Thursday, September 17, 2009

အမေ့ထံဖွင့်ဟခြင်း (၂)

အတိတ်နဲ့အနာဂတ်ကို ရောကြိုနိုင်ဖို့
ပစ္စုပန်ညနေတစ်ခုမှာ ညနေတွေကိုစုချည်မိတော့
ပြောလျော့နေတဲ့ ကြိုးတစ်စမှာ
လွတ်ကျသွားခဲ့တာ မာန...အမေ ။ ။

စိတ်အမိုက်ကို ခုတ်ထွင်ဖို့
ကျွန်တော်သွေးလိုက်မိတဲ့ ဓါးက
ရင်သွေးအနှစ်နဲ့ ထုဆစ်တယ်..အမေ ။ ။

ရိုးမတောအလယ်မှာ မီးနဲ့နပန်းလုံး
ဝါးရုံတို့နဲ့ ထိုးစစ်ဆင်
နွားစာခွက်ထဲ ပျော်ဝင်စီးဆင်း
အလင်းမမှိန့်တမှိန်နဲ့ ပရလောကထဲမှောက်ရက်လဲတုန်းက
ကျွန်တော်သွေးမကြောင်ခဲ့ဘူး...အမေ ။ ။

အခုတော့လည်း
အမှောင်ကိုအောင်နိုင် နီယွန်မီးလှိုင်လှိုင်ပွင့်ရင်း
လူမျိုးခွဲခြားဝါဒတရားတွေ ကြီးစိုးမင်းမူ
ဟောဒီ့ကျွန်းအငူမှာ...ကျွန်တော်လေ
အာရုံကိုသွေးနှောက်လို့ အဝေးရောက်မှ
ကြောက်တတ်နေခဲ့ပြီ...အမေ ။ ။

ထောင်မတ်နေရင်းက ငုံ့ငုံ့သွားရတဲ့ဇက်တွေ
လောက်မြိုက်နေရင်းက ပြုံးပြုံးပြရတဲ့ရက်တွေ
အံကြိတ်နေရင်း မာန်စိတ်တွေတင်းခဲ့ရတဲ့မနက်တွေ
နေ့စဉ်ရက်ဆက် တစ်ကျွန်းစံစိတ်ဓါတ်တွေနဲ့
အမေ့ရဲ့သား ငမိုက်သားလေ
မီးတောင်အောက်မှာ အမြီးအတောင်မပေါက်တဲ့ငါးကို
ရှာဖွေနေခဲ့မိပြီ အမေ....။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sunday, September 13, 2009

အမေ့ထံဖွင့်ဟခြင်း

တင့်တောင့်တင့်တယ် စိတ်အစုံနဲ့
ဘ၀ကို ဇက်ကုန်ဖွင့်ဖို့
လှပစွာသိမ်းဝှက် သယ်ဆောင်ခဲ့တဲ့အတ္တ
ခန္ဓာကို ငုံတဲ့သင်္ခါရနဲ့
အနတ္တစစ်တလင်းမှာ ထိုးစစ်ပြင်းပြင်းဆင်ကြပြီ ။ ။

ဂယက်လှိုင်းထန် လေကဓံကိုဖဲ့ထုတ်ရင်း
ဘ၀ကို ညထဲချကျွေးကြည့်တော့
မျောလွင့်ခြင်းနဲ့ အတိပြီးသတဲ့
ပင်လယ်ခံတွင်းက အာရုံအကျဉ်းကျကျွန်းပေါ်မှာ
တကိုယ်စာပြာချ ဘ၀တွေ
ပရဟိတ ပျောက်နေခဲ့ပြီ အမေ...။ ။

ပတ်ဝန်းကျင်နဲ့ သိက္ခာတရားတွေ
စောင့်ထိန်းလိုက်နာမိတဲ့ ကျင့်ဝတ်တွေ
စေညွှန်းပြထမ်း မာနအစွဲအလမ်းတွေ
ရပ်တည်မှုနဲ့ ရွေ့လျားဖြစ်အင်တွေ
ဖြစ်တည်မှုနဲ့ ပျက်သုဉ်းခြင်းညဉ်တွေ
ပဲ့ကျနေတဲ့ အနိဋ္ဌာရုံတွေ
စိတ်အာရုံမှာ ထင်ဟပ်
အမျှင်မပြတ် သံယောဇဉ်တလက်လက်နဲ့
ရေငတ်သူတွေ များနေကြပြီ အမေ...။ ။

တကယ်ဆို
စိတ်တွေသီးပွင့်တာကိုက
သံသရာကို လည်ပတ်စေတဲ့အခါ
အသက်အဟာရ အတွက်
ရမ္မက်တွေ ဖြာဖြာကျနေတဲ့သစ်ပင်မှာ
ငှက်တစ်သောင်းကော နားနိုင်ပါ့မလား ။ ။

သင်ခန်းစာ ဆိုတာလည်း
သာခန်းဆင်ဖို့ ဂွင်တစ်ခုပါ အမေ...။ ။

အနိမ့်အမြင့်နဲ့ပဲ တည်တည်
အလင်းအမှောင်နဲ့ပဲ စိမ်စိမ်
အမှန်အမှားနဲ့ပဲ မွှေးမွှေး
လရောင်ဆမ်းတဲ့ ထမင်းကြမ်းတွေခါးနေမှတော့
ဒီဘ၀ လူမပီသတော့ဘူး အမေ...။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Wednesday, September 9, 2009

