Friday, March 7, 2008

အချစ်အဆိပ် သင့်သူများ (သို့) အချစ်၏ စွန့်ပစ်ခြင်းခံရသူများ

အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရ ဆိုသလို လူရယ်လို့ဖြစ်လာပြီဆိုရင် ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြသနာတွေ အခက်အခဲတွေက အများကြီးပေါ့ဗျာ။ ဒီလိုအများကြီးထဲမှာမှ ကျွန်တော် GTIတက်တုန်းက အရမ်းခင်မင်ခဲ့ရတဲ့ကျွန်တော့်ကိုလည်း အရမ်းခင်ကြတဲ့ သူငယ်ချင်းစုံတွဲ အကြောင်းလေးကတော့ ကြေကွဲစရာ
ကောင်းသလို နာကျည်းစရာလည်းကောင်းခဲ့ပါတယ်။

သက်နောင်နဲ့ မွန်သက်တို့က E.C မေဂျာက။ ကျွန်တော်ကတော့ CIVIL မေဂျာက။ မေဂျာမတူကြပေမယ့် သူတို့နှစ်ယောက်က ကျွန်တော်အခင်ရဆုံး သူငယ်ချင်းတွေလေ။ ပြီးတော့သူတို့နှစ်ယောက်ကချစ်သူတွေ။

သူတို့ကလည်း ကျွန်တော့်ကိုအရမ်းခင်ကြတယ်။ ကျွန်တော်ကလည်း ပျော်ပျော်နေတတ်တယ်လေ။ ကျောင်းမှာဆိုကျွန်တော့် ကိုမသိတဲ့လူ ခပ်ရှားရှားဘဲ။ မွန်သက်ဆိုရင် " ဟဲ့ မိုးမြင့် နင်တည်တည်နေရင် နင့်ကို
တစ်နှစ်လုံး လက်ဖက်ရည်တိုက်မယ် " လို့ အမြဲတမ်းပြောတတ်တယ်။ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်က ဘယ်သွားသွား တတွဲတွဲဘဲ။ ဒီလိုနဲ့ ပျော်ရွှင်စွာ ကျောင်းတက်လာကြရင်း နောက်ဆုံးနှစ်ရောက်တဲ့ အချိန်မှာပေါ့။
" ဟေ့ကောင် သက်နောင် မင်းညီမကိုငါမကြိုက်လို့ စိတ်မကောင်းဖြစ်နေတာလားဆောရီးပါကွာ "
ကျောင်းကန်တင်း ထဲက စားပွဲမှာဝင်ထိုင်ရင်း မှိုင်မှိုင်တွေတွေနဲ့ ထိုင်နေတဲ့ သက်နောင်ကို ကျွန်တော်လှမ်းနောက်လိုက်ပါတယ်။ " မနောက်ပါနဲ့ကွာ ငါစိတ်အရမ်းညစ်နေတယ် " " ဟဲ့ မွန်သက် နင်တို့ရန်ဖြစ်ထားကြ ပြန်ပြီလား " ပြောရင်း မွန်သက်ကို လှမ်းကြည့် လိုက်တော့ သူလည်းမျက်နှာမကောင်း။

