုသို့ရောက်ရှိလျှင် ရောက်ရှိခြင်း စီဘုံးဟုခေါ်တွင်သော ကျွန်ုပ်မိတ်ဆွေများ၏ မှတ်တမ်းများ သိမ်းဆည်းရာ ပြတိုက်လေး၌ အသစ်စက်စက် မှတ်တမ်းလေးတစ်စောင်အား အမှတ်မထင်တွေ့လိုက်ရလေတော့၏။ ထိုမှတ်တမ်းလေးမှာ ကျွန်ုပ်လွန်စွာမှပင် ခင်မင်လှ၍ ကျွန်ုပ်အားလည်း လွန်စွာမှပင် ခင်မင်ကြသော ကျွန်ုပ်နှင့် ပြောမနာ ဆိုမနာ မိတ်ဆွေရင်းချာများသဖွယ် ဖြစ်ကြသည့် ကိုရင်နော်နှင့် မခင်လေးငယ်တို့ ၏ မှတ်တမ်းပင် ဖြစ်လေတော့သည်။ ထိုမှတ်တမ်းတွင် ပါဝင်သော အကြောင်းအရာကို ဖတ်ရှုမိသည့်ခဏ၌ပင် ကျွန်ုပ်ရင်ဘတ်သို့ လော်ရီကား တက်ကြိတ်သည့်နှယ် အသက်ရှုကျပ်သွားလေတော့သည်။ အဘယ်ကြောင့်ဟူမူ မှတ်တမ်း၌

"ချစ်ခြင်းဗလပွဖြင့် TAG တော်မူ၏ ဟဲ ဟဲ..."

ဆိုသောစာမှာ ကျွန်ုပ်အား များစွာ အသက်ရှုကျပ်စေလေ၏။ အဘယ်အကြောင်းအရာများကို ရေးသားရန် ကျွန်ုပ်၏မိတ်ဆွေကြီးများ တက်ဂ်ပါသနည်း။ ပြင်းပြလာသော သိချင်စိတ်များအား မမျိုသိပ်နိုင်တော့သောကြောင့် ချက်ခြင်းလိုပင် အနှီမိတ်ဆွေကြီးများရှိရာ အိမ်ဂေဟာသို့ တက်သုတ်ရိုက် ချီတက်ခဲ့လေတော့သည်။ အိမ်သို့ရောက်လတ်သော် အကြိမ်ကြိမ် အခါခါ အသံပြု ခေါ်ငင်ပါသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ထွက်လာခြင်းငှာ မတွေ့ရှိရသဖြင့် ကျွန်ုပ်သည်လည်း တတ်သည့်ပညာ မနေသာသည့်အလျောက် ကျွန်ုပ်၏ပညာဖြင့်ပင် ယင်းမိတ်ဆွေကြီးတို့၏ တံခါးကိုဖွင့်ကာ ၀င်ရောက်ခဲ့လေတော့သည်။

ထိုသို့ ၀င်ရောက်သည်ဆိုခြင်း၌ ကျွန်ုပ်အနေနှင့် မည်သို့သော ပစ္စည်းတစ်စွန်းတစ်စမှ ခိုးယူလိုသော စိတ်မရှိဘဲ မည်သည့်အကြောင်းအရာအားတက်ခ်သည် ဆိုသော သိချင်စိတ်တစ်ခုတည်းသာ ရှိသည်ဆိုသည်ကိုမူ ကျွန်ုပ်နှင့် လွန်စွာရင်းနှီးခင်မင်ကြသော ကျွန်ုပ်၏ မိတ်ဆွေကြီးများ သိလိမ့်မည်ဟု မျှော်လင့်မိလေ၏။ ထိုသို့ တွန်းဖွင့် ၀င်ရောက်ရင်း အနှီမိတ်ဆွေကြီးများ၏ တက်ခ်ကို ရှာဖွေဖတ်ရှုရာ ယခင့်ယခင် ရေးသားထားသော အဟောင်းများအား ပြန်လည်ဆန်းသစ်ရန် တက်ခ်ထားခြင်းဖြစ်ကြောင်းကို သိရှိရလေ၏။ သို့မှသာလျှင် ကျွန်ုပ်လည်း အနည်းငယ် စိတ်အေးရလေတော့၏။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်လည်း ကျွန်ုပ်၏မိတ်ဆွေကြီးများနှင့် ကျွန်ုပ်လေးစားရသော စာဖတ်သူ၊ ဘလော့ခ်ဂါမောင်နှမများအား ပြန်လည် တင်ပြနိုင်ရန်အလို့ငှာ စဉ်းစားခန်းဝင်ရလေတော့၏။

ကျွန်ုပ်မှာ ကဗျာရေးသားသော ဘက်၌အားသန်သူဖြစ်သည့်အလျောက် ရေးခဲ့ဘူးသော ကဗျာများစွာရှိလေ၏။ သို့သော်ကျွန်ုပ်၏ကဗျာများမှာ ဖတ်ရှုသူများအတွက် စိတ်အပန်းပြေစရာ နည်းပါးလှသည် ဖြစ်သည့်အလျောက် ကျွန်ုပ်မှာလွန်စွာမှပင် အားနာခြင်းဖြစ်မိလေ၏။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်ကိုယ်တိုင် စိတ်ကူးဖြင့် တည်ဆောက်ခဲ့သော အိမ်လေးတစ်လုံးနှင့် ကျွန်ုပ် ဂျီတီအိုင်ကျောင်းသားဘ၀ ကိုယ်တွေ့ကြုံဆုံခဲ့ရသော ရီမောဖွယ်ရာ အမှတ်တရ အဖြစ်လေးတစ်ခုအား ဒုတိယအကြိမ် ပြန်လည်ဆန်းသစ်ခြင်းဖြင့် ကျွန်ုပ် မိတ်ဆွေကြီးများ၏ တက်ဂ်ကို ရေးသားလိုက်ရပါကြောင်း။၊



စိတ်ကူးနဲ့ဆောက်တဲ့အိမ်


အခမ်းနားဆုံး အလှတရားတွေနဲ့ ဖွဲတည်ရင်း
ရှိန်းမြနွေးထွေးခြင်းနဲ့ တည်ဆောက်ခဲ့...။

အဲဒီနေရာလေးမှာ...

ရင်ခုန်သံတွေ ထပ်တူကျခဲ့
အသည်းချင်းတွေ ထွေးပွေ့ခဲ့
နားလည်သိတတ်မှုတွေ မျှတခဲ့..။

နှစ်ယောက်ထဲပါ
အရာရာ ပြည့်စုံနေခဲ့တယ်...။

ကန္တာရလို နေရာမျိုးမှာ
နေပြောက်မတိုး တောအုပ်စိုက်ချင်တဲ့....ငါ
စိတ်ကူးအတွေးနဲ့ ဆောက်တဲ့အိမ်မှာ
အိပ်မက်တွေက
ရင်တိမ်းညွှတ်စွာ သာယာခဲ့...။

နှစ်ကိုယ့်တစ်စိတ် အိပ်ခန်း
သမုဒယလွှမ်း ကြမ်းပြင်
ရင်ငွေ့ချ ပန်းချီတစ်ချပ်နဲ့
သပ်ရပ်တဲ့ ဧည့်ခန်း
သံယောဇဉ် မြေနီလမ်းထဲ
နေခြည်ဖျော့ဖျော့ ထွေးဖက်
မေတ္တာဓါတ်နဲ့ ဆောက်တဲ့အိမ်
သစ္စာပန္နက်ရိုက်ရင်း ဖြစ်တည်
ငါ့.. မြတ်နိုးခြင်းနှင်းဆီ
မင်းပန်ဆင်ဘို့ ဖူးပွင့်နေခဲ့...။

အတင်းကြပ်ဆုံး ရစ်ပတ်ချည်နှောင်ရင်း
အမြတ်နိုးဆုံး သီကျူးတဲ့ ချစ်ခြင်းသံစဉ်တွေကြား

ချစ်သူရေ......

ကိုယ်တို့အိမ်လေးမှာ ဆည်းလည်းလေးတွေတောင်
ရင်...ခုန်...တတ်...နေ....ပြီ..။

အထက်တွင်အသုံးပြုထားသောပုံကို www.homeplaninfo.com ကူးယူဖော်ပြပါသည်။



အမှတ်တရအလွဲ(သို့) ကျွန်ုပ်နှင့်ကားမီး

ပူပြင်းအိုက်စပ်လှတဲ့ နွေရာသီနေ့တနေ့....

အဲဒီနေ့က ကျွန်တော်ကျောင်းသွားတုန်း တွေ့ကြုံရတဲ့အလွဲလေးတစ်ခုပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်က အင်းစိန်မှာ GTI မှာ ပထမနှစ်တက်ခါစ။ ကျောင်းဖွင့်တာ ၃လလောက်ဘဲ ရှိသေးတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဘယ်လိုအိပ်ချင်မှန်းကို မသိဘူး။ ကျွန်တော်လည်းအိပ်ချင်တဲ့ မျက်လုံးကိုအတင်းပြူးပြီး အိမ်ကထွက်လာခဲ့တယ်။ ရာသီဥတုကလည်း တော်တော်ပူတာ။ မြေနီကုန်းကားဂိတ်မှာ ကားစောင့်နေရင်း ပူပြင်းလှတဲ့နေမင်းကို ရန်လုပ်နေသေးတယ်။ ၁၀မိနစ်လောက်ကြာတော့ ၄၅aricon-busကြီးရောက်လာပါကော။ ဒါနဲ့ကျွန်တော်လည်း ကားနား ပြေးသွားပြီး ကားပေါ်တက်လိုက်ပါတယ်။ ကျေးဇူးရှင် စပယ်ယာကလည်း အတင်းတွန်းတင်နေတာ။ တော်တော်မလွယ်ဘူးဗျာ။

ကျွန်တော့် လက်ထဲမှာ Tကပါသေးတယ်လေ။ ကျောပိုးအိတ်ကဖက်၊ ဒီကြားထဲ ကျေးဇူးရှင်က အတင်းတွန်းတင်တော့ စိတ်ထဲကနေ မေတ္တာပို့လိုက်သေးတယ်။ ဒါနဲ့ကားပေါ်ရောက်တော့ ထိုင်စရာလေးများ ရနိုင်မလားလို့ မျက်စိကလေးကစားလိုက်တယ်။ တွေ့ပါပြီဗျာ ဟိုးနောက်ဆုံးတန်းမှာ။ ဒါနဲ့ကျွန်တော်လည်း သူများမထိုင်ခင် ကဗျာကယာ ပြေးဦးလိုက်တာပေါ့။

"ဟဲ့ ဟဲ့ ဘယ်လိုလုပ်တာလဲ..."
"ဟာ" "ကတော့နော် အမ ဆောရီး.."

