Sunday, October 23, 2011

ခွင့်ပြုပါ

စိတ်ကူးတွေနဲ့ပဲ တိမ်းမူးနေလိုက်တယ်
ဒီဝပ်ကျင်းထဲ သက်ပြင်းယဲ့ယဲ့တွေနဲ့..!!

ရွက်ကြွေတွေအသက်ဆက်ဖို့ထက်
ဖူးပွင့်ခွင့်တွေက ပိုအရေးပါနေသလား
ဗီးနပ်စ်ရဲ့လက်နှစ်ဖက်ထက်
ဖီးနစ်တစ်တကောင်ရဲ့နှလုံးသွေးကို အလိုရှိနေမိတယ်..!!

ဗျာပါဒတန်းလန်းနဲ့ ဘ၀တွေဟာ
ယစ်မူးစရာကောင်းလောက်အောင် သာယာဘွယ်မရှိ
ရင်နာခြင်းအတိနဲ့ တီးခတ်တဲ့ဝမ်းတထွာမှာ
မနက်ဖြန်အစီအစဉ်ဟာ မရေရာနိုင်တာ သေချာတယ်..!!

အကျစ်လျစ်ဆုံး ထုံးနှောင်ခဲ့ရတဲ့ အနာဂါတ်တွေအတွက်
အကြင်နာမဲ့ရိုက်ခတ်တဲ့ သဘာဝဘေးအောက်
ဖျော်ချခံကမ်းပါးတစ်ခုလို ယိုင်နဲ့ပြိုကျရင်း
ရေငတ်သူများလာတဲ့ လောကဓံမှာ
ပရဟိတတွေ ရှင်သန်ဖို့အတွက်
မုဒိတာ ကဗျာတစ်ပုဒ်နဲ့
အတ္တပင်ကို နှုတ်ခွင့်ပြုပါ အမေ..!!


မိုးမြင့်တိမ်

Thursday, October 13, 2011

ဆန္ဒ

တစ်လောကလုံး ထမ်းပိုးထားရသလို သိပ်ကိုလေးလံလွန်းနေတယ်..
တအိအိပိကျလာတဲ့ အရာရာမှာ
အိပ်မက်ဟာ သိပ်ကိုဟားတိုက်စရာ ကောင်းလွန်းနေပြီ.!!

ပေါက်ပြဲနေတဲ့ ဘ၀ကိုဖာထေးဖို့
အကျစ်လျစ်ဆုံး စုစည်းချည်နှောင်ပစ်ရင်းက
ပိန်ချိုင့်နေတဲ့ အတိတ်ဗရပွနဲ့အငွေ့ပျံနေတဲ့ ပစ္စုပန်မှာ
အနာဂါတ်ဟာ တိုက်စားခံ ကမ်းပါးတစ်ခုလို..!!

အထက်မြဆုံးလွန်းတင်ထားတဲ့ အရည်အသွေးတွေနဲ့
အမြင့်မားဆုံး တဟုန်ထိုးလွင့်တက်ခဲ့တဲ့ စေတသိတ်မှာ
ရင်ဘတ်တန်းလန်း နေ့ညတွေ ရူးသွပ်မှု မနက်စာတွေ
ကလောင်တစ်ချောင်းရဲ့ ဥပေက္ခာနဲ့ ၀မ်းတထွာ အတိမ်အနက်တွေ
လူလူချင်း စီးချင်းထိုးတဲ့ပွဲတွေ နွေးထွေးမှုပျောက်နေတဲ့ညတွေ
တစ်ရက်ခြားတစ်ခါ ထထပွင့်နေတဲ့ အတ္တတွေပါတယ်..!!

ညကို အမည်းခြယ်စရာမလိုပေမယ့်
လက်ညှိုးထောင်လို့ ကိုယ်ရောင်မလင်းတဲ့ဘ၀တွေအတွက်
ကိုယ့်အရိုးကိုယ် မီးထိုးရင်း ကိုယ့်လိပ်ပြာကိုယ် ထွန်းညှိရမယ်
လေသင့်သလောက်တော့ လင်းလိမ့်မပေါ့..!!

