Wednesday, September 10, 2008

မိုးနှင့်အလွမ်းပတ်သတ်ချိန်

ချစ်ခြင်းကို မာန်တုပြိုင်လို့
ငါ့ရင်ခွင် ဒဏ်ရာလှိုင်တဲ့နေ့က
အလွမ်းတောင်ထိပ်မှာ
မိုးတွေညို့လို့ပေါ့......


ငါ့လက်တွေမြဲပါလျက်
ထားရက်တဲ့ သူလေခွဲလေတော့
အသည်းမာနိုင်သူ
လူတစ်ယောက်ရယ်ကြောင့်
ငါ့ရင်ခွင် ပြောင်းပြန်မှောက်ခဲ့ပြီ.....

သမုဒယ မြစ်နံဘေးမှာ
ယုယစွာချစ်တေးဆိုတုန်းက
မငြိုငြင်တဲ့ သူ့အပြုံး
ငါလုံးလုံးမမေ့ခဲ့ဘူး.....

ခွဲလာသည့်ရက်တွေ
ရှည်ကြာညောင်းပေမယ့်
ကွဲလာသည့် အသည်း
အနာမကျက်တာကြောင့်
ငါ့ရင်ခွင်မှာ နာရက်က
လွမ်းမိတယ်.......

စွဲထင်သည့် အလွမ်းဒဏ်
ငါ့ရင်ခွင် မခံနိုင်တော့
ယမုံနာမြစ်နံဘေးမှာ
ချစ်တေးဆို ဖောက်ထုတ်ချိန်
အလွမ်းတောင်ထိပ်မှာ
မိုးတွေညို့ပြန်ပြီ.......

Monday, September 8, 2008

အမေ

အမေ.........
ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး အသက်ပေးလို့
စောင့်ရှောက်ခဲ့တာ တို့အမေ
တို့ကို ချစ်တဲ့ အမေ..........


မကောင်းမှုရှောင် ကောင်းမှုဆောင်အောင်
သွန်သင်ညွှန်ပေး လမ်းပြပေး၏....
အန္တရာယ်ဟူသမျှ မြူမကျအောင်
ုလုံခြုံမှုပေး လမ်းပြပေးသည့်....
မေတ္တာတွယ်ဖက် ဤအချက်သည်
ငါ့ရင်ထက်ဝယ်......
နက်နက်ထင်ထင် စွဲနစ်ဝင်သည်
ရင်ခွင်မှတမ်း အမေ့လွမ်းသည်
အမေလွမ်းချင်း တို့ဆိုမည်...

ဇရာအိုမင်း ယိုယွင်းပျက်ဆီး
အသက်ကြီးတောင်မှ....
သားသမီးရေး ရှေ့တန်းပေးလို့
ဆောင်ရွက်ပေးတာ တို့အမေ
တို့ကို ချစ်တဲ့ အမေ....

ချစ်သားအတွက် ရတက်ပွေ
ပါးထက်မှာ မျက်ရည်တွေနဲ့
ထားရက်ခဲ့တောင် ချစ်နေသေးပေ
တို့ကို ချစ်တဲ့ မွေးမေမေ.....

မေမေ့ကျေးဇူး မြင့်မိုရ်ဦးနှင့်
နှိုင်းယှဉ်လို့ပင် အရာမထင်
မြင့်မိုရ်မက ထို့ထက်များသည့်
ကျေးဇူးကြီးမား မေတ္တာတရားသည်
တုနှိုင်းလို့ပင် မယှဉ်နိုင်ပြီ
အနှိုင်းမဲ့ အမေ တို့အမေ..........

Saturday, September 6, 2008

ယောကျာ်းတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်


မှောင်မိုက်မိုက် တိမ်တိုက်တစ်ခုနဲ့.....
တိတ်ဆိတ်စွာ ကျဆုံးတဲ့ငါ့အခန်း.....
အစိမ်းရင့်ရင့် လေပြည်တွေသန်းလို့ပေါ့.....


မျက်ကန်းတို့မည်သည် တစ္ဆေကိုမကြောက်သလို....
လက်လှမ်းလို့မမှီသည့် အဖြေကိုတပ်မက်တော့.....
ငါ့ထက်ရူးသွပ်တဲ့သူကော ရှိဦးမလား....

မှုံဝါးဝါး ညအမှောင်အောက်.....
ယုံမှားတဲ့ လရောင်ပျောက်ချိန်.....
ကြောင့်ကျမဲ့စွာနဲ့ အနူးညံ့ဆုံးချစ်တတ်တဲ့.....
ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသား.....
အမုန်းများအောက်မှာ ကျဆုံးခဲ့တယ်....