ကျွန်တော်တောင်းပန်တာတောင် သူကမျက်ထောင့်နီကြီးနဲ့ ကြည့်တုန်း။ သူစိတ်ဆိုးမယ် ဆိုလဲဆိုးချင်စရာပါဘဲ။ ကျွန်တော်က နေရာရလိုဇောနဲ့ အပြေးလေးသွားတော့ လက်ထဲကTကို ခဏမေ့သွားတယ်၊ အဲဒီမှာတင် Tတံခေါင်းက အဲဒီအမကြီးလက်ကို ချိတ်မိပြီး ကျွန်တော်သွားတဲ့နောက် ကိုသူကယိုင်ပြီးတော့ ပါလာတာ။ သူ့ကြည့်ရတာလဲ တော်တော်နာသွားတဲ့ ပုံဘဲ။ ကျွန်တော်လည်း ဆောရီးပြောပြီး အသာလေးလစ်ထွက် လာလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်လည်း နောက်ဆုံးတန်းက ခုံမှာဝင်ထိုင်လိုက်တယ်။ မကြာပါဘူး စပယ်ယာ ကားခလာကောက်တာနဲ့ ပိုက်ဆံထုတ်ပေးလိုက်ပြီး လွယ်အိတ်လေး ပေါင်ပေါ်တင် Tတံကို ဒူးနှစ်ဖက်နဲ့ ညှပ်ပြီး စငိုက်တော့တာပေါ့။ မဟာမြိုင်မှတ်တိုင် ရောက်တော့ ကျွန်တော့်ဘေးက တစ်ယောက်ဆင်းသွားပြီး အသက်၅၅ ၆၀ လောက်ရှိတဲ့မိန်းမကြီး တစ်ယောက်ဘေးကို ၀င်ထိုင်လိုက်တာ သိလိုက်တယ်။ ဒါနဲ့ ကျွန်တော်လည်း ငိုက်ရင်းကနေ မှေးကနဲ အိပ်ပျော်သွားတယ်။

"မီးတွေ မီးတွေ ကားနောက်မှာ မီးလောင်နေပြီ"
"စပယ်ယာ ကားနောက်မှာ မီးလောင်နေပြီ"

ဆိုတဲ့ ကျွန်တော့်ဘေးက မိန်းမကြီး စူးစူးဝါးဝါး အော်သံကြားမှ ဆတ်ကနဲ လန့်နိုးသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ နောက်လှည့်ကြည့် လိုက်တော့ ကားနောက်မှာ မီးခိုးလုံးကြီးတွေက အူထွက်လာတာ တွေ့လိုက်ရတယ်။ ဒီမှာတင် ကျွန်တော့်ဘေးက မိန်းမကြီးက ဘာမပြော ညာမပြောနဲ့ ထပြေးတော့တာဘဲ။ ကျွန်တော်လည်း ဘယ်ရလိမ့်မလဲ ပေါင်ပေါ်တင်ထားတဲ့ ကျောပိုးအိတ်ကို ဇတ်ကနဲ ကောက်လွယ် Tကို လက်တစ်ဖက်က ကိုင်ပြီးပြေးတော့တာပေါ့။ ဟိုမိန်းမကြီးက ရှေ့က ကျွန်တော်က နောက်ကပေါ့။ ကားပေါ်မှာလည်း ကျွန်တော်တို့ နှစ်ယောက်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာပေါ့။ အဲဒီမှာတင် စပယ်ယာက

"ဟာ ဘယ်လိုဖြစ်လို့ လျှောက်ပြေးနေတာတုန်း မီးလောင်တာ မဟုတ်ဘူးဗျ။ အင်ဂျင်ကျနေလို့ မီးခိုးအလုံးလိုက် ထွက်နေတာ"

"မသိဘူးလေတော် မီးခိုးတွေအများကြီး ထွက်တော့ ကျူပ်ကမီးလောင်တယ်ထင်လို့ပေါ့.."

လို့ ပြောပြောဆိုဆို နဲ့ ဘာမှမဖြစ်သလိုနဲ့ သူ့နေရာသူ ပြန်သွားထိုင်နေလေရဲ့။ ကျွန်တော့် မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ အိပ်ချင်မူးတူးနဲ့ သူ့နောက်ကလိုက်ပြေး မိတာကိုး။ တစ်ကားလုံးကလည်း ပြူံးစိစိနဲ့ ကျွန်တော်တို့ကို ၀ိုင်းကြည့် နေကြလေရဲ့။ တစ်ချို့မထိန်းနိုင်တဲ့ သူတွေဆို အသံထွက်ပြီးတောင် ရီနေလေရဲ့။ ဟိုမိန်းမကြီးကတော့ ဘာမှမဖြစ်သလို သွားထိုင်နေနိုင်ပေမယ့် ကျွန်တော်မှာတော့ ရှက်လွန်းလို့ နီးစပ်ရာ မှတ်တိုင်မှာ ဆင်းပြီးနောက်ကား ပြောင်းစီးခဲ့ရပါကော။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Saturday, December 13, 2008

ရင်သို့ထွင်းဖောက် ၀င်ရောက်ခဲ့သောကဗျာများ

ထက်ကောင်းကင် အာကာတခွင်၌ တိမ်မြူခိုးတို့ ကင်းစင်၍ လင်းချင်တိုင်း လင်းနေသော တနင်္ဂနွေ တစ်နေ့ဖြစ်သည့် အားလျော်စွာ ကျွန်ုပ်သည်လည်း အလုပ်အားရက်၏ အရသာကို ဆက်ရက်မင်းတစ်ကောင်၏ စည်းစိမ်မျိုးဖြင့် ယစ်မူးကာ အရသာခံနေလေတော့၏ ။ ယခင့် ယခင်ရုံးပိတ်ရက်များတွင် ကျွန်ုပ်သည် တစ်နေရာမဟုတ် တစ်နေရာ သွားတတ်သည် မှန်သော်လည်း ယနေ့တွင်မူ အပြင်ထွက်ရမှာ ပျင်းသည်က တစ်ကြောင်း၊ အားလပ်ရက်တွင် အိမ်၌ စာအုပ်ဖတ်ကာ စည်းစိမ်ယူလိုလှသည်က တစ်ကြောင်း ၊ လကုန်ရက် ရောက်ခါနီးသည်နှင့်အမျှ အိတ်ကပ်မှ ငွေအသပြာတို့မှာလည်း ပါးသည်ကတစ်ကြောင်း အိမ်၌ပင်နေကာ ပက်လက်ကုလားထိုင်တစ်လုံး ကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နှင့် ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်လှသဖြင့် သွားလေရာ နေရာတိုင်းလိုလို၌ ပါတတ်သော လန်ဒန်ဟု ခေါ်တွင်သည့် စီးကရက်တဗူးကို ဘေး၌ချ၍ စာအုပ်ကိုဖတ်ရင်း လောက၏ အရသာကို ကောင်းမွန်စွာ ခံစားနေလေတော့သည်။ ထိုသို့ စည်းစိမ်ခံစားနေချိန်၌ပင် ကိုလင်းဒီပတစ်ယောက် အိမ်ရှေ့မှ ငိုက်စိုက်ငိုက်စိုက်ဖြင့် တက်လာသည် ကိုလှမ်းမြင်မိလေသည်။ ကျွန်ုပ်လည်း ကိုဒီပကိုမြင်သော် ယင်းဝင်သာအောင် တံခါးထဖွင့်ပေးရင်း နှုတ်ဆက်စကားဆိုလိုက်လေ၏ ။

" ဗျို့ကိုဒီပ မတွေ့တာတောင် အတော် ကြာနေပါပေါ့လား အခုကော ဘယ်လေတိုက်လို့ ရောက်လာပါသလဲဗျာ "

" ဟား ဟား မုတ်သုန်လေ မြောက်ပြန်တိုက်လို့ စိတ်၏စေရာအတိုင်းလိုက် လိုက်တာ မိုးမြင့်တိမ်တိုက်ဆီ ရောက်လာတာပါဘဲဗျာ "

" ကိုဒီပတို့ကတော့ လုပ်ပြီ စာချိုးလေးနဲ့ ပြောလိုက်ရမှပေါ့လေ။ ကိုဒီပနှယ် ဒီလို ပျော်ပျော်နေတတ်လို့ စိတ်ပျို ကိုယ်နု ဖြစ်နေသလား မသိဘူးဗျို့ "

" ကဲ စကားကောင်းနေလိုက်တာ ဧည့်သည်ကို ဧည့်ခံဘို့တောင် မေ့နေတယ် အပူလား အအေးလား ကိုဒီပ "

"ရပါတယ်ဗျာ အပင်ပန်းခံမနေပါနဲ့ နေပါစေ "

" ဘယ်ဟုတ်ပါ့မလဲ ကိုဒီပရဲ့ ကျွန်တော့်ဆီကို ရောက်တုန်းလေးတော့ ဧည့်ဝတ်ကလေး ကျေချင် စမ်းပါဘိနှယ်... ကဲ ခဏစောင့် ကော်ဖီသွားဖျော်လိုက်မယ်"

