Friday, October 31, 2008

HAPPY BIRTHDAY NYI MA LAY

ညီမလေးရေ ညီမလေးအတွက် မွေးနေ့လက်ဆောင် ကဗျာလေးပါ။


"လောကဓံတိုက်ပွဲ"


ဘ၀ဆိုတဲ့ တိုက်ပွဲ
ဆင်နွှဲတဲ့ အခါ
အောင်မြင်မှု လည်းရှိမယ်
ရှုံးနိမ့်ခြင်းလည်းကြုံမယ်
အောင်မြင်လည်း ဂုဏ်မတင်နဲ့
အရှုံးနဲ့ ရင်ဆိုင်တွေ့လည်း
အားမလျော့လေနဲ့
"ညီမငယ်"

ဘ၀ဆိုတဲ့ ခရီးလမ်း
လျှောက်လှမ်းရမယ့် ပန်းတိုင်
အပြုံးတွေနဲ့ လှိုင်လို့
စောင့်နေပါတယ်
"ညီမငယ်"

ချိုမြိန်တဲ့ အရသာ
အောင်မြင်ခြင်းမှာ ရှိတတ်တယ်
ထိခိုက်တဲ့ ဝေဒနာ
ဆုံးရှုံးခြင်းမှာ ရှိတတ်တယ်
ထာဝရ မချိုမြိန်နိုင်သလို
ထာဝရ မထိခိုက်နိုင်ဘူး
"ညီမငယ်"
ဒါကြောင့် ဒါဘ၀လို့ ခေါ်တာပေါ့.....

မမြဲခြင်းနဲ့ ဖန်ဆင်းတဲ့လောက
ဘာအတွက်နဲ့ စိတ်ဓါတ်ကျမလဲ
ထိုးနှက်ချက်ပြင်းတဲ့ လောကဓံ
ဘာလက်နက်နဲ့ ခုခံမလဲ.....

ခိုင်မာတဲ့စိတ်ဓါတ် ၀တ်ရုံခြုံ
ရင့်ကျက်ခြင်းကို ဒိုင်းလုပ်
မေတ္တာနဲ့လုပ်တဲ့ ဓါးတစ်ဖက်ဆွဲလို့
ညီမလေးရေ.....
တို့မောင်နှမ တိုက်ပွဲဝင်ကြပါစို့ .....

ညီမအရင်းလေးလို ချစ်ရတဲ့ အချစ်ဆုံးညီမလေး ဒီဒီ (ခေါ်) စန္ဒီမိုးမြင့့််ရဲ့ အောက်တိုဘာ(၃၁)ရက်နေ့၌ ကျရောက်သော အသက်(၂၀) ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာ အထိ ညီမလေး ချစ်ရသော မိသားစု၊ ညီမလေးကို ချစ်ကြသော အကိုအမများနှင့် လက်တွဲမဖြုတ်စတမ်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေ။ ဘ၀မှာ ကြုံလာတဲ့ လောကဓံ ခိုင်မာစွာ တွန်းလှန်နိုင်ပါစေ။ အန္တရယ်ဟူသမျှ မြုမခလို့ ဒီဘ၀မက ဘ၀ဆက်တိုင်း ကြည်နူးရွှင်ပြ လှပတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်တဲ့ ညီမလေး ဖြစ်ပါစေလို့ ကိုကြီး လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းပါတယ်ညီမလေးရေ။


ညီမလေးကိုချစ်တဲ့

ကိုကြီး
မိုးမြင့်တိမ်

Tuesday, October 28, 2008

အချစ်ကို ခံစားကြည့်ခြင်း

" အချစ်ကြောင့် လွမ်းရ ဆွေးရ တမ်းတရခြင်းသည် ဒဏ္ဍာရီ ပမာ ပျက်လွယ် ပြောက်လွယ် ရှိလှ၏ "

