ကျုပ်ကိုကျုပ် ပိတ်လှောင်ထားရတာ
မွန်းကြပ်လွန်းလှတယ်!!
တစ်ချို့က ကျုပ်ဆီလာတယ်
တစ်ချို့က ထွက်ခွာသွားတယ်
လာတဲ့သူကို မတားနိုင်သလို
ထွက်ခွာသူကိုလဲ မတားနိုင်
ကျုပ်ကိုယ်တိုင်က ပိတ်လှောင်မှုထဲမှာ!!
လွတ်မြောက်ချင်တယ်!!
ကြိုးစားတယ် ရုန်းကန်တယ်
အချည်းနှီးသက်သက်!!
မမြင်နိုင်တဲ့ အားတစ်ခုရဲ့တုပ်နှောင်မှုက
မြဲမြံခိုင်ကြည်လို့..
ရင်ထဲနင့်နင့်နဲနဲ စိုက်ဝင်နေတဲ့မြှားတံကိုနုတ်ရသလို
နာကျင်ခံရခက်စွာ..
ကျုပ်ကိုယ်တိုင်က ပိတ်လှောင်မှုထဲမှာ!!
ကြိုးစားလေ မြဲမြံလေနဲ့
ကြာတော့မောပမ်း အားအင်ချည့်နဲ့
မှေးစင်းလာတဲ့ အာရုံမှာ
ပန်းတစ်ပွင့် ပြုံးပြနေခဲ့!!
သူရှိရာလှမ်းကြည့်တော့ မှုန်ရီေ၀၀ါး
ကျုပ်ကို လက်ယက်ခေါ်နေသလို
နီးလာလိုက် ဝေးသွားလိုက်!!
ကျုပ် ပန်းပွင့်နောက်လိုက်ဖို့ဆုံးဖြတ်
နှောင်ဖွဲ့ခြင်းက ရုန်းအထွက်
အံ့သြစရာ သိပ်ကောင်းနေတယ်
ချည်နှောင်မှုမှန်သမျှ ပြေလျော့
ပကတိ လွတ်လပ်ပေါ့ပါးခြင်းနဲ့
ပန်းနဲ့အတူ ပျံ့လွင့်
နှင်းဖုံးတောင်တန်းတွေ စိမ်းစိုတောအုပ်တွေ
နတ်ဖွက်ထားတဲ့ နှလုံးသားတွေ
အရောင်အသွေးစုံ ပန်းမျိုးစုံတွေ
အမွှေးရနံ့ သင်းသင်းတွေ
ဒီလိုဆိုတော့ စကြာဝဠာကသာယာလို့!!
လမင်းကိုလဲမြင်တယ် နေမင်းကိုလဲတွေ့ရဲ့
ကြယ်စင်တစ်ချို့နဲ့လဲ ဆုံခဲ့သေး
ပန်းကလေးက ကျုပ်နားထပ်ချပ်မကွာ!!
အပျော်လွန်နေတဲ့ ကျုပ်
ရုတ်တရက် စူးရှနာကျင်ခြင်းမှာ
မခံမရပ်နိုင် ဝေဒနာနဲ့ နိုးထ
အရာအားလုံး အမှောင်ကျလို့
ရုတ်တရက် သတိရချိန်မှာ
သက်တမ်း အိုမင်းမှုကြောင့်တဲ့
သေမိန့်ချလိုက်တယ်!!
တံခါးတစ်ချပ်ရဲ့ ဈာပနမှာ
တံခါးတွေသာ ငိုကြ ပူဆွေးကြ တမ်းတကြနဲ့
တံခါးတစ်ချပ် လွင့်ပျက်ခြင်းမှာ
သုံးဆယ့်တစ်ဘုံက သာယာလျက်!!
မိုးမြင့်တိမ်
( ၁၀.၇.၂၀၁၂ )
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 weeks ago
6 comments:
ပထမဦးဆုံး အပိုဒ်လေးကိုအကြိုက်ဆုံးပါ
ကြိုးစားလေ မြဲမြံလေနဲ့
ကြာတော့မောပမ်း အားအင်ချည့်နဲ့
မှေးစင်းလာတဲ့ အာရုံမှာ------
အဲလိုသုံးထားတာလေးက စာသားလှတယ်
ကဗျာကို ဖတ်ရတာ မွန်းကြပ်သွားလိုက် ပျော်မောသွားလိုက်နဲ့ ကဗျာက အတက်အကျတွေနဲ့ အချက်ကျကျ ဆွဲခေါ်သွားတယ်။
အိပ်မက်ဆိုးတွေ မက်ဖြစ်တယ် ထင်တယ် ...
မွန်းကျပ်မှုနဲ့ လွတ်မြောက်မှုကြားက သံသရာလည်ရင်း အတွေးတွေနဲ့..ကဗျာလေးကို ဖတ်သွားပါတယ်။
တံခါးတစ်ချပ်ရဲ့ ဈာပနမှာ
တံခါးတွေသာ ငိုကြ ပူဆွေးကြ တမ်းတကြနဲ့
တံခါးတစ်ချပ် လွင့်ပျက်ခြင်းမှာ
သုံးဆယ့်တစ်ဘုံက သာယာလျက်!!
မြင်သွားပါတယ်
စာတွေပြန်ဖတ်ချင်တာဖတ်မရတော့ဘူး
Post a Comment