ဒီလိုအတွေးတွေနဲ့ တင်းတင်းစေ့လိုက်တဲ့ နှုတ်ခမ်းနှစ်လွှာဟာ
အထီးကျန်ခြင်းကို အပြီးသတ်တိုက်ဖို့
ပတ်ဝန်းကျင်ကောက် ထွက်တဲ့ညမှာ
ဝိညာဉ်လွှင့်အတတ်တွေနဲ့ ကမ္ဘာကိုတစ်ပတ်ပတ်ရင်း
ချဉ်ချင်းတက် အာသီသတွေအတွက်
တစ်ကိုယ်ရေ တကာရကို ပြာချပစ်လိုက်တယ်..!!


မိုးမြင့်တိမ်
(၁၃.၁၀.၁၁)

Saturday, October 1, 2011

နွံ

မရည်ရွယ်ပဲ နစ်မြုပ်နေတဲ့စိတ်သဏ္ဍာန်ကို လှုပ်နှိုးဖို့
ရေခဲရိုက်ထားတဲ့ မျှော်လင့်ချက် ခပ်ပါးပါးတွေတော့ရှိတယ်.!!

တဖြည်းဖြည်း ပါးလျားလာတဲ့ အစာအိမ်
ချွတ်ခြုံကျသထက်ကျလာတဲ့ ကိုယ်ကျင့်တရား
နာမ်ရုပ်တရား မခွဲခြားနိုင်တဲ့ အမိုက်မှောင်ထဲ
ကမ္ဘာဦးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအကြောင်း
မေတ္တာတရားရဲ့ အတိမ်အနက်တွေအကြောင်း
မတူညီတဲ့ အယူအဆတွေအကြောင်း
အလှအပတရားကို ဖျက်ဆီးသူနဲ့ကာကွယ်သူတို့အကြောင်း
တွတ်တီးတွတ်တာ လိမ်ညာတတ်တဲ့ နှုတ်ခမ်းတွေအကြောင်း
အရောင်ဖျော့နေတဲ့ မျက်ဝန်းတွေအကြောင်း
ချို့တဲ့နေတဲ့ ကလောင်တွေအကြောင်း
အရေထူလာတဲ့ ကျောပြင်တွေအကြောင်း
ဝမ်းတထွာကို ထိန်းကျောင်းနေကြသူတွေအကြောင်း
ဘယ်လိုအကြောင်းအရာမျိုးမှ မစဉ်းစားချင်လောက်အောင်
မှတ်ဥာဏ်တစ်ချို့ကို မှိုင်းတိုက်ပစ်လိုက်တယ်.!!

အတက်အကျတွေနဲ့ လူးလှိမ့်နေခဲ့ရတာပါ
ကျားကုတ်ကျားခဲ တွယ်ထားတဲ့လက်အစုံ
ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ညာဘက်ရင်အုံတစ်ခြမ်း
ခဲရာခဲဆစ် ကျစ်ယူနေရတဲ့ ခွန်အားလက်ကျန်တွေ
အရောင်မလွင်တော့တဲ့ အိပ်မက်အနွမ်းတချို့နဲ့
အထူးချွန်ဆုံး မိုက်မဲနေတုန်း ရူးသွပ်နေတုန်း ဆာလောင်နေတုန်း.!!

နေ့စွဲတွေကတော့ သူလိုငါလိုဖြတ်ကျော်သွားလိုက်ကြ
သာမာန်ဖြစ်စဉ်တစ်ခုလို ပေါ့ပေါ့ပါးပါးပါပဲ
ငါ့လက်ထဲ အေးစက်နေတဲ့ ကော်ဖီတစ်ခွက်မှာ
အထီးကျန်ခြင်း စိမ့်သက်သက်ပါဝင်နေတာကလွဲရင်ပေါ့.!!

