- မိသားတစ်စု ခေါင်မဲ့သွားတာ
သင်္ခါရတဲ့လား..အဖေ ။
မလွှဲမရှောင်သာ လက်ခံလိုက်ရတဲ့အမှန်တရားမှာ
တဆတ်ဆတ်နာနေတဲ့ ရင်တွေ
ပန်းထွက်နေတဲ့ ကြေကွဲခြင်းတွေ
တောက်စားနေတဲ့ အလွမ်းတွေ
အစားထိုးမရတဲ့ ဆုံးရှုံးခြင်းတွေ
မကျက်တော့မယ့် စေတသိတ်တွေနဲ့
စူးရှနေဆဲ နာကျင်နေဆဲ နင့်နဲနေဆဲ ။
- ခွဲခွာခြင်းနဲ့ ရှိခိုးဦးချနှုတ်ဆက်ခြင်းမှာ
ယူကြုံးမရခြင်းတွေ ပါဝင်နေတာ
သံသရာတဲ့လား...အဖေ ။
ဗျာပါဒတန်းလန်းနဲ့ ရင်ဘတ်တွေအတွက်
ကြိုးတစ်ချောင်း ပြတ်ထွက်ခြင်းဟာ
အခါးသက်သက် တီးကွက်နဲ့
ရင်နင့်ခဲ့တဲ့ ပြဇာတ်ပါ ။
- ရှောင်လွှဲခွင့်မရှိတဲ့ လမ်းမှာ
အဖေ့ရှင်သန်ခြင်း မီးငြိမ်းခဲ့ပေမယ့်
မိသားစုရဲ့ နှလုံးအိမ်အတွက်
အဖေဟာ...
ထာဝရလန်းတဲ့ပန်း နေထက်လင်းတဲ့ကြယ်
ခိုင်ခံ့မှုရဲ့တံတိုင်း နွေးထွေးခြင်းရဲ့အထွဋ်အမြတ်
ယုံကြည်ချက်ရဲ့ ဥသျှောင် ။
- စီးဆင်းလှည့်ပတ်တဲ့ သွေးထဲမှာ
ရှူရှိုက်နေတဲ့ ၀င်သက်ထွက်သက်မှာ
လျှောက်လှမ်းနေဆဲ မနက်ဖြန်တွေမှာ
အဖေဟာ..မီးရှူးတန်ဆောင်
အဖေဟာ..ခွန်အား
အဖေဟာ..သူရဲကောင်း
အဖေဟာ..အရာရာပါ ။
- တစ်ဘ၀လုံးစာ ပြန်မလာတော့မယ့်
အဖေ့ခွဲခွာခြင်း နှစ်ပတ်လည်မှာ
ကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး
ကိုယ်စိတ်နှလုံး သုံးပါးစလုံး ဦးညွှတ်ရင်း
ရင်ပွင့်အန် ကဗျာတစ်ပုဒ်နဲ့
ရိုကျိုးဦးချ ကန်တော့လိုက်တယ်
အဖေ...ကောင်းရာသုဂတိလားပါစေ။
မိုးမြင့်တိမ်
ကျတော့်အကြောင်း
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ1 month ago
-
-
ဒီဇင်ဘာ မိုး1 year ago
-
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား7 years ago
-
-
အလှနတ်သမီးလေး မလိခ...7 years ago
-
အတွေးရုပ်ကြွင်းများ9 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က10 years ago
-
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ10 years ago
-
What is Media?11 years ago
-
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့11 years ago
-
" ယုံ ....... "11 years ago
-
ကန္တာရ ပန်းပွင့်11 years ago
-
မင်္ဂလာပါရှင် ☆彡11 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
Teachers12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
တဖြည်းဖြည်းနဲ့ဝေး12 years ago
-
-
-
အနွေးထည်14 years ago
-
လျှို့ဝှက်ပန်း14 years ago
-
ရွာပြင်ထုတ်ခံရသူများ14 years ago
-
လွမ်းလို့15 years ago
-
ချစ်သူသို့15 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အတွေ့အကြုံတခုအကြောင်း16 years ago
-
ခရမ်းရင့်ပြာ16 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Sunday, June 16, 2013
အဖေမရှိတော့တဲ့ သုံးရာခြောက်ဆယ့်ငါး
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Saturday, May 25, 2013
ခံတွင်းပျက် မြို့ရိုး
အဲဒီ့မြို့ရိုးဟာ
စူးရှတစ်ချင်နေတဲ့ ကြောင်အော်သံတွေကြားမှာ
စိုးစိုးရွံ့ရွံ့ ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
မြို့ပြအရေခြုံ တောနက်တွေရဲ့
စနစ်တကျ ၀ါးမြိုခြင်းမှာ
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
တစ်စိတ်ကို တစ်အိတ်လုပ်
တစ်ယောက်အပုပ်ကို တစ်ရာဝိုင်းချ
အာပေါင်အာရင်းသန်လှတဲ့
အီလက်ထရောနစ် စာမျက်နှာ
ထွန်းကားလာတဲ့ ခေတ်မှာ
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
ကြွေးကြော်မှုပေါင်းများစွာနဲ့
ခြေထိုးယိမ်း ပွဲတော်မှာ
လူ နဲ့ လူ မတူတဲ့ဇာတ်ကို
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
အတ္တမှိုင်းဝနေတဲ့
သူ့မြို့ထဲက လူ့ယဉ်ကျေးမှုသမိုင်းကို
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
သူ့မြေပေါ်က ရှူးဖိနပ်ရာတွေကို
ခံတွင်းပျက်တယ် ။
အဲဒီ့မြို့ရိုးဟာ
ခေတ်လွန်ပေါ်ပြူလာ သီအိုရီရဲ့
ယဉ်ကျေးမှု ရိုင်းရိုင်းတွေကို
ခံတွင်းပျက်တယ် ။
ပတ်မကြီးထိုးခွဲမယ့် လူစားမျိုးတွေ
များလာတဲ့ မြို့ကိုကြည့်ရင်း
အဲဒီ့မြို့ရိုးက
ခံတွင်းပျက်တာကို ရေးရမှာတောင်
ခံတွင်းပျက်လာတယ် ။
မိုးမြင့်တိမ်
(၂၄.၅.၂၀၁၃)
Posted by
Moe Myint Tane
4
comments
Labels: ကဗျာ
Wednesday, July 11, 2012
လန့်နိုးချိန်မှာ သေဆုံးတယ်
ကျုပ်ကိုကျုပ် ပိတ်လှောင်ထားရတာ
မွန်းကြပ်လွန်းလှတယ်!!
တစ်ချို့က ကျုပ်ဆီလာတယ်
တစ်ချို့က ထွက်ခွာသွားတယ်
လာတဲ့သူကို မတားနိုင်သလို
ထွက်ခွာသူကိုလဲ မတားနိုင်
ကျုပ်ကိုယ်တိုင်က ပိတ်လှောင်မှုထဲမှာ!!
လွတ်မြောက်ချင်တယ်!!
ကြိုးစားတယ် ရုန်းကန်တယ်
အချည်းနှီးသက်သက်!!