" နင်တို့တွေဘာတွေ ဖြစ်နေကြတာလည်း " ငါ့လည်းပြောကြပါဦးဟ " " ဒီလိုကွာ မွန်သက် အမေက DV ပေါက်လို့တဲ့ " " ဟေ ဟုတ်လား မွန်သက် ဟဒါဝမ်းသာစရာဘဲ အဲဒါမင်းတို့ မျက်နှာတွေကဘယ်လို ဖြစ်နေတာတုံး။ မျောက်သေကို ရေနှစ်ပြီး ပါးရိုက်ထားတဲ့ ရုပ်နဲ့ " " ချည်းတဲမှဘဲ ပြောတာဆုံးအောင်နားထောင်အုံး။ DV ပေါက်တာ သူ့တို့တစ်အိမ်သားလုံးသွား ရမှာ။ သူ့အမေက ပေါက်တာ
ဆိုတော့ သားသမီးတွေကိုပါ ခေါ်မှာကွ " " အဲဒါ ငါတို့နှစ်ယောက်ဝေးပြီပေါ့ " ငိုသံပါကြီးနဲ့ ပြောလိုက်တဲ့ သက်နောင်ရဲ့ စကားကြောင့် ကျွန်တော်ပါငိုင်ကျ သွားတယ်။ မွန်သက်ဆိုရင် မျက်ရည်တွေဝဲလို့။ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်ပါ ၀မ်းနည်းနေမယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ အခြေအနေက ပိုဆိုးသွားနိုင်တယ် ဆိုတာကျွန်တော်သိနေတယ်။ ဒါကြောင့်မို့ စိတ်မကောင်းဖြစ်မှုကိုမျိုသိပ်ရင်း အခြေအနေကို ၀င်ထိန်းလိုက်ပါတယ်။ " ဒီလောက်လည်းဝမ်းမနည်း နေပါနဲ့ သွားပြီး အလည်ပြန်လာလို့ရတာဘဲ။ အရေးကြီးတာက မင်းတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်သစ္စာရှိဘို့ဘဲ။ မင်းကလည်း မွန်သက်မိဘတွေ သဘောကျအောင်ကြိုးစား။ မွန်သက်ကလည်း သက်နောင်ကို ခေါ်နိုင်အောင်ကြိုးစား " ဟုတ်ပြီလား။ " သိပ်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ကွာ။ ကျောင်းချိန်လည်းနီးနေပြီ အခန်းထဲဝင်ကြရအောင် " ပြောမယ့်သာပြောလိုက်ရတယ် ကျွန်တော့်စိတ်ထဲလည်း မကောင်းဘူး။ မွန်သက်ဆိုတာ လည်းကျွန်တော့်အချစ်ဆုံးသူငယ်ချင်းဘဲလေ။ ဒီလိုနဲ့ နောက်ဆုံးနှစ်စာမေးပွဲ နီးလာလို့ ကျွန်တော်ရော မွန်သက်နဲ့ သက်နောင်ပါ စာနဲ့နပမ်းလုံးနေရတယ်။ ကျွန်တော်လည်းစာမေးပွဲဖြေခါနီး သူတို့စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့ အဲဒီအကြောင်းစကား မစတော့ဘူး။ မခွဲရသေးခင် သူတို့ပျော်ကြပါစေလေ။ဒီလိုနဲ့စာမေးပွဲ နောက်ဆုံးနေ့ဖြေ ပြီးတော့ကျွန်တော်တို့လျှောက်လည်ကြတယ်။ပျော်ရွှင်
နေတဲ့ သူတို့ကိုကြည့် ပြီးတော့ ကျွန်တော်စိတ်မကောင်းဘူး။ ဒီလိုနဲ့ နောက်တစ်ပတ်လောက် အကြာမှာသူတို့နှစ်ယောက် ကျွန်တော့်အိမ်ကိုရောက် လာကြတယ်။ " မိုးမြင့်ငါလကုန်သွားရတော့မယ်။ မသွားခင် ငါတို့လျှောက်လည်မလို့ နင့်ကိုလာခေါ်တာ " " ဟေ ဟုတ်လား ဒါဆိုခဏစောင့် " ပြောပြီးတော့ ကျွန်တော်လည်းကပျာကယာ ရေချိုးအ၀တ်အစားလဲပြီး လိုက်လာခဲ့တယ်။ " မိုးမြင့် ငါတို့အမှတ်တရ ဓါတ်ပုံရိုက်ရအောင် " " အေးကောင်းတာပေါ့ " သက်နောင်ကတော့ မျက်နှာမကောင်းဘူး။ သက်နောင်ကို ကြည့်ပြီးတော့ ကျွန်တော်စိတ်မကောင်းဘူး။ အချိန်တန်လို့ အိမ်ပြန်ရတော့မယ် အချိန်ရောက်တော့ " မိုးမြင့် ငါသက်နောင်ကို နင့်လက်ထဲ အပ်ခဲ့တယ်နော်။ သူငါမရှိတုန်း နောက်အသစ်မထားစေနဲ့နော် " တဲ့။ " နင့်ကို
