Showing posts with label ၀ထ္တုတို. Show all posts
Showing posts with label ၀ထ္တုတို. Show all posts

Sunday, July 25, 2010

အကွေ့

"၀ုန်း"

လွယ်အိတ်အတွင်းမှရေဘူးနှင့် စားပွဲထိခတ်သံက အနည်းငယ် ကျယ်လောင်သွားသည်။ မိမိသည်လဲ ထူးမခြားနား။ ဘ၀ထဲတွင် ပစ်ချခံခဲ့ရသည်မှာ ဒီ့ထက်ပင် ကျယ်လောင်လှပေသည်။နှစ်ပေါင်းအတော်ကြာ မိမိ မက်ခဲ့သော အိပ်မက်တို့သည်လဲ အခုတော့ တစ်စစီ။ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်မိလိုက်သည်။

"ဟူးးးးးးး"

စားပွဲပေါ်တွင်တင်ထားသော လန်ဒန်စီးကရက်ဗူးမှ စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိလိုက်သည်။ စိတ်နှင့်လူနှင့် မကပ်သောကြောင့်ပင်ထင်၏ ။ အနည်းငယ် ညှော်နံ့ထွက်လာမှ မိမိ စီးကရက်ကိုပြောင်းပြန်မီးညှိနေမိမှန်း သတိထားလိုက်မိသည်။

" တောက် "

" အဆင်မပြေချင်တော့လဲ ဆေးလိပ်သောက်တာတောင် အဆင်မပြေပါလား "

ဗူးထဲမှ နောက်စီးကရက်တစ်လိပ်ကို ထုတ်ရင်း မီးညှိကာ အားရပါးရ ရှိုက်လိုက်မိသည်။ အလွန်တရာ စိတ်မွန်း ကြပ်သည့် အချိန်တိုင်း၌ မိမိအား အဖော်ပြုပေးနေသည်မှာ ဤဆေးလိပ်ပင်ဖြစ်သည်။ မီးခိုးများကို မှုတ်ထုတ် ရင်း မျက်စိနှစ်လုံးကို အသာအယာ ပိတ်လိုက်မိသည်။ ဂရုဏာမျက်ဝန်း၊ မေတ္တာအပြုံးများဖြင့် နွေးထွေးစွာ စိုက် ကြည့်နေသော မိခင်နှင့် ဖခင်ကြီး၏ မျက်နှာများက စိတ်အာရုံတွင် ထင်ဟပ်လာခဲ့သည်။ ထို့နောက် မိမိအား စာနာနားလည်မှု အပြည့်ဖြင့် ယနေ့ထက်တိုင် ချစ်နေရှာသော တစ်လောကလုံး၌ မိမိ၏ မိဘနှစ်ပါးပြီးလျှင် အချစ်ရဆုံးသော မိန်းကလေးတစ်ယောက်၏ မျက်နှာက ဖျတ်ခနဲ ပေါ်လာခဲ့ပြန်သည်။

"ဟူးးးးးးးးးးးးးးးးးးးးး"

ပိတ်ထားသော မျက်ဝန်းအစုံကို ဖွင့်ရင်း သက်ပြင်းမော တစ်ခုကို ဒုတိယအကြိမ်မြောက် ချမိပြန်သည်။ တစ်ချိန် ကဖခင်ကြီး ဆုံးမခဲ့သော စကားများအား မိမိနားထဲတွင် ပြန်ကြားယောင်လာမိသည်။

" ငါ့သား အဖေတို့ ဒီခန္ဓာအဖွဲ့အစည်းကို လူလို့သမုတ်တယ်ကွ"

" ပိုပြီးပြည့်စုံအောင် ပြောရမယ်ဆိုရင် ဦးခေါင်း၊ ခြေ လက် ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အပြင် အရိုး၊ အသား၊ အကြော စတဲ့ အရာတွေနဲ့ တည်ဆောက်ထားတယ်ပေါ့ကွာ။ "

" ဦးခေါင်းပိုင်းမှာမှ အဓိက အနေနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တွေ ပါဝင်တယ်ပေါ့ "

" ငါ့သား လူတွေမှာ ဘာကြောင့်မျက်စိတွေ ပါလာသလဲ ငါ့သား "

ဖခင်ကြီး မေးလိုက်သော မေးခွန်းကြောင့် ရုတ်တရက် ကြောင်သွားမိ၏ ။ လူတွေမှာ မျက်စိပါလာကြခြင်းမှာ အ မြင်အာရုံ ရရှိစေရန်ဖြစ်သည်။ ထိုသို့အမြင်အာရုံရှိမှသာလျှင် ယေဘုယျအားဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်မြင်နိုင်ကြမည်၊ အရာဝထ္တုတို့ကို တွေ့မြင်နိုင်မည်။ မိမိကို အန္တရာယ်ဖြစ်စေနိုင်သော ယဉ် သို့မဟုတ် အခြားတစ်စုံတစ်ရာကို မြင်တွေ့ ရှောင်ရှားနိုင်မည် မဟုတ်ပါလား။ ထို့အတွက် ထိုမျှလွယ်ကူသော မေးခွန်းကို ဖခင်ကြီးမေးလိုက်ခြင်းအတွက် ရုတ်တရက် ကြောင်သွားခဲ့ခြင်းဖြစ်သည်။
ို
" အဖေရယ် မျက်စိပါမှသာ မြင်နိုင်မှာပေါ့။ ဒါမှလဲ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်မယ်။ အန္တရာယ်ကို ရှောင် ရှားနိုင်မှာပေါ့။ "

" အင်း ဒီလိုဖြေရုံနဲ့တော့ မပြည့်စုံသေးဘူး သား။ လူတွေမှာ သူတို့ရဲ့ စိတ်ကိုလိုက်ပြီး အရောင်တွေသူတို့ မျက်နှာ တွေမှာ ထွက်နေတတ်တယ် ငါ့သား။ အဲဒီ့အရောင်တွေကို ကြည့်ဖို့အတွက် လူတွေမှာ မျက်စိပါလာကြတယ်။ ဒါပေမယ့် မြင်အောင်ကြည့်တတ်ဖို့တော့ လိုတယ် သား။ သားပြောတဲ့ အကြောင်းအရာတွေ အပြင် အဲဒီ့ အရောင် တွေကို ကြည့်တတ်ဖို့ လဲလိုအပ်တယ် သား။ "

" နားတွေကော ဘာကြောင့်ပါသလဲ သား "

" နားတွေပါတာက အကြားအာရုံအတွက်ပေါ့ အဖေ။ ဒါမှလဲ ကြားနိုင်စွမ်း ရှိမယ်လေ အဖေ။ "

" မှန်တယ်သား။ နားတွေပါတာက အကြားအာရုံအတွက်ပေါ့။ သို့ပေမယ့် ငါ့သား ဘယ်လို အကြောင်းအရာ မျိုး တွေကိုနားစွင့်မလဲ။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်မှာ သူများ ကောင်းကြောင်း မကောင်းကြောင်းထက် ကိုယ် ကောင်းကြောင်း မကောင်းကြောင်းကို နားစွင့်ပါ ငါ့သား။ "

" မိမိမြင်သမျှ ကြားသမျှကို သားရဲ့ဦးနှောက်နဲ့ ချင့်ချိန်ဆုံးဖြတ်ပါ။ လောကမှာ အဆိုးရှိသလို အကောင်းလဲ ရှိ တယ် ငါ့သား။ သင်ယူသင့်တာရှိသလို မသင်ယူသင့်တာရှိတယ်။ လက်ခံသင့်တာ ရှိသလို လက်မခံသင့်တာ ရှိတယ်။ မိမိကိုယ်တိုင် သေချာချင့်ချိန် ဆုံးဖြတ်ပြီးမှ လိုအပ်တာကို ရယူပြီး မလိုအပ်တာဆို ပယ်ပါ ငါ့သား။ "

" ပါးစပ်တွေ ရှိနေသရွေ့ စကားတွေလဲ ရှိနေမှာပဲ သား။ အဲဒီ့စကားတွေထဲမှာ ကိုယ့်မကောင်းကြောင်းထက် ကိုယ့်ကောင်းကြောင်းကို သူများတွေ ချီးကျူးနိုင်အောင် ကြိုးစား ငါ့သား။ "

" နှာခေါင်းဆိုတာ အသက်ရှုဖို့ အတွက် အဓိက အင်္ဂါအစိတ်အပိုင်းဖြစ်ပေမယ့် လူတွေရဲ့ စိတ်ရနံ့ကိုလဲ အနံ့ခံ တတ်ဖို့ လိုတယ် သား။ ဒါမှလဲ ငါ့သားကျင်လည်ရာ ပတ်ဝန်းကျင်မှာ စိတ်တွေ ဘယ်လို ဖူးပွင့် ရှင်သန်နေတယ် ဆိုတာ သားသိလိမ့်မယ်။ အဲဒီ့ စိတ်ရနံ့တွေမှာလဲ မွှေးပျံ့တဲ့ ရနံ့တွေ ရှိသလို ဆိုးဝါးတဲ့ အနံ့တွေ ရှိနေတတ် တယ် သား။ ဒါတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် ငါ့သား စိတ်ရနံ့တွေကို ရှုရှိုက်တတ်ဖို့လိုတယ် သား။ "

" အေး ဒီလိုပဲငါ့သား။ လက်နှစ်ဖက်ပါလာတာဟာလဲ လောကဓံရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ဖို့ပဲ။ ဘယ် လောက်ပဲ ဆိုးဆိုးရွားရွား ထိုးနှက်ခံရပါစေ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းပြီး တစ်လှမ်း ဆက်ဖို့ ခြေနှစ် ဖက်လဲ ပါလာခဲ့တယ် သား။ အဲဒီ့ အတွက် ငါ့သား ဘ၀ခရီးကို လှမ်းတဲ့အခါ သားရဲ့ မျက်စိ၊နား၊ နှာခေါင်းနဲ့ ခြေ လက်တွေ ကို ကောင်းကောင်း အသုံးချနိုင်အောင် ကြိုးစားပါ ငါ့သား။ "

" သားကို အဖေ နောက်ဆုံးပြောချင်တာကတော့ လူ့အောက်ကျလို့ မသေဘူး ဆိုပေမယ့် အောက်ကျပါ များလွန်း တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ကိုယ်စွမ်းကိုယ်စတွေ တဖြည်းဖြည်း မှေးမှိန်လာတတ်တယ် ငါ့သား။ အဲဒီတော့ သား ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ချွန်မြနေအောင် ကြိုးစားပါ သား။ "

ခရီးဝေး ထွက်ခါနီး ဖခင်ကြီးက မိမိအားဆုံးမခဲ့သော စကားများအား ထိုစဉ် အချိန်က ကောင်းစွာ နားမလည် ခဲ့သော်လဲ ယခု ဘ၀ခရီးတွင် ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့လာချိန်၌ ထိုစကားများ၏နောက်ကွယ်မှ လေးနက်မှု များကို ကောင်းစွာ နားလည်ခဲ့လေပြီ။ ဖခင်ကြီး၏ ရှေ့နောက် တွေးခေါ်မျှော်မြင်မှု ကြီးလှသော စကားများ၏ တန်ဖိုးကို ကောင်းစွာ သဘောပေါက်ခဲ့လေပြီ။

" တီ တီ တီ တီ "

အတွေးလွန်နေမိသော မိမိအား လက်ကိုင်ဖုန်း မြည်သံမှ ရုတ်တရက် လှုပ်နှိုးလိုက်လေသည်။ ဖုန်းကို ကြည့်မိ တော့ မိမိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော နံပါတ် တစ်ခု။

" ဟယ်လို "

" ဟယ်လို။ ကိုဇော်ထွန်းပါလား "

" ဟုတ်ပါတယ်။ ကျွန်တော် ဇော်ထွန်းပါ "

" ဟုတ်ကဲ့။ ကျွန်မတို့ .......................ကုမ္ပဏီကပါ။ ကိုဇော်ထွန်း ပို့လိုက်တဲ့ အလုပ်လျှောက်လွှာ အီးမေးလ်ကို ကျွန်မ တို့လက်ခံရရှိပါတယ်။ မနက်ဖြန် .............နာရီကို အင်တာဗျူး လာနိုင်မလား ရှင်။ "

" ကျွန်တော် လာခဲ့ပါ့မယ် ခင်ဗျာ။ "

" ဟုတ်ကဲ့။ ဒါဆို လာရမယ့် လိပ်စာကို ခဏနေရင် ကျွန်မ အသေးစိတ် အီးမေးလ်ပြန်ပို့ပေးပါ့မယ် "

" ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော် လာခဲ့ပါ့မယ် "

" ကောင်းပါပြီ။ မနက်ဖြန် တွေ့ကြတာပေါ့ ကိုဇော်ထွန်း "

" ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ "

တစ်ဖက်မှ ဖုန်းချသွားပြီး ခဏ၌ ကျွန်ုပ်လဲ အီးမေးလ်ကို ဖွင့်၍ ထိုအမျိုးသမီး ထံမှ ၀င်လာမည့် အီးမေးလ်ကို စောင့်မျှော်နေလိုက်သည်။ ခဏအကြာတွင်တော့ လာရမည့် အသေးစိတ် လိပ်စာ အီးမေးလ် ၀င်ရောက်လာခဲ့ လေသည်။ မိမိ ဘ၀၏ အကွေ့တစ်ခုကား စတင်ခဲ့လေပြီ။ ထို အချိုးအဆစ်အတွက် ရင်ဆိုင်ဖြတ်သန်းရန် ဖခင် ကြီး၏ ဆုံးမစကားများက အားအဖြစ်ဖြင့် စီးဆင်းလာခဲ့သည်။ မိမိ၏ စိတ်အတွင်းမှ မိခင်နှင့် ဖခင်ကြီးအား ရိုသေ စွာရှိခိုး ကန်တော့မိလိုက်သည်။

အကွေ့တစ်ခုကို ဖြတ်ကျော်ရန်အတွက် မိမိ ပြင်ဆင်ရပေဦးမည်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, June 28, 2009

နှလုံးရင်မြစ်၌ ကျောက်ဖြစ်သွားသောပန်း

ကြွေ.....