မမြင်နိုင်တဲ့ အားတစ်ခုရဲ့တုပ်နှောင်မှုက
မြဲမြံခိုင်ကြည်လို့..
ရင်ထဲနင့်နင့်နဲနဲ စိုက်ဝင်နေတဲ့မြှားတံကိုနုတ်ရသလို
နာကျင်ခံရခက်စွာ..
ကျုပ်ကိုယ်တိုင်က ပိတ်လှောင်မှုထဲမှာ!!
ကြိုးစားလေ မြဲမြံလေနဲ့
ကြာတော့မောပမ်း အားအင်ချည့်နဲ့
မှေးစင်းလာတဲ့ အာရုံမှာ
ပန်းတစ်ပွင့် ပြုံးပြနေခဲ့!!
သူရှိရာလှမ်းကြည့်တော့ မှုန်ရီေ၀၀ါး
ကျုပ်ကို လက်ယက်ခေါ်နေသလို
နီးလာလိုက် ဝေးသွားလိုက်!!
ကျုပ် ပန်းပွင့်နောက်လိုက်ဖို့ဆုံးဖြတ်
နှောင်ဖွဲ့ခြင်းက ရုန်းအထွက်
အံ့သြစရာ သိပ်ကောင်းနေတယ်
ချည်နှောင်မှုမှန်သမျှ ပြေလျော့
ပကတိ လွတ်လပ်ပေါ့ပါးခြင်းနဲ့
ပန်းနဲ့အတူ ပျံ့လွင့်
နှင်းဖုံးတောင်တန်းတွေ စိမ်းစိုတောအုပ်တွေ
နတ်ဖွက်ထားတဲ့ နှလုံးသားတွေ
အရောင်အသွေးစုံ ပန်းမျိုးစုံတွေ
အမွှေးရနံ့ သင်းသင်းတွေ
ဒီလိုဆိုတော့ စကြာဝဠာကသာယာလို့!!
လမင်းကိုလဲမြင်တယ် နေမင်းကိုလဲတွေ့ရဲ့
ကြယ်စင်တစ်ချို့နဲ့လဲ ဆုံခဲ့သေး
ပန်းကလေးက ကျုပ်နားထပ်ချပ်မကွာ!!
အပျော်လွန်နေတဲ့ ကျုပ်
ရုတ်တရက် စူးရှနာကျင်ခြင်းမှာ
မခံမရပ်နိုင် ဝေဒနာနဲ့ နိုးထ
အရာအားလုံး အမှောင်ကျလို့
ရုတ်တရက် သတိရချိန်မှာ
သက်တမ်း အိုမင်းမှုကြောင့်တဲ့
သေမိန့်ချလိုက်တယ်!!
တံခါးတစ်ချပ်ရဲ့ ဈာပနမှာ
တံခါးတွေသာ ငိုကြ ပူဆွေးကြ တမ်းတကြနဲ့
တံခါးတစ်ချပ် လွင့်ပျက်ခြင်းမှာ
သုံးဆယ့်တစ်ဘုံက သာယာလျက်!!
မိုးမြင့်တိမ်
( ၁၀.၇.၂၀၁၂ )
Posted by
Moe Myint Tane
6
comments
Labels: ကဗျာ
Friday, July 6, 2012
အဖြေ
အာရုံကို ပိတ်ဖို့ကြိုးစားနေဆဲ
လွင့်ပျံ့ခြင်း စစ်တလင်းစိန်ခေါ်ပွဲမှာ
စိတ်အစဉ်ရဲ့ လောင်မြိုက်ခြင်းကိုငြိမ်းသတ်ဖို့
ငါသိမ်းပိုက်တဲ့မြို့က ကိလေသာထူပြောတယ်!!
တကယ့်ကို လွတ်မြောက်ချင်တာလား!!
တကယ်ကော လွတ်မြောက်ချင်ရဲ့လား!!
စိုးရိမ်ပူပန်မှု စေတသိတ်အခန်းထဲ
အမှောင်တွေ မိုက်သထက်မိုက်ကြပေါ့ !!
ဆင်ဝှေ့ရန်ရှောင်ကို ပိုင်နိုင်တတ်မြောက်ထားတဲ့ နှင်းတစ်ပွင့်ဟာ
ပဟေဠိဆန်စွာ လှပတင့်တယ်ရင်း
သိုဝှက်ခြင်းတံတိုင်း အထပ်ထပ်နဲ့
ရင်ရင်ခြင်းပစ်ခတ်မှုကို ကာကွယ်တယ် !!
နေကြောင့် ကြွေတဲ့ကြယ်နဲ့
လေကြောင့် သေတဲ့မြစ်တွေအကြောင်းပြောတော့
နှင်းကပြုံးရင်း ရေငုံနှုတ်ပိတ်
မျက်နှာစာသစ်ကို ဖွင့်လှစ်တယ် !!
သံယောဇဉ်ပျံ့ကြဲနေတဲ့ ကြမ်းပြင်ထက်
ရင်ကွဲတေးကို ဖော်ကြူးဖို့
ကိုယ့်ကကွက်ကိုယ် သတ်မှတ်ရင်း
ဗုံတစ်လုံးရဲ့ မြို့ပျက်ဂီတဟာ
ဆွေးမြေ့လွန်းစရာ ကောင်းနေခဲ့ !!
မျောလာတဲ့ သေတ္တာတစ်လုံးထဲ
အရာအားလုံးနောက်မှ ခုန်ထွက်
မျှော်လင့်ခြင်းလို့ သတ်မှတ်သတဲ့
တကယ်သာ ဆိုရိုးမှန်ရင်
မျှော်လင့်ခြင်းနဲ့လက်ဖို့ ဘ၀ရဲ့အာရုဏ်တက်
နေထွက်ခွင့်ပြုပါ !!
မိုးမြင့်တိမ်
(၆.၇.၂၀၁၂)
Posted by
Moe Myint Tane
1 comments
Labels: ကဗျာ
Tuesday, July 3, 2012
ကြယ်ကြွေနိဂုံး
တအုံနွေးနွေးနဲ့ သွန်ချခံလိုက်ရတဲ့
လတ်ဆတ်မှု သံယောဇဉ်ဟာ
အတွင်းကြေဆိုတဲ့ ဒဏ်ရာထက်ပြင်းထန်လွန်းနေခဲ့တော့
ဝင်သက်ထွက်သက်တိုင်းဟာ ခဲယဉ်းသထက်ခဲယဉ်းလာခဲ့ !!
တစ်လောကလုံးအုံ့မှိုင်းတဲ့ ရာသီနဲ့
ဒီကမ္ဘာ ကျဉ်းကျဉ်းလေးထဲက
ဖယောင်းတိုင်လို လူတစ်ယောက်
ကိုယ့်ဒဏ်ရာ ကိုယ်ပျောက်ဖို့
သက်ပြင်းကို ဖျော်ချနေမိခဲ့ !!
ပျောက်ဆုံးနေတဲ့ ဘုံဗိမ္မာန်အတွက်
ပဉ္စလက်ဆန်ဆန် ရှာဖွေတွေ့နိုင်ဖို့
နတ်ပျိုမရဲ့ အပြုံးတစ်ပွင့်နဲ့
ရင်ငွေ့လှုံ ပန်းသီးတစ်လုံး
သံယောဇဉ်နဲ့စားသုံးဖို့ လိုအပ်နေခဲ့ !!