ကျွန်ုပ်လည်း ထိုသို့ပြောပြီးနောက် ကိုဒီပ သောက်ရန်အလို့ငှာ နောက်ဖေးသို့သွား၍ ကော်ဖီဖျော် ယူလာပြီးလျှင် ကိုဒီပအား ကော်ဖီကမ်းပေးရင်း လှမ်းပြောမိလိုက်၏ ။

" ကဲ ကိုဒီပရေ ကော်ဖီသောက်ရင်း လာရင်းအကြောင်းလေးဆိုပါဦးဗျ "

" ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ ကိုမိုးမြင့်ဆီလည်း မရောက်တာကြာ စာအကြောင်း ပေအကြောင်းလေးလဲ ပြောရအောင် လာတာဗျ။ အခုတလော ကိုယ့်ဆရာလည်း ကဗျာရေးတွေ ကြဲနေပါလား"

" ကြဲဆို ဒီလိုကိုဒီပရဲ့ ။ ကျွန်တော်နှစ်သက်တဲ့ ကဗျာလေးတွေကို ပြန်လိုက်ရှာပြီးစုစည်းနေတာနဲ့ ကဗျာရေးတာ ခဏရပ်ထားတာ "

" ဟာ ဟုတ်လားဗျ။လုပ်စမ်းပါဦး ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာလေးတွေက ဘယ်လိုကဗျာတွေလည်း ကျွန်တော့်ကိုလည်း ပြောပြပါဦး "

" အင်း ကြိုက်တဲ့ကဗျာတွေ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒီထဲက ကျွန်တော်ကြိုက်တဲ့ ပထမဆုံးကဗျာ ကိုပြောရမယ်ဆိုရင်တော့ ရှင်မဟာရဌသာရ ဆုံးမစာ လကာင်္ ပေါ့ဗျာ။ ဒီလကာင်္က ဆရာတော်ကကျွန်တော်တို့ နောင်လာ နောက်သားတွေကို ဆိုဆုံးမထားတဲ့ ကဗျာပေါ့ဗျာ။ ကျွန်တော်တို့ ကျောင်းတုန်းကလည်း သင်ခဲ့ကြရဘူးပါတယ်။ ဒီလကာင်္လေးမှာ မိခင်ဖခင်နဲ့ လူကြီးသူမ ဆရာသမားတွေ အပေါ်မှာ ဘယ်လိုဘယ်ပုံ ရိုသေကိုင်းရှိုင်းရမယ် ၊ လူကြီးမိဘ ဆရာသမားတွေရဲ့ ဆိုဆုံးမစကားကို ဘယ်လိုနာခံရမယ် ၊ ကိုယ့်ထက်အကြီး အကိုအမ တွေကို ဘယ်လိုသဘောထားရမယ် ၊ ဘယ်လိုစည်းလုံးရမယ် ၊ ဘယ်သူမျိုးကိုပေါင်းရမယ် ၊သတ္တ၀ါတွေအပေါ် ဘယ်လိုကြင်နာရမယ် ဆိုတဲ့ အသိတွေ အကျင့်တွေ ဆောင်ရွက်လိုက်နာဖွယ်ရာတွေကို ဆိုဆုံးမထားတဲ့လကာင်္လေးပေါ့ဗျာ။ တန်ဘိုးရှိသလို မှတ်သားလိုက်နာသင့်တဲ့ လကာင်္မို့လို့ ကျွန်တော်မှတ်ထားတယ်ဗျ။ ဒီမှာ"

ရွင္မဟာရဌသာရ ဆံုးမစာ လကာၤ

၁။ လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့်
တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။
(မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)

၂။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနုတ်ထွက်၊ ဆက်၍မဆို၊ ရိုသေကြစေ၊ ကိုကြီး အစ်မ၊ သည်နှစ်ဝကို မိဘကဲ့သို့ မှတ်ကြလေ။

၃။ သေသူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါတယ်လည်း၊ မဖယ်မသွေ၊ ညီညာ ကုန်း၍၊ ရုန်းကြလေ။

၎။ သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ညစ်ပတ် ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

၅။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကိုလည်း၊ ချစ်ပါလေ။

" ဟုတ်ပါတယ် ကိုမိုးမြင့်ရေ။ တကယ်ကို မှတ်သားသင့်တဲ့ လကာင်္လေးပါ။ ကျွန်တော်လည်း ဖတ်ဘူး ၊ သင်ဘူးတယ် "

" ဟုတ်တယ်ကိုဒီပရေ။ ဆရာတော်ရေးခဲ့တဲ့ ကဗျာ၊ လကာင်္ ၊ ရတု တွေအများကြီးပါဘဲ။ ဒီထဲမှာ ကျွန်တော်ကြိုက်တဲ့ ဆရာတော်ရေးတဲ့ ရတုတစ်ပုဒ်ရှိတယ်ဗျ "

" ဟုတ်လား ဘယ်လိုရတုလည်းဗျ "

" ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု တဲ့ဗျ။ ကိုဒီပ နားထောင်ချင်ရင် ကျွန်တော်ရွတ်ပြမယ်"

“ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု”

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
( ဆရာတော်၏ အထ္ထုပတ္တိအကျဉ်းနှင့် မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် )

" တော်တော်ကောင်းတဲ့ ရတုဘဲဗျ ကိုမိုးမြင့် "

" ဟုတ်တယ် ကိုဒီပ "

" နောက်တစ်ပုဒ် ကျွန်တော်ကြိုက်တာကတော့ ဆရာဇော်ဂျီရေးတဲ့ မင့်အိမ် ဆိုတဲ့ ကဗျာလေးဘဲ " "ဒီကဗျာလေးက ဘယ်အရာမဆို ကိုယ်တိုင် ကြိုးကုတ်အားထုတ်ပြီး ကိုယ်တိုင်ကြိုးစားမှာသာ ရနိုင်ဖြစ်နိုင်မယ်ဆိုတာကို ဖော်ကြူးထားတဲ့ ကဗျာလေးပေါ့။ တခြားသူ အောင်မြင်နေတာကို ငေးကြည့်ပြီး အားကျနေမဲ့အစား ကိုယ်ကိုယ်တိုင် သူတပါးလို အောင်မြင်အောင် ကြိုးစားအားထုတ်ရမယ် ဆိုတာကို ဖော်ပြထားတာဘဲ ကိုဒီပရေ။ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတိုင်း ပြန်ပြန်သတိရမိတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။ ဒီမှာလေ ကိုဒီပ ဖတ်ကြည့်လိုက်ပါဦး "


မင့်အိမ်

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်က မင့်အိမ် ၊ လွန်သေးသိမ်ဟု
မငြိမ်မသက် ၊ စိတ်စက်မကောင်း
စိတ်ထောင်း ကိုယ်ကြေ ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင် အိအယောင်
ဆောင်ပြိုင် သာမော ၊ သူ့အိမ်ချောသို့
စကြောသပ်ရပ် စံပယ်ထပ်နှင့်
ပန်း ထပ် ပန်း ကြွ ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း ၊ မင်းရော်ရမ်းသည်
ပန်း အိ နေထိ ကြွေတော့မည်။

မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင့် တက်ဖာပေါ့
အကာ အနင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့ ၊ အရွှဲ့ အစောင်း
မကောင်း မပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

ကျွန်ုပ်လည်း ကိုဒီပလက်ထဲသို့ ဆရာဇော်ဂျီ၏ ညီသစ်ဆင်း ကဗျာစာစုများ ဆိုသည့် ကဗျာစာအုပ်အား လှမ်းပေးကာ ကိုဒီပ ကဗျာဖတ်နေသော အချိန်အတွင်း၌ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်သည့် ပရီးမီးယားဟု ခေါ်တွင်သည့် ကော်ဖီအားတစ်ငုံခန့်မျှ သောက်၍ လန်ဒန်စီးကရက်အား မီးညှိဖွာရှိုက် လိုက်လေသည်။ ထို့နောက် ကိုဒီပအား

" ဘယ်လိုလဲ ကိုဒီပ ဆရာဇော်ဂျီရေးထားတာ "

" ကောင်းတယ်ဗျာ လူတစ်ယောက်မှာ ရှိသင့်၊ထားသင့်တဲ့ စိတ်ဓါတ်ကို အိမ်နဲ့ ဥပမာ ပေးစပ်ဆိုသွားတာ တကယ့်ကို ကောင်းပြီး တန်ဘိုးရှိတဲ့ ကဗျာတစ်ပုဒ်ပါဘဲဗျာ "

" ဟုတ်တယ်ကိုဒီပရဲ့"

" ဒါနဲ့ ကိုမိုးမြင့် ဒီနေ့ခေတ်ထဲမှာ မော်ဒန်ကဗျာတွေ ခေတ်စားလာတယ်ဗျ။ အဲဒီထဲံမှာ ကော ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာရှိလား "

" ရှိတာပေါ့ ကိုဒီပရယ် ကဗျာဆရာဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတဲ့ အကြောင်းအရာ ကိုယ်ကနေ ကဗျာဖတ်သူတွေကို ပေးချင်တဲ့ အကြောင်းအရာ တွေကို ရေးနည်းရေးဟန်အမျိုးမျိုးနဲ့ ပေးနေကြတာလေ။ ဒါကြောင့်မို့ ကဗျာတိုင်းကို ကျွန်တော် နှစ်သက်တယ်။ ကဗျာဆရာတိုင်းကို ကျွန်တော် လေးစား တန်ဘိုးထားတယ်ဗျ။ ဒီနေ့ခေတ်ထဲမှာလည်း ကျွန်တော်ကြိုက်တဲ့ ကဗျာဆရာတွေ ကဗျာတွေ အများကြီးရှိတယ် ကိုဒီပ။ အဲဒီထဲကနေ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ် ကိုဒီပကို ပြမယ်။အဲဒီကဗျာက တာရာမင်းဝေ ရေးထားတဲ့ နှင်းလူဆိုတဲ့ ကဗျာဘဲ ကိုဒီပ။ ကျွန်တော်လည်း ဆောင်းရာသီနဲ့ ပတ်သက်နေတဲ့ ကဗျာလေးဆိုတော့ မှတ်မိပြီး ကြိုက်နေတာဗျ "