ဂစ်တာအိုအို သံစဉ်ချိုချိုရွတ်ဆိုလည်း.....
ဝေးလွင့်ခြင်းနှိပ်စက်လို့ အိပ်မက်မှာတောင်.....
ကယောင်ကတမ်း ယောင်ယမ်းလို့တမ်းတမိတော့.....
သောတကလည်း မကြားနိုင်ပြီ.....
လောကကလည်း မသနားနိုင်ပြီ....

အချစ်ကြီးတဲ့ ယောကျာ်း.....
မဖောက်ပြားဘဲ ခေါက်ထားခံခဲ့ရချိန်.....
ဝမ်းနည်းလို့ ငါငိုချင်နေလည်း.....
မာနကို ခ၀ါမချနိုင်ပြီမို့.....
ကြုံလာတဲ့ အလွမ်းဒဏ်ကို.....
ငါ့ရင်နဲ့ ဆီးခံချိန်မှာ.....
ခပ်ယဲ့ယဲ့သာ ပြုံးပြမိတယ်.....
နှလုံးသားမှာတော့မျက်ရည်စတွေနဲ့ပေါ့.....

Tuesday, September 2, 2008

ထိုတစ်ည၀ယ်

"မိုးမြင့် မင်းဒီနေ့ ညဂိုဏ်းဆင်းရမယ် လို့ လမ်းဗိုလ်က ပြောခိုင်းလိုက်တယ်" ညနေပိုင်းလုပ်ငန်းခွင် သိမ်းလို့ site ထဲက ကော်ဖီမစ်ဆိုင်မှာ ထိုင်ရင်း ကော်ဖီကို ဇိမ်ခံသောက်နေတဲ့ ကျွန်တော် ကော်ဖီမစ်ဆိုင်ထဲ ၀င်လာတဲ့ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ ကိုရဲ စကားကြောင့် သောက်လက်စ ကော်ဖီတောင် မျိုမကျဖြစ်သွားပါတယ်။"သွားပါပြီကွာ ဒီညတော့ စောစောလေးနားရရင် Mechanical လိုင်းဘက်သွားပြီး ကာရာအိုကေ သွားဆိုမလားလို့ အခုတော့စိတ်ကူးတွေပျက်ပါပြီ" ညဉ်းညဉ်းညူညူ ပြောလိုက်တဲ့ ကျွန်တော့် စကားကြောင့် ဆေးလိပ်ရှိုက်နေတဲ့ ကိုရဲရီပါတော့တယ်။ ကော်ဖီမစ်ရောင်းတဲ့ ဒေါ်ဘုမက " လမ်းဗိုလ်လေးကလည်း ကာရာအိုကေ မဆိုရလည်း အလုပ်ပြီးတော့ ဒေါ်ဘုမဆိုင်မှာ ကော်ဖီမစ်လာသောက်ပေါ့ " " အော်ဒေါ်ဘုမက အလကားတိုက်မှာမို့လို့လား" " အမလေး တိုက်ပါတယ် လမ်းဗိုလ်လေးရယ်" " ဟုတ်ပါပြီဗျာ ကျွန်တော်ကနောက်တာပါ" " ကျွန်တော်ညအလုပ်သိမ်းမှ လာသောက်ပါ့မယ် " ကျွန်တော်တို့ site ထဲမှာတော့ SAE ကို လမ်းဗိုလ် JE ကို တော့ လမ်းဗိုလ်လေး လို့ခေါ်ကြပါတယ်။ ဒီအခေါ်ဝေါ်တွေကို ဆည်မြောင်းမှာ လုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းများ သိကြပါလိမ့်မယ်။