ကြွေတဲ့.....။
နာမည်လေးက ခပ်ဆန်းဆန်း။ တစ်လုံးတည်းမှည့်ထားတဲ့နာမည်လေး။
ကြွေမို့လို့ဘဲ ချွေခဲ့တာလား ။ ဒါမှမဟုတ်......
ကိုယ်ကိုယ်တိုင်ကဘဲ ကြွေခဲ့တာလား ကြွေရယ်..။
အခုတော့လည်း ရင်မှာအဖြေမရှိ ။ မေးမိတဲ့ကိုယ့်အသဲ(သည်း)ကို ကိုယ်ကိုယ်တိုင်ခွဲလိုက်ချင်ပြီ ကြွေ..။
အခုအချိန်ဆိုရင် မင်းဘယ်ရောက်နေမလဲကြွေ။ မင်းဘာတွေလုပ်နေမလဲ။ ရင်ခွင်သစ်မှာပျော်ရွှင်နေပြီလား။
ကိုယ် ဒီအတွေးတွေနဲ့ စိတ္တဇဖြစ်နေရပြီကြွေ။ ကိုယ်လေ ကိုယ့်ကိုယ်ကိုယ် အရမ်းမုန်းမိတယ်ကြွေ။
ဒီအချိန်ဆို မင်းရင်ခွင်မှာ လသာနေလောက်ပါတယ်ကြွေ။
ကိုယ့် ရင်ခွင် ခြောက်ကပ်ကပ်မှာသာ နွေရာသီတွေ အဆက်မပြတ်လည်ပတ်နေတာပါ ကြွေရယ်။
ကမ္ဘာ လှည့်ပတ်တဲ့လမ်းကြောင်းကို ပြောင်းနိုင်တဲ့အစွမ်းတွေများရှိခဲ့ရင် ကြွေရယ်....
ကိုယ်တို့ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေထဲမှာဘဲ ကျောက်ချထားလိုက်ချင်တယ်ကြွေ...။
ဆည်းလည်းလေးတွေမြည်ခတ်လိုက်သလို အသံချိုချိုလေး....။
အရာရာမှာ လူကြီးဆန်စမ်းပါလို့ ကိုယ့်ကို ဆရာလုပ်ခဲ့တဲ့ မင်းရဲ့ဟန်ပန်..။
ဟဲ့ မိန်းကလေးဆိုပြီး မီးဖိုချောင်ထဲက မထွက်စတမ်းနေရမှာလား ငါဒါမျိုးတွေဝါသနာမပါဘူးဆိုတဲ့ မင်းရဲ့ဒသနတွေ..။
ပြီးတော့....ပြီးတော့......မင်းနဲ့ ပတ်သက်သမျှ အရာရာပါကြွေ...။
ငါ့အတွက် ဒဏ်ရာတွေကြီးပါဘဲကွာ..။
တစ်ကြိမ်တစ်ခါမှ ဖူးပွင့်ခွင့် မရလိုက်တဲ့ ပန်းကလေးတစ်ပွင့်....
ဘယ်တော့မှလည်း ထပ်မပွင့်နိုင်တော့သလို ဘယ်တော့မှလည်း ပြန်လည်မရှင်သန်နိုင်လောက်အောင်ပါဘဲ
ကြွေ....။
ကြွေ.....ရေ ငါ့နွေတွေ ငိုနေပါပြီကွာ...။

..........................................................................................................................................................

နင်ဟာ ငါ့ရဲ့ တစ်ဦးတည်းသော ယောကျာ်းလေးသူငယ်ချင်းပါ.....။

သူငယ်ချင်းတဲ့လားကြွေရယ်..။ သူငယ်ချင်းတဲ့လား။
ကိုယ်ဒီဘွဲ့ကို မလိုချင်ဆုံးပါဘဲကြွေ။
ဖြေးညှင်းစွာ ကျီစယ်တိုက်ခတ်တတ်တဲ့ လေပြေတွေဆော့ကစားလို့ လွင့်ပျံ့နေတဲ့ မင်းဆံနွယ်လေးတွေကအစ
မင်းဖ၀ါးနုနုလေးတွေ သွေးခြေမဥအောင် ကာကွယ်ပေးတတ်တဲ့ ကတ္တီပါဆိုတဲ့ မင်းစီးတဲ့ ဖိနပ်လေးအဆုံး...
ကိုယ့်စိတ်နှလုံးကလေ အရာရာကြွေပါ ကြွေ...။
မှတ်မိနေပါသေးတယ် ကြွေ..။ ကိုယ်မှတ်မိနေပါသေးတယ်။
ကိုယ့်ရင်ဘတ်ကို မိုးကြိုးတွေနှိပ်စက်တဲ့နေ့ပေါ့ကြွေ။
ကိုယ်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ကိုယ့်ကိုကျဆုံးစေခဲ့မယ်ဆိုတာ ကိုယ်ကြိုသိခဲ့ရင်...
ကြွေ...ကိုယ်လေ သတ္တိတွေမွေးခဲ့ရတယ်ကြွေ...
မင်းနဲ့ပတ်သက်ရင် ကိုယ့်ပါးစပ်တွေက အာစေးထည့်ခံထားရသလိုပါဘဲကြွေ..။
တုန့်ဆိုင်းတွေဝေမှုတွေကြောင့် မင်းကိုလက်လွတ်ဆုံးရှုံးရတာလားကြွေ...။
မဟုတ်ဘူးကြွေ မဟုတ်ဘူး ။ ဒါဟာ ကံကြမ္မာလား။ မရေရာတဲ့အတွေးတွေနဲ့ပါဘဲ ကြွေ..။
တကယ်ဆို မင်းမှ မသိခဲ့တာဘဲ ကြွေ...။
ကိုယ့်ရဲ့ မစူးစမ်းမှုတွေကြောင့်ဘဲလား ။ ကိုယ်သတ္တိတွေ နည်းခဲ့လို့လားကြွေ ။
ဘ၀မှာ အကြိမ်ကြိမ်အောင်မြင်ခဲ့မှုတွေက တစ်ကြိမ်တစ်ခါဆုံးရှုံးရတဲ့အဖြစ်ကို မဖုံးလွှမ်းနိုင်ပါဘူးကြွေရယ်..။
အမြတ်နိုးဆုံးနှလုံးတစ်စုံကွယ်ပျောက်ခဲ့ရတဲ့ ကိုယ့်အဖြစ်ဟာ ရှိသမျှဘ၀လက်ကျန်မှာ အကြိမ်ကြိမ်အဖန်ဖန် လဲပြိုနေဦးမှာပါကြွေ..။
ဒါဟာ အမှားတွေဆိုရင် ဒီအမှားတွေကိုဘဲ ရာသက်ပန်ကိုးကွယ်သွားလိုက်တော့မယ် ကြွေ...
ဒါဟာလေ....
ဒါဟာ..
ကိုယ်မင်းကို သိပ်ချစ်လို့ပါကြွေ...။

........................................................................................................................................................

ငါနင့်ကို ပြောစရာရှိတယ်ကြွေ။

ဟယ်....တိုက်ဆိုင်လိုက်တာ ငါလည်းနင့်ကိုပြောစရာရှိတယ်....။

ဟင် ဟုတ်လား ဒါဆို နင်အရင်ပြောကြွေ ။

ရပါတယ် နင်ပြောစရာရှိတာ အရင်ပြောပါ။

ငါဘယ်တုန်းကများ နင့်ကို ဦးစားမပေးခဲ့ဘူးလို့လဲ ကြွေ..။နင်အရင်ပြောပါ။

ကဲ...ဒါဆိုလည်း ငါပြောမယ်ဟာ...။
ငါ စကာင်္ပူသွားတော့မယ် မင်းခက်။

(((((((ဟင်)))))))))

ဟိုမှာ ကိုကိုက အစစအရာရာ အားလုံးပြင်ဆင်ထားပြီးပြီဟ။
နင်အံ့သြနေလား ။ ငါတို့ဒီအကြောင်းတွေကို ဘယ်သူမှ မပြောပြထားဘူးဟ။
ငါဒီကို ပြောင်းမလာခင် တစ်နှစ်လောက်အလိုကမှ ကိုကိုက စကာင်္ပူကို ထွက်သွားတာလေ။
သူအစစအရာရာ အခြေတကျပြင်ဆင်ပြီးတာနဲ့ ငါ့ကိုလှမ်းခေါ်မယ် ပြောထားတာလေ။
ပြီးရင် ငါတို့ဟိုမှာဘဲ လက်ထပ်ကျမယ်။
မာမီနဲ့ ဒယ်ဒီကတော့ လက်ထပ်တော့မှဘဲ လိုက်လာကြမှာပေါ့။
ငါကတော့ အရင်လိုက်သွားမယ်လေ။ဟိုမှာ အလုပ်ရှာပြီး အရင်လုပ်မယ်။
ပြီးတော့မှ လက်ထပ်မယ်။ ငါအရမ်းပျော်နေတယ်ဟ သိလားမင်းခက်။
ကိုကိုနဲ့ငါ ခွဲနေရတာ သုံးနှစ်နီးပါးရှိပြီလေ။
လေလှိုင်းထဲက အသံလေးတွေနဲ့ဘဲ အလွမ်းဖြေနေရတာဟ။
အခုတော့ ငါတို့ ခွဲမနေရတော့ဘူးပေါ့ ။ နင်ကော ၀မ်းမသာဘူးလား မင်းခက်။

ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ ကြွေ့ မျက်နှာမှာ ၀မ်းသာမှုတွေ၊ ပျော်ရွှင်မှုတွေက အတိုင်းသား...။
ကိုယ်ဘာပြောရမလဲကြွေ...။ ကိုယ်ဘာကိုများပြန်ပြောရမှာလဲ...။
ကိုယ် ၀မ်းသာပေးနေရမှာလား ကြွေ။ ကိုယ်ရည်ရွယ်ခဲ့တဲ့ စကားတွေ။ ကိုယ်မွေးခဲ့တဲ့အားတွေ..။
ကြွေရေ အဟောသိကံဇာတ်မှာ ကိုယ့်အလွမ်းရက်တွေ ဘယ်လောက်များခါးနေလိုက်မလဲကွာ...။
ဒီအကြောင်းတွေကို ကိုယ်ဘာမှ မသိခဲ့ရပါလားကြွေရယ်..။
ဘာကြောင့်လဲကြွေ..။ ဘာကြောင့်များလဲ...။ဒါဟာ ဖုံးကွယ်စရာကိစ္စတစ်ခုလားကြွေ..။
ကိုယ့်ရင်ထဲက မေတ္တာပန်းတွေ အခု ဝေဒနာလေနီကြမ်းတွေကြားမှာ သွက်သွက်ခါယမ်းနေကြပြီကြွေ...။

ဟဲ့....မင်းခက် နင်ဘာဖြစ်နေတာလဲ...။ငါမေးနေတာ ဖြေဦးလေ။ နင်ကောဝမ်းမသာဘူးလားလို့ ။

ငါ....ငါ....နင်နောက်နေတာတော့မဟုတ်ပါဘူးနော်...။

ဟဲ့...ဒါကနောက်စရာမှ မဟုတ်တာ။ ဘာလဲ နင်က မယုံဘူးလား ။

ရုတ်တရက်ဆိုတော့ အံသြသွားတာပါ။ ဒီအကြောင်းတွေကို ငါလုံးဝမသိရပါလားကြွေ..။

မသိဆို ငါတို့က ဘယ်သူ့ကိုမှ မပြောတာကို..။အရင်ပတ်ဝန်းကျင်ကတော့ အားလုံးသိကြတယ်လေ။
ဒီပတ်ဝန်းကျင်ကတော့ ကိုကိုထွက်သွားပြီးမှ ပြောင်းလာတာဆိုတော့ မသိကြတာပါ..။
ပြီးတော့ ပြောဖို့လည်း မလိုအပ်ဘူးထင်လို့လေ။

((((((((ဘာ))))))))

နင်ငါ့ကိုတော့ ပြောသင့်တယ်ထင်တယ် ကြွေ..။

အေးလေ နင့်ကိုငါအခုပြောတာဘဲ။ ဘာလဲ နင်က အခုမှ သိရလို့စိတ်ဆိုးနေတာလား။
ငါတို့က မသေချာသေးဘဲနဲ့ ဘာမှ မပြောချင်လို့ပါဟာ။
ငါကမိန်းကလေးလေ။ တစ်စုံတစ်ခု လွဲချော်သွားရင်။ ဒါကြောင့်မို့ပါဟာ။
ဟဲ့...နင်ငါ့ကို လေယဉ်ကွင်းလိုက်ပို့မှာလား....။ သန်ဘက်ခါ မနက်ဆယ်နာရီခွဲဖလိုက်နဲ့ ။

ငါလိုက်ပို့ဖြစ်မယ် မထင်ဘူးကြွေ...။

အေးလေရပါတယ်ဟာ။ နင်လည်း နင့်ကိစ္စနဲ့ နင်ရှိမှာပေါ့။ မအားရင်လည်း လိုက်မပို့ပါနဲ့ဟာ။
ဒါနဲ့ နင်ပြောစရာရှိတယ်ဆိုတာ ဘာလဲ ပြောလေ..။

ကိုယ်ဘာပြောရတော့မှာလဲ ကြွေ...။ကိုယ်ဘာများပြောရတော့မှာလဲ..။
ကိုယ့်မှာ ဘာများပြောပိုင်ခွင့် ရှိတော့မှာလဲကြွေ...။
ဒါဟာ ကိုယ့်အတွက် ကြွေနဲ့ပတ်သက်တဲ့ ကံကြမ္မာလားကြွေ..။
မတိုက်ရခင်ကတည်းက ရှုံးနိမ့်သွားခဲ့ရတဲ့ စစ်ပွဲမှာမှ ကိုယ်က စစ်သူကြီးဖြစ်ခဲ့ရသူပါကြွေရယ်...။
အခုတော့ ကိုယ့်ရင်မြို့ ပျက်မှာ ဝေဒနာတွေသာ မတ်တပ်ရပ်နေကြတယ်ကြွေ...။
ကိုယ်ဘာမှ မပြောပါရစေနဲ့တော့ကြွေ။ ကိုယ့်ရင်ဘတ်တွေ အသံမထွက်တတ်တော့လို့ပါ...။

ဘာမှ မဟုတ်ပါဘူးဟာ....။ ငါသွားတော့မယ်...။

ခွင့်ပြုပါတော့ ကြွေ...။ ကိုယ်ဘယ်လိုမှ ရပ်တည်နိုင်စွမ်းမရှိတော့လို့ပါ။

........................................................................................................................................................................