လွမ်းမောသစ်ပင်

အနက်နဲဆုံး စောင့်ထိန်းမှုတွေကိုကျစ်လျစ်ရင်း
ဘ၀မှာ တစ်ကြိမ်တစ်ခါမှသောက်ခွင့်မရှိတဲ့
ရေကြည်တစ်ပေါက်အတွက်
ငါ့စောင်းကြိုးတွေကို ဖြေလျော့ပစ်လိုက်တယ် ။ ။

အလျဉ်းသင့်သလို လက်လှမ်းမှီသလို
ဘ၀တေးကို သီကြူးရင်း
တောနက်မျက်မည်းမှာ ငါတစ်ယောက်တည်း
ဖရိုဖရဲစိတ်တွေနဲ့ အသားကျ
ညတွေကလည်း နက်သထက်နက်ခဲ့ပြီ ။ ။

ရင်ဘတ်ဖြူသူ နိုင်စတမ်း
ဘ၀ကိုထမ်းပြီး လောင်းတန်းတင်လိုက်တဲ့
အာရုံအခါး ကြွေအံကစားတဲ့ပွဲမှာ
ရရှိလိုက်တဲ့ ဒဏ်ရာ
ရင်ကွဲနာလို့ ခေါင်းစဉ်တပ်
ရင်ဘတ်မှာ တံဆိပ်ကပ်ခဲ့တယ် ။ ။

တကယ်ဆို...
ငါဟာသင်းကွဲတစ်ကောင်ပါ
မချင့်မရဲ ရင်ကွဲတေးတွေလဲသီကြူးတတ်တယ်
အနုံညတရ စိတ်အဟာရကိုလဲ သောက်သုံးနေတတ်ရဲ့ ။ ။

သံယောဇဉ်တင်းတင်းတွေ ရင်မှာစိုက်ဝင်ရင်း
စိတ်ကိုဓါးရိုးလုပ် ဘ၀ကိုသွေးမိကာမှ
အဆိပ်သင့်သွားတဲ့ သစ်တစ်ပင်ဟာငါဖြစ်နေမှန်း
ငါကိုယ်တိုင် မသိခဲ့လိုက်ဘူး ။ ။

တကယ်တော့...
ကြွေကျသွားတဲ့ သစ်ရွက်ထက်
စွန့်ခွာခံလိုက်ရတဲ့ သစ်ပင်ရဲ့ ဖြစ်အင်က
ပိုလွမ်းမောစရာကောင်းပါတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Tuesday, September 1, 2009

မဉ္ဖူသက

ကျိုးပျက်ကြေမွသွားတဲ့ ပတ်ဝန်းကျင်သစ်ရဲ့ သဟဇာတမှာ
သဘာဝကျကျ ဖျက်ဆီးခံရတဲ့ စိတ်ဓါတ်ကို
ပရဟိတပွဲတော်မှာ သွတ်သွင်းဖို့ကြိုးစားရင်း
သိက္ခာ ကင်ပွန်းတပ်ဖို့
နှလုံးသားကောက် ထွက်တဲ့ညမှာ
ငါ...မဉ္ဖူသကနဲ့တွေ့ တယ် ။ ။

ရင်ရင်ချင်း ပစ်ခတ်တာမဟုတ်ဘူး
ခင်မင်မှုတွေ ဖက်လှဲတကင်းဖြစ်သွားခဲ့တာ ။ ။

အတိုင်းအဆလည်း မဲ့တယ်
နှိုင်းမရအောင်လည်း နက်ခဲ့တယ်
မေတ္တာကိုဖန်ဆင်း သံယောဇဉ်နတ်မင်းနဲ့
အဖြူကို အလင်းစွက်နေ့ရက်တွေထဲ
တင်းကြပ်မှုကို ဖြေလျော့
လမင်းဆံနွယ် ကျော့ကျော့မှာ
အပြုံးတွေနဲ့လည်း ဆော့ခဲ့ကြတယ် ။ ။

တနင့်နင့်နဲ့ စိုက်ဝင်ရင်း
တစ်စစနဲ့ ကျစ်လျစ်ခဲ့ကြတော့
လွင့်စင်ကွဲကြေသွားတဲ့ လမ်းမတွေ
မာန်ဝင့်နေတဲ့ နီယွန်တွေ
ဘ၀လက်ဆောင် ဒဏ်ရာတွေ
တနင့်တပိုးနဲ့ ကံကြမ္မာအညှိုးတွေ
အားလုံးသော အရာတွေကိုမေ့လျော့
ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ ဒီတစ်ညမှာတော့
ချမ်းမြေ့မှုကို ထုဆစ်ရင်း
မဉ္ဖူသကနဲ့ ရနံ့တွေကနေကြတယ် ။ ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မှတ်ချက်။ ။အချစ်ဆုံးသူငယ်ချင်းအတွက် အမှတ်တရလက်ဆောင်ရေးပေးခဲ့တဲ့ ကဗျာလေးပါ။

Template by - Abdul Munir