ရော်ဘင်တရာနတ်တဂိုး

"အချစ်" လူတစ်ယောက်ဟာ မွေးဖွားလာကတည်းက အချစ်ဆိုတဲ့ အရာကိုဖန်တီးပေးတဲ့ ချစ်တတ်တဲ့ စိတ်တစ်ခုပါလာပြီးသားပါ။ အမေ့ဝမ်းက ကျွတ်လို့ လူ့လောကထဲ အူဝဲ လို့ငိုပြီးဝင်လာကတည်းက ချစ်တတ်တဲ့ စိတ်တစ်ခုပါလာခဲ့တာပေါ့။ ဒါ့ကြောင့်သာ လူမမယ်ကလေးအရွယ်မှာတောင် မိခင်၊ဖခင်ကို ချစ်တဲ့စိတ် ကိုယ့်ကိုဂရုတစိုက်ထိန်းကြောင်းတဲ့ လူတွေကို ချစ်တဲ့စိတ်တွေ တွေ့နေရတာပေါ့။ ဒီနေရာမှာ အချစ်ကိုအမျိုးအစားခွဲကြည့်တော့ မိဘနဲ့ သားသမီး ချစ်ခြင်း၊ မောင်ချစ်နှမချစ် ဆိုတဲ့ ၅၂၈ ချစ်ခြင်းမျိုးနဲ့တစ်ယောက်ကို တစ်ယောက် မမြင်ရ မတွေ့ရရင် မနေနိုင်အောင် ချစ်ခင်စွဲလမ်းတတ်တဲ့ ချစ်သူသမီးရည်းစားခြင်း၊ လင်မယားခြင်းချစ်ကြတဲ့ ၁၅၀၀ အချစ်ဆိုပြီး နှစ်မျိုးနှစ်စားရှိလာပါတယ်။၅၂၈ ချစ်ခြင်းကတော့ ငြိမ်းချမ်းတဲ့ မေတ္တာတရားနဲ့ လွှမ်းခြုံ တဲ့အေးမြတဲ့ ချစ်ခြင်းမျိုးပါ။ ၅၂၈ချစ်ခြင်းမှာတောင်မိဘနဲ့
သားသမီးချစ်ခြင်းမျိုးက မောင်ချစ်နှမချစ် ချစ်ခြင်းမျိုးထက် ပိုပြီးတော့ အေးမြပါတယ်။ မိဘက သားသမီးကို ချစ်တဲ့အချစ်ဟာ စုန်ရေသာရှိပြီး ဆန်ရေမရှိတဲ့ သဘောလို မိမိကသာပေးပြီး သားသမီးဆီက ဘာကိုမှ ပြန်မျှော်လင့်ချက်မထားတတ်တဲ့ ချစ်ခြင်းမျိုးဖြစ်လို့ အချစ်ခံရတဲ့သားသမီးကော ချစ်တဲ့ မိဘပါ အေးချမ်းတဲ့ ချစ်ခြင်းမျိုးပါ။၁၅၀၀အချစ်ကတော့ နေပူပူကန္တာရထဲမှာ ရေဘူးထဲက ရေကို သောက်ရသလိုပါဘဲ။ ပူလောင်မှုကိုလည်းပေးစွမ်းနိုင်သလို အေးမြမှုကိုလည်း ပေးနိုင်စွမ်းပါတယ်။ ဒါပေမယ့် အေးမြမှုကို ပေးနိုင်စွမ်းတာထက် ပူလောင်မှုကို ပေးစွမ်းမှုက ပိုမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၅၀၀အချစ်ဟာ ၅၂၈အချစ်လိုမျိုးဘာတုန့်ပြန်မှုကို မှမျှော်လင့်မထားတဲ့ အချစ်မျိုးမဟုတ်လို့ပါဘဲ။ ၁၅၀၀ အချစ်ရဲ့နောက်ကွယ်မှာ လိုချင်တပ်မက်မှု ရယူပိုင်ဆိုင်လိုမှုဆိုတဲ့ အတ္တစိတ်တွေဟာ ကပ်ပါလာပါတယ်။ ဒီအတ္တစိတ်တွေပါလာတဲ့ အတွက်ချစ်ခြင်းဟာ အပြစ်မကင်းတော့ပါဘူး။ သူ့ကိုတော့ ငါကချစ်လိုက်ရတာ သူက ငါချစ်သလောက်တောင်မချစ်ပါလား ငါကတော့ ဂရုစိုက်လိုက်ရတာ သူကတော့ ငါ့ကို ဂရုမစိုက်ပါလား စသဖြင့် လိုချင်တပ်မက်မှု နှိုင်းယှဉ်မှု အစရှိတဲ့ အတ္တမကင်းတဲ့ ချစ်ခြင်းအဖြစ်ရပ်တည်လာပါတယ်။ သို့ပေမယ့် အကုန်လုံးရယ်လို့တော့ မဆိုလိုပါဘူး။ တကယ့်ကို မေတ္တာစစ် မေတ္တာမှန်နဲ့ချစ်ပြီး ဘာကိုမှ ပြန်လည်မမျှော်လင့်တဲ့ ချစ်သူ၊လင်မယားတွေလည်း ရှိကြပါတယ်။ ဒါကတော့ လောကဓမ္မအမြင်နဲ့ စိတ်တို့ဖြစ်တည်မှုကို ပိုင်းခြားပြီး ချစ်ခြင်းရဲ့ဖြစ်တည်မှုကို ခံစားကြည့်တာပါ။