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ ပို့ဆောင်သူတွေ ပြန်လည်ရောက်ရှိသူတွေ ထွက်ခွာသူတွေနဲ့
သူ့တာဝန်သူ ကြေပွန်နေပါတယ်ကြွေ..။
ကိုယ်လေ ကြွေ့မျက်နှာလေးကို နောက်ဆုံးမြင်ချင်တဲ့စိတ်နဲ့ လေယာဉ်ကွင်းကို တိတ်တဆိတ်လိုက်လာမိတာပါကြွေ..။
ကြွေရယ်....ဒီနေ့ မင်းအရမ်းလှနေပါတယ်ကြွေ။ ပြုံးပျော်နေတဲ့ မင်းရဲ့ မျက်နှာလေး ။
ကိုယ်တစ်သက်လုံး မှတ်ထားလိုက်ပါတယ်ကြွေ...။
ဘယ်တော့မှ မမေ့နိုင်တော့အောင် မင်းမျက်နှာလေးကို ကိုယ့်နှလုံးအိမ်မှာ ခတ်နှိပ်လိုက်ပါတယ်ကြွေ...။
ကိုယ်လေ...မင်းကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့ပေမယ့် ကိုယ်မင်းကို ထာဝရချစ်နေပါတယ်ကြွေ..။
ဒီအဖြစ်တွေဟာ အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရင်တောင် ကိုယ်လေ မင်းကို ချစ်တဲ့စိတ်တွေနဲ့ဘဲ ထာဝရအိပ်နေပါ့မယ်ကြွေ..။
တကယ်တော့ဒီနေ့ဟာ မင်းအပျော်ဆုံးနေ့တစ်နေ့ဖြစ်မှာပါ ကြွေ..။
ကိုယ့်နှလုံးအိမ်ဟာလည်း သွေးစိမ်းရှင်ရှင်ထွက်တဲ့နေပေါ့ ကြွေရယ်...။
ကိုယ်သိပ်ချစ်ရတဲ့ မိန်းကလေး ကိုယ့်ကို ခွဲခွာသွားမှာကို ကိုယ်တိတ်တိတ်လေး ကြည့်နေရတဲ့အဖြစ်ပါကြွေ..။
မင်းကော ကိုယ့်ကို သတိမှ ရပါ့မလားကြွေ...။
မင်းမျက်နှာလေးကို ငေးကြည့်နေရင်း ကိုယ့် နှလုံးသားတွေ တစ်စစပဲ့ကျနေမှန်း.......
ကြွေရယ်....မင်းသိခဲ့ရင်...
မင်းရဲ့ အပြုံးလက်လက်လေးတွေက ကိုယ့်မျက်ဝန်းက မျက်ရည်တွေကို ဖျောက်ဖျက်ပစ်နိုင်မှာလားကြွေ..
ကိုယ်လေ...ကိုယ်...
ငိုနေမိတယ်ကြွေရယ်...
ကိုယ့်ရင်ကိုယ် အဆိပ်ခတ်နေတဲ့ ကိုယ့်ရဲ့ စိတ်ဓါတ်အလုံးစုံမှာ....
ကြွေရယ်....မင်းအတွက် အချစ်ဓါတ်တွေအပြည့်ပါဘဲ ကွာ....
ကိုယ့်ဝေဒနာတွေကို ကိုယ်တူးဖော်နေ့ရတဲ့ ကမ္ဘာပျက်နေ့ရက်တွေမှာ....
ကြွေရယ်.....ကိုယ့်ကို တစ်ချက်လောက် သတိရပေးပါကွာ...။
တရွေ့ရွေ့ ဝေးကွာသွားတဲ့ လေယဉ်ရဲ့အဆုံးမှာ ကိုယ့်နှလုံးသားတွေပျက်သုဉ်းကြေမွရင်းက....
ကိုယ့်အချစ်ပန်းလေးတစ်ပွင့် ကျောက်အဖြစ် အသွင်ပြောင်းခဲ့ပြီ ကြွေရယ်........။


ဆူးရင့်


ကျွန်တော့်ရဲ့မဖြစ်ညစ်ကျယ်ဝထ္တုတိုလေးအတွက် အချိန်ကုန်ခံကာ တကူးတက ကူညီဒီဇိုင်းဆွဲပေးရှာသောယိမ်းနွဲ့ပါးမှ ကိုမိုးကြယ်အား အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

Sunday, June 21, 2009

ဆူးတစ်ချောင်းရဲ့ရာဇ၀င်

စူးရှတစ်ချင်စွာကို အော်မြည်လွှင့်ထုတ်ချင်နေမိတယ်..။
ရင်ခုန်သံ တချို့တ၀က်နဲ့ လတ်ဆတ်သန့်ရှင်းပါတယ်ဆိုတဲ့ ပင်ယံထက်က ပန်းနဲ့လေပြေ..။
အနူးညံ့ဆုံးချစ်တတ်ပါတယ်ဆိုတဲ့ ငါ့ရင်ခွင်ဘုံနန်းက စေတသိတ်ဆိုတဲ့ချပ်ဝတ်တွေ..။
သိပ်သည်းမှုအထပ်ထပ်နဲ့ ကမ္ဘာတည်သရွေ့မရပ်မဲ့ ငါ့ရင်ခုန်သံတေးထပ်တွေ...။
အိုကွာ....
ကမ္ဘာတစ်ခုလုံးမှာ ရှိသမျှ ရနံ့ပေါင်းစုံနဲ့မှ ငါလေ မင်းကို သင်းထုံယစ်စေခဲ့တာ..။
အခု...ဒါတွေက...ဒါတွေက.........။
ဘ၀ဆိုတဲ့ ကြိုးတစ်ချောင်းမှာမှ သံယောဇဉ်ပိုးမျှင်တွေကို လွန်းတင်နေတတ်ခဲ့မိလေတော့...
ရုတ်တရက်ကြေမွသွားခဲ့ရတဲ့ နှလုံးရင်ကွဲပွဲတော်မှာ...မင်းတီးခတ်လိုက်တဲ့ဂီတဟာ..
မိုးခက်ရယ် ငါ့ကမ္ဘာပျက်တေးသံတွေပါဘဲ...။

(၁)

ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် အသက်ရှုရပ်မတတ်ဖြစ်သွားခဲ့တယ်။
ဒီသတင်းတွေကို တဆင့်စကားတဆင့်နားနဲ့ ကြားသိခဲ့ရပေမယ့် ကျွန်တော်ယုံကြည်မှုမရှိခဲ့။
ယုံကြည်မှုမရှိခြင်းဆိုတာထက် ကိုယ့်ချစ်သူအပေါ် ယုံကြည်လွန်းတတ်ခဲ့တဲ့ကျွန်တော်...။
မင်းဘာပြောမလဲ ဆူးရင့်..။
ကဲ..ဘယ်လိုလဲလို့ သဘောရနေတဲ့ စိုးစံရဲ့ သေချာလွန်းတဲ့ မျက်ဝန်းတွေကို ကျွန်တော်ရင်ဆိုင်ဘို့..။
မိုးခက် ငါ့မှာသတ္တိတွေပျက်နေခဲ့ပြီ။
ချစ်သူကို သိပ်ယုံကြည်တတ်လွန်း သိပ်အထင်ကြီးတတ်လွန်းတဲ့ ဆူးရင့်ဆိုတဲ့ငါ..
မိုးခက်ရာ မင်းကြောင့်ငါ ဘယ်သူ့ကိုမှ မော်မကြည့်ရဲတော့ဘူး..။
အပေါင်းအသင်းတွေကြားမှာ ချစ်သူကို နည်းနည်းလေးတောင်မှ အထိမခံအပြောမခံခဲ့တဲ့ငါ..
အခု ၀ိုင်းထိုးကြမယ့်လက်ညှိုးတွေမှာ...ငါဘယ်လိုရင်ဆိုင်ရမလဲကွာ..။
ဆူးရင့်ဆိုတဲ့ကောင် သိပ်ချစ်ပါတယ်ဆိုတဲ့ မိုးခက်နွယ် အခုတော့ တစိမ်းယောကျာ်းတစ်ယောက်နဲ့ ပန်းခြံခုံတန်း လေးမှာ ကြည်နူးချစ်ကြည်စွာ ပွေ့ဖက်ကြည်စယ်နေ ကြတဲ့မြင်ကွင်းဟာ အရှင်လတ်လတ်ရင်ခွဲခံနေရသလိုပါဘဲ လား မိုးခက်ရယ်...။
ဘာကြောင့်များ ငါ့အပေါ်မှာ သစ္စာမဲ့ရတာလဲ...????
ဘယ်လိုနတ်ဆိုးတွေကများ မင်းကို စိတ်ဓါတ်အဆိုးတွေသွင်းပေးလိုက်တာလဲ...?????
ယောကျာ်းတစ်ယောက်ရဲ့ နှလုံးကွဲအက်သံကို လောကပါလနတ်တွေများ မကြားနိုင်လေရော့သလား...။
တမင်ဘဲ အသဲ(အသည်း)မာခဲ့တာလား..။ဒါမှမဟုတ် မထင်ဘဲခွဲခွာခဲ့တာလား...။
အခုလေ ငါ့ရင်ကွဲနာမှာ တသက်တာဆူးတွေနဲ့...။
ရက်စက်သွားတာလား...ပျက်ကွက်သွားတာလား...မင်းပစ်ချလိုက်တဲ့ တစ်ရှုးတစ်စမှာတောင်မှ...
ငါလေ.....အပြစ်မကြူးရက်ခဲ့သူပါ...။
ဒါနဲ့များတောင်ကွာ ဒါနဲ့များတောင် မင်းလုပ်ရက်တယ်နော် မိုးခက်နွယ်...။

(၂)

ရူးသွပ်သွားတာလား...ဒါမှမဟုတ် ခူးဆွတ်ထားတဲ့ကောင်ကို ဦးညွှတ်သွားအောင် လုပ်ချင်တာလား..။
မမြင်နိုင်တဲ့ ခွန်အားတွေက တစ်ကိုယ်လုံးကို စီးဆင်းရင်း သွေးကြောအနှံ့ ဒေါသနဲ့ ခံပြင်းနာကျည်းခြင်းတွေ တောက်လောင်နေလိုက်တာ..။
လက်သီးနှစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှေ့ကိုလှမ်းထွက်ဘို့ ကျွန်တော်ခြေလှမ်းပြင်လိုက်မိတယ်..။
စိတ်မှာတော့ နာကျည်းခြင်း ရှက်ရွံ့ခြင်း ယူကြုံးမရဖြစ်ခြင်း လုပ်ရက်လေခြင်း အစရှိတဲ့ ခံစားမှုပေါင်းစုံက ပွဲခံနေ ကြလေရဲ့။
ရုတ်တရက် မြင်ကွင်းအစုံေ၀၀ါးလာတော့မှ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ လျှံတက်လာနေကြောင်း သတိထားမိလိုက်တယ်..။
ဒီကိစ္စကို ငါရှင်းရမယ်...ငါ့အပေါ်မှာ ဘာအကြောင်းပြချက်တွေနဲ့များ မင်းရက်စက်သလဲ..။
ဒီအကြောင်းကို ငါ့ကိုရှင်းပြရမယ် မိုးခက်...။
ငါလက်ခံနိုင်လောက်အောင်ပေါ့...။ဒါပေမယ့် မိုးခက် ငါဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ...။
မုန်ယိုနေတဲ့ ဆင်ပေါက်တစ်ကောင်လို ဘယ်အရာကိုမှ ကျွန်တော် မမြင်နိုင်တော့..။
ထင်မှတ်မထားဘဲ တစစ်စစ်နာလာတဲ့ ဘယ်ဘက်ရင်အုံကိုလည်း ဂရုမထားနိုင်တော့..။
ဒီအချိန်မှာ ပတ်ဝန်းကျင်ဆိုတဲ့ အရာဟာ ငါ့အတွက် အဆိုးဝါးဆုံးအရာတွေကို သယ်ဆောင်လာတော့မယ်ဆိုတာ အလိုလိုသိနေခဲ့မိတယ် မိုးခက်...။
မင်းကိုငါ မြတ်နိုးလွန်းခဲ့တာ...ယုံကြည်လွန်းခဲ့တာ..တန်ဖိုးထားလွန်းခဲ့မိတာ..
တကယ်တော့ မင်းဟာ မာယာဖုံးထားတဲ့ သစ်တော်သီးတစ်လုံးပါလား မိုးခက်ရယ်...
ဆူးရင့်ဆိုတဲ့ကောင် သိပ်အချစ်ကြီးလွန်းမှန်းသိရက်နဲ့ မိုးခက်ရယ်...
အခုငါက မင်းရဲ့ဘယ်နှဖျာမြောက်သဲမှာ နစ်မြုပ်ခဲ့ရတဲ့ကောင်လဲ...။
ယောကျာ်းတစ်ယောက်ရဲ့ မာနနဲ့မှ မင်းက အလမ္ပယ်ပြတတ်တာလား မိုးခက်ရယ်...။
ငါ့ရင်တွေ ကျိုးအက်မှ မင်းဘ၀င်တွေ ပြိုးပြက်စေတာလား...????
ငါ့ရင်ရဲ့ အနိဌာရုံကိုမှ မင်းကခုံမင်သတဲ့လား...။
တစ်ချိန်က မင်းရဲ့အပြုံးဟာ ငါ့ဘ၀တစ်ခုလုံး သာယာမှုတွေဖူးလို့....။
အခု မင်းရဲ့အပြုံးမှာ ငါ့ရာသီတွေ တေးမဆိုတတ်တော့ဘူး မိုးခက်နွယ်...။
လည်ပင်းကြောတွေထောင်ထနေအောင် တင်းတင်းကြိတ်ထားတဲ့ အံတွေရဲ့ နောက်ကွယ်မှာ ဘ၀တစ်ခုပါတယ် မိုးခက်နွယ်...။
ငါဘာလုပ်ရမှာလဲ မိုးခက်နွယ်....ငါဘာလုပ်ရမှာလဲ...။