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

" ကောင်းလိုက်တာ ကိုမိုးမြင့် ၊ ဖတ်ရတာ အရသာ ရှိတယ်ဗျာ "

" ဟုတ်တယ်ကိုဒီက ကျွန်တော်လည်း ဒီကဗျာလေးကို တော်တော်ကြိုက်တယ်ဗျ "

" နောက်ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ရှိသေးတယ်။ အဲဒီကဗျာကတော့ ကျွန်တော့်အကိုကြီး ဆိုလည်းဟုတ် ကျွန်တော်ဂျီကျပြီး မေးသမျှကိုလည်း အိပ်ရေးပျက်ခံပြီး မညဉ်းမညူ စဉ်းစားပေးတွေးတောပေး သင်ပြပေးတဲ့ ဆရာဆိုလည်းဟုတ် ကျွန်တော်ရေးတဲ့ကဗျာတွေကို အချိန်ကုန်ခံပြီး စိစစ်အကြံပေးတတ်တဲ့ မိတ်ဆွေဆိုလည်းဟုတ်တဲ့ အကို မင်းသုခရေးပြီး ကျွန်တော့်ကို လက်ဆောင်ပေးထားတဲ့ ကဗျာပေါ့။ ကဗျာနာမည်က ဒီဇင်ဘာလျော်ကြေး တဲ့ ။ ကဗျာကိုတပ်မက်ခုံမင်လွန်းတဲ့ သားနဲ့ သားအပေါ်မှာ မိဘမေတ္တာစိတ်အပြည့်နဲ့ ဖြစ်စေချင်လွန်း အောင်မြင်စေချင်လွန်းတဲ့ အဖေတစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပေါ့ ။ ကျွန်တော်တော်တော်ကို နှစ်ခြိုက်မိတဲ့ ကဗျာလေးလေ။ ကျွန်တော်ရွတ်ပြမယ် နားထောင်ကြည့် ကိုဒီပ "


ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္တေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့် ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကြွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန် မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်း ခဲ့တာမဟုတ်ဘူး အဖေ..။

ခုံမင်တဲ့ ကဗျာအစလေးတွေနဲ့
တစ်ခါကပေးတဲ့ အိပ်မက်
ဆန်းတက်တဲ့ နေ့ရက်တွေမှာ
မှတ်တမ်းထွက်တဲ့ ပုံနှိပ်စာလုံးတွေက
ကျွန်တော့်ဘ၀အတွက် မမေ့ရက်စရာ
(၇၅) ကျပ်တန် အပျော်တွေပါ..။

မေတ္တာအရောင်တွေ ကြီးစိုး
ကဗျာဆရာဖြစ်မှာ စိုးတဲ့အဖေ
ကျွန်တော့်ကို ရိက္ခာဖြတ်တော့
သပြေနဲ့ ချယ်ရီ ကျွန်တော့်အတွက်တော့ နာရီဖြစ်ခဲ့တယ်..။

ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။

အယက်အကန်ခံလို့ အံခဲမယ့်ဗေဒါလို
စိတ်ဓါတ်ကိုအားတင်း ရဲရင့်ခြင်းနဲ့ နေပါလည်း
ကျွန်တော့်ရင်ထဲ မြတ်နိုးတဲ့ ကဗျာပန်းတွေ
ှနွမ်းလျလို့ ကျေခဲ့တယ် အဖေ..။

အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကေင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှာ
တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

" ကောင်းလိုက်တဲ့ ကဗျာလေး ကိုမိုးမြင့်ရာ။ ဖတ်ပြီးတော့ ရင်ထဲတစ်မျိုးတစ်မည်ကြီး ခံစားလိုက်ရတယ် "

" ဟုတ်တယ်ကိုဒီပရေ ဒါကြောင့်မို့လည်း ကျွန်တော်ကြိုက်တာပေါ့ "

" ကဲ ကိုဒီပရေ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေတော်တော်များများလည်း ပြောပြခဲ့ပြီးပြီ။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေ အကုန်သာပြောရရင် ဒီဘလော့ခ်စာမျက်နှာလောက်ပါ့မလားလို့ စိုးရိမ်မိတယ်ဗျို့ ။အဲဒီတော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်ဗျာ အချိန်လည်း အတော်လင့်နေပြီ။ နောက်တစ်ခါ ကျမှဘဲ ထပ်ပြောကြတာပေါ့ "

" ဟုတ်တယ် ကိုမိုးမြင့်ရေ ကျွန်တော်လည်း ပြန်ဘို့သင့်ပြီဗျ။ အိမ်ကလည်း မျှော်နေလောက်ပြီ ။နောက်တစ်ခါ ကျတော့မှ ဆက်ပြောကြတာပေါ့ဗျာ။ အခုတော့ ကျွန်တော်လည်း ပြန်လိုက်ဦးမယ် ကိုမိုးမြင့်ရေ ။ အခုလို ကဗျာကောင်းတွေဖတ်ရတာ ကျေးဇူးတင်သဗျာ။ ကဲသွားပြီဗျို့ "

ကျွန်ုပ်လည်းပြောပြောဆိုဆိုနှင့် နှုတ်ဆက်ကာ ဆင်းသွားသော ကိုဒီပ၏ ကျောပြင်ကို ငေးကြည့်ကာ ဒီဇင်ဘာ လျော်ကြေး ဆိုသော ကဗျာလေးအား ဒုတိယအကြိမ် ပြန်ဖတ်မိ လိုက်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

( ကိုလင်းဒီပရေ ရေးလိုက်ပါပြီဗျာ။ ရေးပေးတာနောက်ကျတဲ့ အတွက်ခွင့်လွှတ်စေလိုပါသည်ခင်ဗျာ )

ပထမတော့ မတက်ခ်တော့ဘူးလို့ နေမလို့။ ဒါပေမယ့် စိတ်ကူးပြောင်းပြီး တက်ခ်ပါမည်။ တက်မည့်သူကတော့ တူများရဲ့ အရှင် တူတို့ရဲ့ဘုရင် ကိုဖိုးမောင်(Happy Cloud) ပါ။ နောက်တစ်ယောက်ကတော့ ညီမ ရွှန်းမီပါ။ နောက်တစ်ယောက်ကတော့ ညီမ GREEN GIRL ပါ။ခင်တယ်ဆိုရင် ရေးပေးကြပါ။

Tuesday, October 28, 2008

အချစ်ကို ခံစားကြည့်ခြင်း

" အချစ်ကြောင့် လွမ်းရ ဆွေးရ တမ်းတရခြင်းသည် ဒဏ္ဍာရီ ပမာ ပျက်လွယ် ပြောက်လွယ် ရှိလှ၏ "