ပုဂ္ဂလိကအမြင်ဖြစ်တဲ့ ကျွန်တော့်ရဲ့၁၅၀၀ အချစ်ပေါ်အမြင်ကို ပြောရရင်တော့အချစ်ဆိုတာကော်ဖီတစ်ခွက်ဖျော်သောက်ရသလိုဘဲလို့မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီတစ်ခွက်သောက်ဘို့ရာ ပထမဦးစွာ ရေနွေးလိုအပ်ပါတယ်။ အဲဒီ့အတွက် ကျွန်တော်တို့ဟာ ရေနွေးကိုတည်ရပါမယ်။ ရေနွေးရပြီဆိုပြန်တော့ လိုအပ်တဲ့ နို့ဆီ၊သကြား၊ ကော်ဖီမှုန့်တို့ကို ပြင်ဆင်ရပါမယ်။ အကယ်၍မရှိနေခဲ့လျှင် ထိုအရာများကို ၀ယ်ရပါလိမ့်မယ်။ ပြီးရင်တော့ ကော်ဖီဖျော်ထည့်ဘို့ ပန်းကန်ခွက်ယောက်လိုတာပေါ့နော်။အဲဒီ့အတွက် ပန်းကန်ကိုလည်း ဆေးကြောထားဘို့ လိုအပ်ပါတယ်။အားလုံးပြည့်စုံလို့ ကော်ဖီဖျော်ပြီဆိုရင်တော့ ကော်ဖီမှုန့်၊ နို့ဆီ၊သကြားနဲ့ ရေနွေးတို့ကို အချိုးအစားမျှတအောင် ဖျော်စပ်ဘို့လိုတာပေါ့။ ဒါမှလည်း အရသာရှိတဲ့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရမှာပေါ့။ အချိုးအစားမမျှတခဲ့ဘူးဆိုရင်တော့ ကော်ဖီတစ်ခွက်ဖြစ်သော်ငြားလည်း ကော်ဖီကောင်းတစ်ခွက်တော့ မဖြစ်နိုင်တော့ဘူးပေါ့။