မိုးမြင့်တိမ်

Monday, September 26, 2011

ကိုယ်ပိုင်လက်နက်

တစ်လုံးနှစ်လုံးလောက် ခုန်ထွက်ရုံနဲ့တင် လူတစ်ယောက်...
သေသွားနိုင်တယ်၊ အောင်မြင်သွားနိုင်တယ်။
ပွန်းပဲ့သွားနိုင်တယ်၊ တောက်ပသွားနိုင်တယ်။
မြင့်တက်သွားနိုင်တယ်၊ ပိန်ချိုင့်သွားနိုင်တယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

ဆက်သွယ်မှု အတတ်ထဲမှာ ခင်ဗျားတို့ကျွမ်းကျင်တဲ့ ဘာသာရပ်ပါ။
အဲ.. ကျုပ်လဲ မတောက်တခေါက်တော့ တတ်ရဲ့။
ခင်ဗျားတို့လောက်တော့ ကျွမ်းချင်မှကျွမ်းမှာပေါ့။
သူလိုငါလိုလောက်တော့ ကောင်းကောင်းတတ်ပါ့။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလာ။..!!

ငွေကုန်ကြေးကျမှုမရှိပဲ ကျုပ်တို့ ဖန်တီးနိုင်တာတွေ ရှိတယ်။
မှန်ချင်လဲမှန်မယ် မှားချင်လဲမှားမယ်ပေါ့။
ဧရာမလဲ ဖြစ်သွားနိုင်တယ်၊ သေးငယ်ပြီးလဲ ပျောက်သွားနိုင်တယ်။
ကျုပ်တို့ကို တွန်းချနိုင်တယ်၊ ကျုပ်တို့ကို ကိုင်လှုပ်နိုင်တယ်။
ကျုပ်ကိုတွန်းချတာ ခင်ဗျားတို့ ဖြစ်ချင်ဖြစ်မယ်။
ခင်ဗျားတို့ကိုတွန်းချတာ ကျုပ်ဖြစ်ချင်ဖြစ်မယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

တစ်ယောက်ကို ချီးမွမ်းလို့ရသလို တစ်ယောက်ကို ရှုတ်ချလို့ရတယ်။
တစ်ယောက်ကို ပင့်တင်လို့ရသလို တစ်ယောက်ကို ရိုက်ချလို့ရတယ်။
တစ်ယောက်ကို နွေးထွေးလို့ရသလို တစ်ယောက်ကို အေးစက်လို့ရတယ်။
တစ်ယောက်ကို မြှင့်တင်စေသလို တစ်ယောက်ကို နိမ့်ကျစေနိုင်တယ်။
တစ်ယောက်ကို ရှင်သန်စေသလို တစ်ယောက်ကို မြုပ်နှံပစ်လို့ရတယ်။
ဒီလိုဆိုတော့ ခင်ဗျားတို့ ရှုပ်သွားလား..!!

ကျုပ်တို့ နေ့တဓူဝ ပြောနေကြတဲ့ စကားတွေပေါ့။
ကဲ.. ဘယ်လိုလဲ ခင်ဗျားတို့ သိပ်ရှုပ်သွားပြီလား..!!


မိုးမြင့်တိမ်

Thursday, September 22, 2011

မတိတ်နိုင်တော့သော

လွန်ခဲ့တဲ့ တစ်လလောက်ကပေါ့
အိတ်တစ်လုံးထဲ မျှော်လင့်ချက်တွေ ဒရောသောပါးထိုးထဲ့
လုပ်လက်စတွေအားလုံး ခလုတ်ပိတ်လိုက်သလိုရပ်တန့်
လွမ်းဆွတ်နေမဲ့အမေ့ကို အားရပါးရရှိုက်နမ်း
ဆုံးမစကားတွေခြွေနေတဲ့ အဖေ့ရှေ့မှာ ရိုရိုသေသေလေးထိုင်
မိဘနှစ်ပါးရဲ့ခြေဖမိုးကို ရှိခိုးဦးခိုက်လို့
ငါ့အနာဂါတ် ငါပိုက်ပြီး ထွက်လာခဲ့လိုက်တယ်။