ရော်ဘင်တရာနတ်တဂိုး

"အချစ်" လူတစ်ယောက်ဟာ မွေးဖွားလာကတည်းက အချစ်ဆိုတဲ့ အရာကိုဖန်တီးပေးတဲ့ ချစ်တတ်တဲ့ စိတ်တစ်ခုပါလာပြီးသားပါ။ အမေ့ဝမ်းက ကျွတ်လို့ လူ့လောကထဲ အူဝဲ လို့ငိုပြီးဝင်လာကတည်းက ချစ်တတ်တဲ့ စိတ်တစ်ခုပါလာခဲ့တာပေါ့။ ဒါ့ကြောင့်သာ လူမမယ်ကလေးအရွယ်မှာတောင် မိခင်၊ဖခင်ကို ချစ်တဲ့စိတ် ကိုယ့်ကိုဂရုတစိုက်ထိန်းကြောင်းတဲ့ လူတွေကို ချစ်တဲ့စိတ်တွေ တွေ့နေရတာပေါ့။ ဒီနေရာမှာ အချစ်ကိုအမျိုးအစားခွဲကြည့်တော့ မိဘနဲ့ သားသမီး ချစ်ခြင်း၊ မောင်ချစ်နှမချစ် ဆိုတဲ့ ၅၂၈ ချစ်ခြင်းမျိုးနဲ့တစ်ယောက်ကို တစ်ယောက် မမြင်ရ မတွေ့ရရင် မနေနိုင်အောင် ချစ်ခင်စွဲလမ်းတတ်တဲ့ ချစ်သူသမီးရည်းစားခြင်း၊ လင်မယားခြင်းချစ်ကြတဲ့ ၁၅၀၀ အချစ်ဆိုပြီး နှစ်မျိုးနှစ်စားရှိလာပါတယ်။၅၂၈ ချစ်ခြင်းကတော့ ငြိမ်းချမ်းတဲ့ မေတ္တာတရားနဲ့ လွှမ်းခြုံ တဲ့အေးမြတဲ့ ချစ်ခြင်းမျိုးပါ။ ၅၂၈ချစ်ခြင်းမှာတောင်မိဘနဲ့
သားသမီးချစ်ခြင်းမျိုးက မောင်ချစ်နှမချစ် ချစ်ခြင်းမျိုးထက် ပိုပြီးတော့ အေးမြပါတယ်။ မိဘက သားသမီးကို ချစ်တဲ့အချစ်ဟာ စုန်ရေသာရှိပြီး ဆန်ရေမရှိတဲ့ သဘောလို မိမိကသာပေးပြီး သားသမီးဆီက ဘာကိုမှ ပြန်မျှော်လင့်ချက်မထားတတ်တဲ့ ချစ်ခြင်းမျိုးဖြစ်လို့ အချစ်ခံရတဲ့သားသမီးကော ချစ်တဲ့ မိဘပါ အေးချမ်းတဲ့ ချစ်ခြင်းမျိုးပါ။၁၅၀၀အချစ်ကတော့ နေပူပူကန္တာရထဲမှာ ရေဘူးထဲက ရေကို သောက်ရသလိုပါဘဲ။ ပူလောင်မှုကိုလည်းပေးစွမ်းနိုင်သလို အေးမြမှုကိုလည်း ပေးနိုင်စွမ်းပါတယ်။ ဒါပေမယ့် အေးမြမှုကို ပေးနိုင်စွမ်းတာထက် ပူလောင်မှုကို ပေးစွမ်းမှုက ပိုမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၅၀၀အချစ်ဟာ ၅၂၈အချစ်လိုမျိုးဘာတုန့်ပြန်မှုကို မှမျှော်လင့်မထားတဲ့ အချစ်မျိုးမဟုတ်လို့ပါဘဲ။ ၁၅၀၀ အချစ်ရဲ့နောက်ကွယ်မှာ လိုချင်တပ်မက်မှု ရယူပိုင်ဆိုင်လိုမှုဆိုတဲ့ အတ္တစိတ်တွေဟာ ကပ်ပါလာပါတယ်။ ဒီအတ္တစိတ်တွေပါလာတဲ့ အတွက်ချစ်ခြင်းဟာ အပြစ်မကင်းတော့ပါဘူး။ သူ့ကိုတော့ ငါကချစ်လိုက်ရတာ သူက ငါချစ်သလောက်တောင်မချစ်ပါလား ငါကတော့ ဂရုစိုက်လိုက်ရတာ သူကတော့ ငါ့ကို ဂရုမစိုက်ပါလား စသဖြင့် လိုချင်တပ်မက်မှု နှိုင်းယှဉ်မှု အစရှိတဲ့ အတ္တမကင်းတဲ့ ချစ်ခြင်းအဖြစ်ရပ်တည်လာပါတယ်။ သို့ပေမယ့် အကုန်လုံးရယ်လို့တော့ မဆိုလိုပါဘူး။ တကယ့်ကို မေတ္တာစစ် မေတ္တာမှန်နဲ့ချစ်ပြီး ဘာကိုမှ ပြန်လည်မမျှော်လင့်တဲ့ ချစ်သူ၊လင်မယားတွေလည်း ရှိကြပါတယ်။ ဒါကတော့ လောကဓမ္မအမြင်နဲ့ စိတ်တို့ဖြစ်တည်မှုကို ပိုင်းခြားပြီး ချစ်ခြင်းရဲ့ဖြစ်တည်မှုကို ခံစားကြည့်တာပါ။

ပုဂ္ဂလိကအမြင်ဖြစ်တဲ့ ကျွန်တော့်ရဲ့၁၅၀၀ အချစ်ပေါ်အမြင်ကို ပြောရရင်တော့အချစ်ဆိုတာကော်ဖီတစ်ခွက်ဖျော်သောက်ရသလိုဘဲလို့မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီတစ်ခွက်သောက်ဘို့ရာ ပထမဦးစွာ ရေနွေးလိုအပ်ပါတယ်။ အဲဒီ့အတွက် ကျွန်တော်တို့ဟာ ရေနွေးကိုတည်ရပါမယ်။ ရေနွေးရပြီဆိုပြန်တော့ လိုအပ်တဲ့ နို့ဆီ၊သကြား၊ ကော်ဖီမှုန့်တို့ကို ပြင်ဆင်ရပါမယ်။ အကယ်၍မရှိနေခဲ့လျှင် ထိုအရာများကို ၀ယ်ရပါလိမ့်မယ်။ ပြီးရင်တော့ ကော်ဖီဖျော်ထည့်ဘို့ ပန်းကန်ခွက်ယောက်လိုတာပေါ့နော်။အဲဒီ့အတွက် ပန်းကန်ကိုလည်း ဆေးကြောထားဘို့ လိုအပ်ပါတယ်။အားလုံးပြည့်စုံလို့ ကော်ဖီဖျော်ပြီဆိုရင်တော့ ကော်ဖီမှုန့်၊ နို့ဆီ၊သကြားနဲ့ ရေနွေးတို့ကို အချိုးအစားမျှတအောင် ဖျော်စပ်ဘို့လိုတာပေါ့။ ဒါမှလည်း အရသာရှိတဲ့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရမှာပေါ့။ အချိုးအစားမမျှတခဲ့ဘူးဆိုရင်တော့ ကော်ဖီတစ်ခွက်ဖြစ်သော်ငြားလည်း ကော်ဖီကောင်းတစ်ခွက်တော့ မဖြစ်နိုင်တော့ဘူးပေါ့။

ဒီလိုပါဘဲ လူတစ်ဦးတစ်ယောက်အပေါ် ၁၅၀၀အချစ်နဲ့ ချစ်ခင်စွဲလမ်းတဲ့စိတ်ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ရေနွေးအိုးတည်တဲ့အချိန်ရောက်လာပါပြီ။ သူ့ကို ငါကချစ်နေတာမသိလို့လား။ ချစ်နေမှန်းသိရက်နဲ့ ငါ့ရှေ့မှာ တခြားလူတွေနဲ့ ရောရောနှောနှောတမင်များ ဆက်ဆံပြတာလား အစရှိတဲ့ လိုချင်တပ်မက်မှု ရယူလိုမှုမကင်းတဲ့ စိတ်တွေဖြစ်လာပြီဆိုရင်တော့ ရေနွေးဆူနေပြီပေါ့။ တစ်ခါ ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ပြန်လည်ရရှိအောင် ကိုယ့်ကို ပြန်ချစ်လာအောင် ကြိုးစားကြပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီမှုန့်၊ သကြား၊ နို့ဆီတို့ ကိုလိုက်ဝယ်နေပါပြီ။ ကိုယ်က ချစ်တဲ့အတွက် ရယူပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ပေါ်လာတာကိုး။ အဲဒီ့အတွက် ရရှိအောင်ကြိုးစားကြတော့တာပေါ့။ အဲ ကိုယ်ချစ်တဲ့ သူက ကိုယ့်ကို ပြန်လည်ချစ်တုံ့ပြန်လက်ခံတယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီတစ်ခွက်ကို ကော်ဖီမှုန့်၊ သကြား၊ နို့ဆီ နဲ့ ရေနွေးတို့ကို အချိုးအစားကျအောင် ရောစပ်နိုင်လို့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရတဲ့သူတွေပေါ့။ တကယ်လို့များ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်နိုင်လို့ လက်မခံနိုင်လို့ ငြင်းပယ်ခံရတယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီကို အချိုးအစားမှန်ကန်အောင်မဖျော်နိုင်လို့ ကော်ဖီကောင်းတစ်ခွက်မသောက်ရသူတွေပေါ့။ ဒါကတော့ အချစ်ဆိုတဲ့ အရာအပေါ်မှာ ကျွန်တော်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ကို ဥပမာထားပြီး ခိုင်းနှိုင်းမြင်တဲ့ ကျွန်တော့်ရဲ့ အမြင်လေးပါ။ တစ်ခုပြောချင်တာကတော့ ဒီအမြင်ဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်တစ်ခုဖြစ်တာမို့ မတိုက်ဆိုင်တာများရှိခဲ့ရင် နားလည်ပေးပါလို့။ ကဲ မိတ်ဆွေတို့ အားလုံးလည်း ကော်ဖီကောင်းတစ်ခွက်သောက်နိုင်တဲ့ သူတွေဖြစ်ကြပါစေ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်


ညီမလေး မီးငယ်ရေ အကို ရေးလိုက်ပါပြီ။ ရေးပေးတာ နောက်ကျတဲ့ အတွက်နားလည်ခွှင့်လွှတ်စေလိုပါတယ် ညီမလေးရေ။ ညီမလေး ကျေနပ်လိမ့်မယ်လို့ အကိုထင်ပါတယ်။

Thursday, October 16, 2008

ကျွန်ုပ်နှင့် ဖြစ်သလိုစားသော နေ့ရက်များ

လောက၌ အသက်ရှင်ရပ်တည်ကာ လှုပ်ရှားရုန်းကန်နေရသော လူသားတို့အဖို့ အစားအသောက်သည် မရှိမဖြစ်လိုအပ်သော အာဟာရ လောင်စာဆီတစ်မျိုးပင်ဖြစ်လေသည်။ ထိုအဟာရလောင်စာဆီအား သင့်တင့်မျှတအောင် ဖြည့်ဆည်းစားသောက်မှသာလျှင် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသော လူသားတို့အဘို့ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်၍ အကြံဥာဏ်ကောင်းများလည်း တိုးပွားနိုင်ပေမည်။ ထို့အတွက် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်စေရန် ကျန်းမာရေးနှင့်ညီညွတ်မျှတစေရန် အစားအစာသည် လူသားတို့အတွက် မဖြစ်မနေ စားသုံးရပေမည်။