ဒီလိုပါဘဲ လူတစ်ဦးတစ်ယောက်အပေါ် ၁၅၀၀အချစ်နဲ့ ချစ်ခင်စွဲလမ်းတဲ့စိတ်ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ရေနွေးအိုးတည်တဲ့အချိန်ရောက်လာပါပြီ။ သူ့ကို ငါကချစ်နေတာမသိလို့လား။ ချစ်နေမှန်းသိရက်နဲ့ ငါ့ရှေ့မှာ တခြားလူတွေနဲ့ ရောရောနှောနှောတမင်များ ဆက်ဆံပြတာလား အစရှိတဲ့ လိုချင်တပ်မက်မှု ရယူလိုမှုမကင်းတဲ့ စိတ်တွေဖြစ်လာပြီဆိုရင်တော့ ရေနွေးဆူနေပြီပေါ့။ တစ်ခါ ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ပြန်လည်ရရှိအောင် ကိုယ့်ကို ပြန်ချစ်လာအောင် ကြိုးစားကြပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီမှုန့်၊ သကြား၊ နို့ဆီတို့ ကိုလိုက်ဝယ်နေပါပြီ။ ကိုယ်က ချစ်တဲ့အတွက် ရယူပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ပေါ်လာတာကိုး။ အဲဒီ့အတွက် ရရှိအောင်ကြိုးစားကြတော့တာပေါ့။ အဲ ကိုယ်ချစ်တဲ့ သူက ကိုယ့်ကို ပြန်လည်ချစ်တုံ့ပြန်လက်ခံတယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီတစ်ခွက်ကို ကော်ဖီမှုန့်၊ သကြား၊ နို့ဆီ နဲ့ ရေနွေးတို့ကို အချိုးအစားကျအောင် ရောစပ်နိုင်လို့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရတဲ့သူတွေပေါ့။ တကယ်လို့များ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်နိုင်လို့ လက်မခံနိုင်လို့ ငြင်းပယ်ခံရတယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီကို အချိုးအစားမှန်ကန်အောင်မဖျော်နိုင်လို့ ကော်ဖီကောင်းတစ်ခွက်မသောက်ရသူတွေပေါ့။ ဒါကတော့ အချစ်ဆိုတဲ့ အရာအပေါ်မှာ ကျွန်တော်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ကို ဥပမာထားပြီး ခိုင်းနှိုင်းမြင်တဲ့ ကျွန်တော့်ရဲ့ အမြင်လေးပါ။ တစ်ခုပြောချင်တာကတော့ ဒီအမြင်ဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်တစ်ခုဖြစ်တာမို့ မတိုက်ဆိုင်တာများရှိခဲ့ရင် နားလည်ပေးပါလို့။ ကဲ မိတ်ဆွေတို့ အားလုံးလည်း ကော်ဖီကောင်းတစ်ခွက်သောက်နိုင်တဲ့ သူတွေဖြစ်ကြပါစေ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်


ညီမလေး မီးငယ်ရေ အကို ရေးလိုက်ပါပြီ။ ရေးပေးတာ နောက်ကျတဲ့ အတွက်နားလည်ခွှင့်လွှတ်စေလိုပါတယ် ညီမလေးရေ။ ညီမလေး ကျေနပ်လိမ့်မယ်လို့ အကိုထင်ပါတယ်။

Saturday, October 25, 2008

ကျွန်တော်ချစ်မိအပြစ်ရှိသည်


သူ့ကိုမြင်စခဏမှာပင်
ငါ့ရင်အသည်းတမင်ခွဲမည်ဟု
ငါမထင်ခဲ့မိပါ...
သူကပြန်ချစ်ငါ့ရင်နှစ်၌
ပျော်ရွှင်မှုသာစုခဲ့သည်...
သူ့အလိုစကားမပယ်ရှားဟု
သံဓ္ဓိဌာန်လည်းချခဲ့သည်...
သို့သော်လည်းလေ
သံယောဇဉ်နှောင်ချည်တင်း
ချစ်ခြင်းသည်ခိုင်မာလေမှ
ငါ့အားမချစ်မနှစ်သက်ဟု
သူ့နှုတ်ဖျားမှစိမ်းကားသောစကား
ပြောထွက်လေပြီ...
ငါ့ရင်အသည်းနှစ်ခြမ်းကွဲ၍
မျက်ရည်မိုးစွေ
အပူမီးဖြာဝေနေလည်း
သူမမျက်နှာအပြုံးနှင့်သာရှိခဲ့သည်...
နာကျင်အသည်းအံကိုခဲ၍
တစ်သက်မကြေအမျက်မပြေဟု
ခပ်တွေတွေနေမိသော်လည်း
ပြတ်လေသည်ချစ်ခြင်းကို
ဇွတ်တင်းကာမဆက်ချင်ခဲ့...
ခုတော့လည်းလေ
မည်သူ့ကိုမှအပြစ်မတင်
မချစ်ချင်တော့...
ချစ်မိသည်ကကျွန်တော်...
အပြစ်ရှိသည်ကကျွန်တော်...



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Thursday, October 23, 2008

နံပါတ်(၂) နှင့်ပတ်သက်၍

နှစ်ထပ်ရှိမှ မှတ်မိမယ်ဆိုတဲ့စကား
မင်းအတွက်များ ထားခဲ့တာလား.....