လည်း တစ်ခါတည်း နှုတ်ဆက်တယ်နော် " လို့ မျက်ရည်တွေ ၀ဲပြီးပြောရှာတယ်။ ကျွန်တော့်စိတ်ထဲ မကောင်းလိုက်တာ။ သက်နောင်ဆို မပြောနဲ့တော့ပေါ့။ သူမငိုမိအောင် မနည်းထိန်းထားရသလိုဘဲ။ " စိတ်ချပါမွန်သက်ရယ် ဒီကောင်ဖောက်ပြန်ရင် ဒီကောင့်ကို ငါအရင်ဆုံးသတ်မယ် " နင်လည်း ဟိုရောက်ရင်ကျန်းမာရေး ကိုဂရုစိုက်။ ငါတို့ဆီကိုလည် အဆက်အသွယ်လုပ်အုံး။ နင်ကပတ်ဝန်းကျင် အသစ်ကို နေရာသစ်ကို သွားမယ့်သူဆိုတော့ ငါတို့ကို မေ့သွားမှာစိုးလို့ " "ငါမမေ့ပါဘူးဟာ။ သွားတော့မယ်နော် " " အေးအေး နင်တို့ အမြန်ဆုံးပြန်တွေ့ ရပါစေဟာ " " မိုးမြင့် ငါမွန်သက်ကို လိုက်ပို့လိုက်အုံးမယ် " " အေးအေးသက်နောင် " ။ တရွေ့ရွေ့နဲ့ ထွက်ခွာသွားတဲ့ သူတို့ကိုကြည့်ရင်း ချစ်ကြသူနှစ်ယောက် အမြန်ဆုံးပြန်လည်ဆုံဆည်းကြပါစေလို့ ကျွန်တော့် စိတ်ထဲဆုတောင်းပေး နေမိတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း လုပ်ငန်းခွင်ထဲရောက် သက်နောင်လည်း သူ့အလုပ်နဲ့သူ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်ကြတော့ဘူး။ သုံးနှစ်လောက်ကြာတော့ ကျွန်တော့်ရုံးက ကွန်ပြူတာပျက်လို့ မြို့ထဲက KMD မှာသွားပြင်ရင်း သက်နောင်နဲ့ သွားတွေ့တယ်။ သူက အဲဒီမှာ လုပ်နေတာ။" သက်နောင် မင်းနေနိုင်လိုက်တာကွာ ငါ့ဆီတောင်ဖုံးမဆက်ဘူး။ မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ " အရင်ကဆို သပ်သပ်ရပ်ရပ် နေတတ်တဲ့ သက်နောင် အခုတော့ ဘိုသီဘတ်သီနဲ့။ဆံပင် ကလည်း ဖွာလန်ကြဲလို့ ။ " မင်းဆီဖုန်းဆက်ပါတယ် ဖုန်းဆိုင်ကသူတို့ပြောင်းသွား ပြီတဲ့ မင်းတို့နားမှာ မဟုတ်တော့ဘူးတဲ့ " " အေးဟုတ်တယ်ကွ ဆောရီး၊ မင်းမွန်သက်နဲ့အဆက်အသွယ် ရတယ်မှလား။ နေနိုင်လိုက်တာကွာ ငါ့ဆီစာရေးဖော်တောင် မရဘူး " ဒီစကား ကြားလိုက်တာနဲ့ သက်နောင်မျက်နှာ ချက်ခြင်းအရောင် ပြောင်းသွားတယ်။ ခံပြင်းမှု နာကြည်းမှုတွေ နဲ့ပြည့်နှက်နေတဲ့ ပုံစံမျိုး။ " မင်းဆီသူ စာရေးမှာ မဟုတ်တော့ဘူးမိုးမြင့် " အံကိုကြိတ်ထားရင်း သွားကြားထဲက ထွက်လာတဲ့လေသံ နဲ့ပြောတယ်။ " ဘာဖြစ်လို့လဲကွ။ သူအဆင်ပြေတယ်မှလား " " သူဟိုမှာ အိမ်ထောင်ကျသွားပြီ " " နောက်ဆုံးတစ်ခါ ငါ့ဆီဖုံးဆက်တော့ သူ့ကိုခွှင့်လွှတ်ပါတဲ့ " " ဟေ " ကြားလိုက်ရတဲ့ ကိုယ့်နားကိုယ်တောင် မယုံနိုင်အောင်ဖြစ်သွားတယ်။ " သက်နောင်ကို ကြည့်ထားပေးပါ " ဆိုတဲ့ မွန်သက် " နင်တို့ကို ဘယ်တော့မှ မမေ့ပါဘူး " ဆိုတဲ့မွန်သက်။ အရင်ကဆို သက်နောင်နား ကပ်ပြီး တွတ်တီးတွတ်တာပြောတတ်တဲ့ မွန်သက်။ ကျွန်တော်တောင်မှ ဒီလောက်စိတ်မကောင်း ဖြစ်သွားတယ်ဆိုရင် ကာယကံရှင်ဖြစ်တဲ့ သက်နောင်ဘယ်လောက် များခံစားရမလဲ။ ကျွန်တော်လည်းသက်နောင်ကို အားပေးနှစ်သိမ့်ရင်း ကျွန်တော့်စက်လည်း ရပြီမို့ သက်နောင်ကို နှုတ်ဆက်ရင်းပြန်လာခဲ့တယ်။ ပြန်ခါနီး သက်နောင်ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့်နားထဲမှာပဲ့တင်ထပ်နေတယ်။ " ငါသူ့ကို ခွှင့်လွှတ်ပါတယ်။ အဲဒါ သူ့ကိုငါ သိပ်ချစ်လို့ " တဲ့။ သူငယ်ချင်းရယ်။ အော် နေရာဒေသ ပတ်ဝန်းကျင်နဲ့အချိန်ဆိုတာ လူကိုတော်တော် ပြောင်းလဲသွားစေနိုင်ပါလား။ မွန်သက် နင့်အပေါ်မှာ သက်နောင်ဘယ်လောက်ချစ်တယ် ဆိုတာ နင်သိမှသိပါလေစ။