ဝင်ရိုးစွန်းအတွက် သူရိန်ရဲ့အပြုံးမျက်နှာဟာ
အိပ်မက်ဆန်ဆန် ပန်းချီတစ်ချပ်ဖြစ်ခဲ့ချိန်
မွန်းကြပ်မှုအလုံးအရင်းရဲ့ ထိုးစစ်ဆင်ခြင်းမှာ
ကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး
အာရုံခြောက်ပါး ဆုံးရှုံးရင်း
ကြယ် သက် ကြွေ တယ်!!!
မိုးမြင့်တိမ်
Posted by
Moe Myint Tane
3
comments
Labels: ကဗျာ
Friday, December 30, 2011
အဲဒီ့ညမှာ သူ့ကိုယ်သူရိုက်ခွဲလိုက်တယ်
အဲဒီ့ပြဇာတ်က
မတိတ်နိုင်တော့လောက်အောင်
ညဉ်းညူစရာ မရှိတော့လောက်အောင်
နင့်နဲခြင်း တင်းပြည့်ကြပ်ပြည့် ။
ဘ၀နဲ့ရင်းလိုက်ရတဲ့ ဇာတ်
အသက်နဲ့ခင်းလိုက်ရတဲ့ ဇာတ်
ရုပ်လုံးကြွဒဏ်ရာ အရှိုးအထပ်ထပ်နဲ့
ကြီးမြတ်သူအဖြစ်လဲ(လည်း) စာရင်းမ၀င်
သူရဲကောင်းအဖြစ်လဲ(လည်း) အမည်မတွင်
နစ်နေတဲ့ဘ၀ထဲ ခဲပစ်ချရုံသာသာ ။
တိုးဝင်ပျောက်ကွယ်လုဆဲ လမင်းနဲ့
အပူတပြင်းရောက်မလာနိုင်တဲ့ နေမင်းရဲ့ကြား
မနက်မဟုတ်တဲ့ မနက်ခင်းတစ်ခုမှာ
ခြောက်ခြားဖွယ်ရာ အသံတစ်ခုရဲ့နောက်
ပုထုဇဉ်ဖြစ်တည်မှုတွေ ကျပျောက်ခဲ့ပြန်ပေါ့ ။
ဘာအတွက် သီးပွင့်ခဲ့သလဲ
ဒီမေးခွန်းမေးမိတော့
ဒီဇင်ဘာက သူ့ကိုယ်သူရင်နာတယ် ။
ပျော်ရွှင်စရာများနဲ့ အဆုံးသတ်နှုတ်ဆက်ချိန်
လူအများတွက် ကြည်နူးစရာပွေ့ပိုက်သယ်ဆောင်လာမယ့်
နှစ်တနှစ်ရဲ့ ပြည်ဖုံးကားချပိတ်ကားထက်မှာ
ပေါက်ကွဲခြင်း သင်္ကေတနဲ့
ပူဆွေးမှု ပြယုဂ်နဲ့
အသက်မဲ့သွားတဲ့ ဘ၀တွေနဲ့
အသက်စွန့်သွားတဲ့ ဘ၀တွေနဲ့
အရေးပေါ်ရောက် လူနာတွေနဲ့
သွေးသံရဲရဲ ၀မ်းနည်းလွန်းစရာမြင်ကွင်းတွေနဲ့ ။
ပျော်ရွှင်ခြင်းတွေ ဖေါက်ချခံလိုက်ရတဲ့
မျက်ရည်စက်လက် မျက်နှာတွေ
ယူကြုံးမရ ပူဆွေးဗျာပါဒနဲ့
ကျန်ရစ်သူ မိသားစုဘ၀တွေ
အချိန်မတိုင်ခင် ခြွေချခံလိုက်ရတဲ့
နွမ်းနွမ်းလျလျ ဘ၀အညတရတွေ
အဲဒီလိုတွေနဲ့ ခြယ်သ ဒီတစ်နှစ်ဒီဇင်ဘာက
လှနိုင်ပါသတဲ့လား ။
မွန်းကြပ်လွန်းလာတဲ့ အတွေးတွေနဲ့ထွေးလုံးရစ်ပတ်
အမြန်ဆုံးသက်သာပျောက်ကင်းပါစေ..
ကောင်းရာသုဂတိလားပါစေ..
ဆုတောင်းတွေနဲ့ အကြိမ်ကြိမ်ဦးညွှတ်ရင်း
ကြေကွဲခြင်းတွေ ပိပိကျနေတဲ့ညမှာ
ရှင်သန်မှုရုတ်သိမ်းခံရတဲ့ ဘ၀တွေအတွက်
ဒီဇင်ဘာက
သူ့ကိုယ်သူရိုက်ခွဲ ကမ္ဘာမြေပေါ်ဖြန့်ကျဲလိုက်တယ်
ဆင်းရဲခြင်းမှ ကင်းပါစေ ။
မိုးမြင့်တိမ်
(၂၉.၁၂.၂၀၁၁)
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Wednesday, December 14, 2011
အမယ်အို
ကြေးစားဆန်ဆန် နေ့ရက်ထဲ
စွန်လွှတ်သူများရဲ့ အဘိဓမ္မာဟာ
အလျှော့အတင်းများစွာနဲ့ ပြဋ္ဌာန်းရင်း
မာတိကာဟာ ဘ၀စာမျက်နှာဖြစ်လာတယ် ။
စားနေကျ ထမင်းတစ်လုတ်ဟာ တန်ဖိုးဘယ်လောက်ကြီးမှန်း
ဝယ်ခြမ်းစရာမရှိတဲ့အခါမှ တမ်းတမ်းတတရေရွတ်
နေ့တဓူဝကတော့ ဖုန်တွေသဲတွေနဲ့အတူ လွင့်ပျံလို့
ရွှေရောင်တ၀င်းဝင်းနေ့ရက်တွေဆီ လည်ပြန်ကြည့်တော့
ဗိုလ်အောင်ဒင်ကြည့်ရင်း သုံးပစ်လိုက်တဲ့ပိုက်ဆံတွေပြန်လိုချင်မိတယ် ။
သိပ်ကျေနပ်စရာကောင်းတယ်လို့ သတ်မှတ်ထားတဲ့
ရွှေထီးဆောင်းနေ့ရက်တွေအကြောင်း တဖွဖွပြောပြမိတော့
တစ်ချို့နှုတ်ခမ်းတွေက စုပ်တသတ်သတ်
တစ်ချို့မျက်နှာပြင်တွေက မဲ့ရွဲ့လို့
တစ်ချို့မျက်ဝန်းတွေက ဟုတ်ပါ့မလားဆိုတဲ့အကြည့်နဲ့
လူတွေသိပ်ရီဖို့ကောင်းတယ် ။
ငါအိုခဲ့ပါပြီ
အထောက်အပံ့ဆိုလို့ ငါထောက်ထားတဲ့တောင်ဝှေးကလွဲလို့မရှိ
မင်းတို့အကြည့်တွေကြားထဲ သေးငယ်လာတဲ့စိတ်ဓါတ်တွေနဲ့