ငါ့အသည်းကို နှစ်ကြိမ်နှစ်ခါခွဲ
မင်းအတွက်တော့
ဇိမ်ဖျာနဲ့တွဲကြည့်ရတဲ့
တိမ်သလာ အငြိမ့်ပွဲတစ်ပွဲလိုပါဘဲ
မေ့လွယ် ပျောက်လွယ် တမ်းတလွယ်ပေါ့....

ငါ့အပြင် နှစ်ယောက်မရှိဘူး ဆိုတဲ့မင်းစကား
တကယ်တော့
ငါဟာနှစ်ယောက်မြောက်ဖြစ်နေတာပါလား.....

အမြတ်တနိုး မင်းကိုတန်ဘိုးထားတဲ့
ရင်ခွင်ကိုမှ ရိုက်ချိုးရက်တယ်......

အေးပေါ့လေ
ဒီဘ၀မှာ ငါကချစ်ရတဲ့သူ
မင်းက အချစ်ခံဘဝ
လုပ်ထားဦးပေါ့ မင်းအလိုကျ.....

အလှည့်အခွင့်ရယ်ကြုံလို့
နောင်ဘ၀မှာများ ထပ်ဆုံခဲ့ရင်လေ
နံပါတ်နှစ်ရဲ့ အရသာ
အချိုမပါ အခါးသက်သက်ရယ်ဆိုတာ
မင်းသိရမှာပါ.....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Wednesday, October 22, 2008

ဝမ်းမြောက်ပါစေ

တိတ်ဆိတ်စွာ လှည့်ပြန်ခဲ့တဲ့ညတွေမှာ
ငါ့ရင်တွေ ဘလောင်ဆူပေမယ့်
အမှောင်ထူထူ ညတွေထဲမှာတောင်
ချစ်သူကို ပျော်စေချင်ခဲ့တာ
ငါ့စေတနာ ဆန္ဒရင်းရယ်ပါ....

ချစ်ခြင်းကို ကာရန်ညှိပြန်တော့
ငါပြန်သိလိုက်တာ
မိုးနဲ့မြေက
ပေါင်းစပ်မှုမှ မရှိတာ.....

လရောင်ဆမ်းမှ လန်းတဲ့
ကုမုဒြာ ပန်းလေးတွေပွင့်ချိန်
သူတို့ကို ပြောပြောနေမိတာ
မဆန်းပေမယ့် မရိုးနိုင်တဲ့
မင်းအကြောင်းပေါ့.....

မင်းကြိုက်တဲ့ သီချင်းအဟောင်းလေးတွေ
သတိတရနားထောင်ရင်းက
လမင်းကို ခိုးကြည့်လို့
ငါ...တိုးတိုးလေးရေရွတ်မိတယ်
"နင်တစ်ယောက် ၀မ်းမြောက်ပါလေတော့"

Tuesday, October 21, 2008

ယဉ်ယဉ်လေးရူး

ချစ်စိတ်ကလူကို ဖုံးလွှမ်း
တမ်းတခြင်းနဲ့ နပန်းလုံးလို့
အဆိုးအကောင်း ဆိုတာမသိ
အရိပ်ကိုတောင် ရန်သူထင်မိတဲ့ ငါ
လိုချင်တာ မရတဲ့အခါ
အခန်းတံခါး ပိတ်လို့
ကြိတ်မှိတ်ကာ တစ်ယောက်တည်းရူး
ဒါတွေကို မင်းမသိဘူး.....

လှေမှာလည်း အလျားအနံရှိသလို
အချစ်မှာလည်း အသွားအပြန်ရှိတယ်တဲ့
ဒါပေမယ့်လည်းလေ
မေတ္တာမပါတဲ့ ချစ်ခြင်းမျိုး
မင်းမို့လို့ ငါ့ကိုပေးရက်တယ်.....

ဦးနှောက်နဲ့ ဆုံးဖြတ်
အရှုံးအမြတ် တွက်ရအောင်
မင်းနဲ့ငါ ချစ်ခြင်းက
စစ်ခင်းတဲ့ ပြိုင်ပွဲတစ်ခုမှ မဟုတ်တာ.....

မကြင်နာ တမင်ခွာရှောင်ပြေးလို့
ရင်မှာ ဝေဒနာပေးတတ်ခဲ့လေတော့
မဆင်ခြင် အတွေးတစ်ခုနဲ့
ရင်နင့်အောင် ချစ်ဘူးတဲ့ငါ
ခုတော့လည်းလေ
ယဉ်ယဉ်လေးရူး.....

Monday, October 20, 2008

လွမ်းကျန်ရစ်စေ

ပျော်ရွှင်စရာ ခြံရံလို့
အတိတ်နေ့တွေ ခန့်ညားတုန်းက
ငါလေ
အပြုံးနဲ့ အသက်ဆက်လို့
ဘ၀ဆိုတဲ့ ဘောင်ကို
ရွှေရောင်နဲ့ ကွပ်ခဲ့ဘူးတယ်.....

လောကဓံ မွှေနှောက်လို့
ကြမ္မာလှေ မှောက်တဲ့ငါ့ဘဝ
တစ်စစနဲ့ ကွဲကြေ
အစိတ်စိတ် အမွမွနဲ့ ကွဲနေလို့
ငါ့ နွေရင်ပူတာတောင်
ကြင်သူ လက်နဲ့ဖဲ့ခြွေတုန်း.....

ရင်နှလုံးပျက်သုဉ်း
တိတ်ဆိတ်စွာ ငါကျဆုံးချိန်
မင်းနှုတ်ဖျားက
ငါအမုန်းဆုံး
စကားတစ်ခွန်းပြောတယ်
"လွမ်းကျန်ရစ်စေ"

ချစ်သူသိစေ(၂)

တွယ်တာခြင်း မြတ်နိုးခြင်း ယုယခြင်း
တို့နောက်ကွယ်မှာ
ကြောက်တယ်ဆိုတဲ့
အကြောင်းပြချက်
မရှိခဲ့ဘူး ချစ်သူ.....

ချစ်သူမို့ အပြစ်မယူတာကို
လျစ်လျူရှုတဲ့ မင်းသဘော
ငါ...စစ်ကြောလို့ မရနိုင်ဘူး.....

အကြင်နာအမှန်အစစ်မို့
ရင်မှာဒဏ်ဖြစ်စေလဲ
တွယ်တာကျန်ရစ်တာ
မင်းအပေါ်မှာ
တကယ်သာ အမှန်ချစ်ခဲ့လို့ပါ
ချစ်သူ.....

နွေကုန်လို့ မိုးပျောက်ရင်
ဆောင်းဆိုတာ ရောက်စမြဲပါ
ဒီလိုပါဘဲ
ရင်ခုန်သံ ထိုးဖောက်လို့
ငါ့ အသက် ကျိုးပျောက်တောင်
မချိုးမဖောက် ချစ်နေမှာ
မင်းအပေါ်မှာပါ
ချစ်သူ.....


Saturday, October 18, 2008

ပန်းနှင့် ရှိုက်သံ

ပင်ယံထက်မှာ စံတဲ့ပန်း
လေပြေတွေ ၀င်ကာရမ်းပြန်တော့
ပန်းဘ၀ ကာရန်မညီ
အလွမ်းမျှသာ လာပြန်သည်
သြော်...ဝေမလိုနှင့် ကြွေခဲ့သည်...

ကြွေကျလို့ မြေခပြန်တော့လည်း
လေပြေရယ် သူလေခွဲတာကြောင့်
ကြွေလာရာ လမ်းပျက်လို့
လှမ်းထွက်တာက တစ်နေရာဆီ....

မခွဲခါ အမြဲသာအတူလိုက်မယ်လို့
အားစိုက်ကာ ကြံရွယ်ပြန်လည်း
အံတုလို့ မဖက်ပြိုင်နိုင်
ငါဟာလေ
လေပြေကို မဆန်နိုင်သူပါလား.....

ကံကြမ္မာလေမုန်တိုင်းရယ်က
မညှာမတာ ၀င်ကာရိုင်းပြန်တော့
နှင်းဝေတဲ့ ဆောင်းမှာတောင်
ကောင်းကောင်းမအိပ်စက်နိုင်တာ
ငါပါ.....

ဘ၀နှစ်ခု ကျိုးပျက်
အချစ်တစ်ခု ကွဲအက်ချိန်
ရင်ခွင်မှာ တည်ထားတဲ့
ငါ့ ယုံကြည်ရာ အချစ်တရားက
ငိုငြီးသံ နားခံနိုင်အောင်
မသာယာဘူး.....