ကျွန်တော်လည်း ညပိုင်းအလုပ်ပြန်ဆင်းရမှာဆိုတော့ ကော်ဖီမစ်ကို ဇိမ်ခံမသောက်နိုင်တော့ပါဘူး။ ကော်ဖီကို တစ်ကြိုက်ထဲ မျိုချပြီး ဆိုဒ်အပေါ်ဘက် တောင်ကုန်းပေါ်မှာ ရှိတဲ့ ကျွန်တော့် အဆောင်ကို ပြန်ဘို့ လုပ်ရပါတော့တယ်။ "ကိုရဲ ရေ ငါတော့ပြန်ပြီဟေ့" " အေးအေး ငါနောက်မှ လိုက်ခဲ့တော့မယ် " ကျွန်တော်လည်း ကိုရဲ ကို နှုတ်ဆက်ပြီး အဆောင်ရှိရာကို ပြန်လာခဲ့ လိုက်တယ်။ အဆောင်ရောက်တာနဲ့ ခဏနားပြီးတော့ ရေချိုး ထမင်းစားဘို့ ပြင်ရပါတော့တယ်။ ရေချိုး အ၀တ်လဲပြီး ထမင်းစားဆောင်ထဲ ၀င်တော့ ထမင်းချက်တဲ့ အိမွန်က " ဟယ် ဗိုလ်လေး စောလှချည်လား စားတော့မှာလား " " ဟုတ်တယ် စားတော့မယ် အိမွန် ကျွန်တော် ညပိုင်း အလုပ်ပြန်ဝင်ရမှာ မို့လို့ဟင်းကျက်ပြီလား " " အော် ဟုတ်လား ကျက်ပြီဗိုလ်လေး အခုလေးတင်ဘဲ ကျက်တယ် " " ကျက်ရင်ခူးတော့ အိမွန် ကျွန်တော် စားတော့မယ်" ကျွန်တော်လည်း ထမင်းစားပြီး အလုပ်ဆင်းဘို့ ဆိုဒ်ထဲကို ဆင်းလာခဲ့ပါတယ်။ ဆည်ဆိုတာမျိုးက မြစ်ချောင်းနဲ့ နီးတဲ့ နေရာမျိုးမှာ ဆောက်လေ့ရှိတော့ များသောအားဖြင့် တောထဲမှာ ဆောက်တာများပါတယ်။ ဒါကြောင့်မို့ အလုပ်ဆင်းပြီး ပြန်လာရင် စားသောက်ရေး အဆင်ပြေအောင်လို့ စီစဉ်ပေးထားပါတယ်။

ဒီလိုနဲ့ ဆိုဒ်ထဲရောက်တော့ ည၇နာရီ ထိုးခါနီပြီပေါ့။ " ဆန်းလင်းလားဟေ့ " ဆိုဒ်ထဲမှာ လူရိပ်လှမ်းမြင် လိုက်တာနဲ့ ကျွန်တောနဲ့ အတူ ညပိုင်းအလုပ်ဆင်းရမယ် အလုပ်သမားလေး ဆန်းလင်းဘဲ ဖြစ်မယ်ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ " ဟုတ် ဗိုလ်လေး " " ဆန်းလင်းရေ ကိုအောင်ခိုင်ရောက်ပြီလား " " မတွေ့သေးဘူး ဗိုလ်လေး " ရောက်ပါပြီဗျာ" ကျွန်တော်မေးလို့ ဆန်းလင်းဖြေသံ အဆုံးမှာဘဲ ကျွန်တော့်တို့နဲ့ မလှမ်းမကမ်းကနေ ကိုအောင်ခိုင့် အသံထွက်လာပါတယ်။ " အော် ကျွန်တော်က ဘက်ဟိုးနဲ့ ကွယ်နေလို့ မမြင်လိုက်တာ ကိုအောင်ခိုင်ရဲ့ " ကဲ လူလည်း ဆုံပြီ ၇နာရီလည်း ထိုးပြီ ကျွန်တော်တို့ အလုပ်စလိုက် ကြရအောင်" " ကျွန်တော်တို့ အခု တာဝါ တိုင်ကနေ ရေတံခါး ဖွင့်ပေးလိုက်လို့ ထွက်လာတဲ့ ရေစီးဘို့ ရေထွက်မြောင်းကတော့ ဖောက်ပြီးနေပြီ အခုအဲဒီရေထွက်မြောင်းကို slope ဆွဲရမယ် ကိုအောင်ခိုင်။ slope ကတော့ ၄၅ ချိုးမယ်။ အဲဒါ slopeစောင်းညီအောင်လို့ ကိုအောင်ခိုင် ဘက်ဟိုး နဲ့ လက်သည်းကုတ်ရလိမ့်မယ် နည်းနည်းတော့လက်ဝင်မယ်" " ရပါတယ် ဗိုလ်လေးရယ် အောင်ခိုင်တို့ ကဒါမျိုးကျွမ်းပြီးသားပါ" "ကျွန်တော်သိပါတယ် ပိုသေချာအောင်မှာတဲ့ သဘောပါ ကိုအောင်ခိုင်က စိတ်ချရပြီးသားဆိုတာ ကျွန်တော် သိပြီးသားပါ" " ဆန်းလင်း ထွက်တဲ့မြေကြီးကို ဟိုတနေ့ ကမြေတူးထားတဲ့ ကမ်းပါးထဲ ပြန်ထည့်မယ်။ Dumper တွေရောက်ပြီမှလား။ ရောက်ပြီဗိုလ်လေး " " ကဲ ကိုအောင်ခိုင် စမယ် " " ဟုတ်ဗိုလ်လေး ဒါနဲ့ ဘယ်အချိန်သိမ်းမှာလဲ ဗိုလ်လေး" " ၁၀နာရီလေ ဘာဖြစ်လို့လဲ " " ဟို မှောင်မှာဆိုးလို့ပါ " " ဟား ဟား ဟား မှောင်လဲ ကိုအောင်ခိုင်ကို ဘယ်သူမှ မဆွဲပါဘူး " " မဟုတ်ပါဘူး မှောင်တော့ကျွန်တော် သရဲကြောက်လို့ပါ " " အမလေး ကိုအောင်ခိုင် ယောကျာ်း ရင့်မာကြီးဖြစ်ပြီး ကြောက်တတ်ရန်ကော။ ကဲပါဗျာ လုပ်စရာ ရှိတာလုပ်ပါ၁၀နာရီ အတိ ဆိုရင် သိမ်းပေးမယ် ဟုတ်ပြီလား" ကျွန်တော်လည်း ကိုအောင်ခိုင်ကို ပြောပြီး လုပ်ငန်းစဘို့ လောဆော်လိုက်ပါတယ်။