ကျွန်ုပ်သည်လည်း လူသားထဲက လူတစ်ယောက်ပင်ဖြစ်၍ နေ့စဉ်နှင့်အမျှ အဟာရအလို့ငှာ ထမင်း ၊ အသားငါး ၊ အသီးအရွက်နှင့် အခြားအဟာရဖြစ်စေမည့် အရာများကို စားသုံးနေရပေသည်။ သို့သော်ယခုအချိန်တွင်မူ ကျွန်ုပ်စားသုံးသော အစားအစာတို့သည် အဟာရဖြစ်သည်ဆိုရုံမျှသာ ဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ယောကျာ်းလေးတစ်ယောက်ဖြစ်သည့်အားလျော်စွာ အချက်အပြုတ်ဝါသနာမပါသူဖြစ်ရကား အမြန်ပြီးစေမည့် ဟင်းအမယ်မျိုးကိုသာ ရွေးချက်တတ်လေ၏။ ကျွန်ုပ်မှာ ထမင်းဟင်းကို အကောင်းကြီးမဟုတ်သော်ငြားလည်း အသင့်အတင့် ချက်ပြုတ်နိုင်ပါ၏ ။ သို့သော် အလုပ်မှမောမောပန်းပန်းပြန်လာပြီး စားဘို့ကို ပင်ပန်းစွာ ထပ်မံချက်ပြုတ်ရမည်ကို ပျင်းသောကြောင့် လည်းကောင်း ၊ ထိုသို့ချက်ပြုတ်နေပါက အဆာလွန်မည်ဆိုးသောကြောင့် လည်းကောင်း ပြီးစလွယ် ဟင်းများကိုသာ ချက်ပြုတ်လေ့ရှိ၏ ။ ထိုသို့ ချက်ပြုတ်ရာတွင် ကျွန်ုပ်၏ လက်စွဲတော် အချစ်ဆုံး ဇာတ်လိုက်မှာ ၀က်အူချောင်းနှင့် ကြက်ဥကြော်ပင်ဖြစ်လေသည်။ ထိုဟင်းအမယ်နှစ်မျိုးမှာ ချက်ပြုတ်ရန်လွယ်ကူခြင်း ၊ အချိန်ကုန်သက်သာခြင်းတို့ကြောင့် ဟင်းချက်ရန် အချိန်များစွာ မပေးလိုသော ကျွန်ုပ်အဘို့ အလွန်ပင်အဆင်ပြေလှပေ၏။ ရံဖန်ရံခါ အရည်ဟင်းလေးစားချင်သည့် အချိန်၌ ပဲဟင်းချက်တတ်သလို ကုန်းကြောင်းဟင်းချိုနှင့် ပြီးသောရက်များလည်းရှိခဲ့ပေသည်။ တစ်ခါတစ်ရံ၌လည်း အပြင်မှာပင် ၀ယ်စားလိုက်သည်လည်း ရှိလေ၏ ။

သို့သော်အပြင်၌ ရောင်းသောထမင်းဟင်းတို့မှာ ရောင်းတန်းဆိုင်ချက်သာ ဖြစ်သဖြင့် ပြောပလောက်အောင်စား၍ မကောင်းပါချေ။ ထို့အပြင် ကျွန်ုပ်တို့၏ မြန်မာပါးစပ်မှာ ချဉ်၊ငံ၊စပ်များကို နှစ်သက်တတ်ရကား အချိုချက်သော ရောင်းတန်းဆိုင်များမှာ ကျွန်ုပ်၏လျှာကို စွဲမက်ဖွယ်ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းငှာ မစွမ်းသာပေ။ သို့အတွက်ကြောင့်ပင် ကျွန်ုပ်မှာ အိမ်ထမင်း၊အိမ်ဟင်းကို လွန်စွာမှ တမ်းတမိလေ၏။ မနက်ပိုင်း မေမေဖျော်ပေးသော ကော်ဖီနှင့် ထမင်းကြော်ကို လွမ်း၏။ နေ့လည်ထမင်းစားချိန်တွင် ကျွန်ုပ်အတွက် ကျွန်ုပ်ကြိုက်တတ်သော ကောင်းနိုးရာရာလေးများကို စီမံပေးတတ်သည့် မေမေ့လက်ရာဟင်းအမယ်များကို လွမ်း၏ ။ ညပိုင်းတွင် မိသားစုဝိုင်းဖွဲ့စားသောက်ကြချိန်များကို တမ်းတမိ၏ ။ ညအချိန်တွင် ဖေဖေဖျော်ပေးသော ကော်ဖီကို သောက်ချင်သေး၏ ။ သို့သော် ယခုတွင်မူ ထိုအရာများအားလုံးအား ကျွန်ုပ်မရရှိနိုင်သည်ကို ကျွန်ုပ်ကောင်းစွာ သိလေသည်။ တစ်ခါတစ်ရံ၌ ကျွန်ုပ်၏ ညီမဖြစ်သူ Green Girl မှ အကိုဖြစ်သူအား ထမင်းစားဖိတ်တတ်လေ၏ ။ ထိုသို့သော နေ့မျိုးတွင်တော့ ကျွန်ုပ်အူစိုပါ၏ ။ ညီမလေးမှာ အချက်အပြုတ်ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် သူချက်ထားသော ထမင်းဟင်းကို စား၍ ရှေးဟောင်းနှောင်းဖြစ်များ ၊ လက်ရှိအခြေအနေများကို ပြောရင်း ထမင်းစားရသည်မှာ အလွန်တရာမှပင် ထမင်းမြိန်လေတော့၏ ။ ထိုသို့သော ရက်များမှ အပ ကျန်ရက်များသည် ကျွန်ုပ်၏ အချစ်တော် ၀က်အူချောင်းနှင့် ကြက်ဥကြော်သာ နှစ်ပါးသွားကကြလေတော့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့သည် ဘ၀များစွာထဲမှ ဘ၀တစ်ခုကိုဖြတ်သန်းနေရသော လူထဲက လူတစ်ယောက်ဖြစ်သည့် အလျောက် ကျွန်ုပ်တို့ မသေဆုံးခင်အချိန်ထိ ခန္ဓာလိုအပ်ချက် အဟာရများကို ဆက်လက်ဖြည့်တင်းနေရမည်သာ ဖြစ်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်



စာကြွင်း။ ။ ညီမလေး Green Girl ရေ ကျေနပ်တော့နော်။ အကိုဒီ့ထက်လည်း ဆက်မရေးတတ်တော့လို့ ဒီလောက်နဲ့ဘဲ ကျေနပ်တော့နော်။

Friday, October 10, 2008

ကျွန်ုပ်နှင့် ခန္ဓာချုပ်ရန် (၁၀)ရက်အလို

" လောက၌ ဖြစ်တည်သမျှသော သက်ရှိဟူသမျှတို့သည် သေဆုံးရန်အတွက်သာ မွေးဖွားလာကြ၏ ။ "

ရက်သတ္တပတ် တစ်ပတ်၏အဆုံးဟုခေါ်ဆိုနိုင်သလို အစဟုလည်း မည်တွင်နိုင်သည့် တနင်္ဂနွေတစ်ရက်၏ မနက်ခင်း၌ ကျွန်ုပ်သည် လန်းဆန်းစွာ အိပ်စက်ရာမှ နိုးထခဲ့လေသည်။ မျက်နှာသစ် သွားတိုက်အမှုကို ပြုလုပ်ပြီး၌ မနက်ပိုင်းမပျက်မကွက် ပြုလုပ်နေကြသော ဘုရားဝတ်ပြူခြင်းအမှုကို ကျွန်ုပ်သည် ဦးစွာပထမ ပြုလုပ်လေ၏။ ထိုဘုရားဝတ်ပြုခြင်းအမှုပြီးလတ်သော် ကျွန်ုပ်သည် မနက်စာအလို့ငှာ ပေါင်မုန့်မီးကင်ကာ ထောပတ်သုတ်၍ ကော်ဖီတစ်ခွက်ကို ဖျော်ကာ ကျွန်ုပ်၏ မနက်စာကို ၀မ်းမီးငြိမ်းအောင်ပြုလေ၏ ။ ထိုအခိုက်မှာပင် ကျွနုပ်၏ ဘေးခန်းကပ်လျက်နေသော အိမ်နီးချင်းများဖြစ်သကဲ့သို့ ကျွန်ုပ်၏ ခင်ရာဆွေမျိုးဟုဆိုအပ်သော ကျွန်ုပ်၏ မိတ်ဆွေ ကိုဒီပနှင့် မရတနာတို့ စုံတွဲမှာ ၀တ်ကောင်းစားလှများ ၀တ်ဆင်ကာ ကျွန်ုပ်၏ အိမ်ပေါ်သို့ တက်လာလေတော့၏ ။

ကျွန်ုပ် ။ ။ ဒီလင်မယားနှစ်ယောက်စောစောဆီးဆီး ၀တ်ကောင်းစားလှတွေဝတ်လို့ ဘယ်သွားမလို့လဲ။
ကိုဒီပ ။ ။ ကိုမိုးမြင့်ရေ အလှူတစ်ခုသွားစရာရှိလို့ပါ။ ပြီးရင် အလုပ်ကိစ္စတစ်ခု စကားပြောဘို့ ချိန်းထားလို့ မသွားမဖြစ်သွားရမယ်။ခက်တာက ဒီမနက်ပိုင်းကိုနောက်တစ်ယောက်နဲ့လည်း အလုပ်ကိစ္စပြောဘို့ ချိန်းထားသေးတယ်။ အလှူသွားရုံတင်ဆို ကိစ္စမရှိပါဘူး ကိုမိုးမြင့်ရယ်။ အခုက အလုပ်ကိစ္စလေးပါ ဆက်သွားရမှာဆိုတော့ နည်းနည်းနောက်ကျနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ ပြန်မရောက်ခင် ချိန်းထားတဲ့ လူများလာခဲ့ရင် ကိုမိုးမြင့် ခဏလေးစောင့်ခိုင်းထားပေးပါ။ ကျွန်တော်တို့ ပြီးပြီးခြင်းပြန်လာခဲ့ပါ့မယ်။ အိမ်လေးကိုလည်း တစေ့တစောင်းလေး ကြည့်ထားပေးပါဦး။
ကျွန်ုပ်။ ။မောင်ရင့်နှယ် တနင်္ဂနွေလေးတစ်ရက်တောင် မနားရပါလား။ မောင်ရင်တို့ ပွဲစားတွေ သိပ်လောဘကြီးတာကိုး။ သေရင်ကိုယ့်နောက်ပါမှာ မဟုတ်ဘူးနော်။
မရတနာ။ ။ဒါတော့ဒါပေါ့ ကိုမိုးမြင့်ရယ် သို့ပေမယ့် သမုဒ္ဒရာ ၀မ်းတထွာလို့ ဆိုထားတယ်မှလား။မသေခင်စားဘို့တော့ ရှာရဦးမယ်လေ။ နောက်ဆိုရင်လည်း ကိုယ့်မျိုးဆက်သစ်လေးတွေလည်း လာဦးမှာလေ။ဒီတော့ ခုရှိနိုင်တုန်း ရှာထားမှ။
ကျွန်ုပ်။ ။ဟုတ်ပါပြီ ပွဲစားလင်မယားရယ်။ ခင်ဗျားတို့ကိုတော့ ပြောလို့မနိုင်ပါဘူးဗျာ။
ကိုဒီပ။ ။ကိုမိုးမြင့်ရေ ကျွန်တော်တို့သွားလိုက်ဦးမယ်။ နောက်ကျနေမှာဆိုးလို့။ စောစောစီးစီး အလုပ်လာရှုပ်တာ အားနာပါတယ်ဗျာ။
ကျွန်ုပ် ။ ။ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲလေ။ ကိုယ့်မိတ်ဆွေတွေဘဲ ကူညီရတာပေါ့။ ဘာမှ အပန်းကြီးတာမှ မဟုတ်တာ။