မျှော်လင့်တကြီးရပ်လိုက်မိတယ် အူတွေမီးထတောက်နေတယ် ။
မင်းတို့အစာပြေဟာ ငါ့အတွက်တစ်ရက်စာဖြစ်လေရဲ့
ဟိုတစ်နေ့က အမျိုးကောင်းသားလေးတစ်ယောက်
သဒ္ဒါပေါက်လို့ကျွေးတဲ့ မနက်စာ
ငါ့တစ်သက်မှာ အရသာအရှိဆုံးအဖြစ်သတ်မှတ်ရင်း
မျက်ဝန်းထဲ မိုးဖွဲဖွဲရွာတယ် ။
မြူပါးပါးကျနေတဲ့ အမြင်အာရုံဟာ
ဇရာဆိုတာကို ရေးချယ်နေကြရဲ့
မကြိုးစားရပါပဲ ကိုင်းလာတဲ့ခါးရယ်
အားယူလှမ်းနေရတဲ့ ခြေလှမ်းတွေကိုအရဲကိုးလို့
ဒီကမ္ဘာမှာ ကျပျောက်သွားတဲ့ ဂရုဏာတရားကိုရှာဖွေဖို့
နောက်တစ်နေ့ဆိုတာကို ခရီးဆက်ခဲ့ပြန်ပြီ ။
မိုးမြင့်တိမ်
(၁၄.၁၂.၂၀၁၁)
Posted by
Moe Myint Tane
4
comments
Labels: ကဗျာ
Tuesday, November 29, 2011
ငါ...ကဗျာရေးတယ်
ယားယံလာတဲ့ အာရုံတွေကို
အာသာဖြေ ၀မ်းချဖို့
ငါ...ကဗျာရေးတယ်။
တစ်ခါတစ်ခါ ဦးနှောက်အချဉ်ဖောက်
ကိုယ်ချင်းစာတရား ကျပျောက်လို့
လူစင်စစ်က ကျောက်ဖြစ်ရင်
ငါ....ကဗျာရေးတယ်။
မြန်မာမှာရော ကမ္ဘာမှာပါကျော်ကြားတဲ့
ကဗျာဆရာတော်တော်များများကို ငါမသိဘူး
ကဗျာအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ငါမသိဘူး
ကဗျာဂိုဏ်းတွေ ကမ္ဘာမှာ ဘယ်နှစ်ဂိုဏ်းရှိလဲ ငါမသိဘူး
ဒါပေမယ့်
ငါ....ကဗျာရေးတယ်။
ဘယ်တော့ပျောက်ပျက်မယ်မှန်း မသိနိုင်တဲ့
ခေတ်တစ်ခုရဲ့ တိုးတက်မှုလွင်ပြင်မှာ
ဝါသနာကို ဖြန့်ချပြဖို့အတွက်
ငါ....ကဗျာရေးတယ်။
ပွန်းပဲ့နေတဲ့ ဘ၀တွေအကြောင်း
ခြတက်နေတဲ့ စိတ်ဓါတ်တွေအကြောင်း
ငတ်နေတဲ့ အစာအိမ်တွေအကြောင်း
ဈေးကွက်ဝင်လာတဲ့ အတ္တတွေအကြောင်း
ဖျတ်ကနဲထထခုန်တဲ့ ဘယ်ဘက်ရင်အုံအကြောင်း
အမျိုးကို မချစ်တတ်သူတွေအကြောင်း
မြန်မာတွေ ဘယ်တော့မှ မညံ့တဲ့အကြောင်း
ငါ....ကဗျာရေးတယ်။
ကဗျာရဲ့ စည်းမျဉ်း
ကဗျာရဲ့ သမိုင်းကြောင်း
ကဗျာရဲ့ ရာဇ၀င်
ကဗျာရဲ့ စီးဆင်းမှု
ဘာတစ်ခုမှ မယ်မယ်ရရမသိဘူး
ဒါပေမယ့်
ငါ...ကဗျာရေးတယ်။
ဘ၀ထဲက ဘ၀တွေအတိုင်း
စိတ်ကို စိတ်အတိုင်း
ရင်ကိုထိမှန်တဲ့ အကြောင်းအရာတွေတိုင်း
ငါ...ကဗျာရေးတယ်။
ငါဟာ ကဗျာဆရာမဟုတ်ဘူး
ကဗျာရေးသူသာဖြစ်တယ်
ကဗျာချစ်သူသာဖြစ်တယ်
ကဗျာမြတ်နိုးသူသာဖြစ်တယ်
ငါဟာ ကဗျာကောင်းတစ်ပုဒ်မရေးတတ်သေးပါဘူး
ဒါပေမယ့်
ငါ...ကဗျာရေးတယ်။
ငါ...ကဗျာ ရေးနေတယ်။
ငါ...ကဗျာ ရေးဦးမယ်။
မိုးမြင့်တိမ်
(၂၉.၁၁.၂၀၁၁)
Posted by
Moe Myint Tane
8
comments
Labels: ကဗျာ
Sunday, October 23, 2011
ခွင့်ပြုပါ
ဒီဝပ်ကျင်းထဲ သက်ပြင်းယဲ့ယဲ့တွေနဲ့..!!
ရွက်ကြွေတွေအသက်ဆက်ဖို့ထက်
ဖူးပွင့်ခွင့်တွေက ပိုအရေးပါနေသလား
ဗီးနပ်စ်ရဲ့လက်နှစ်ဖက်ထက်
ဖီးနစ်တစ်တကောင်ရဲ့နှလုံးသွေးကို အလိုရှိနေမိတယ်..!!
ဗျာပါဒတန်းလန်းနဲ့ ဘ၀တွေဟာ
ယစ်မူးစရာကောင်းလောက်အောင် သာယာဘွယ်မရှိ
ရင်နာခြင်းအတိနဲ့ တီးခတ်တဲ့ဝမ်းတထွာမှာ
မနက်ဖြန်အစီအစဉ်ဟာ မရေရာနိုင်တာ သေချာတယ်..!!
အကျစ်လျစ်ဆုံး ထုံးနှောင်ခဲ့ရတဲ့ အနာဂါတ်တွေအတွက်
အကြင်နာမဲ့ရိုက်ခတ်တဲ့ သဘာဝဘေးအောက်
ဖျော်ချခံကမ်းပါးတစ်ခုလို ယိုင်နဲ့ပြိုကျရင်း
ရေငတ်သူများလာတဲ့ လောကဓံမှာ
ပရဟိတတွေ ရှင်သန်ဖို့အတွက်
မုဒိတာ ကဗျာတစ်ပုဒ်နဲ့
အတ္တပင်ကို နှုတ်ခွင့်ပြုပါ အမေ..!!
မိုးမြင့်တိမ်
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Thursday, October 13, 2011
ဆန္ဒ
တအိအိပိကျလာတဲ့ အရာရာမှာ
အိပ်မက်ဟာ သိပ်ကိုဟားတိုက်စရာ ကောင်းလွန်းနေပြီ.!!