ဒီလိုနဲ့ ဆန်းလင်းကို Dumper တွေအခေါက်အရေကို တာလီချိုးခိုင်းပြီး ကျွန်တော်က Tranches ရဲ့ slope ကို ညီမညီကြည့် လိုတဲ့ နေရာကို ထပ်ဆွဲခိုင်းနဲ့ ရှုပ်ရှက်ခတ်နေပါတော့တယ်။ " ဗိုလ်လေးရေ ဒီတစ်ကြောင်းက နောက်ဆုံးဘဲဗျို့ ကျန်တာတွေ ပြီးပြီ " ကိုအောင်ခိုင်ပြောစကားကြောင့် ဟိုဘက်အခြမ်းကို စစ်နေတဲ့ ကျွန်တော် ကိုအောင်ခိုင် ရှိရာကို လာခဲ့ပါတယ်။ " ဇွပ် " " ဟာ အရေးထဲ ရွံ့ကနစ်ပြန်ပြီ " ကိုအောင်ခိုင်ဆီအလာ ရွံ့အိုင်ကို မမြင်ဘဲ တက်နင်းမိတာကြောင့် safety ထဲကို ရွံ့တွေ နစ်ဝင်ကုန်ပါတော့တယ်။ နစ်ဝင်တဲ့ ရွံ့တွေကို မခွာနိုင်သေးဘဲ ကိုအောင်ခိုင်ရှိရာကို သာခပ်သွက်သွက်လှမ်းလာလိုက်ပါတယ်။ စိတ်ထဲကလည်း" ဒီလူ ကြောက်ကြောက်နဲ့ မြန်မြန်ပြီးအောင်လုပ်ရင်တော့ ခက်မယ် " လို့ တွေးလိုက်မိပါတယ်။ နောက်၁၅ မိနစ်လောက်နေတဲ့ အခါမှာတော့ ကိုအောင်ခိုင် စက်ပိတ်သံ ကြားလိုက်ရပါတယ်။ နာရီကြည့်လိုက်မိတော့ ၁၀နာရီ အတိပါဘဲ။ ခဏနေတော့ ကိုအောင်ခိုင်အနားရောက်လာပြီး " ဗိုလ်လေး အားလုံးပြီးပြီ ၁၀နာရီ လည်းထိုးပြီ အလုပ်သိမ်းတော့မယ်နော် " ကျွန်တော်လည်း အလုပ်အားလုံးပြီးပြီမို့ ကိုအောင်ခိုင်ကို ပြန်ခိုင်းလိုက်ပါတယ်။ " ဆန်းလင်းရေ Dumper တွေ ဘယ်နှခေါက်လည်း မှတ်ထားတယ်နော်" " ဟုတ် မှတ်ထားပါတယ် " အေးအေး မင်းမီးတိုင်နှစ်တိုင် ဖြုတ်ပြီးယူသွားတော့။ ဒီတစ်တိုင်တော့ ထားခဲ့ မနက်ကျမှ ဖြုတ်မယ်။ မင်းဒေါ်ဘုမ ဆိုင်ကစောင့် ငါဖိနပ်မှာ ကပ်နေတဲ့ ရွံ့တွေ ခွာပြီးလိုက်ခဲ့မယ် " ။