စာကြွင်း။ ။ ကာယကံရှင်များအား မထိခိုက်စေလို၍ အမည်များလွှဲရေးထားခြင်းကို နားလည်ခွှင့်လွှတ် စေလိုပါသည်။

7 comments:

ပန်းခရမ်းပြာ said...
This comment has been removed by the author.
ရွာသားလေး said...

သနားပါတယ်ဗျာ ဘယ်သူမှန်ပြီးဘယ်သူမှားမှားပါ

ကိုသက်နောင်(phoeniz) said...

တိုက်တိုက် ဆိုင်ဆိုင် ပါလားဗျ..
လွဲရေးထားတဲ့ နံမည်က အနော် နံမည်နဲ့ 
တူနေတယ်.........
အနော် ကောင်မလေးကတော့ အထင်လွဲနေပါဦးမယ်
:)

လင်းဒီပ said...

အဲဒီဇာတ်လမ်းက ကျွန်တော်သိတာလေးများ ဖြစ်နေမလားမသိဘူး ..ကျွန်တော်က အင်းစိန်ဂျီတီအိုင်တက်ဖူးတယ်...၁၉၉၈လောက်ကပေါ့..

ရှင်သန်မှု said...

ဒီလိုပဲဖြစ်တတ်ပါတယ်။ အင်းစိန် ၉၁ -၉၄ နှစ်တုန်းကလဲဒီလိုမျိုးခပ်ဆင်ဆင်ဖြစ်ဖူးတယ်။

ဇေယျာထွန်း said...

အရမ်းခံစားရတယ်

ဇေယျာထွန်း said...

အရမ်းခံစားရတယ်

Template by - Abdul Munir