ပေါက်ပြဲနေတဲ့ ဘ၀ကိုဖာထေးဖို့
အကျစ်လျစ်ဆုံး စုစည်းချည်နှောင်ပစ်ရင်းက
ပိန်ချိုင့်နေတဲ့ အတိတ်ဗရပွနဲ့အငွေ့ပျံနေတဲ့ ပစ္စုပန်မှာ
အနာဂါတ်ဟာ တိုက်စားခံ ကမ်းပါးတစ်ခုလို..!!
အထက်မြဆုံးလွန်းတင်ထားတဲ့ အရည်အသွေးတွေနဲ့
အမြင့်မားဆုံး တဟုန်ထိုးလွင့်တက်ခဲ့တဲ့ စေတသိတ်မှာ
ရင်ဘတ်တန်းလန်း နေ့ညတွေ ရူးသွပ်မှု မနက်စာတွေ
ကလောင်တစ်ချောင်းရဲ့ ဥပေက္ခာနဲ့ ၀မ်းတထွာ အတိမ်အနက်တွေ
လူလူချင်း စီးချင်းထိုးတဲ့ပွဲတွေ နွေးထွေးမှုပျောက်နေတဲ့ညတွေ
တစ်ရက်ခြားတစ်ခါ ထထပွင့်နေတဲ့ အတ္တတွေပါတယ်..!!
ညကို အမည်းခြယ်စရာမလိုပေမယ့်
လက်ညှိုးထောင်လို့ ကိုယ်ရောင်မလင်းတဲ့ဘ၀တွေအတွက်
ကိုယ့်အရိုးကိုယ် မီးထိုးရင်း ကိုယ့်လိပ်ပြာကိုယ် ထွန်းညှိရမယ်
လေသင့်သလောက်တော့ လင်းလိမ့်မပေါ့..!!
ဒီလိုအတွေးတွေနဲ့ တင်းတင်းစေ့လိုက်တဲ့ နှုတ်ခမ်းနှစ်လွှာဟာ
အထီးကျန်ခြင်းကို အပြီးသတ်တိုက်ဖို့
ပတ်ဝန်းကျင်ကောက် ထွက်တဲ့ညမှာ
ဝိညာဉ်လွှင့်အတတ်တွေနဲ့ ကမ္ဘာကိုတစ်ပတ်ပတ်ရင်း
ချဉ်ချင်းတက် အာသီသတွေအတွက်
တစ်ကိုယ်ရေ တကာရကို ပြာချပစ်လိုက်တယ်..!!
မိုးမြင့်တိမ်
(၁၃.၁၀.၁၁)
Posted by
Moe Myint Tane
4
comments
Labels: ကဗျာ
Saturday, October 1, 2011
နွံ
ရေခဲရိုက်ထားတဲ့ မျှော်လင့်ချက် ခပ်ပါးပါးတွေတော့ရှိတယ်.!!
တဖြည်းဖြည်း ပါးလျားလာတဲ့ အစာအိမ်
ချွတ်ခြုံကျသထက်ကျလာတဲ့ ကိုယ်ကျင့်တရား
နာမ်ရုပ်တရား မခွဲခြားနိုင်တဲ့ အမိုက်မှောင်ထဲ
ကမ္ဘာဦးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအကြောင်း
မေတ္တာတရားရဲ့ အတိမ်အနက်တွေအကြောင်း
မတူညီတဲ့ အယူအဆတွေအကြောင်း
အလှအပတရားကို ဖျက်ဆီးသူနဲ့ကာကွယ်သူတို့အကြောင်း
တွတ်တီးတွတ်တာ လိမ်ညာတတ်တဲ့ နှုတ်ခမ်းတွေအကြောင်း
အရောင်ဖျော့နေတဲ့ မျက်ဝန်းတွေအကြောင်း
ချို့တဲ့နေတဲ့ ကလောင်တွေအကြောင်း
အရေထူလာတဲ့ ကျောပြင်တွေအကြောင်း
ဝမ်းတထွာကို ထိန်းကျောင်းနေကြသူတွေအကြောင်း
ဘယ်လိုအကြောင်းအရာမျိုးမှ မစဉ်းစားချင်လောက်အောင်
မှတ်ဥာဏ်တစ်ချို့ကို မှိုင်းတိုက်ပစ်လိုက်တယ်.!!
အတက်အကျတွေနဲ့ လူးလှိမ့်နေခဲ့ရတာပါ
ကျားကုတ်ကျားခဲ တွယ်ထားတဲ့လက်အစုံ
ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ညာဘက်ရင်အုံတစ်ခြမ်း
ခဲရာခဲဆစ် ကျစ်ယူနေရတဲ့ ခွန်အားလက်ကျန်တွေ
အရောင်မလွင်တော့တဲ့ အိပ်မက်အနွမ်းတချို့နဲ့
အထူးချွန်ဆုံး မိုက်မဲနေတုန်း ရူးသွပ်နေတုန်း ဆာလောင်နေတုန်း.!!
နေ့စွဲတွေကတော့ သူလိုငါလိုဖြတ်ကျော်သွားလိုက်ကြ
သာမာန်ဖြစ်စဉ်တစ်ခုလို ပေါ့ပေါ့ပါးပါးပါပဲ
ငါ့လက်ထဲ အေးစက်နေတဲ့ ကော်ဖီတစ်ခွက်မှာ
အထီးကျန်ခြင်း စိမ့်သက်သက်ပါဝင်နေတာကလွဲရင်ပေါ့.!!
မိုးမြင့်တိမ်
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Monday, September 26, 2011
ကိုယ်ပိုင်လက်နက်
သေသွားနိုင်တယ်၊ အောင်မြင်သွားနိုင်တယ်။
ပွန်းပဲ့သွားနိုင်တယ်၊ တောက်ပသွားနိုင်တယ်။
မြင့်တက်သွားနိုင်တယ်၊ ပိန်ချိုင့်သွားနိုင်တယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!
ဆက်သွယ်မှု အတတ်ထဲမှာ ခင်ဗျားတို့ကျွမ်းကျင်တဲ့ ဘာသာရပ်ပါ။
အဲ.. ကျုပ်လဲ မတောက်တခေါက်တော့ တတ်ရဲ့။
ခင်ဗျားတို့လောက်တော့ ကျွမ်းချင်မှကျွမ်းမှာပေါ့။
သူလိုငါလိုလောက်တော့ ကောင်းကောင်းတတ်ပါ့။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလာ။..!!
ငွေကုန်ကြေးကျမှုမရှိပဲ ကျုပ်တို့ ဖန်တီးနိုင်တာတွေ ရှိတယ်။
မှန်ချင်လဲမှန်မယ် မှားချင်လဲမှားမယ်ပေါ့။
ဧရာမလဲ ဖြစ်သွားနိုင်တယ်၊ သေးငယ်ပြီးလဲ ပျောက်သွားနိုင်တယ်။
ကျုပ်တို့ကို တွန်းချနိုင်တယ်၊ ကျုပ်တို့ကို ကိုင်လှုပ်နိုင်တယ်။
ကျုပ်ကိုတွန်းချတာ ခင်ဗျားတို့ ဖြစ်ချင်ဖြစ်မယ်။
ခင်ဗျားတို့ကိုတွန်းချတာ ကျုပ်ဖြစ်ချင်ဖြစ်မယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!