ဆန်းလင်းထွက်သွားတော့ ကျွန်တော်လည်း အနားမှာ ရှိတဲ့ မီးတိုင်အောက် ထိုင်ပြီး တုတ်တချောင်းနဲ့ safety ထဲနစ်ဝင်နေတဲ့ ရွံ့တွေကို ခွာပါတော့တယ်။ ရွံတွေခွာရင်းကနေ ဘယ်လို ဖြစ်တယ် မသိပါဘူး ကြက်သီးတွေ တဖြန်းဖြန်းနဲ့ ထလာပါတယ်။ ပထမတော့ အေးလို့ဖြစ်မယ်လို့ဘဲ တွေးလိုက်မိပါတယ်။ ဒါပေမယ့် နောက်တော့ ကြက်သီးထတာက အေးလို့ထတာနဲ့ မတူဘူးဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါနဲ့ အနီးအနား ပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ ဝေ့၀ိုက်ပြီး ထိုးကြည့်မိပါတယ်။ လူရိပ်လူခြေဆိုလို့ လည်းမတွေ့ရ အလင်းရောင်ကလည်း ကျွန်တော့အနားမှာသာ မီးချောင်းအသေးလေး ထွန်းထားလို့ လင်းနေပေမယ့် ပတ်ဝန်းကျင်အကုန်လုံးကတော့မှောင်နဲ့ အတိပါ။ ကျွန်တော်လည်း စိတ်ထင်လို့ဖြစ်မှာပါလို့ အားတင်းရင်း ရွံ့တွေဆက်ခွာနေမိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ တစ်ယောက်ယောက်က ကျွန်တော့် ကိုစိုက်ကြည့်နေသလိုမျိုး ခံစားလာရပါတယ်။ ဒါနဲ့ ကျွန်တော်လည်းး ဖိနပ်က ရွံ့တွေကို ပြီးအောင်မခွာတော့ဘဲ ကပါးပေါ်က ဒေါ်ဘုမဆိုင်ကို ထွက်လာပါတော့တယ်။ ကျွန်တော် ခြေလှမ်း သုံးလှမ်းလောက် လှမ်းပြီးချိန်မှာတော့ ကျွန်တော့်ကျောကို အရှိန်ပြင်းပြင်းနဲ့ အနောက်ကနေ တစ်ခုခုနဲ့ ပစ်လိုက်တာ ကျွန်တော် ကျောပါကော့ထွက်သွားပါတယ်။ လူသူ တစ်ယောက်မှ မရှိတဲ့ ကမ်းပါးအောက်က ကွင်းပြင်ထဲမှာ ဘယ်သူက ကျွန်တော့်ကို ပစ်မှာလဲ။ ပုန်းပြီးပစ်ရအောင်လည်း ပုန်းခိုစရာ နေရာ မရှိ လွင်ပြင်ထီးထီးတည်း ရယ်ပါ။ စိတ်ထဲကလည်း အသားနာသွားတော့ ဒေါသက ထောင်းကနဲ ထွက်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း ဖျတ်ကနဲနောက်လှည့်ကြည့်လိုက်ချိန်မှာ စောစောက ကျွန်တော်ထိုင်ခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ မည်းမည်းအကောင်ကြီး ကျွန်တော့်ဆီလှမ်းလာနေတာကို မီးရောင်နဲ့ တွေ့လိုက်ရတယ်။ ကျွန်တော် ဘာမှမစဉ်းစားနိုင်တော့ပါဘူး။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ သဘောထားပြီး ဒေါ်ဘုမ ဆိုင်ရှိရာ ကမ်းပါးယံပေါ်ကို အသည်းအသန် ပြေးပါတော့တယ်။ နောက်လည်း လှည့်မကြည့်ရဲတော့ပါဘူး။ ဒေါ်ဘုမဆိုင်ကို ဘယ်လိုဘယ်လို ရောက်လာမှန်းတောင်မသိတော့ပါဘူး။ safety စီးထားပြီး ကမ်းပါးယံပေါ်ကို သာမာန်အချိန်မှာ တက်ခိုင်းရင် တော်တော်ကြိုးစားပြီး တက်ယူရပါမယ်။ အခုတော့ ဘယ်လိုဘယ်လို အပေါ်ရောက်လာမှန်းတောင် မသိတော့ပါဘူး။ ကြောက်ကြောက်နဲ့ ပြေးလာလိုက်တာလေ။ မောကြီးပန်းကြီးနဲ့ ပြေးလာတဲ့ ကျွန်တော့်ကို ကြည့်ပြီး ဆန်းလင်းကော ဒေါ်ဘုမ ပါလန့်သွားကြပါတယ်။