ဖုန်တထောင်းထောင်းထနေတဲ့လမ်းပေါ်ကနေ ဖုန်မရှိတဲ့လမ်းကိုရောက်
ချွေးနံ့လူနံ့တွေရောပြွမ်းနေတဲ့ ကားပေါ်ကနေ အေးမြတဲ့ ရထားပေါ်ကိုရောက်
ခြင်ထူတဲ့ နေရာကနေ ခြင်မရှိတဲ့ နေရာရောက်
လေးကန်နေတဲ့ အင်တာနက်ကနေ မြန်နှုန်းမြင့် အင်တာနက်ကိုရောက်
မထင်ရင်မထင်သလို မှောင်မှောင်သွားတတ်တဲ့ ဒေသကနေ အမြဲလင်း ဒေသကိုရောက်
ဆယ်ထပ်ထက်မပိုတဲ့ တိုက်ကြားကနေ မိုးမျှော်တိုက်ကြားကိုရောက်
ဘ၀ဆိုတာကြီးကို တောက်တောက်ပပကြီးကို ကျေနပ်နေမိတာ။

အသားမဖြူရင်ပဲ လူရာမ၀င်သလိုလို
ကိုယ့်တိုင်းပြည်ကို ကျွန်လုပ်ခဲ့တဲ့ အင်္ဂလိပ်လို မတတ်ရင်ပဲ မျက်နှာမွဲလိုလို
ကိုယ်ရထားတဲ့ အောင်လက်မှတ်က စက္ကူတစ်ရွက်လို အဖိုးမတန်သလိုလို
မျက်ဝန်းမျက်ဆံမှေးမှေးတွေရဲ့အကြည့်က အထင်သေးသလိုလို
အဲဒီလို လိုလိုတွေကြားမှာ ဦးနှောက်တွေလဲ ဖောက်စားခံကြရ
ဓါးပြမှန်းသိလဲ ကျောချခံနေကြရ
မာနတွေလဲ နေ့တဓူဝ ခေါက်ခေါက်သိမ်းနေရ
လူစင်စစ်ကနေ စက်ရုပ်ဇာတ်သွင်းတာလဲ ခံခဲ့ရတယ်။

ဘယ်တတ်နိုင်မလဲ
ဝက်ဖြစ်မှတော့ မစင်မကြောက်ကြေးပေါ့
ကိုယ်တိုင်ကိုက ဒီလမ်းမှဒီလမ်းရွေးချယ်ခဲ့တာမှလား
အခုမှငိုချင်းချပြလဲ ကိုယ့်ရင်ကိုယ်ထု ရင်ကွဲလုအောင်ငိုပေတော့
အဖေကိုလွမ်း အမေကိုလွမ်း မြေကိုလွမ်း ရေကိုလွမ်း
အဲဒီ့အလွမ်းတွေအားလုံးကို ငွေကြေးကွာဟမှုနဲ့ ခဏတုပ်နှောင်ထားရဦးမပေါ့။

ဟိုတစ်နေ့က အမေပို့လိုက်တဲ့ စာနဲ့ပစ္စည်းရတယ်
ကျန်းမာရေးကောင်းရဲ့လား အလုပ်အကိုင်အဆင်ပြေလား
အမေသားအတွက် ဘုရားရှေ့မှာအမြဲဆုတောင်းလို့
သားရှိရာအရပ်ကိုမှန်းပြီး အမေမေတ္တာပို့ပေးနေတယ်နော်တဲ့။

ကဲ...ခင်ဗျားတို့ဆိုရင်ကော ဒီစာကိုဘယ်လိုဖတ်မလဲ
ကျုပ်ကတော့ ရင်ဘတ်နဲ့ဖတ်လိုက်မိတယ်
ကြမ်းပြင်ပေါ် မျက်ရည်ကျကွဲသံတွေနဲ့ ရွှဲလို့
ချက်ခြင်းကို စာတစ်စောင်ကောက်ရေးလိုက်တယ်
ကျွန်တော်တို့အိမ်လေးရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က လက်တစ်ဆုပ်စာမြေပုံလေးကို
ကျွန်တော်ရွပ်ရွပ်ချွံချွံ လွမ်းနေပါတယ် အမေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir