Wednesday, April 1, 2009

မျက်နှာဖုံးခွာလိုက်တဲ့သစ်ပင်

အဲဒီသစ်ပင်ပေါ့...
ခြေလက်တွေ သုတ်သင်ခံရတိုင်း
ဘ၀ကို ကျိန်စာတိုက်တိုက်နေတတ်တာ ။

ခြောင်းမြောင်းလုပ်ကြံခံရတဲ့ ရွက်ကြွေတွေအတွက်
ရေသောက်မြစ်ကို အဆက်ဖြတ်ရင်းက
လောကကို လှောင်ရယ်ပစ်လိုက်တယ်
ရင်ဘတ်မှာ အက်ရာတွေထင်ရင်းနဲ့ပေါ့ ။

ဖြစ်တည်ခြင်းကို တိုက်စားခံရရင်း
ပြဌာန်းချက် ခပ်ညစ်ညစ်နဲ့
ဘ၀ထဲကို တိုးဝင်လာခဲ့လိုက်တာ
ရုန်းထွက်ခြင်း ကမ်းပါးရောက်မှ
လကလှောင်ပိတ်ခံထားရမှန်း သိတယ် ။

စွန့်ပစ်ခြင်းခံညနဲ့ အရောင်ချွတ်ခံရတဲ့ဘ၀မှာ
ဂုဏ်သိက္ခာအတွက်တဲ့ ငါ့ရင်ဘတ်မြစ်ထဲ
လူမဆန်တဲ့ဒဏ်ရာတွေ စိုက်သွင်းခဲ့လိုက်ကြ ။

တကယ်တော့...
မြစ်တွေကျယ်ဘို့ အတွက်
သောင်ပြင်အသက်တွေ စတေးခဲ့ရတာ ။

နောက်ဆုံးမှာ...
ချဉ်ဆီလှိုက်တိုင်း ကဗျာတွေထပွင့်တတ်တဲ့ရာသီအရောက်
ဟန်ဆောင်မှုကိုရွံမုန်းသွားတဲ့ သစ်ပင်ဟာ
သူ့မျက်နှာဖုံးကို သူခွာချလိုက်တယ် ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.library.uvic.ca မှကူးယူဖော်ပြပါသည်။

Monday, March 30, 2009

ယနေ့မှစ၍

နှုတ်ဆက်သူတွေ နှုတ်ဆက်ကြပြီ
ထွက်ခွာသူတွေ ထွက်ခွာကြပြီ

ပြုံးကျန်ရစ်သူတွေ ရှိတယ်
မုန်းကျန်ရစ်သူတွေ ရှိတယ်
လက်ပြနှုတ်ဆက်သူတွေ ရှိတယ်
ဆွေးမြေ့ငိုကြွေးသူတွေ ရှိတယ်
ဝမ်းသာကြည်နူး ပျော်မြုးတဲ့အပြုံးတွေရှိတယ်
ရင်နှလုံးညှိုးချုံး ရှုံးသူရဲ့ အလွမ်းတွေရှိတယ်
နေခြည်ဖြာလင်းလက် အချစ်ရဲ့ရက်တွေရှိတယ်
ရင်နင့်တိုက်စား မိုက်မှားတဲ့ညတွေရှိတယ် ။

ကမ္ဘာမြေက လမိုက်ညကိုနှုတ်ဆက်
ကြယ်တာရာက ကုမုဒြာကိုနှုတ်ဆက်
နေခြည်နုနုက မနက်ခင်းကိုနှုတ်ဆက်
အုံ့မှိုင်းနေတဲ့ အလွမ်းတိုင်းပြည်ကို
လျစ်လျူရှု ချစ်သူက နှုတ်ဆက်
စာနာမှုတွေကို စွန့်လွှတ်ခြင်းကနှုတ်ဆက်
ခင်မင်သူတွေကို ခွဲခွာခြင်းကနှုတ်ဆက် ။

ကဲ...
ယိုင်နဲ့နဲ့ကမ်းပါးတွေတောင်
ပင်လယ်ဆီကို မျောပါနေကြပေါ့ ။

ဘ၀အခါးတဲ့
ရင်နင့်သွားစေလောက်ရဲ့
အမှားကို အရောင်ထပ်ရင်း
နက်သထက်နက်လာခဲ့လိုက်တာ
သန်းခေါင်တွေသာ များများလာခဲ့တယ် ။

မြစ်တို့ရဲ့ လှည့်စားခြင်းဟာ
ဗေဒါအတွက် ဆုလာဘ်ဖြစ်ခဲ့ရင်

ကောင်းကင်ရယ်...
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှတော့
တိမ်ညိုတွေ ပြိုတာမဆန်းတော့ဘူး ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.flickr.com မှ ကူးယူဖော်ပြပါသည်။

Sunday, March 29, 2009

ကဗျာမဟုတ်ပါ

မင်းမှတ်မိသေးလား
အမေဆူတိုင်း မင်းအတွက်ကူပြောတတ်ခဲ့တာတွေ
တစ်ဆိုင်တည်း အတူထိုင်ခဲ့တဲ့ နေ့ရက်တွေ
အတူသောက်ခဲ့တဲ့ အရက်တွေ
ဆေးလိပ်တစ်လိပ်ကို နှစ်ယောက်သောက်တဲ့အဖြစ်တွေ
ပြီးတော့ နေ့တိုင်းသော့ဖွင့်ပေးရတဲ့ ငါ့ရဲ့ညတွေ ။

မင်းမှတ်မိသေးလား
ခုနစ်စင်ကြယ်တို့ အမြီးထောင်တုန်း
အမေတစ်ယောက်နဲ့ ညီတစ်ယောက်
ရတက်ပွေရင်း ရှင်းခဲ့ရတဲ့
မင်းရှာခဲ့တဲ့ ပြသနာလေ ။

မင်းမှတ်မိသေးလား
မင်းတာဝန်ကျတဲ့ မြို့လေးမှာ
ငါတို့နွေးထွေးစွာ အတူထိုင်ဖြစ်ကြတုန်း
ညီအကိုချစ်ခြင်းကို သက်သေထူခဲ့တာ
ငါမမေ့ရက်ဘူး ။

မင်းမှတ်မိသေးလား
ခေတ္တပြန်လာတဲ့ ငါ့ကိုကြည့်တဲ့
မင်းရဲ့မျှော်လင့်ချက် မျက်ဝန်းတွေ
ငါ့ရှေ့မှာ အားတင်းရင်း
မျက်ရည်ကျတဲ့ အဖြစ်တွေ
ငါနဲ့နေချင်တယ်လို့ မင်းပြောခဲ့တာတွေ ။

မင်းသိရဲ့လား
မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့
မိခင်တစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးမှု
ကွဲကြေတဲ့မျက်ဝန်းနဲ့ မျက်ရည်ဝဲနေတဲ့ဖခင်
မေးကြောတွေထောင်လောက်အောင်
အံတင်းတင်းကြိတ်ထားတဲ့ အကိုကြီးရဲ့သောက
မောင်လေးရယ်လို့ဖက်ငိုတဲ့ တစ်ဦးတည်းသောအမရဲ့ ဝေဒနာ
ဒီအပူတွေ ကြားထဲမှာ ငါ့မျက်နှာဟာ
မချိတင်ကဲ ဒဏ်ရာတွေအပြည့်နဲ့ ။

လွန်ခဲ့တဲ့ ခုနစ်လကပေါ့
ငါ့ရင်ဘတ်ကို မိုးကြိုးပစ်ခဲ့တာ...။

လာကတည်းက သွားဘို့အတွက်ဘဲ
တရားဆိုတာလည်း ရင်ထဲမှာတော့ ရှိခဲ့ကြတယ်
လက်တွေ့မှာတရားကို သောကတွေစားတဲ့အခါ
အကိုရေ....
ဒါဟာ မင်းအတွက်တော့
ကဗျာတစ်ပုဒ် မဟုတ်ခဲ့ဘူး ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အကိုဆုံးခဲ့တာ ခုနစ်လပြည့်တဲ့ နေ့လေးမှာ ကဗျာမဟုတ်စာ မဟုတ်တဲ့ ခံစားချက်လေးတွေကို ပိုစ့်လေးတစ်ပုဒ် အနေနဲ့ တင်မိလိုက်တယ်။ ကြေကွဲမှုကို ဖောက်ထုတ်ခြင်းဖြစ်လို့ ဖတ်လို့မကောင်းခဲ့ရင် အားလုံးဘဲ နားလည်ပေးကြပါဗျာ။

အထက်တွင်အသုံးပြုထားသောပုံကို www.ncac.org မှ ကူးယူဖော်ပြပါသည်။

Saturday, March 28, 2009

မကျက်တော့မယ့်ဒဏ်ရာ

တက်ကျမ်းနဲ့ ဆန်းလဂ်ကို
အားကိုးလာကြတဲ့ ခေတ်ထဲ
မြစ်တွေလည်း ဒေါင်လိုက်ဖြတ်စီး
အချစ်တွေလည်း လောင်မြိုက်ပျက်ဆီး
ဘ၀တွေလည်း ဘောင်ကန့်သတ်ပြီးကြီးပြင်းနေလေရဲ့ ။

အမှန်အမှားဆိုတာ လူ့သတ်မှတ်ချက်
သုံးသပ်သူတို့ဘက်မှာ ရှုထောင့်ဆိုတာရပ်တည်တော့
ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်စိတ်ထားတွေ
ထွန်းကားလာလိုက်ကြတာများ
မိုးရာသီမှာတောင် နွေခေါင်တတ်လာပြီ ။

တောင်သူတို့ရဲ့ မျက်ရည်စက်လက်ညတွေ
ဂွင်ကျဂဏန်းတွေတွက်တဲ့ ကုန်သည်တို့ရဲ့လက်တွေ
အနင်းခံဘ၀တွေ ပြားသထက်ပြားလာကြ
ဒါဟာ....
လိုက်ဖက်ညီမျှမှုတစ်ခု မဟုတ်ခဲ့တာတော့
သေချာတယ် ။

ခေတ်ရေစီးကြောင်းတဲ့
မျောပါတတ်သူတွေအတွက်တော့ ကျေနပ်စရာ
မုသာဝါဒတံတိုင်းတွေ ကြားမှာ
ပျော်ပါးနေလိုက်ကျ ယဉ်ပါးနေလိုက်ကျ
ကုတ်ခြစ်တွယ်တက်သူတို့ရဲ့ ကမ်းပါးမှာတော့
လေပြင်းတိုက်တိုင်း ချဉ်ဆီခိုက်နေတုန်းဘဲ ။

ထိန်းချုပ်ထားတဲ့ ဆန္ဒတစ်စုံတစ်ရာကို
အရောင်တင်ဘို့ ကြိုးစားကြည့်တော့
ကိုယ်တိုင်ကိုက ဖွတ်ပုံဘ၀နဲ့
ချွတ်ခြုံကျဆဲ ။

ကဲ....
လုပ်ပိုင်ခွင့်နဲ့ အခွင့်အလမ်း
စွမ်းဆောင်ရည်နဲ့ မျှော်လင့်ချက်
ဒါတွေဟာ နေ့ဘက်မက်တဲ့ အိပ်မက်တွေပေါ့ ။

နိုးထချိန်မှာတော့
အရာရာဟာ မှေးမှိန်မှုန်ဝါးလို့ ။

တစ်ခါတစ်ခါ ဘ၀ကိုဖြတ်ရိုက်ခံရတာများ
နှလုံးသွေး ပွက်ပွက်အန်တယ် ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင် အသုံးပြုထားသောပုံကို www.artist-starving.livejournal.com မှကူးယူဖော်ပြပါသည်။

Wednesday, March 25, 2009

သဂြိုင်္ဟ်ခြင်း

စိတ်ကိုက တစ်ခါတစ်ခါ
ထထပွင့်တတ်တဲ့ ရာသီပန်းလိုမျိုး ။

ရင်ကိုဖောက်တဲ့ မှော်ဘီလူးလက်တွေ
အစွမ်းထက်နေလိုက်ပုံများ...

နေ့ရက်တွေကို အစိမ်းရောင်ခြယ်ကြည့်တော့
ပြက္ခဒိန်ဆိုတာ ငါတို့တည်ရှိရာကို မညွှန်းဆိုဘူး ။

ကံကြမ္မာတဲ့
ဘ၀တွေကို နင်းချေလိုက်ပုံများ
အတင့်ရဲလွန်းနေလိုက်တာ...

ပြိုကျကမ်းပါးတွေရဲ့ ရာဇ၀င်တွေအောက်မှာဘဲ
အနင်းခံဘ၀တွေ ပျောက်ပျောက်သွားခဲ့ပေါ့ ။

ကြေးနီရောင်တောက်တဲ့ မျက်နှာ
ကျောက်သားဖြစ် ပုခုံးနဲ့
ကျောပြင်မှာ လမိုက်တဲ့ဘ၀တွေရဲ့ရင်ဘတ်ထဲ
သံယောဇဉ်စိုက်ဝင်ရင်း တန်းလန်းနဲ့
ကြမ်းကြမ်းတမ်းတမ်းဘဲ ဖြတ်သန်းလိုက်တယ် ။

တစ်ခါတစ်ရံမှာ လူယောင်ဆောင်လိုက်တာကလွဲလို့
ဘ၀ကို ဘ၀နဲ့ဖမ်းဆုပ်နေရတာလည်း
မောပန်းလွန်းနေခဲ့ပြီ ။

ဇာတာနိမ့်လို့ တောင်းစားတဲ့ဘ၀တွေကိုတောင်
လှောင်ပြောင်တဲ့ လူတွေရှိနေကြမှတော့
ငါလေ....
စကားလုံးတစ်ချို့ကို သဂြိုင်္ဟ်ပစ်လိုက်တယ် ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံကို www.ian-upton.com မှကူးယူဖော်ပြပါသည်။

Template by - Abdul Munir