" ဗိုလ်လေး ဘာဖြစ်လာတာလဲ " " ဘာမှမမေးနဲ့ဦး ကျွန်တော့်ကို ရေအရင် တိုက်ပါ " " ဆန်းလင်း ငါ့နောက်ကျောကို ကြည့်စမ်း ဘာဖြစ်တာလဲလို့ " " ဗိုလ်လေး တစ်ခုခုနဲ့ အပစ်ခံရသလိုမျိုး ဖြစ်နေတယ် ကြည့်ရတာ ရွံ့စေးတုံး နဲ့အပစ်ခံရသလိုဘဲ " " ဟုတ်လား " ဒေါ်ဘုမ ပေးတဲ့ရေကို သောက်ပြီး ကျွန်တော် တီရှပ်ကို ချွတ်ကြည့်လိုက်တော့ လက်တစ်ဝါးစာလောက် ရှိတဲ့ ရွံ့စေးရာကြီးကို တွေ့ရပါတယ်။ ကျွန်တော်က ဖြစ်ပုံကို ပြောပြတော့ ဒေါ်ဘုမက " တော်သေးတာပေါ့ ဗိုလ်လေးရယ် နောက်ဆို တစ်ယောက်ထဲ မနေခဲ့နဲ့ ဗိုလ်လေးက မကြုံဖူးသေးလို့ တစ်ယောက်ထဲ နေခဲ့တာ ကျွန်မတို့ ဆိုရင် ဘယ်တော့မှ တစ်ယောက်ထဲ မနေခဲ့ ရဲဘူး။ တစ်ယောက်ထဲ ကျန်ခဲ့တဲ့ လူတော်တော်များများ တနည်းနည်းနဲ့ ခြောက်ခံရတတ်တယ် " " နောက်ဆို ကျွန်တော်လည်း တစ်ယောက်ထဲ မနေရဲတော့ပါဘူးဗျာ " " ကဲကဲ ကော်ဖီသောက်လိုက်ဦး ဗိုလ်လေး " ဒေါ်ဘုမ ကမ်းပေးလာတဲ့ ကော်ဖီကို သောက်ရင်းနဲ့ ဒီညအဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူးလို့ တွေးလိုက်မိပါတော့တယ်။

Thursday, August 28, 2008

တမ်းတမိတယ်အကိုရယ်

၅၂၈...
သန့်ရှင်းတဲ့ ချစ်မေတ္တာ...
ဖွဲ့တည်လို့ ရင်ခွင်မှာချည်တဲ့ကြိုး
သံယောဇဉ် တွေတိုးလို့...
အကိုရေ...
ဟိုတုန်းက ပျော်စရာညီအကိုဘ၀..
ငါတကယ်တမ်းတတယ်...


အကိုရေ အခုဒီကဗျာလေးကို မင်းအတွက်ရည်ရွှယ်ပြီး ငါရေးဖွဲ့တယ်ကွာ။ ငါရေးတဲ့ ကဗျာလေးကို မင်းတစ်ယောက် တမလွန်ဘ၀ ကနေ ဖတ်နိုင်ပါစေလို့ ငါဆုတောင်းပါတယ်။ မင်းငါတို့ကို ခွဲခွာသွားတော့ ငါတို့မိသားစုတွေ ဖြေမဆည်နိုင်အောင် ၀မ်းနည်းရတယ်ကွာ။ မင်းတစ်ယောက် ကောင်းမွန်ရာ ဘုံဘ၀မှာ ငြိမ်းချမ်းစွာ အိပ်စက်ပါတော့။


စာကြွင်း။ ။ ဒီကဗျာလေးကို မြန်မာစံတော်ချိန် ဒီနေ့ နေ့လယ် ၁:၁၀ မိနစ်တွင် ဘ၀တစ်ပါးသို့ကူးပြောင်းသွား
ရှာသော ကျွန်တော်ချစ်တဲ့ အကို့အတွက် ရည်ရွယ်၍ ရေးဖွဲ့ပါသည်။

Template by - Abdul Munir