(၃)

ရုတ်တရက်ဆုပ်ကိုင်လာတဲ့ စိုးစံရဲ့ လက်က ရုန်းထွက်ဖို့ကြိုးစားရင်း သူ့မျက်နှာကို ကြည့်လိုက်မိတော့ စာနာနား လည်မှု စိတ်မကောင်းဖြစ်မှုတွေနဲ့ စိုက်ကြည့်နေတဲ့ စိုးစံရဲ့မျက်ဝန်းတစ်စုံ..။
စိတ်လျော့လိုက်ပါ သူငယ်ချင်းရယ်...မင်းဘယ်လိုခံစားနေရမယ်မှန်းငါသိပါတယ်..
ကိုယ်ချင်းလည်းစာပါတယ်ကွာ...ဒါပေမယ့် ဒေါသအလျောက်အမှားတွေမဖြစ်ပါစေနဲ့ကွာ..။
ငါမင်းကို သူငယ်ချင်းကောင်းပြီသစွာတားနေတာပါ..။ဒီပြသနာကို ဒေါသအလျောက်ဖြေရှင်းလိုက်ရင် နောက် ထပ်ပြင်မရတဲ့ အမှားတွေထပ်ဖြစ်လာနိုင်တယ် သူငယ်ချင်း..။
ငါ့စကားကို နားထောင်ပါကွာ..။ငါတို့ ပြန်ကြရအောင်..။
ငါရှက်တယ် စိုးစံ..။သူငယ်ချင်းတွေ ကြားမှာ ငါဘယ်လိုမျက်နှာပြရမလဲ။ ငါတို့ကို ချစ်သူတွေလို့ သိထားတဲ့ ပတ်ဝန်းကျင်မှာ ငါဘယ်လိုမျက်နှာနဲ့ နေရမလဲ သူငယ်ချင်းရာ။
ငါ့ဘ၀တစ်သက်တာမှာ အကြီးမားဆုံး ဖောက်ဖျက်မှုတစ်ခုကို ခံလိုက်ရပြီစိုးစံ..။
ငါနားလည်ပါတယ် သူငယ်ချင်း..။ဒါပေမယ့် ဒါဟာ အဆိုးထဲက အကောင်းလို့မင်းမှတ်ယူလိုက်ပါကွာ။
သူ့အကြောင်းကို စောစောသိရတဲ့ အတွက် မင်းကံကောင်းတယ်လို့မှတ်ယူလိုက်ပါ။
မင်းကို သူငယ်ချင်းတွေက ဘယ်သူမှ လှောင်ပြောင်မှာ မဟုတ်ပါဘူး။
ဆူးရင့် မင်းမမေ့ပါနဲ့ကွာ ငါတို့ဟာ သူငယ်ချင်းတွေပါ...။
စာနာမှုတွေအပြည့်နဲ့ ပြောနေတဲ့ စိုးစံရဲ့ မျက်နှာကို ကြည့်ရင်း တစ်စုံတစ်ခုကို ကျွန်တော်သဘောပေါက်သွားခဲ့ တယ်။
ကျွန်တော်အမြတ်နိုးဆုံး အချစ်ရဆုံး ချစ်သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမယ့် ကျွန်တော့်မှာ သူငယ်ချင်း ကောင်းတွေ ပိုင်ဆိုင်နေရသေးတယ်ဆိုတာကိုပေါ့...။
ကျေးဇူးတင်ပါတယ် စိုးစံ။ မင်းကိုသိပ်ကျေးဇူးတင်ပါတယ်..။
သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်အပြည့်နဲ့ ပြောနေတဲ့ စိုးစံရဲ့မျက်နှာကို ကြည့်ရင်းကျွန်တော်သူ့ကို ခေါင်းညိတ်ပြလိုက်ပါတယ်...။
တင်းကြပ်စွာ ကျွန်တော့်ပခုံးကို ဖြစ်ညှစ်လိုက်တဲ့ စိုးစံရဲ့လက်တွေမှာ သူငယ်ချင်းဆိုတဲ့ဓါတ်တွေ စီးဝင်နေတယ် ဆိုတာ ကျွန်တော်လေးလေးနက်နက်သိနေခဲ့တယ်...။
ရုတ်တရက်ခုန်ချသွားတဲ့ မျက်ရည်စက်လေးကိုကြည့်ရင်း ကျွန်တော် မချိပြုံးတစ်ချက်ပြုံးလိုက်ရင်းက အဲဒီနေရာ ကနေ ကျွန်တော်တို့ လှည့်ထွက်လာခဲ့လိုက်တယ်..။
ကျွန်တော်တို့ရဲ့ နောက်မှာတော့ မာယာဖုံးနေတဲ့သစ်တော်သီးတစ်လုံးကတော့ ကမ္ဘာတစ်ခုလုံးကို မေ့လျော့ရင်း ချစ်ခြင်းသံစဉ် အသစ်တစ်ပုဒ်ကို ခပ်တိုးတိုးလေး လွှင့်ထုတ်နေလိမ့်ဦးမယ် ဆိုတာ....။
သေချာတာကတော့ စိတ်မှာစူးတဲ့ ဆူးဆိုတာ တစ်သက်စာ နာနေလိမ့်ဦးမယ်ဆိုတာပါဘဲ...။
ဒီဆူးကို ငါမနုတ်တော့ဘူး မိုးခက်...။
ငါ့ကို ရူးသွပ်စေခဲ့တဲ့ ဆူးအနေနဲ့ ဘ၀တစ်သက်တာလုံး ငါမှတ်မှတ်သားသား စိုက်သွင်းထားလိုက်တော့မယ်...။

ဆူးရင့်

Tuesday, April 21, 2009

သူရူးလက်နဲ့ခတ်တဲ့ဗုံ

" xxxxx.....ရှုပ်တယ်လို့ နာမည်ကြီးတော့ .... ရှင်းပြဖို့လည်း ခက်နေခဲ့.... မျက်ရည်ကသက်သေဘဲ...ရက်တွေတိုင်းမှာ ငိုချင်းချ...လိုရင်းကဘာလဲ ဘာလဲ.... အချစ်ဆိုတာပိုရှင်းသွား..... .နှင်းကျတဲ့ညတွေမှာဆို ကိုယ့်အိမ်တောင်ကိုယ် မပြန်ချင်တော့... မြက်ခင်းပေါ်ကျောခင်းပြီးတော့....ဒီလိုနဲ့ မိုးတောင်လင်းပေါ့....နေမင်းကရက်ရက်စက်စက်... ငါ့ကျောကိုတောက်လောင်လွန်းတော့....သေလုအောင် လွမ်းတာများ....ဒီရောဂါနဲ့ လွမ်းနာကျပေါ့....xxxxx.... "

" သနားဖို့ ကောင်းလိုက်တာ မောင်ရယ် "

ဗိုက်ဆာဆာနှင့် ရှမ်းခေါက်ဆွဲ ကုန်းစားနေတဲ့ ကျွန်တော် ချစ်သူ၏ပြောစကားကြောင့် ခေါင်းမော့ကြည့်လိုက်မိတော့ ချစ်သူက ဆိုင်ရှေ့ဘက်ကို ငေးရင်း ဂရုဏာမျက်ဝန်းတွေနဲ့ ကြည့်လို့ ။

" ဘ၀တွေပေါ့ မြတ်နိုးရယ်...ဘ၀တွေပေါ့ "

" ရုန်းကန်ကျင်လည်နေရတဲ့ ဒီသံသရာထဲမှာ ဒီလို သနားစရာ ပန်းကလေးတွေ ဒုနဲ့ ဒေးပါဘဲကွာ...။ တစ်ချို့က ဘ၀ပေးညံ့လို့ တစ်ချို့က ကံကြမ္မာ ဖိစီးနှိပ်စက်လို့ တစ်ချို့က အစွန့်ပစ်ခံကြရလို့ အမျိုးမျိုး အဖုံဖုံပေါ့ မြတ်နိုးရယ်။ ဘယ်သူ့ကို အပြစ်တင်ကြမလဲ ။ ကံကြမ္မာကိုလား?? လူဖြစ်ခွင့် ရပါရဲ့ လူလို့ သမုတ်မခံကြရတဲ့ နိမ့်ကျ နွမ်းပါးလှတဲ့ ဘ၀တွေကိုလား???? "

" ဟုတ်တယ်နော် မောင် ။ တကယ်တော့ သူတို့လေးတွေရဲ့ အရွယ်ဟာ ကျောင်းစာသင်ခန်းထဲမှာ စာသင်နေရမဲ့ အရွယ်..။ အခုလိုမျိုး လမ်းမပေါ်မှာ ပိုက်ဆံတောင်းနေရတာမျိုး မဖြစ်သင့်ဘူး ။ မြတ်နိုးတို့ အိမ်ထောင်ကျလို့ သားသမီးတွေ ရလာရင် သေချာ ဂရုစိုက်ရမယ်နော် ။ ဒီလို အဖြစ်မျိုးတွေ သူတို့တွေအပေါ် လုံးဝမကျရောက်စေရဘူး..။ "


စဉ့်ဖြင့်လုပ်ထားသော အိုးအငယ်စားလေး၏ မျက်နှာဝကို သားရေပြားဖြင့်အုပ်ကာ ကျစ်နေအောင် စီး၍ ဗုံသဖွယ်ပြုလုပ်ကာ တီးခတ်ရင်း သီချင်းဆိုကာ ပိုက်ဆံတောင်းနေကြသော သုံးတန်းအရွယ် မရှိတရှိကလေးငယ်နှစ်ယောက်ကို ဂရုဏာမျက်ဝန်းများနှင့် ကြည့်ကာ ပြောလိုက်သော ချစ်သူ၏စကားကြောင့် ကျွန်တော်ပြုံးမိလိုက်၏ ။ ချစ်သူ၏ နွေးထွေးနူးညံသော စိတ်ထားနှင့် ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်များကဘဲ ကျွန်တော့်ကို မြတ်နိုးပိုစွာ ချစ်စေခဲ့သည်ဘဲလေ ။

" ဘာတွေလျှောက်ပြောနေတာလဲ မြတ်နိုးရယ် "

" မောင်တို့တွေက အဲလိုလုပ်မယ့်လူတွေလား ။ မောင်ကော မြတ်နိုးကော မှာ မိခင်ဖခင်စိတ်အပြည့်ရှိနေတာဘဲ။ မောင်တို့ ရင်သွေးလေးတွေကို အကောင်းဆုံးဖြစ်အောင် မောင်ကော မြတ်နိုးကော ပြုစုစောင့်ရှောက်ကြမှာပေါ့ ။ မောင်တို့ ရင်သွေးလေးတွေဟာ လမ်းဘေးမှာ ဗုံတီးပြီးတောင်းစားရတဲ့ အဖြစ်မျိုး ဘယ်လိုနည်းနဲ့ မှ မကြုံစေရဘူး "


ကျွန်တော်၏ ပြတ်သားသော စကားသံအဆုံးမှာတော့ ချစ်သူက ပါးလေးနှစ်ဘက်ခွက်ဝင်အောင် ပြုံးရင်း ကျွန်တော့်လက်လေးကို နွေးထွေးစွာ ဆုပ်ကိုင်လို့ ။ ချစ်သူရဲ့ အပြုံးချိုချိုလေး နှင့် လက်ဖ၀ါးနုနုလေးမှ ရှိန်းမြမြအနွေးဓါတ်လေးတွေကဘဲ ကျွန်တော့်ရင်ခုန်သံအချက်တိုင်းကို သိမ်းပိုက်သွားခဲ့တာပေါ့ ။

" မောင် " " မြတ်နိုး နဲ့ မောင့် အတွက် ကဗျာလေး တစ်ပုဒ် ရေးပါလားဟင် "

" စိတ်ချမြတ်နိုး မောင် ရေးမယ်။ ပြီးရင် မြတ်နိုးကို လက်ဆောင်အဖြစ်ပေးမယ် "

ကျွန်တော် သွက်လက်စွာပင် ခေါင်းညိတ်ဖြေကြားမိလိုက်တော့ ချစ်သူက ရွှန်းရွှန်းလဲ့လဲ့ပြုံးလို့...။

( ၂ )

" ကျွန်မ မောင်နဲ့လမ်းခွဲချင်ပြီ "