တစ်ယောက်ကို ချီးမွမ်းလို့ရသလို တစ်ယောက်ကို ရှုတ်ချလို့ရတယ်။
တစ်ယောက်ကို ပင့်တင်လို့ရသလို တစ်ယောက်ကို ရိုက်ချလို့ရတယ်။
တစ်ယောက်ကို နွေးထွေးလို့ရသလို တစ်ယောက်ကို အေးစက်လို့ရတယ်။
တစ်ယောက်ကို မြှင့်တင်စေသလို တစ်ယောက်ကို နိမ့်ကျစေနိုင်တယ်။
တစ်ယောက်ကို ရှင်သန်စေသလို တစ်ယောက်ကို မြုပ်နှံပစ်လို့ရတယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!
ကျုပ်တို့ နေ့တဓူဝ ပြောနေကြတဲ့ စကားတွေပေါ့။
ကဲ.. ဘယ်လိုလဲ ခင်ဗျားတို့ သိပ်ရှုပ်သွားပြီလား..!!
မိုးမြင့်တိမ်
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Thursday, September 22, 2011
မတိတ်နိုင်တော့သော
အိတ်တစ်လုံးထဲ မျှော်လင့်ချက်တွေ ဒရောသောပါးထိုးထဲ့
လုပ်လက်စတွေအားလုံး ခလုတ်ပိတ်လိုက်သလိုရပ်တန့်
လွမ်းဆွတ်နေမဲ့အမေ့ကို အားရပါးရရှိုက်နမ်း
ဆုံးမစကားတွေခြွေနေတဲ့ အဖေ့ရှေ့မှာ ရိုရိုသေသေလေးထိုင်
မိဘနှစ်ပါးရဲ့ခြေဖမိုးကို ရှိခိုးဦးခိုက်လို့
ငါ့အနာဂါတ် ငါပိုက်ပြီး ထွက်လာခဲ့လိုက်တယ်။
ဖုန်တထောင်းထောင်းထနေတဲ့လမ်းပေါ်ကနေ ဖုန်မရှိတဲ့လမ်းကိုရောက်
ချွေးနံ့လူနံ့တွေရောပြွမ်းနေတဲ့ ကားပေါ်ကနေ အေးမြတဲ့ ရထားပေါ်ကိုရောက်
ခြင်ထူတဲ့ နေရာကနေ ခြင်မရှိတဲ့ နေရာရောက်
လေးကန်နေတဲ့ အင်တာနက်ကနေ မြန်နှုန်းမြင့် အင်တာနက်ကိုရောက်
မထင်ရင်မထင်သလို မှောင်မှောင်သွားတတ်တဲ့ ဒေသကနေ အမြဲလင်း ဒေသကိုရောက်
ဆယ်ထပ်ထက်မပိုတဲ့ တိုက်ကြားကနေ မိုးမျှော်တိုက်ကြားကိုရောက်
ဘ၀ဆိုတာကြီးကို တောက်တောက်ပပကြီးကို ကျေနပ်နေမိတာ။
အသားမဖြူရင်ပဲ လူရာမ၀င်သလိုလို
ကိုယ့်တိုင်းပြည်ကို ကျွန်လုပ်ခဲ့တဲ့ အင်္ဂလိပ်လို မတတ်ရင်ပဲ မျက်နှာမွဲလိုလို
ကိုယ်ရထားတဲ့ အောင်လက်မှတ်က စက္ကူတစ်ရွက်လို အဖိုးမတန်သလိုလို
မျက်ဝန်းမျက်ဆံမှေးမှေးတွေရဲ့အကြည့်က အထင်သေးသလိုလို
အဲဒီလို လိုလိုတွေကြားမှာ ဦးနှောက်တွေလဲ ဖောက်စားခံကြရ
ဓါးပြမှန်းသိလဲ ကျောချခံနေကြရ
မာနတွေလဲ နေ့တဓူဝ ခေါက်ခေါက်သိမ်းနေရ
လူစင်စစ်ကနေ စက်ရုပ်ဇာတ်သွင်းတာလဲ ခံခဲ့ရတယ်။
ဘယ်တတ်နိုင်မလဲ
ဝက်ဖြစ်မှတော့ မစင်မကြောက်ကြေးပေါ့
ကိုယ်တိုင်ကိုက ဒီလမ်းမှဒီလမ်းရွေးချယ်ခဲ့တာမှလား
အခုမှငိုချင်းချပြလဲ ကိုယ့်ရင်ကိုယ်ထု ရင်ကွဲလုအောင်ငိုပေတော့
အဖေကိုလွမ်း အမေကိုလွမ်း မြေကိုလွမ်း ရေကိုလွမ်း
အဲဒီ့အလွမ်းတွေအားလုံးကို ငွေကြေးကွာဟမှုနဲ့ ခဏတုပ်နှောင်ထားရဦးမပေါ့။
ဟိုတစ်နေ့က အမေပို့လိုက်တဲ့ စာနဲ့ပစ္စည်းရတယ်
ကျန်းမာရေးကောင်းရဲ့လား အလုပ်အကိုင်အဆင်ပြေလား
အမေသားအတွက် ဘုရားရှေ့မှာအမြဲဆုတောင်းလို့
သားရှိရာအရပ်ကိုမှန်းပြီး အမေမေတ္တာပို့ပေးနေတယ်နော်တဲ့။
ကဲ...ခင်ဗျားတို့ဆိုရင်ကော ဒီစာကိုဘယ်လိုဖတ်မလဲ
ကျုပ်ကတော့ ရင်ဘတ်နဲ့ဖတ်လိုက်မိတယ်
ကြမ်းပြင်ပေါ် မျက်ရည်ကျကွဲသံတွေနဲ့ ရွှဲလို့
ချက်ခြင်းကို စာတစ်စောင်ကောက်ရေးလိုက်တယ်
ကျွန်တော်တို့အိမ်လေးရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က လက်တစ်ဆုပ်စာမြေပုံလေးကို
ကျွန်တော်ရွပ်ရွပ်ချွံချွံ လွမ်းနေပါတယ် အမေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
6
comments
Labels: ကဗျာ
Tuesday, September 20, 2011
မာန်
အခိုးပျံလုလု နေ့ရက်တွေအတွက်
အရိုးရင့်ရင့်တွေနဲ့ တန်ဆာဆင်လိုက်တယ် ။
တင့်တယ်ခြင်းအတိမ်အနက်နဲ့
တစ်ကိုယ်ရေတကာရ ကျော့ရှင်းမှုဟာ
အစာအိမ်အတွက် လောင်စာမဖြစ်နိုင်သရွေ့
ဖြန့်ပြချခင်းလိုက်မိတာ ဝေဒနာငွေ့ငွေ့တွေသာ ။
ရွပ်ရွပ်ချွံချွံ ချဉ်ခြင်းတက်နေတဲ့ အောင်မြင်ခြင်းတွေအတွက်
အနဲငယ်သက်ရှနေတဲ့ မျှော်လင့်ခြင်းတွေအတွက်
အားကိုးတကြီး ဆုပ်ကိုင်နေတဲ့လက်တွေအတွက်