ကျွန်ုပ်လည်း ပြောပြောဆိုဆိုနှင့်ထွက်သွားသော ကိုဒီပနှင့် မရတနာတို့ လင်မယားကို ကြည့်ကာ စီးပွားရှာရာ၌ တက်ညီလက်ညီနိုင်ပါပေ၏ ဟုတွေးတောမိလေသည်။ ကျွန်ုပ်မှာ တာဝန်ဖြင့် ဒီမြို့လေးသို့ပြောင်းလာပြီးနောက်ပိုင်း၌ ကိုဒီပတို့ လင်မယားမှာ ကျွန်ုပ်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့လေသည်။ ကျွန်ုပ်မှာ ထမင်းဟင်းကို ကောင်းစွာမချက်တတ်သဖြင့် စားရေးသောက်ရေး အခက်ခဲကို ဤလင်မယားမှ များစွာ အကူအညီပေးလေ၏။ထို့ကြောင့်ပင် ကျွန်ုပ်မှာ ဤလင်မယားကို များစွာကျေးဇူးတင်မိလေ၏။ကျွန်ုပ်မှာတစ်ကိုယ်ရေတကာရသမားဖြစ်သည့်အလျောက်အေးဆေးစွာနေလိုသဖြင့် ဤနှစ်ခန်းတွဲအိမ်လေးကို ငှားရမ်းမိသည်မှာပင် ကျွန်ုပ်အတွက် မိတ်ဆွေကောင်းများနှင့် တွေဆုံစေရန် ဖန်တီးပေးလိုက်ခြင်းပင်ဖြစ်လေ၏ ။

ကျွန်ုပ်လည်းထိုသို့တွေးတောရင်း ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ ကော်ဖီကို ဇိမ်ခံသောက်ရင်း ကျွန်ုပ်လွန်စွာ ကြိုက်နှစ်သက်လှသော London စီးကရက်ကို မီးညှိ ဖွာရှိုက်နေလေတော့၏ ။ ထို့နောက် အနည်းငယ်အိုက်စပ်စပ်ဖြစ်လာသဖြင့် ကျွန်ုပ်ရှေ့စားပွဲအောက်တွင် ရှိသော ယပ်တောင်ကို ယူကာ အသာခပ်နေလေမိတော့၏ ။ ထိုသို့ ခပ်နေရင်းမှ ယပ်တောင်တွင် ပုံနှိပ်ရိုက်နှိပ်ထားသော " ဧည့်သည် " ဆိုသော သံဝေဂ လကာင်္လေးထံ မျက်လုံးရောက်ရှိသွားပေလေတော့သည်။ထို့နောက် ကျွန်ုပ်လည်း ထိုလင်္ကာလေးအား နှုတ်မှအသံထွက်၍ ဖတ်လိုက်လေတော့၏ ။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထည်းတည်း ။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထည်းတည်း ။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ
ပြုံးရီမဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် သုတ်သုတ်စောလျှင်
ခရီးနှင်သည်
တို့လျှင် ဧည့်သည်ပါတကား ။

ထိုသို့ရွတ်ဆိုသံ အဆုံး၌ ကျွန်ုပ်၏ အကြားအာရုံသို့ ကိုဒီပတို့ အခန်းရှေ့မှ ကိုဒီပတို့ လင်မယားအားအော်ခေါ်နေသော အမျိုးသမီးတစ်ယောက်၏ ခေါ်သံမှာ တိုးဝင်လာလေ၏ ။

အမျိုးသမီး ။ ။ကိုဒီပ မရတနာ။ မရတနာ။ ဘယ်များသွားကြလဲမသိဘူး။
ကျွန်ုပ် ။ ။ဒီက အမက ကိုဒီပတို့ ဆီလာတာများလားခင်ဗျ။
အမျိုးသမီး ။ ။ဟုတ်ပါတယ်ရှင် ဒီက အကို ကိုဒီပတို့ ဘယ်များသွားသလဲ သိပါသလားရှင်။
ကျွန်ုပ် ။ ။အော် ကိုဒီပတို့ မရတနာတို့ အရေးတကြီး ကိစ္စလေးတစ်ခုရှိလို့ အပြင်ခဏ သွားပါတယ်။ ကျွန်တော့်ကို သူတို့မိတ်ဆွေ တစ်ယောက်လာရင် ခဏစောင့်ခိုင်းထားပေးဘို့ မှာထားပါတယ်။
အမျိုးသမီး ။ ။အော် ဟုတ်ပါတယ်ရှင် ကျွန်မက သူတို့နဲ့ ချိန်းထားလို့ပါ။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ပါ ဒါဆို ဒီက အမ ဒီမှာ ခဏထိုင်စောင့်ပါလားခင်ဗျာ။ သူတို့သွားတာ နည်းနည်းတော့ကြာသွားပါပြီ။ ပြန်လာကာနီးပါပြီ။
အမျိုးသမီး ။ ။ကျေးဇူးတင်ပါရှင် ကျွန်မက သူတို့နဲ့ အလုပ်ကိစ္စ ချိန်းထားလို့ ။
ကျွန်ုပ် ။ ။ရပါတယ် ခင်ဗျာ ဒီမှာ ထိုင်စောင့်လို့ ရပါတယ်။ပြောပြောဆိုဆိုနှင့် ကျွန်ုပ်လည်း ထိုအမျိုးသမီးထိုင်ရန် အလို့ငှာ ထိုင်ခုံတစ်လုံးကို ရွှေ့ပေးလိုက်လေ၏ ။ အနှီ အမျိုးသမီးသည်လည်း အိမ်ပေါ်သို့တက်လက်ကာ ထိုင်လေ၏ ။
အမျိုးသမီး ။ ။သူတို့သွားတာကြာပြီလားရှင့်။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ မနက်(၈)နာရီလောက်ကသွားတာပါ။ အခု(၁၀)နာရီ ထိုးပြီဆိုတော့ (နာရီကိုကြည့်လျက်) ပြန်လာခါနီးပါပြီ။
အမျိုးသမီး ။ ။အော် ဟုတ်ကဲ့ ကျွန်မ နာမည်က ရည်မွန်သန့်ပါ။ ဒီက အကိုနာမည်က???
ကျွန်ုပ် ။ ။အော် ဟုတ်ကဲ့ တွေရတာဝမ်းသာပါတယ်ဗျာ။ ကျွန်တော်က မိုးမြင့်တိမ်ပါ။
ရည်မွန်သန့် ။ဟုတ်ကဲ့ရှင် တွေ့ရတာ ၀မ်းသာပါတယ်။ ဒါနဲ့ စောစောက ကျွန်မလာတုန်း အကို " ဧည့်သည် " ဆိုတဲ့ လင်္ကာလေးရွတ်နေသံကြားတယ်။
ကျွန်ုပ် ။ ။ဟုတ်ပါတယ်ဗျာ။ တလောက ကျွန်တော့မိတ်ဆွေတစ်ယောက်ဆုံးတုန်းက လိုက်ပို့ရင်း သူ့မိသားစုက သူ့အတွက် ဓမ္မဒါန လုပ်တဲ့ ယပ်တောင်လေးမှာ ရိုက်ထားတာပါ။
ရည်မွန်သန့် ။ဟုတ်ကဲ့ ကျွန်မလည်း ဒီလင်္ကာလေးကို သိပါတယ်။ ဒီလင်္ကာလေးမှာ ဆုံးမထားတာလေးတွေက သိပ်မှန်ပါတယ်ရှင်။ နောက်ဆုံး သွားရမဲ့ ခရီးမှာ ကိုယ်နဲ့ အဖော်ဘယ်သူမှ ပါမှာမဟုတ်ဘူးလေ။
ကျွန်ုပ် ။ ။ဒါပေါ့ မရည်မွန်သန့်ရယ်။ လူတွေဟာ မွေးဖွားလာကတည်းက သေဆုံးဘို့ဘဲမှလား။ သေခြင်းတရားဆိုတာ ဒင်္ဂပြားတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါဘဲ။ ဆန့်ကျင်ဘက်ဖြစ်သလို တစ်ခုနဲ့ တစ်ခု အလွန်တရာမှလည်း နီးကပ်ကြတယ်လေ။ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ လို့ဆိုတယ်မှလား။
ရည်မွန်သန့် ။ဟုတ်ပါတယ်ရှင်။
ကျွန်ုပ် ။ ။အင်း လောကကြီးမှာ ကျွန်တော်တို့ နေဘို့အတွက် ပြင်ဆင်သလို သေဘို့အတွက်လည်း ပြင်ဆင်ထားဘို့လိုတယ်လေ။
ရည်မွန်သန့် ။ဒါပေါ့ရှင် အနေတတ်သလို အသေတတ်ဘို့လဲ လိုတာပေါ့။ ကိုမိုးမြင့်တိမ်ဆီက ဒီစကားကြားရတော့ ကျွန်မတစ်ခုလောက်မေးချင်တယ်။ စိတ်မရှိဘူးဆိုရင်ပေါ့ ။
ကျွန်ုပ် ။ ။မေးပါခင်ဗျာ မေးပါ။
ရည်မွန်သန့် ။အော်ဒီလိုပါ တကယ်လို့များပေါ့လေ ကိုမိုးမြင့်တိမ် အနေနဲ့ ကိုယ်သေရမယ့်ရက်ကို ကြိုသိနေမယ် ပြီးတော့လည်း အဲဒီရက်ရောက်ဘို့ (၁၀)ရက်ဘဲ လိုတော့တယ်ဆိုရင် ကိုမိုးမြင့်တိမ်အနေနဲ့ ဒီ(၁၀)ရက်ကို ဘယ်လိုအသုံးချမလဲလို့ပါ။
ကျွန်ုပ် ။ ။ဒါကတော့ ဒီလိုရှိတယ် မရည်မွန်သန့်ရဲ့။ ကိုယ်ဘယ်တော့သေမယ် ဘယ်အချိန်မှာသေမယ်ဆိုတာကို မြတ်စွာဘုရားရှင်နဲ့ ရဟန္တာတွေကလွဲပြီး ဘယ်သူမှ ကြိုတင်မသိနိုင်ဘူးလေ။
ရည်မွန်သန့် ။ဟုတ်ပါတယ်ရှင် ကျွန်မဆိုလိုတာက အကယ်၍များ သိခဲ့မယ်ဆိုရင်ပြောတာပါ။