" ကျွန်မကို ခွင့်လွှတ်ပါ မောင် "

လောကကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီလား ။ စောစောကခြစ်ခြစ်တောက်ပူနေခဲ့သည့် နေမင်းလလည်း အခုဘယ်ဆီဘယ်ဝယ်ရောက်တယ်မသိ။ တိမ်ညိုတစ်သိုက်ကတော့ ကျွန်တော့်ရာသီကို အုံ့မှိုင်းစေခဲ့တာတော့အမှန်ပင်။ ကျွန်တော့် နားကို ကျွန်တော်မယုံနိုင်တော့။ ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်ရင်း ပြောနေတာ ကျွန်တော့်ချစ်သူမှ ဟုတ်ရဲ့လား။ ဘယ်လို နတ်ဆိုးတွေကများ အယောင်ဆောင်လိုက်ကြတာလဲ။ ကျွန်တော် သိပ်မြတ်နိုးရလွန်းလို့ နာမည်တောင်မခေါ်ဘဲ "မြတ်နိုး"လို့ ခေါ်ခဲ့တဲ့ချစ်သူ။ "မြတ်နိုး" လို့ကျွန်တော့်နှုတ်က ခေါ်တိုင်း လှပစွာ ပြုံးရင်း ကျေနပ်နေတတ်တဲ့ချစ်သူ။ အခု သူ့နှုတ်ဖျားက ကျွန်တော့်ကို လမ်းခွဲစကားတွေဆိုနေပါပြီလား ။ သံရည်ပူထက်ပြင်းပြတဲ့ စကားလုံးဒီဂရီတွေနဲ့ ကျွန်တော့်အသည်းကို အရည်ဖျော်ချနေတာ ကျွန်တော့်ချစ်သူတဲ့လေ။

" ဘယ်လိုပြောလိုက်တာလဲ မြတ်နိုး "

" မောင့်ကို နောက်နေတာလား ဟင် "


" အဲလိုတော့ မနောက်နဲ့ကွာ "


" ကျွန်မ နောက်နေတာ မဟုတ်ဘူး ကိုမိုးတိမ် " " ကျွန်မ ရှင့်ကို ဘယ်လိုမှ ချစ်လို့မရတော့ဘူး "

" ဗျာ "


" ရှင့်ကိုမှ မဟုတ်ပါဘူးလေ။ ကျွန်မ ဘယ်သူ့ကိုမှ ချစ်လို့မရတော့တာပါ " " ကျွန်မ တစ်ယောက်တည်းဘဲ နေချင်တော့တယ်။ ကျွန်မကို လွတ်လပ်ခွင့် ပေးပါတော့ ကိုမိုးတိမ် "

" မြတ်နိုး ဘယ်လိုပြောလိုက်တာလဲ မြတ်နိုးရယ်။ မောင် မြတ်နိုးကို ဘယ်လောက်ချစ်တယ် ဆိုတာ မြတ်နိုး အသိဆုံးလေ။ မောင် မြတ်နိုးမကြိုက်တာ ဘာများလုပ်မိလို့လဲ မြတ်နိုးရယ်။ မောင့်ကို ပြောပါ။ မြတ်နိုးမကြိုက်တာရှိရင် မောင် ပြင်ပါ့မယ်။ မောင်နဲ့ မြတ်နိုးတို့စိတ်ကူးစီစဉ်ထားတာလေးတွေ မြတ်နိုးမေ့ကုန်ပြီလားကွာ။ မောင်တို့ သိပ်ကို ချစ်ခဲ့ကြတာလေ။ "

" ရှင် ဘာမှမလုပ်ခဲ့ပါဘူး ကိုမိုးတိမ်။ ကျွန်မ ကိုက ရှင့်ကို မချစ်တော့တာ "

" ဘာကြောင့်များလဲ မြတ်နိုးရယ်။ ဘယ်လိုအကြောင်းအရာမျိုးတွေက မောင့်ကို မချစ်စေတော့တာလဲကွာ "

" ဘာကြောင့်မှ မဟုတ်ပါဘူး။ ကျွန်မကိုက တစ်ယောက်တည်းနေချင်တော့လို့ပါ။ ပြီးတော့ ရှင့်ကို မညာချင်ဘူး။ ကျွန်မ ရှင့်ကို ချစ်လို့မရတော့ဘူး။ ဒါဟာ အမှန်တရားတစ်ခုပါ။ အခုအမှန်တရားကို ကျွန်မ ရှင့်ကို ပြောပြနေတာ။ ကျေးဇူးပြုပြီး ရှင်လက်ခံပေးပါ။ "

" မဟုတ်သေးပါဘူး မြတ်နိုးရယ်။ ဘာအကြောင်းပြချက်မှမရှိဘဲ မြတ်နိုးမောင့်ကို မချစ်နိုင်တော့ဘူးဆိုတော့။ မဟုတ်သေးပါဘူးကွာ။ "

" ကျွန်မ အများကြီးထပ်မပြောချင်တော့ဘူး ကိုမိုးတိမ်။ ကျေးဇူးပြုပြီး ရှင်လက်ခံပေးပါ "

" မြတ်နိုးကို မောင်တစ်ခုမေးမယ်။ မြတ်နိုးဘယ်တုန်းကမှ မောင့်ကို မချစ်ခဲ့တာလား "


" ကျွန်မရှင့်ကို ချစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာဟိုအရင်တုန်းကပါ။ အခုရှင့်ကို ကျွန်မ မချစ်တော့ဘူး။ "
" လုံးဝကိုသေချာတယ် ကျွန်မ ရှင့်ကို မချစ်တော့ဘူး "

နေကိုလှည့်ပတ်နေသော စကြာဝဋ္ဌာအဖွဲ့အစည်းတွေလည်း ဓါတ်ခဲကုန်သွားတဲ့ နာရီတစ်လုံးလိုရပ်တန့်။ အရှေ့ဘက်ကထွက်လို့ အနောက်ဘက်ကိုဝင်တဲ့ အမြဲတမ်းမှန်ကန်နေခဲ့တဲ့ နေတို့ရဲ့နိယာမတရားတွေကကော။ ရာသီကိုလိုက်လို့ ပေါ်တတ်တဲ့ ရာသီစာလို ကိုယ့်ဘ၀င်ကိုယ် ပြန်ပြန်မျိချနေရတာက အမှန်တကယ်မနှစ်မြို့စရာ ကောင်းနေပြီလေ။ ပြောစရာစကားလုံးတွေ အာစေးထည့်ခံလိုက်ရပြီလားမသိ။ ယူကြုံးမရခြင်း မယုံကြည်နိုင်ခြင်းတို့ မဟာမိတ်ဖွဲ့တွန်းချလိုက်တဲ့ အဟောသိကံဇာတ်မှာ မျက်ရည်တွေကဘဲ လက်နက်အဖြစ်။ ယောကျာ်းတစ်ယောက် မျက်ရည်ကျတာဟာ ပျော့ညံ့လွန်းနေတာတဲ့လား ။ ရင်နှင့်အမျှရင်းခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ မျက်ရည်ထက်တောင် ရင်နာစရာကောင်းလွန်းနေတယ်ဆိုတာ....။

" မြတ်နိုး ရုတ်တရက်ကြီး ပြောင်းလဲသွားတာ မောင် ဘယ်လိုမှ မယုံနိုင်ဘူး မြတ်နိုး "

" ရည်မှန်းချက်တွေ ရည်ရွယ်ချက်လေးတွေ အခု ဘယ်ရောက်ကုန်ပြီလဲ မြတ်နိုး "

" မြတ်နိုး လုပ်ရက်တယ်နော်။ မောင် မြတ်နိုးအပေါ်ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာ မြတ်နိုး မသိတာလား။ မသိချင်ယောင်ဆောင်လိုက်တာလား။ ဒါမှမဟုတ် အဖြစ်အပျက်တွေအားလုံးကို ဥပေက္ခာပြုလိုက်တာလား မြတ်နိုး။ မောင်ဟာ ဘာကြောင့်များ မြတ်နိုးလိုစိတ်ဓါတ်မျိုးကို မပိုင်ဆိုင်ခဲ့ရတာလဲ။ မောင်ဟာ ဘာလို့များအစွဲအလမ်းတွေ ကြီးခဲ့ရတာလဲ။ မောင်ဟာ ဘာလို့များ မြတ်နိုးကိုမှ အသည်းနင့်အောင် ချစ်ခဲ့မိတာလဲ။ မောင် အတိတ်ဘ၀က ဘယ်လိုဝဋ်ကြွေးတွေများ မြတ်နိုးအပေါ်တင်ခဲ့တာလဲ မြတ်နိုးရယ် "

" မောင့်ဘက်ကို နည်းနည်းလေးမှ ထည့်မတွက်တော့ဘူးလားကွာ။ "

" ကျွန်မကို ကြိုက်သလိုပြောနိုင် စွပ်စွဲနိုင်ပါတယ် မိုးတိမ်။ ပြီးရင်တော့ ကျွန်မကို သွားခွင့်ပြုပါ။ ကျွန်မ လွတ်လပ်စွာ ပျံသန်းချင်ပြီ။ အဲဒီ့ အတွက် ရှင့်ကို ခံစားစေခဲ့ရတယ်ဆိုရင် ကျွန်မကို နာကျည်းလိုက်ပါ။ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ နာကျည်းမှုမျိုးတွေနဲ့ နာကျည်းလိုက်ပါ။ အရာအားလုံးအတွက် ကျွန်မ ကျေနပ်ပါတယ်။ "

" ကျွန်မမှာ ပြောစရာစကားကုန်ပြီ မိုးတိမ်။ ကျွန်မကို သွားခွင့်ပြုပါ။ "


ဘယ်သောအခါမှ ပြန်မလာနိုင်တော့ပြီဆိုတဲ့ အသိတစ်ခုက ရင်ဝကို အင်အားကြီးလှိုင်းလုံးတစ်လုံးလို တဟုန်ထိုးဝင်ဆောင့်ခဲ့ချိန်။ ကျွန်တော့်ရင်တွေ ကြေမွနေပြီဆိုတာ ချစ်သူ မသိနိုင်တော့တာလား။ အနှစ်နှစ်အလလက မျှော်လင့်တောင့်တနေခဲ့တဲ့ အလင်းရောင်လေးတစ်ခုဟာ ရုတ်တရက် မမြင်နိုင်တော့လောက်အောင် ကွယ်ပျောက်သွားခဲ့တာ။ ဒါသံသရာလား?? ဒါဝဋ်ကြွေးလား??? ဒါမှ မဟုတ် သိပ်ချစ်တတ်လွန်းတဲ့ ကျွန်တော့်အတွက် ချစ်သူကပေးတဲ့ အမှတ်တရလက်ဆောင်လား????? ဘယ်လိုဘဲဖြစ်ဖြစ် မောင် မင်းကို ရင်နင့်အောင်ချစ်ခဲ့တဲ့ အဖြစ်တွေကို ချစ်သူရယ် မင်းမမေ့ပါစေနဲ့ ။

" ရှင်ကျွန်မကို ဘာပြောစရာကျန်သေးလဲ။ မကျန်တော့ဘူးဆိုရင် ကျွန်မသွားတော့မယ်။ "

မေးနေခဲ့ပြီ။ အတည်ငြိမ်ဆုံး လေသံနဲ့ အရင့်ကျက်ဆုံးမျက်နှာထား။ ပြုံးချင်း မဲ့ချင်းအလျင်းမရှိတော့တဲ့ ချစ်သူ။ ကျွန်တော် ဘာပြောရမလဲ။ သူ့ကို သွားခွင့်ပေးလိုက်ရမှာလား။ ကျွန်တော်တားဆီးထားရင်ကော သူက နေမှာတဲ့လား။ သိပ်ကိုပြတ်သားလွန်းတဲ့ချစ်သူရဲ့စိတ်ဓါတ်ကို နားလည်နေတတ်ခဲ့တဲ့ ကျွန်တော်။ ရင်ကိုခင်းပေးရုံဘဲ ရှိတော့မပေါ့။ မင်းနင်းသွားလိုက်ပါတော့ ချစ်သူ။ ငါ့ရင်တွေကို မင်းနင်းသွားလိုက်ပါတော့။ ရည်ရွယ်ခဲ့သည်ဘဲဖြစ်ဖြစ် မရည်ရွယ်ခဲ့သည်ဘဲ ဖြစ်ဖြစ် ငါ့ရာသီမှာ နေမသာနိုင်တော့တာ အမှန်ကန်ဆုံး နိယာမတရားတွေထက် ပိုမှန်ကန်နေခဲ့ပြီလေ။

" မောင် တောင်းပန်ပါရစေ မြတ်နိုးရယ် " " မောင့်ကို ခွဲမသွားပါနဲ့ကွာ "

" ၀မ်းနည်းပါတယ် မိုးတိမ်။ ကျွန်မ ဆုံးဖြတ်ပြီးပြီ။ ကျွန်မသွားတော့မယ်။ "

" မြတ်နိုးခဏ"

" ဒါ မောင်စပ်ထားတဲ့ မြတ်နိုးကိုလက်ဆောင်ပေးမယ်ဆိုတဲ့ ကဗျာ "


