စိတ်ရေ......၀ိညာဉ်ခြင်းထိုးနှက်တဲ့ တိုက်ပွဲတွေကိုရုပ်သိမ်း
မှီခိုရာမဲ့လွင့်မျောခြင်းကို အရှိန်သတ်လို့
တပ်မက်မှုကင်းတဲ့ တည်ငြိမ်ခြင်းမှာ
မင်း..ရပ်နေကြည့်လိုက်ပါ..။
အကြောင်းအရာ အသစ်အဟောင်းတွေ
ပြောင်းပြန်စီးတဲ့မြစ် အကြောင်းတွေ
ဆွေးမြေ့ပျက်စီးနေတဲ့ ဘ၀ရဲ့မျက်လှည့်ဆန်ဆန်ညတွေ
ရွှေရောင်တောက်ခဲ့တဲ့ အတိတ်ဘောင်နေရောင်တွေ
အားလုံးကိုမေ့ပစ်ရင်း ခြေအစုံရပ်ခြင်းမှာ
တည်ငြိမ်ညိမ်းအေးခြင်းနဲ့ မိတ်ဆွေဖွဲ့လို့ ။
စိတ်ရေ.....
အခိုင်မြဲဆုံး ကျစ်တဲ့ကြိုးတွေနဲ့
ဘ၀ကို ချည်နှောင်မြဲမြံတော့
ဒဏ်ရာအရှိုးရာတွေ အပြည့်နဲ့
အံခဲရင်း ကုတ်ဖဲ့တက်ခဲ့တဲ့နေ့ရက်တွေမှာ
ရင်ဘတ်ရဲ့ အမြုတေဟာ
နာကျင်မှုဖုံးလွှမ်းရင်း အဆန်လမ်းမှာ
လက်ပန်းကျလိမ့်မပေါ့...။
တိုးထွက်လာတဲ့နေမင်းဟာ ညကိုခ၀ါချသလို
ဖြစ်တည်လာတဲ့ ရှင်သန်ခြင်းမှာ
အတ္တတံတိုင်းကို ထွင်းဖောက်ဖြိုချဘို့အတွက်
စိတ်ဟာ တူရွင်းတစ်လက် ဆောက်တစ်ချောင်းဖြစ်မယ် ။
မှတ်ကျောက်ရဲ့သီအိုရီမှာ အရည်အသွေးကိုတောက်ပြောင်စေခဲ့ရင်
ကိုယ့်အရောင်ကိုယ်တင်ဘို့ အိတ်သွန်ဖာမှောက်ဆေးကြောခြင်းမှာ
စိတ်ရေ.......
အတိတ်နဲ့ အနာဂါတ်ကိုမေ့လို့
ပစ္စုပန်ဆိုတဲ့ နေ့တစ်နေ့မှာ
တို့တွေ ရပ်လိုက်ကြရအောင် ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အထက်တွင်အသုံးပြုထားသောပုံကို www.myspace.com မှ ကူးယူဖော်ပြပါသည်။


