Tuesday, September 20, 2011

မာန်

နေ့တဓူဝ သက်ပြင်းတွေနဲ့
အခိုးပျံလုလု နေ့ရက်တွေအတွက်
အရိုးရင့်ရင့်တွေနဲ့ တန်ဆာဆင်လိုက်တယ် ။

တင့်တယ်ခြင်းအတိမ်အနက်နဲ့
တစ်ကိုယ်ရေတကာရ ကျော့ရှင်းမှုဟာ
အစာအိမ်အတွက် လောင်စာမဖြစ်နိုင်သရွေ့
ဖြန့်ပြချခင်းလိုက်မိတာ ဝေဒနာငွေ့ငွေ့တွေသာ ။

ရွပ်ရွပ်ချွံချွံ ချဉ်ခြင်းတက်နေတဲ့ အောင်မြင်ခြင်းတွေအတွက်
အနဲငယ်သက်ရှနေတဲ့ မျှော်လင့်ခြင်းတွေအတွက်
အားကိုးတကြီး ဆုပ်ကိုင်နေတဲ့လက်တွေအတွက်
ပြားကပ်ကပ်ဖြစ်နေတဲ့ အိတ်ထောင်တချို့အတွက်
မာကျောကျော မျက်နှာစာသစ်တွေနဲ့နိုးထခဲ့တဲ့
ဖျော့တော့တော့ အတွေးအခေါ်ရဲ့မနက်စာဟာ
အဘိဓမ္မာမဆန်နိုင်မှာတော့ သေချာတယ် ။

ကောက်ကြောင်းဟာ ပန်းချီတစ်ကားရဲ့အသက်
စိတ်ဓါတ်ဟာ လူတစ်ယောက်ရဲ့အားမာန်
ရိုးသားမှုဟာ ကိုယ်ကျင့်တရားရဲ့ ပြယုဂ်
နွေးထွေးမှုဟာ အိမ်တစ်လုံးရဲ့ဝိသေသ ။

ကံကြမ္မာကမ်းရိုးတန်း ရှည်သလောက်
ကိုယ်ကျင့်တရားတွေ ကျကျပျောက်နေခဲ့တော့
ဒီကနေ့ နှစ်ဆယ့်လေးနာရီမှာ
တဖြုတ်ဖြုတ်ကြွေနေတဲ့ စာနာမှုတွေကြား
မြွေတစ်ကောင်အနေနဲ့တော့ တွင်းဝင်ဖြောင့်ချင်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

3 comments:

ညီရဲ said...

နွေးထွေးမှုဟာ အိမ်တစ်လုံးရဲ့ဝိသေသ ဆိုတာမှန်တယ် အစ်ကို...
ကျွန်တော်လဲ အိမ်မဟုတ်သောအိမ် ဆိုပြီး ရေးနေတာ ခုလက်ရှိအိမ်မှာနေရတာ တခုခုလိုနေတယ်လို့ ခံစားမိနေတာ ကြာပြီ တကယ်က နွေးထွေးတဲ့ မေတ္တာတရားလိုနေတာလေ...

ဒီကဗျာလေး တော်တော်ကို ကောင်းတယ် အစ်ကို...
အစ်ကို ဒီလိုကဗျာတွေ ဆက်တိုက်ရေးလာတာကို တွေ့ တော့ ဝမ်းသာမိတယ် အစ်ကို...

စံပယ်ချို said...

ကံကြမ္မာကမ်းရိုးတန်း ရှည်သလောက်
ကိုယ်ကျင့်တရားတွေ ကျကျပျောက်နေခဲ့တော့
ဒီကနေ့ နှစ်ဆယ့်လေးနာရီမှာ
တဖြုတ်ဖြုတ်ကြွေနေတဲ့ စာနာမှုတွေကြား
မြွေတစ်ကောင်အနေနဲ့တော့ တွင်းဝင်ဖြောင့်ချင်တယ်

အဲဒီစာသားကိုအကြိုက်ဆုံးပါပဲ
မိုးမြင့်တိမ်ရေ...အရေးအသားကောင်းတယ်နော်
ထပ်တူခံစားလို့ကိုရတယ်
ခင်မင်တဲ့ jasmine

Unknown said...

လေးကြော့လောက် ပြန်ဖတ်တာတောင်
အားမရဘူးအကိုရေ..
စာသားတွေကောင်းသလောက်..အကိုရဲ့စိတ်ကူး
တွေ လည်းကောင်းတယ်အကို..
လေးစားစွာဖြင့်.

(ဒုတိယ)

Template by - Abdul Munir