မြဲမြံအောင်ဆုပ်ကိုင်ထားနိုင်စွမ်းမရှိတော့တဲ့ လက်ထဲမှာ စက္ကူလေးတစ်ရွက်ဟာ ပိသာချိန်ပေါင်းများစွာလေးလံ နေသလို။ ဆောက်တည်ရာမဲ့တဲ့ စိတ်အစဉ်မှာ ဖြတ်သန်းပြေးလွှားနေကြတဲ့ ခံစားမှုအရိပ်တွေကို ဒီကဗျာလေးက ဖော်ပြနိုင်စွမ်းမရှိတော့တာ ချစ်သူရယ်မောင့်ညံ့ဖျင်းမှုတွေဘဲလား ။ ပန်းနုရောင်နှင်းဆီပန်းလေးနှစ်ပွင့် အောက်ခံပါတဲ့ ဒီကဗျာစာရွက်လေးနဲ့ ကဗျာလေးဟာ ချစ်သူရဲ့စိတ်တွေကို ပြန်လည်ညွှတ်နူးလာအောင် စွမ်းဆောင်နိုင်စွမ်းတော့ ရှိမည်မထင်။ ကမ်းပေးလာတဲ့ ကဗျာစာရွက်လေးကို အိနြေ္ဒရရလှမ်းယူရင်းက ဖွင့်ဖတ်နေတဲ့ ချစ်သူ။ သူ့မျက်ဝန်းမှာ ဘယ်လိုသံယောဇဉ်အရိပ်အယောင်ကိုမှ မမြင်ရတော့ပြီဘဲ။

လမင်းနှစ်စင်းသာခဲ့သည်

ကမ္ဘာမှာ အမည်တွင်သွားတဲ့ ရိုမီယိုနဲ့ ဂျူလီယက်
တိုင်းတန်းနစ်ဇာတ်ကားထဲက ဂျက်နဲ့ရိုစ့်
ရာဇ၀င်ထဲက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ
ကမ္ဘာဦးအစက အာဒမ်နဲ့ အေဝ
အချစ်ဟာ ဘ၀လို့ ခံယူခဲ့ကြတဲ့
သူရဲကောင်းတွေ
အားလုံးကို ပေါင်းစုလို့
မင်းတို့ဝိညဉ်တွေနဲ့ငါ့ကမ္ဘာကိုခြုံလွှမ်းကြည့်လိုက်

မြတ်နိုးနဲ့ မောင်ဆိုတဲ့ သမုဒယနှစ်သွယ်က ထွန်းတဲ့အလင်းမှာ

သေချာပါတယ်...မင်းတို့ဝပ်ဆင်းခယ ရလိမ့်မယ်။

နူးညံ့အဆင်းနဲ့ ယုယခြင်းတွေထုံမွှမ်းထားတဲ့ရာသီမှာ
စိတ်ကူးဓါတ်နဲ့ ဆောက်တဲ့ကမ္ဘာထဲ
ချစ်သူလက်ကိုတွဲယူတော့

မေတ္တာဓါတ်နဲ့ သစ္စာတရားတွေတည်တဲ့
တိုင်းပြည်ရဲ့ကောင်းကင်ထက်

လမင်း နှစ်စင်းသာခဲ့တယ် ။

မိုးတိမ်


" ကဲ ကျွန်မသွားတော့မယ်။ နှုတ်ဆက်ခဲ့ပါတယ်။ "

ဆူနာမီထက် အဆတစ်ရာမကပြင်းထန်တဲ့ မုန်တိုင်းလို နှုတ်ဆက်စကားက ကျွန်တော့်နားစည်ထဲမှာ အညှာအတာကင်းမဲ့စွာ။ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ချစ်သူကိုကြည့်ရင်း လျှံတက်လာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်မှတဆင့် မြေပြင်ပေါ်သို့ တစ်စက်ခြင်း တစ်လှိမ့်ခြင်း။

" ရက်စက်လိုက်တာ မြတ်နိုးရယ်...... "


( ၃ )


" လမင်းသား စားသောက်ဆိုင် "

အတန်အသင့်ခန့်ညားသပ်ရပ်သော စားသောက်ဆိုင်ရှေ့သို့ မာစီတီးတစ်စီးနှင့် ဆာ့ဖ်တစ်စီး အသီးသီး ထိုးဆိုက်လာကြသည်။ ကားနှစ်စီးပေါ်မှ အရောင်အသွေးစုံ ယောကျာ်း၊ မိန်းမများ ဆင်းသက်လာကြပြီး ဆိုင်အတွင်းရှိ စားပွဲလွတ်တစ်လုံးတွင် အတူတကွ ၀ိုင်းဖွဲ့ထိုင်လိုက်ကြရင်းက တစ်ယောက်တစ်ပေါက်ပြောဆို စနောက်သံများက အိပ်ငိုက်နေသော ဆိုင်လေးအား နိုးထလာစေတော့သည်။

" အကိုတို့ အမတို့ ဘာများသုံးဆောင်ပါမလဲ ခင်ဗျာ "

စားပွဲထိုးလေး၏ ယဉ်ကျေးပျူငှာစွာ မေးသံအဆုံး တစ်ယောက်တစ်ပေါက်မှာသံများက ပိုမိုဆူညံစွာထွက်ပေါ်လာ ပြန်သည်။

" ငါက ထမင်းကြော် ၀က်သားနဲ့ "


" ဟဲ့ ထမင်းစားမယ်လေ။ ဟင်းမှာပြီး အားလုံးစုစားမယ်လေ ဟာ "


" အာ ငါကတော့ ထမင်းပေါင်း ကြက်သားနဲ့ "


" ညီလေးရေ ကြက်ကုန်းဘောင်တစ်ပွဲ၊ ၀က်ချဉ်စပ် ၊ ဆယ့်နှစ်မျိုးဟင်းချို "


" အမက နန်းကြီးသုတ်ကြက်သားနဲ့ ပဲမှုန့်လျှော့ထည့်နော် "


" ခေါင်ဆွဲကြော်လုပ်ပါ ၀က်သားနဲ့ မြန်မြန်လေး "

တစ်ယောက်တစ်ပေါက်မှာကြားမှုတွေကြား စားပွဲထိုးလေးမှာလည်း လက်မလည်နိုင်တော့ပေ။ မမှားအောင်သာ ဂရုစိုက်မှတ်နေရတော့၏ ။

" ဟဲ့ ဟေမာန် နင်ဘာတွေလိုက်ကြည့်နေတာလဲ မမှာဘူးလား "

နှောင်း၏ မေးသံကြောင့် ဆိုင်အဆင်အပြင်ကို လိုက်ကြည့်နေသော ဟေမာန်တစ်ယောက် သတိဝင်လာသည်။

" ငါ က ရှမ်းခေါက်ဆွဲ "

နှောင်း၏ အမေးကြောင့် စားပွဲထိုးလေးအားမှာကြားရင်း တဆက်တည်းနှောင်းအား ဆက်ပြောဖြစ်လိုက်သည်။

" ဒီဆိုင်လေးက အရင်ကဒီလိုမဟုတ်ဘူးဟ။ ငါးနှစ်တာဆိုတဲ့ ကာလအတွင်းမှာ တော်တော်ပြောင်းလဲသွားတယ်"


" ဟယ် နင်က အရင်တုန်းက ဒီဆိုင်ကို ရောက်ဖူးလို့လား "


" အင်းရောက်ဖူးတယ်။ ရောက်ဖူးရုံတင်မကဘူး ဒီမြို့လေးမှာလည်း နှစ်အတော်ကြာကြာနေခဲ့ဖူးတယ် "

" ဟယ် နင်ငါတို့ကို ဘာမှလည်း မပြောဘူး။ အခုမှ ပေါ်တော့တယ် "


" ဟဲ့ ဟေမာန်က ဒီမြို့မှာနေခဲ့ဖူးတယ်တဲ့ "


" နှောင်း သူတို့ကို သွားပြောမနေနဲ့။ ဝေသာလီပြည်ဘီလူးကျတာတောင်မှ တော်ဦးမယ်။ ဒီအစားဘီလူးတွေ သောင်းကျန်းနေတာ နင့်စကားတိုးမှာ မဟုတ်ဘူး "

" အေးဟ။ ဒါနဲ့ ဟေမာန် နင်လူတစ်ယောက်ကို သတိထားမိလား "


" ဟမ် ဘယ်သူတုန်း "


" ဟိုမှာလေ ဆိုင်ထောင့်မှာ "

နှောင်းညွှန်ပြရာသို့ ကြည့်လိုက်မိတော့ ဆိုင်အပြင်ဘက်ထောင့်စွန်းတနေရာတွင် ဗုံလေးတစ်လုံးအား ပိုက်ကာ သူတို့ရှိရာသို့ မမှိတ်မသုန်ကြည့်နေသော ခပ်နွမ်းနွမ်းလူတစ်ယောက်။ သူ့ပုံစံကြည့်ရသည်က သူတောင်းစား ဆိုတာထက် အရူးတစ်ယောက်နှင့် ပိုတူလေသည်။ ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သူ့အကြည့်တွေက နည်းနည်းလေးမှ လွှဲဖယ်မသွား ။ ကျွန်မ မျက်ဝန်းထဲတွင်လည်း ထိုလူအား မြင်ဘူးသလိုလို။

" နှောင်း ငါကြောက်လာပြီ ဟာ။ ဒီအရူးက ငါ့ကို စိုက်ကြည့်နေတယ် "

" အေး ဟုတ်တယ်ဟ။ မကြောက်ပါနဲ့ ဟေမာန်ရယ်။ ငါတို့တွေ အများကြီးရှိနေတာကို "

" အမ ရှမ်းခေါက်ဆွဲ ရပါပြီ "

အသံနှင့်အတူ စားပွဲထိုးလေးမှ ရှမ်းခေါက်ဆွဲ ပန်းကန်အား စားပွဲပေါ်သို့ လာချပေးရင်း

" အမတို့ ဘာများ ထပ်မှာ ဦးမလဲ ခင်ဗျာ "

" ဟင့်အင်း မမှာတော့ပါဘူး "

" ဒါနဲ့ ဟိုအရူးက ဘာလို့ကျွန်မတို့ကို စိုက်ကြည့်နေလဲမသိဘူး ဒီမှာ ကျွန်မ သူငယ်ချင်းက ကြောက်နေပြီ "

နှောင်း၏ပြောစကားကြောင့် စားပွဲထိုးလေးက အရူးဘက်သို့ တစ်ချက်စောင်းငဲ့ကြည့်ရင်း

" အမလေးတို့ မကြောက်ပါနဲ့ခင်ဗျာ။ သူက ဘာအန္တရာယ်မှ မပေးပါဘူး။ တကယ်ဆို သူက အရမ်းသနားဖို့ ကောင်းတဲ့လူတစ်ယောက်ပါ "


" သူက အရင်က လူကောင်းတစ်ယောက်ပါ။ ပျော်ပျော်နေတတ် စတတ်နောက်တတ်တဲ့ လူတစ်ယောက်ပေါ့။ တစ်ခါတစ်ရံ ကဗျာတွေလည်း ရေးတတ်တယ်။ "

" သူက ဘယ်လိုဖြစ်လို့ရူးသွားတာလဲ "


" နှောင်းနင်ကလဲ တော်တော်စပ်စုတာဘဲ "

" ငါသိချင်လို့ပေါ့ ဟေမာန်ရ "


" သူ့မှာ သူအရမ်းချစ်ရတဲ့ ကောင်မလေးရှိတယ်။ အဲဒီ့ကောင်မလေးက သူ့ကို ပစ်သွားပြီးနောက်ပိုင်း သူလည်း ဒီလိုဖြစ်သွားတော့တာဘဲ အမ။ ယဉ်ယဉ်လေးရူးနေရှာတာ "

" သနားပါတယ်နော် "

" သူစိတ်ကူးပေါက်လာရင် သူ့လက်ထဲက ဗုံလေးတီးပြီး သီချင်းဆိုပြပြီး ပိုက်ဆံတောင်းတတ်တယ် အမ "
" တစ်ခါတစ်ခါကျရင် သူကဗျာတစ်ပုဒ်ကို ရွတ်ပြတတ်တယ်။ ကျွန်တော်တို့က ကြားရဖန်များတော့ အလွတ်နီးပါးလောက်တောင် ရနေပြီလေ။ ကဗျာနာမည်က လမင်းနှစ်စင်းသာခဲ့သည် တဲ့ "

ကျွန်မခေါင်းကို နွေခေါင်ခေါင် ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရသလိုပါဘဲ ။ " လမင်းနှစ်စင်းသာခဲ့သည် " ဒီ....ဒီကဗျာက မောင် ကျွန်မကို ပေးခဲ့တဲ့ ကဗျာပေါ့ ။ ဒါဆို ဒီအရူးက....ဒီအရူးက ။ ကျွန်မခေါင်းထဲမှာ မေးခွန်းပေါင်းမြောက်များစွာ ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်အချိန်ကာလတွေက မျက်စိထဲကို ရုပ်ရှင်တကားနှယ် တကွက်ချင်း တကွက်ချင်း ။

" အို....မဖြစ်နိုင်ပါဘူး..မောင် ဒီလို မဖြစ်နိုင်ပါဘူး "

ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ မောင် ဟာ သူမနဲ့ ပတ်သက်ပြီး ဒီလောက်အထိဖြစ်လိမ့်မည်ဟု သူမ မထင်။ အချိန်ကာလာကြာလာရင် အလိုလို မေ့ပျောက်သွားလိမ့်မည်ဟုပင် သူမမှတ်ထင်ခဲ့မိသည်။

" ဒါနဲ့ သူ့နာမည်က ဘယ်လိုခေါ်လဲဟင် သိလား "


ကျွန်မ အလောတကြီးပင် စားပွဲထိုးလေးအား မေးလိုက်မိသည်။

" ကျွန်တော်တို့ကတော့ သူ့ကို " ဗုံခတ်သူ " လို့ခေါ်ကြတယ်။ သူ့အရင်နာမည်က မိုးတိမ်တဲ့ ။ "

" ရှင် "

ထိုသို့ပြောဆိုနေဆဲမှာပင် ထိုသူရူး (သို့မဟုတ်) မောင်မှာ ဗုံလေးကို ပိုက်ရင်း နေရာမှ တရွေ့ရွေ့ထွက်ခွာသွားလေတော့သည်။ ထိုသို့ထွက်ခွာသွားရင်းမှ သီချင်းတစ်ပုဒ်ကိုလည်း သံနေသံထားဖြင့် သီဆိုသွားပြန်သေးသည်။

"....မြတ်နိုးလွန်းသူရယ်....ချစ်မိုးစွေခဲ့တယ်......တယ်.....
ဘုံကြိုးပြတ်တဲ့ ...ဒေ၀ီနတ်မျိုးနွယ်.....မျက်မာန်တော်မညှိုးလိုက်ပါနဲ့ .....xxxxxx "

နွေနေ့လယ်ခင်း၏ ပြယုဂ်အဖြစ် အပူရှိန်က ထင်ဟပ်နေဆဲ။ တရွေ့ရွေ့ထွက်ခွာသွားသည့် ခြေလှမ်းများ ဦးတည်ရာက.......။ ချစ်သူပျောက်ရှာပုံတော် အစခရီး။ သံသရာဆိုတာ ရှည်ကြာလွန်းလှတဲ့ ခရီးမှာ ဗုံတစ်လုံးနဲ့ ချစ်သူပျောက်ရှာပုံတော်ဖွင့် နေတဲ့ သူရူးတစ်ယောက်ရဲ့ ဗုံခတ်သံက......လွမ်းဆွတ်နေမည်လား???? ကြေကွဲနေမည်လား????? ဒါမှ မဟုတ် မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေမည်လား?????