ပြားကပ်ကပ်ဖြစ်နေတဲ့ အိတ်ထောင်တချို့အတွက်
မာကျောကျော မျက်နှာစာသစ်တွေနဲ့နိုးထခဲ့တဲ့
ဖျော့တော့တော့ အတွေးအခေါ်ရဲ့မနက်စာဟာ
အဘိဓမ္မာမဆန်နိုင်မှာတော့ သေချာတယ် ။
ကောက်ကြောင်းဟာ ပန်းချီတစ်ကားရဲ့အသက်
စိတ်ဓါတ်ဟာ လူတစ်ယောက်ရဲ့အားမာန်
ရိုးသားမှုဟာ ကိုယ်ကျင့်တရားရဲ့ ပြယုဂ်
နွေးထွေးမှုဟာ အိမ်တစ်လုံးရဲ့ဝိသေသ ။
ကံကြမ္မာကမ်းရိုးတန်း ရှည်သလောက်
ကိုယ်ကျင့်တရားတွေ ကျကျပျောက်နေခဲ့တော့
ဒီကနေ့ နှစ်ဆယ့်လေးနာရီမှာ
တဖြုတ်ဖြုတ်ကြွေနေတဲ့ စာနာမှုတွေကြား
မြွေတစ်ကောင်အနေနဲ့တော့ တွင်းဝင်ဖြောင့်ချင်တယ် ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
3
comments
Labels: ကဗျာ
Saturday, September 17, 2011
လောကဓံ
သပွတ်အူမက ရှုပ်ထွေးလွန်းနေတဲ့ဦးနှောက်ကြား
စွန့်စားမှုတွေ ဖျားနာနေကြပြီ ။
ရောက်မှန်းမသေချာတဲ့ ရည်ရွယ်ရာကို
ဗိုက်ဟောင်းလောင်း လှေတစ်စီး
ခြစားလုနီးနီး တက်မတစ်ချောင်းနဲ့
လှော်ခတ်နေလိုက်ပုံများ
သူ့လက်ထဲမှာတော့ ၀ီရိယဆိုတဲ့ကော်ဖီတစ်ခွက်
နဲနဲတောင် ခါးသက်ချင်နေပြီ ။
ကျောတစ်ပြင်လုံး စိုက်ဝင်နေတဲ့စိုးရွံ့မှုတွေနဲ့
မျှော်လင့်တကြီး မျက်နှာတွေကြား
ညဉ်းတွားခြင်းတွေ မျိုမျိုချနေရတဲ့
ဖယောင်းတိုင်တစ်ချောင်းရဲ့ အလင်းမှာ
သက်ပြင်းတွေ ဘယ်လောက်ပါနေလိုက်မလဲ ။
တွင်းနက်ပေမဲ့ ရေမကြည်နိုင်တာ
မြေဆီလွှာရဲ့ အပြစ်ဆိုမလား
တကယ်သာစိုက်ပျိုးခွင့်ရရင် ပွင့်ဖူးပြလိုက်ချင်တယ် ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Tuesday, September 13, 2011
အိပ်မက်ခရီး
အိပ်မက်တွေက သိပ်ကိုလေးလံလွန်းနေပြီ
ကိုယ့်ပုခုံးကိုယ်ပြန်စမ်းကြည့်တော့ အနဲငယ်မာကျောနေသယောင်ယောင်..
ကိုယ့်အတောင်ကိုယ်ဖြန့်ကြည့်လိုက်တယ်
တဟုန်ထိုးတက်ဖို့အတွက် လေမလာသေးဘူး
မချိတင်ကဲစိတ်တွေနဲ့ပဲ ညကိုခပ်စိမ်းစိမ်းကြည့်လိုက်တယ်
ညကတော့ နက်သထက်သာနက်လို့..
ကိုယ့်လိပ်ပြာကိုယ် ပြန်ကြည့်တော့
ခပ်ယဲ့ယဲ့လေး ပြုံးပြတယ်
ရှိရှိသမျှကြေကွဲခြင်းတွေကို တနင့်တပိုးထွေးပိုက်ထားတဲ့ပုံမျိုး..
အဝေးကထပျံသွားတဲ့ ညငှက်တွေကိုကြည့်ရင်း
မဆီမဆိုင် အမုန်းကျည်ဆံတွေပစ်သွင်းလိုက်တယ်
အာရုံခြောက်ပါးစလုံးက အကြောက်အကန်ငြင်းဆန်လို့
မျက်လုံးတွေမှိတ်လိုက်ပါတော့ မင်းအရမ်းပင်ပန်းနေပြီ..
အရိပ်လိုချင်လို့ အပင်စိုက်တာပါ
ကိုယ်တိုင်စိုက်ပျိုးပြီးမှ အသီးလဲစားချင်မိရဲ့
ဒီလိုအတွေးတွေကပဲ ကိုယ်ကျင့်တရားကိုဖျားစေတာလား..
ကျချင်ချင်ဖြစ်နေတဲ့စိတ်ဓါတ်ကို ခပ်တင်းတင်းဆွဲစိရင်း
ဒီတစ်ညအိပ်မက်မှာလဲ ကိုယ့်ခန္ဓာကိုယ်ထမ်းကိုယ့်လမ်းကိုယ်လျှောက်ရမယ်..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
6
comments
Labels: ကဗျာ
Wednesday, August 31, 2011
စိမ်းညို့မှောင်နေတဲ့ ကောင်းကင်ရဲ့ညချမ်းမှာ
လတစ်ခြမ်းက အပိုင်းပိုင်းပြတ်လို့ ။ ။
အစွန်းဆုံဆုံး ပျော်ဝင်မှုဟာ
ဒဏ်ရာကုစားဖို့ အဆင့်မမှီ
မျှော်လင့်ခြင်းကို ချွန်းဖွင့်ထွက်ဖို့
ထူးခတ်တဲ့သံယောဇဉ်တွေ များလွန်းတယ် ။ ။
ခေတ်နဲ့အတူမျောပါစီးဆင်းချင်တဲ့ အိပ်မက်မြစ်ဟာ
အရောင်အသွေးမစုံမှုတွေကြောင့် လူလားမမြောက်နိုင်သေးခင်
တိုးထွက်ရုန်းကန်မှုတွေအတွက် လောင်စာမပြည့်တဲ့အခါ
သူလိုငါလိုရက်စွဲတွေအောက်မှာပဲ တလိမ့်ခေါက်ကွေးပေါ့ ။ ။
နဂါးတစ်ကောင်တိမ်ညွန့်စားဖို့ ရက်နဲနဲလိုသေးတယ် ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
6
comments
Labels: ကဗျာ
Sunday, September 5, 2010
အာရုံမှားတဲ့ လှေ
ကောင်းကင်ထဲ နစ်မြုပ်သွားသလို
နှလုံးသွေးကို အရောင်ဆိုးထားသလို
ပင်လယ်ရဲ့ ပြုစားခြင်းကိုခံရသလို
ဝင်သက်ထွက်သက်တိုင်းက ဆေးခတ်ထားသလို
အဲသလိုမျိုး...