ကျွန်ုပ်စဉ်းစားရပါပြီ။ လူတိုင်းလူတိုင်းတစ်နေ့နေ့တွင် သေဆုံးမည်ဆိုသည်ကို သိကြသော်လည်း ယခုကဲ့သို့ (၁၀)ရက်သာလိုတော့သည့် အချိန်တွင် မည်သည့်အရာကို လုပ်ဆောင်မည်ကိုမူ တစ်ခါမျှ စဉ်းစားမိလိမ့်မည်မဟုတ်ပေ။ သို့အတွက်ကြောင့်ပင် ယခုကျွန်ုပ်လည်း သေသေချာချာစဉ်းစားရပါပြီ။ အကယ်၍ သေဘို့ (၁၀)ရက်သာ ကျန်တော့သည့် အခါမည်သည်ကို လုပ်ဆောင်ပါမည်နည်း။ ကျွန်ုပ်စဉ်းစားရင်း၌ပင် ကျွန်ုပ်၏ဘ၀တွင် အလုပ်ချင်ဆုံးအရာ(၃)ခုရှိသည်ကို သတိရမိသည့်အလျောက် မရည်မွန်သန့် ၏အမေးကို မဆိုင်းမတွပင် ပြန်လည်အဖြေပေးလိုက်လေတော့၏ ။

ကျွန်ုပ် ။ ။ကျွန်တော်ကတော့ ဒီလိုစဉ်းစားထားတယ်။ တကယ်လို့များကျွန်တော်သေမယ့်ရက်ကို ကြိုသိမယ် အဲဒီ့ရက်ကလည်း (၁၀)ရက်ဘဲ လိုတော့တယ်လို့ ကျွန်တော်သိခဲ့ရင် ပထမဆုံးရက်မှာ ကျွန်တော့်ကျေးဇူးရှင် မိဘနှစ်ပါးဆီကို ကျွန်တော်ပြန်မယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိဘနှစ်ပါး အသွားချင်ဆုံးခရီးဖြစ်တဲ့ ဗုဒ္ဓဂါယာဘုရားဖူးသွားဘို့ ကျွန်တော်စီစဉ်မယ်။ ပြီးရင်တော့ ဒုတိယမြောက်နေ့မှာ အဲဒီခရီးသွားပြီး မြတ်စွာဘုရားရှင်ရဲ့ အနှိုင်းမဲ့ဂုဏ်ကျေးဇူးတော်နဲ့ မြတ်စွာဘုရားရှင် ရဲ့ အထုပ္ပုတ္တိတို့ ကိန်းဝပ်ရာ အဲဒီနေရာမှာ ကျွန်တော့်မိဘနှစ်ပါးနဲ့ အတူလှည့်လည်ဖူးမြော်ကြည်ညိုမယ်။ တတ်နိုင်သလောက်လှူမယ်ဗျာ။ ဒီလိုနဲ့ လေးရက်တာကာလကို ကျွန်တော်ကုန်ဆုံးမယ်။ ခြောက်ရက်မြောက်နေ့မှာတော့ ကျွန်တော့်ဘ၀မှာ ရှာဖွေဆုစောင်းထားသမျှ ဥစ္စပစ္စည်းတွေထဲက တစ်ပုံကို ကျွန်တော့်မိဘနှစ်ပါးအတွက် ကန်တော့မယ်။ တစ်ပုံကို ဆင်းရဲနွမ်းပါးတဲ့ ဘုန်းကြီကျောင်း၊ ၊ဆွံ့အနားမကြားကျောင်း ၊ မျက်မမြင်ကျောင်းနဲ့ ဘိုဘွားရိပ်သာတွေကို လှူမယ်ဗျာ။ကျန်တဲ့တစ်ပုံကတော့ စောစောက ဗုဒ္ဓဂါယာဘုရားဖူးသွားတဲ့နေရာမှာ သုံးမယ်လေ။ (၇) ရက်မြောက်နေ့မနက်မှာတော့ ကျွန်တော်စောစောထပြီးပွင့်လေပြီးခဲ့တဲ့ ဘုရားရှင်တွေဖြစ်တဲ့ ကကုသန်၊ ကောဏဂုံ ၊ကဿဖ ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူနဲ့ နောင်ပွင့်တောမူမယ့် အရိမေတ္တယျ မြတ်စွာဘုရားကို ရည်မှန်းလို့ ထိခြင်းကြီးငါးပါးနဲ့ ရိုသေစွာဖူးမြော်ကန်တော့ ပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းမယ်ဗျာ။ ပြီးရင်တော့ ကျွန်တော့်ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင် ဖေဖေနဲ့ မေမေကို ရိုသေစွာ ရှိခိုးကန်တော့ပြီး သာသနာ့ဘောင်ဝင်ခွင့်ပြုဘို့ ခွင့်တောင်းပြီးသာသနာ့ဘောင်ထဲဝင်မယ်ဗျာ။ပြီးတော့ ကျန်ရှိတဲ့ ရက်တွေကို ၀ိပဿနာအားထုတ်ရင်းနဲ့ဘဲ သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားတော့မယ်။ဒါကတော့ အကယ်၍ သေဘို့(၁၀)ရက်သာ ကျန်တော့မယ်ဆိုရင် ကျွန်တော်လုပ်ဘို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ပါဘဲဗျာ။
ရည်မွန်သန့် ။ကိုမိုးမြင့်တိမ်ရဲ့ အစီအစဉ်လေးကြားရတာ ကျွန်မ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်ရှင်။

ထိုအခိုက်မှာပင် ကိုဒီပနှင့် မရတနာတို့လည်း ပြန်ရောက်လာကြလေ၏ ။

ကျွန်ုပ် ။ ။ဟော ဟိုမှာ ကိုဒီပတို့ လင်မယား ပြန်လာပြီ မရည်မွန်သန့်ရေ။ မောင်ရင်ရေ ဒီမှာ မောင်ရင်တို့ ဧည့်သည်က မောင်ရင်တို့ကို စောင့်နေတာ။ နည်းနည်းတောင်ကြာသွားပြီ။
ကိုဒီပ ။ ။တောင်းပန်ပါတယ် မရည်မွန်ရယ်။ ကျွန်တော်တို့လည်း အရေးကြီးကိစ္စလေး ပေါ်လာလို့ပါ။ စောင့်နေရတာအားနာလိုက်တာဗျာ။
ရတနာ ။ ။ရည်မွန်ရယ် ဆောရီးနော်။ ရောက်နေတာ ကြာပြီလား။
ရည်မွန်သန့် ။ရပါတယ် ရတနာရယ်။ ဒီမှာ ကိုမိုးမြင့်တိမ်နဲ့ စကားကောင်းနေတာနဲ့ အချိန်သိပ်မကြာသလိုပါဘဲ။
ကိုဒီပ ။ ။ကိုမိုးမြင့်ရေ ကျေးဇူးပါဗျာ ကျွန်တော်တို့ဧည့်သည်ကို ဧည့်ခံပေးထားလို့။
ကျွန်ုပ် ။ ။ရပါတယ်ဗျာ မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးလို့ ဆိုစကားရှိတယ်မှလား။ ကိုယ့်ဆွေမျိုးတွေဘဲဗျာ ကူညီရမှာပေါ့။
ရည်မွန်သန့် ။ကိုမိုးမြင့်တိမ် ကျွန်မကို ခွင့်ပြုပါဦးရှင်။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ပါခင်ဗျာ။

ကျွန်ုပ်လည်း ကျွန်ုပ်အား နှုတ်ဆက်၍ ၎င်းတို့အိမ်ဘက်သို့ ကူးသွားသော ကိုဒီပတို့ လင်မယားနှင့် မရည်မွန်သန့်တို့ကို ကြည့်ကာ " ဧည့်သည် " ဆိုသော လင်္ကာလေးကို ဒုတိယအကြိမ်မြောက် ထပ်မံ၍ ဖတ်လိုက်လေတော့သတည်း ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်


( မဆုမွန်ရေ အမတက်ခ်ထားတာလေးကို ကျွန်တော် ရေးလိုက်ပြီနော် )

Template by - Abdul Munir