ကမ္ဘာလောက ကတော့သာယာနေဆဲ။ အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်နေဆဲ။ ရာသီတွေကလည်း အလီလီပြောင်းလဲနေဆဲ ။ ထို့အတူ သူရူးတစ်ယောက်ဟာလည်း ချစ်သူကို ရှာဖွေရင်း ဗုံကိုတီးခတ်နေဆဲ.......။ လမင်းနှစ်စင်းသာခဲ့တဲ့ ကမ္ဘာလေးဟာလည်း.....တစ်စစီ တစ်စစီ တစ်ဖဲ့စီ တစ်ဖဲ့စီ လွင့်ပျက်ကြေမွရင်း ပဲ့ကြွေကျနေရင်း.......။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, February 1, 2009

နှလုံး အပျက်နှင့်လူ

ငိုကြွေးထားရလွန်းသဖြင့် မျက်ရည်တို့လည်း ခန်းခြောက်လုပြီ။
ဖျော့တော့ ရီဝေနေသော မျက်ဝန်းတစ်စုံနှင့် မမှိတ်မသုန် စိုက်ကြည့်နေမိသောနေရာမှာ
တော့ လေးထောင့်စပ်စပ်စားပွဲပုလေးတစ်လုံး။
သက်မဲ့နေသော ပန်းနုရောင် ဖိတ်စာလေးကတော့ ထိုစားပွဲလေးပေါ်မှာ ငြိမ်သက်စွာ လဲ
လျောင်းလျက်။
ထိုအပေါ်မှာတော့ တသက်တာမမေ့နိုင်အောင် စွဲလမ်းခဲ့ရဘူးသော ၀ိုင်းစက်စက်လက်ရေး
လေးတစ်ခု။
လက်ရေးဝိုင်းဝိုင်းလေးများက အမည်နာမတစ်ခုကို လှပသေသပ်စွာ ရေးထိုးထား၏ ။

" ကိုမိုးတိမ် အတွက် "

ဘယ်အရာကိုမှ မြဲမြံစွာ ကိုင်ဆောင်နိုင်စွမ်းမရှိတော့လောက်အောင်တုန်ရီနေသော လက်
အစုံက မခိုင်းစေရဘဲပါ စာအိတ်ပေါ်အလိုလို ရောက်သွားမိသည်။

" ငါ ဒီဖိတ်စာကို ဖတ်လို့ကော ဒီ့ထက်ပို ခံစားရတာဘဲ ရှိမှာပေါ့ "

စိတ်ထဲက တွေးလိုက်မိပြီး ဖိတ်စာကို မဖတ်တော့ဘဲ အသာပြန်ချထားလိုက်သည်။
ပင်ပန်းနွမ်းနယ်နေသော စိတ်အစဉ်ကို အနားပေးရန် ကုတင်ပေါ် အသာလှဲချလိုက်မိ
သည်။
မို့အစ်နေသော မျက်ဝန်းအစုံက အိပ်စက်အနားယူသင့်ပြီဟု အချက်ပေးနေသည်။
ရင်ခွင်မှာတော့ ခြစားနေသော နှလုံးသားတစ်စုံ ဖြည်းဖြည်းခြင်း ပဲ့အကြွေမှာ တစစ်စစ်နာ
ကျင်လျက်။

စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်က မနက်က ဖိတ်စာလာပေးရင်းပြောသွားသော
ကေခိုင်၏ စကားများ။

" ငါ..စိတ်မကောင်းဘူး မိုးတိမ်။ သူ့စိတ်ကို ငါအသိဆုံး။ သူနင့်အပေါ်မှာ ဘယ်လောက်
ချစ်တယ်ဆိုတာ ငါသိတယ်။ "

" အခုလက်ထပ်ရတာလည်း သူ့အမေရဲ့ နောက်ဆုံးအချိန်မှာ သူ့အမေဖြစ်စေချင်တဲ့ ဆန္ဒ
ကို သူ့နှလုံးသားနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်တာပါဟာ "

" ဒါကြောင့်မို့ နင်ခိုးပြေးဘို့ ပြောတာ သူလက်မခံတာပေါ့ "

ကေခိုင့်ပြောစကားများက သူ့ရင်ထဲသို့ မြှားအစင်းစင်းနှင့် ပစ်စိုက်နေသည့်နှယ် နာကျင်ခံ
ရခက်လွန်းလှသည်။
ဖိတ်စာကို တွေတွေချည်းစိုက်ကြည့်ရင်း ငြိမ်သက်နေသော ကျွန်တော့်အား စိတ်မကောင်း
သော မျက်နှာနှင့် ကြည့်ကာ ကေခိုင်ဆက်ပြောသည်။

" ငါက နှစ်ဘက်လုံးရဲ့ အခြေအနေတွေ သိနေတဲ့လူဆိုတော့ နင့်ကိုလည်း သနားတယ်သူ့
ကိုလည်း စာနာမိတယ် မိုးတိမ် "

" နင်သူ့ကို နားလည်ပေးလိုက်ပါဟာ "

နားလည်ပေးလိုက်ပါတဲ့လားကေခိုင်ရယ်။
ငါ..သူ့ကို အဆုံးစွန်ဆုံး အထိကို နားလည်ပေးပြီးသားပါ။
အရင်ကလည်း နားလည်ပေးခဲ့တယ်။အခုလည်း နားလည်ပေးနေတယ်။နောင်လည်း နား
လည်ပေးသွားမှာပါ။

" ဒါပေမယ့် ငါသေချာပြောရဲတာက သူ နင့်ကို သိပ်ချစ်တယ်ဆိုတာပါဘဲ "

" သိပ်ချစ်တယ်ဆိုတာပါဘဲ " " သိပ်ချစ်တယ်ဆိုတာ..." " သိပ်ချစ်တယ် ဆို......... "
" သိပ်ချစ်............... "

နားထဲတွင်တော့ ကေခိုင်ပြောခဲ့သော စကားတစ်ခွန်းက ပဲ့တင်ထပ်လျက်။

ပူနွေးသော အထိအတွေ့က ပါးပြင်ပေါ်မှ တလိမ့်လိမ့်ဖြတ်သန်းစီးဆင်းသွားပြန်သည်။
မှိတ်ထားသော မျက်ဝန်းအစုံအတွင်းမှာတော့ ချစ်သူနှစ်ဦး ပျော်ရွှင်မြူးထူးနေကြသောအ
တိတ်ပုံရိပ်တို့က ထင်ရှားစွာ။

" သြော်....တွယ်တာရယ် ငါ့ရင်တွေ တစ်စစီပဲ့ကြွေကုန်ပါပြီကွာ "

" ဒီမင်္ဂလာပွဲကို သူ နင့်ကို သိပ်လာစေချင်တယ် မိုးတိမ်။ နင့်ကို နောက်ဆုံးအနေနဲ့ သူတွေ့
ချင် မြင်ချင်တယ်တဲ့လေ "

ကေခိုင်ပြန်ကာနီး နောက်ဆုံးပြောသွားသော စကားအရ ချစ်သူ၏ ဆန္ဒကို သူသိခွင့်ရခဲ့
သည်။

" ငါဘာလုပ်ရမလဲ။ ငါ့ချစ်သူရဲ့ နောက်ဆုံးတောင်းတမှုကို ငါလိုက်လျောရမလား "

" မိုးတိမ် မင်းချစ်သူ သူတစ်ပါးရင်ခွင်ထဲ ရောက်သွားအောင် ကင်ပွန်းတပ်တဲ့ အဲဒီ့လက်
ထပ်ပွဲကိုသွားဖို့ မင်းမှာ ခွန်အားရှိရဲ့လား "

စိတ်ထဲတွင် အကြိမ်ကြိမ်ပြန်မေးနေမိသည်။

" အို.....ဘာဘဲဖြစ်ဖြစ် ဒီမင်္ဂလာပွဲကို သွားလို့ ငါ့ရင်တွေကွဲအက် ရင်ကွဲနာကျလို့ ငါ့အ
သက်အဲဒီနေရာမှာတင် ကြွေပါစေ ငါ့ချစ်သူရဲ့ နောက်ဆုံးတောင်းဆိုမှုကို ငါ့ရင်အကွဲခံပြီး
ဖြည့်ဆည်းပေးမယ် "

ပိုင်နိုင်သော ဆုံးဖြတ်ချက် တစ်ခုကို ချအပြီး စားပွဲပေါ်မှဖိတ်စာကို ကောက်ယူဖတ်လိုက်
သည်။
ပန်းနုရောင်အိတ်လေးထဲမှ အကောင်းစား ရေမွေးဖိတ်စာလေး၏ မွေးရနံ့က အနံ့အာရုံ
သို့ တိုးဝင် ကျီဆယ်နေသလို။
ဇာမဏီငှက်နှစ်ကောင် တွဲခိုပျံသန်းနေသော ဖိတ်စာမျက်နှာစာမှာတော့ ရွှေရောင်ဖောင်း
ကြွစာလုံးများက ထင်ရှားလှပလျက်။

" ဒေါက်တာ မျိုးနောင် နှင့် မတွယ်တာမြင့်မြတ် တို့၏ မင်္ဂလာ ဧည့်ခံပွဲ "

ရင်ထဲတွင် ဆစ်ခနဲ နာကြင်သွားမိသည်။

" အို...ဒီလောက်တော့ ခံနိုင်ရည်ရှိရမယ်လေ "

ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးရင်း မင်္ဂလာ အချိန်နှင့် နေရာကို တစ်ချက်ကြည့်လိုက်မိ
သည်။
ညနေ ၄:၃၀။ ဆီဒိုးနား ဟိုတယ် ။

" မိုးတိမ် မင်းခံနိုင်ရည် ရှိရမယ် "


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



တဖိတ်ဖိတ်လက်နေတဲ့ အဖိုးတန်ကားမျိုးစုံ။
ပကာသနအရေခြုံလို့ ပြုံးပျော်နေကြတဲ့ တောက်ပခြင်းတွေ။
အထက်တန်းကျကျ ၀တ်ဆားဆင်ယင်မှုတွေ ဆုံဆည်းကြရာ။
ခမ်းနားလွန်းစွာ ပြင်ဆင်ထားတဲ့ မင်္ဂလာဧည့်ခံပွဲ။
ဒီအရာတွေ အားလုံးကြားမှာ ကိုယ့်ရင်ကို ချနင်းပစ်ရတော့မှာပါလား။
အ၀င်ဝမှာတော့ မင်္ဂလာပွဲလာပရိတ်သတ်ကို ကြိုဆိုနေကြတဲ့ တွယ်တာ့အချစ်ဆုံးသူငယ်
ချင်းကေခိုင်၊ ပြီးတော့ တွယ်တာ့ဖေဖေ ဦးအောင်မြင့်ထွန်း ။
အံသြမှုပေါင်း မြောက်များစွာနဲ့ စိုက်ကြည့်နေတဲ့ တွယ်တာ့ဖေဖေရဲ့ မျက်နှာ။
ကျွန်တော်နဲ့ တွယ်တာတို့အကြားက မေတ္တာနဲ့ သံယောဇဉ်ကို သိရှိနေခဲ့သော သူ့မျက်ဝန်း
အစုံထဲ ယောကျာ်းခြင်းစာနာသော ဂရုဏာအပြည့်။

" မောင်မိုးတိမ် မင်းလာတယ်နော်။ သမီးလေးသိရင် သိပ်ဝမ်းမှာဘဲ "

" မင်းတို့နှစ်ယောက်အတွက် ဦးစိတ်မကောင်းပါဘူးကွာ။ ခက်တာက သူ့အမေ။ သူ့ရောဂါ
အကြောင်းကို မင်းလည်းသိပါတယ်ကွာ။"

" ဟုတ်ကဲ့ "

" ကျွန်တော် အထဲဝင်တော့မယ်ဦး "

ဦးအောင်မြင့်ထွန်းဆက်ပြောမည့် စကားများကို မကြားလိုတော့သဖြင့် စကားစဖြတ်ကာ
ခန်းမထဲ ၀င်လိုက်မိသည်။
ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ ဦးရယ်။ ကျွန်တော့်ရင်တွေ နာကျင်လွန်းလို့ပါ။

" မိုးတိမ် လာ။ နင်ထိုင်ဘို့ နေရာ သီးသန့်ဖယ်ထားတယ်။ "