မြင်မြင်သမျှက အပြာ ။ ။
ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ကိုလှန်ကြည့်မိတော့
ငါ့လက်ကို အပြာရောင်မီးတောက်တစ်ခု
ရုတ်ခနဲ ဖြာခနဲ လောင်မြိုက်
အူလှိုက်သဲလှိုက် အနာတရတွေနဲ့
စေတသိတ်ရဲ့ ဒဏ်ရာကလဲအပြာ ။ ။
တစ်ခါတစ်လေမှာ မွတ်သိပ်လွန်းလို့
ဝမ်းစာကိုပြာချ အရည်ဖျော်သောက်တဲ့အခါ
ယိုဖိတ်စီးဆင်းမှုနဲ့ ပိတ်ပင်တားဆီးမှုအကြား
တံတိုင်းတစ်ချပ်ခြားထားတာလဲ အပြာ ။ ။
ထိုင်နေရင်းက နစ်မြုပ်နေသလို
ထွန်းလင်းနေရင်းက မှောင်မိုက်နေသလို
ပြုံးနေရင်းက ငိုနေသလို
ဆုပ်ကိုင်မိသမျှ အိပ်မက်အပိုင်းအစတွေဟာ
တစ်တစ်ချင်ချင်ကို ပြာနေခဲ့ပေါ့ ။ ။
ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ခြင်းတွေနဲ့
ရေးသားထားတဲ့ ကယ်ရီကားချားတစ်ချပ်ဟာ
ရုတ်တရက်ပြာပိန်းသွားရင်းက
သံစဉ်တစ်လက်ရဲ့ ရင်ကွဲသံအဆုံး
ပွင့်လာတဲ့ မျက်လုံးအစုံနဲ့မော့ကြည့်တော့
လမင်းက ငုံ့ကြည့်ရင်းပြံးပြချိန်
ငါ့ကိုယ်ငါ သိလိုက်တယ်
ငါဟာ အာရုံမှားတဲ့လှေ ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Thursday, September 2, 2010
ငါမရေးချင်တဲ့ ကဗျာ
ကုန်းရုန်းထဖို့ ကြိုးစားရင်း
ဘ၀က အိပ်မက်ကလှုပ်နှိုးခံရသလို
ကံကြမ္မာရဲ့ ခြေထိုးခံမှုဟာ
သိပ်ကို တရားမဲ့လွန်းတယ် ။ ။
ကိုယ်တိုင်တင်ခဲ့ဖူးတဲ့ မှတ်ကျောက်ဟာ
တစ်ချိန်က အသွားနှစ်ဖက်နဲ့ဓါး
အခု လေးမရှိတဲ့မြှား။ ။
အတင်းကြပ်ဆုံး လွန်းတင်ပစ်ခဲ့ရင်း
မျှော်လင့်ချက်ချိုချိုတွေ ခူးဆွတ်ကာမှ
ဖြုတ်ခနဲကြွေကျသွားတဲ့ ရမ္မက်လက်တစ်ခုပ်စာဟာ
ကြယ်သက်ကြွေ နတ်သမီးအဆုတ်ဖြစ်နေခဲ့တယ်။
လက်မခံချင်ပဲ လက်သင့်ခံလိုက်ရတဲ့
ခွက်တစ်လုံးရဲ့ နောင်တသက်ပြင်းမှာ
အာရုံပျက်ဂီတနဲ့ မျှော်လင့်ချက်ချို့တဲ့
ဘ၀တွေ ပါခဲ့တယ် ။ ။
တစ်ကယ်တော့လဲလေ...
သိပ်ကို ပိရိပါးနားသေသပ်လွန်းလှတဲ့ မျက်လှည့်တစ်ပွဲကို
တစ်ဘ၀စာလက်မှတ်နဲ့ကြည့်လိုက်ရသလိုမျိုး
အနိမ့်အမြင့် အတက်အကျတွေနဲ့
မယုံကြည်နိုင်လောက်အောင်ပြောင်းလဲတတ်တဲ့ သံစဉ်တစ်ပိုဒ်ကို
ကံကြမ္မာနဲ့ လောင်းစားနားထောင်လိုက်ရသလိုမျိုး
ငြိမ်းလုဆဲဆဲ ကလောင်တံချောင်းရဲ့
မပြီပြင်တော့တဲ့ ကဗျာတစ်ပုဒ်ကို
ဘ၀နဲ့ရင်းပြီး ရေးလိုက်ရသလိုမျိုးပေါ့ ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
2
comments
Labels: ကဗျာ
Friday, June 18, 2010
အဖေ့အတွက်
သူကုံလုံကြွယ်ဝကြောင်း
အရာအားလုံးထက် သူအင်အားကြီးမားကြောင်း
လတ်ခမောင်းခတ်ကြေညာဖို့
ချင်းချင်းရဲ ပူပန်မှုလောင်မြိုက်
ရင်ဘတ်ပေါင်းစုံကို တိုက်တယ် ။ ။
အလစ်အငိုက်ပေါင်း များစွားနဲ့
ထိုးနှက်ချက်တိုင်းအတွက်
ရင်နင့်စွာနဲ့ ကာကွယ်ရင်း
အကျဉ်းကျခြင်း စိတ်အလျဉ်မှာ
ငါ....ညနဲ့တွေ့တယ် ။ ။
အလောတကြီး မမည်ပေမဲ့
တအိအိယိုင်လာတဲ့နောက်
အမှောင်ရဲ့ချောက်ချမှုဟာ
စိုက်ဝင်လုဆဲဆဲ မြှားတံလို
ခုတ်ဖြတ်ထစ်ပိုင်းလုလု ဓါးတစ်ချောင်းလို
သပ်လျှိုသွင်းစိုက်လာတဲ့နောက်
သေရာပါအမာရွတ်ဗလပွနဲ့
ဘ၀ဆိုတာက ညစ်သထက်ညစ်လာခဲ့ ။ ။
ချိုမြမွှေးဖြာတဲ့ ၀တ်ရည်တွေဟာ
လုယက်သောက်သုံးခြင်းအတွက်
ကြေကွဲဖွယ်ရာ စီးထွက်တဲ့
ပန်းတစ်ပွင့်ရဲ့ မျက်ရည်တဲ့ ...
စွှန့်လွှတ်ခြင်းအတွက် သောကကိုဖြေတတ်လာတဲ့အခါ
မေတ္တာကို ပခုံးနှစ်ဖက်နဲ့ ထမ်းပိုးတတ်လာတဲ့အခါ
အိမ်ဆိုတဲ့ ဝေါဟာရကို နွေးထွေးစွာဖတ်တတ်လာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မဏ္ဏိုင်အဖြစ်ဘ၀ပြောင်းပြစ်လိုက်တဲ့အခါ
အဲဒီ့ညရဲ့ တိုက်ခိုက်မှုဟာတိုးတိတ်တိမ်ဝင်ရင်း
ကစဉ့်ကလျား ပုန်းရှောင်သွားတဲ့နောက်
ကံကြမ္မာကို စကားတစ်ခွန်းနဲ့ အပြီးသတ်တိုက်လိုက်တယ်...
" ဒါ အဖေ့အတွက် "
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Posted by
Moe Myint Tane
4
comments
Labels: ကဗျာ