ကျွန်တော်ထိုင်ဘို့ သီးသန့်တဲ့လား ။ ဒါဆို ကျွန်တော်လာမယ်ဆိုတာ သူသိနေတာပေါ့။

" ကေခိုင် ငါလာမယ်ဆိုတာ တွယ်တာသိနေတယ် ဟုတ်လား "

" သူကတော့ သူ့တောင်းဆိုချက်ကို နင်ငြင်းမှာ မဟုတ်ဘူးတဲ့။ ဘာလို့လဲဆိုတော့ နင့်ကို
သူသိပ်ချစ်သလို သူ့ကိုလည်း နင်သိပ်ချစ်တယ် ဆိုတာ သူသိတယ်တဲ့။ "

" သြော်...တွယ်တာရယ် "

ကျွန်တော့်အတွက် ချန်ထားသော နေရာလေးမှာ ၀င်ထိုင်ရင်း ဘေးပတ်ဝန်းကျင်ကို တစ်
ချက်အကဲခတ်လိုက်မိသည်။
ကျွန်တော် ထိုင်နေသော စားပွဲက စင်မြင့်နှင့်ကပ်လျက် သတို့သမီး ထိုင်မည့်ဘက်မှ ထိပ်
ဆုံးစားပွဲ။
ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ရှေ့နှစ်ဝိုင်းကျော်တွင်တော့ အပြုံးများဝေနေသော မျက်
နှာနှင့် တွယ်တာ့မေမေ ဒေါ်စံပယ်မြင့်မြတ်။
သူကတော့ ကျွန်တော့်ကို မြင်ဟန်မတူ။
မြင်ခဲ့လျှင်လည်း လူပေါင်းမြောက်များစွာ ရှိနေသော ဒီမင်္ဂလာခန်းမထဲမှ ကျွန်တော့်အား
ဆွဲထုတ်ခိုင်းလောက်ရဲလိမ့်မည်ဟု မထင်မိ။

" အခါ....တော်.....ပေး....တာက..နတ်..ရေး..ငယ်...ရွှေစာ......................... "

တွေးတောနေစဉ်မှာပင် အခါတော်ပေးသီချင်းက ထွက်ပေါ်လာ၏ ။
သူ...သူ လာတော့မှာပါလား ။
တီးလုံသံနှင့် မရှေးမနှောင်းမှာပင် ဂါဝန်အဖြူရောင် ၀မ်းဆက်နှင့် နတ်သမီးတမျှလှပနေ
သောတွယ်တာနှင့်ဒေါက်တာမျိုးမြင့်တို့ ယှဉ်တွဲကာလျှောက်လှမ်းလာသည်ကို လှမ်းမြင်
လိုက်ရသည်။
ဟိုစဉ်က အမြဲလိုလိုလန်းဆန်းတက်ကြွနေတတ်သော၊ ပြုံးနေတတ်သော ပြုံးအလှပိုင်ရှင်
လေးအခုတော့ ငြိုးရော်နေပါလား။
ဟန်လုပ်ကာ ပြုံးထားသော အပြုံးနောက်ကွယ်မှ တွဲပါနေသော ကြေကွဲမှုကို ကျွန်တော်
နားလည်ခံစားမိသည်။
ဘယ်လိုဘဲဖြစ်ဖြစ် မင်းကို နောက်ဆုံးတွေ့မြင်ခွင့်ရတဲ့ ဒီနေ့လေးမှာ မင်းအစွမ်းကုန်လှနေ
ပါတယ် တွယ်တာ။
တဖြည်းဖြည်းစင်မြင့်နားနီးကပ်လာချိန်မှာတော့ ကျွန်တော် ရှိရာ စားပွဲဆီသို့ မျှော်လင့်တ
ကြီးလှမ်းကြည့် လိုက်သော သူ့မျက်ဝန်းများနှင့် သူ့ကို ငေးစိုက်ကြည့်နေသောကျွန်တော့်
မျက်ဝန်းများ စုံစည်းသွားကြသည်။
သူ့မျက်လုံးများ အရောင်တဖျတ်ဖျတ်လက်သွားသည်။
ကျွန်တော့်ကို သူမြင်သွားပြီလေ။
ကြည်နူးဝမ်းသာမှုကြောင့် တောက်ပတဲ့ အပြုံးတစ်ခု သူ့မျက်နှာပေါ် ဖျတ်ခနဲ ပေါ်လာတာ
ကို ကျွန်တော်တွေ့လိုက်ရသည်။

" သြော်..တွယ်တာရယ် "

ဒီအပြုံးလေးဟာ ကျွန်တော့်တသက်တာအတွက် မေ့မရနိုင်တော့တဲ့ အပြုံးလေးပါဘဲ။
စင်မြင့်ပေါ်မှာ နေရာယူထိုင်ပြီးတာနဲ့ သူကျွန်တော့်ဘက်ကို လှမ်းပြီးစိုက်ကြည့်နေတယ်
လေ။
သူ့မျက်ဝန်းမှာ မျက်ရည်တွေဝဲနေပါလား။
မင်္ဂလာ သြဘာဖတ်ကြားပြီးတဲ့နောက်မှာတော့ အကျွေးအမွေးအစီအစဉ်စတင်ပြီပေါ့။
ဒီအချိန်မှာဘဲ ကေခိုင် ကျွန်တော့်အနားကို ရောက်လာခဲ့တယ်။

" မိုးတိမ် ဒါနင့်အတွက် "

သူပေးလာတဲ့ အရာကို လှမ်းကြည့်ရင်း ကျွန်တော် အရမ်းအံ့သြသွားခဲ့တယ်။
ဒါ...ဒါ ငါသောက်နေကျခွက်လေးပါလား ။
သူနဲ့ ကျွန်တော် ချစ်သူဘ၀မှာ သူအမြဲတမ်းဆောင်လာခဲ့ပြီး တိုက်နေကျ ကော်ဖီခွက်
လေးလေ။

" ရော့ ဒါနင့်အတွက် စာ "

" သူနင်လာခဲ့ရင် သောက်ဖို့ဆိုပြီး သူကိုယ်တိုင် မင်္ဂလာဝတ်စုံ မလဲခင် ဖျော်ပြီး ငါ့ကိုပေး
ခဲ့တာ "

ကေခိုင်လှမ်းပေးတဲ့ ကော်ဖီခွက်လေးနဲ့ စာလေးကို ကျွန်တော်လှမ်းယူလိုက်တယ်။
အချိန်အနည်းငယ် ကြာသွားပြီဖြစ်တဲ့ ကော်ဖီလေးကတော့ ကျွန်တော့်လက်ထဲ နွေးနေဆဲ
ပါဘဲ။
တုန်ရီနေတဲ့ လက်အစုံနဲ့ စာကို ဖွင့်ဖတ်လိုက်မိတယ်။

" ကို့ အတွက် တွယ်တာကိုယ်တိုင် နောက်ဆုံးအနေနဲ့ ဖျော်ပေးလိုက်တယ် ကို "

စာကိုဖတ်ပြီး ကျွန်တော့်ခေါင်းထဲ မိုက်ခနဲ တစ်ချက်ဖြစ်သွားတယ်။
တင်းထားတဲ့ ရင်အစုံ ပွင့်ထွက်လို့ ကြွေကုန်ပြီထင်တယ် တွယ်တာရယ်။
မျက်ဝန်းအိမ်မှာ နှလုံးသားက လျှံထွက်လာတဲ့ နှလုံးသွေးစက်တွေ မျက်ရည်အဖြစ်နဲ့ အ
သွင်ပြောင်းစီးဆင်းလာကြပြန်ပြီလေ။

" မိုးတိမ် သတိထားဦးလေ ခန်းမထဲမှာ "

" တွယ်တာ စိတ်မကောင်းဖြစ်နေလိမ့်မယ် "

ကေခိုင့် သတိပေးစကားကြောင့် ကျွန်တော့်စိတ်ကို ပြန်တင်းရင်း မျက်ရည်စတွေကို အ
မြန်ဆုံး ဖယ်ရှားပစ်လိုက်တယ်။
ကျွန်တော် မျက်ရည်ကျတာကို တွယ်တာ့ကို မမြင်စေချင်ဘူးလေ။

ကော်ဖီခွက်လေးအား တယုတယကိုင်တွယ်ရင်း ကော်ဖီကို ကျွန်တော် သောက်လိုက်မိ
သည်။
ချစ်သူက ကျွန်တော့်အကြိုက်ကို သိပြီးသားလေ။
ကော်ဖီဟာ အပိုအလိုမရှိ ကျွန်တော့်အကြိုက်နဲ့ ကွက်တိပါဘဲ။
ကော်ဖီသောက်ရင်းက သူ့ကို ကျွန်တော် လှမ်းကြည့်မိလိုက်တယ်။
သူကျွန်တော့်ကို တစ်ခုခု မေးချင်တဲ့ ပုံစံမျိုးနဲ့ လှမ်းကြည့်နေတာကို ကျွန်တော် မြင်လိုက်
ရတယ်။
ကျွန်တော် သိလိုက်ပါတယ်။
အရင်ဆို သူကော်ဖီဖျော်ပေးပြီးတိုင်း " ဘယ်လိုနေလဲကို သောက်လို့ကောင်းရဲ့လား "
" တွယ်တာ ဖျော်တာ ကြိုက်ရဲ့လား " လို့မေးနေကြလေ။
အခုလည်း သူကျွန်တော့်ကို မေးချင်နေတယ်။
ကျွန်တော်သူ့ကို ကြည့်ပြီး လက်မထောင်ပြလိုက်တယ်။
သူ့မျက်နှာ ဖျော့ဖျော့လေး ပြုံးသွားတယ်။
ပြီးတော့ သူ့မျက်ဝန်းအိမ်က စီးကျလာတဲ့မျက်ရည်တွေကို လူတွေမမြင်အောင် အသာ
လေးသုတ်လိုက်တာ တွေ့ရတယ်။
ပြီးတော့မှ အငိုစွက်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ပြုံးပြတယ်။
ကျွန်တော် မသိမသာ ခေါင်းညိတ်ပြလိုက်မိတယ်။

မင်္ဂလာပွဲပြီးလို့ ပြန်ကြတဲ့ အချိန်မှာတော့ သူတို့အ၀မှာ ဧည့်သည်တွေကို နှုတ်ဆက်နေကြ
တယ်။
ကျွန်တော်သူ့နားကို ရောက်သွားချိန်မှာ သူကျွန်တော့်ကို ဆွေးဆွေးမြည့်မြည့် ကြည့်နေ
တယ်လေ။
ကျွန်တော်လည်း လက်ဆွဲနှုတ်ဆက်ရင်း နောက်ဆုံးအနေနဲ့ သူ့ကို ခဏ စိုက်ကြည့်နေမိ
တယ်။
သူကော ကျွန်တော့် မျက်ဝန်းမှာပါ မျက်ရည်တွေ ၀ဲလို့ပေါ့။
ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘာစကားမှ မပြောဖြစ်တော့ဘူး ။
ပြောစရာ မလိုအောင်လည်း တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် မျက်ဝန်းမှာ မြင်
နေရတယ်လေ။

" တွယ်တာရေ မင်းကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ် "

မင်္ဂလာခန်းမကို ကျောခိုင်းပြီး ခေါင်းငိုက်စိုက်ချကာ ထွက်လာခဲ့တဲ့ ကျွန်တော့်ရင်ထဲမှာ
တော့ နာကျင်လွန်းနေတယ်။
ကျွန်တော့် နှလုံးသားတစ်ခုလုံး ရစရာ မရှိတော့လောက်အောင်ကို ပျက်စီးကြေမွခဲ့ပြီလေ။
မျက်ဝန်းက လျှံကျလာတဲ့ နှလုံးသွေးတွေက ပါးပြင်ကို ဖြတ်ပြီး လမ်းမပေါ် စီးကျလို့ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်


စာကြွင်း ။ ။ ဒီဝထ္တုတိုလေးကို ကျွန်တော် ဘလော့ခ်လောကထဲ စ၀င်ကာစမှာ တစ်ခါတင်
ခဲ့ဘူးပါတယ်။ ဒါပေမယ့် အခု ဒီဝထ္တုတိုလေးကိုဘဲ ပြန်တင်ချင်စိတ်ဖြစ်လာတာနဲ့အရေးအ
သားအနည်းငယ် ပြောင်းရုံမှတပါး ဇာတ်လမ်းကျောရိုးကို မထိခိုက်စေဘဲ စာဖတ်သူမိတ်
ဆွေများအား နောက်တစ်ကြိမ် ပြန်လည်တင်ပြလိုက်ပါတယ်။
ဂျက်ဒ်လန်ဒန်ဟာ အသက်၁၈နှစ်ပတ်ဝန်းကျင်မှာ ပူလစ်ဇာ စာပေဆုကို ရရှိခဲ့ပါတယ်။
ကျွန်တော်ဟာ ဂျက်ဒ်လန်ဒန် မဟုတ်သလို ယခု ကျွန်တော့်အသက်သုံးဆယ်နီးပါးမှာ
တောင်ကဗျာတစ်ပုဒ် ၊ ၀ထ္တုတစ်ပုဒ် ကောင်းကောင်းမရေးနိုင်သေးပါဘူး။ မရေးတတ်
သေးပါဘူး ။အခု ဒီဝထ္တုတိုလေးဟာလည်း စိတ်ကူးယဉ်ဆန်ဆန်ရှုထောင့်လေးကနေ ဖန်
တီးထားတဲ့ဝထ္တုတိုလေးဖြစ်တဲ့အတွက် လစ်ဟာမှုတွေ အများကြီးရှိနေပါတယ်။ စာဖတ်သူ
မိတ်ဆွေများအနေနဲ့ ဖြည့်စွက်နားလည်ဘို့ကို ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။

Template by - Abdul Munir