ပြယ်လွင့်တဲ့ ရင်ခုန်သံ
စည်းချက်မဲ့စွာ ကခုန်ပြန်တော့
စုစည်းတဲ့ စိတ်အာရုံမှာ
သိက္ခာလုံအောင် မထိန်းနိုင်ဘူး
ယိမ်းယိုင်တဲ့ ငါ့ဘဝ
အငိုလွယ်သလောက်
အရှိုက်ခက်ပါလား.....

Thursday, October 16, 2008

ကျွန်ုပ်နှင့် ဖြစ်သလိုစားသော နေ့ရက်များ

လောက၌ အသက်ရှင်ရပ်တည်ကာ လှုပ်ရှားရုန်းကန်နေရသော လူသားတို့အဖို့ အစားအသောက်သည် မရှိမဖြစ်လိုအပ်သော အာဟာရ လောင်စာဆီတစ်မျိုးပင်ဖြစ်လေသည်။ ထိုအဟာရလောင်စာဆီအား သင့်တင့်မျှတအောင် ဖြည့်ဆည်းစားသောက်မှသာလျှင် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသော လူသားတို့အဘို့ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်၍ အကြံဥာဏ်ကောင်းများလည်း တိုးပွားနိုင်ပေမည်။ ထို့အတွက် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်စေရန် ကျန်းမာရေးနှင့်ညီညွတ်မျှတစေရန် အစားအစာသည် လူသားတို့အတွက် မဖြစ်မနေ စားသုံးရပေမည်။

ကျွန်ုပ်သည်လည်း လူသားထဲက လူတစ်ယောက်ပင်ဖြစ်၍ နေ့စဉ်နှင့်အမျှ အဟာရအလို့ငှာ ထမင်း ၊ အသားငါး ၊ အသီးအရွက်နှင့် အခြားအဟာရဖြစ်စေမည့် အရာများကို စားသုံးနေရပေသည်။ သို့သော်ယခုအချိန်တွင်မူ ကျွန်ုပ်စားသုံးသော အစားအစာတို့သည် အဟာရဖြစ်သည်ဆိုရုံမျှသာ ဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ယောကျာ်းလေးတစ်ယောက်ဖြစ်သည့်အားလျော်စွာ အချက်အပြုတ်ဝါသနာမပါသူဖြစ်ရကား အမြန်ပြီးစေမည့် ဟင်းအမယ်မျိုးကိုသာ ရွေးချက်တတ်လေ၏။ ကျွန်ုပ်မှာ ထမင်းဟင်းကို အကောင်းကြီးမဟုတ်သော်ငြားလည်း အသင့်အတင့် ချက်ပြုတ်နိုင်ပါ၏ ။ သို့သော် အလုပ်မှမောမောပန်းပန်းပြန်လာပြီး စားဘို့ကို ပင်ပန်းစွာ ထပ်မံချက်ပြုတ်ရမည်ကို ပျင်းသောကြောင့် လည်းကောင်း ၊ ထိုသို့ချက်ပြုတ်နေပါက အဆာလွန်မည်ဆိုးသောကြောင့် လည်းကောင်း ပြီးစလွယ် ဟင်းများကိုသာ ချက်ပြုတ်လေ့ရှိ၏ ။ ထိုသို့ ချက်ပြုတ်ရာတွင် ကျွန်ုပ်၏ လက်စွဲတော် အချစ်ဆုံး ဇာတ်လိုက်မှာ ၀က်အူချောင်းနှင့် ကြက်ဥကြော်ပင်ဖြစ်လေသည်။ ထိုဟင်းအမယ်နှစ်မျိုးမှာ ချက်ပြုတ်ရန်လွယ်ကူခြင်း ၊ အချိန်ကုန်သက်သာခြင်းတို့ကြောင့် ဟင်းချက်ရန် အချိန်များစွာ မပေးလိုသော ကျွန်ုပ်အဘို့ အလွန်ပင်အဆင်ပြေလှပေ၏။ ရံဖန်ရံခါ အရည်ဟင်းလေးစားချင်သည့် အချိန်၌ ပဲဟင်းချက်တတ်သလို ကုန်းကြောင်းဟင်းချိုနှင့် ပြီးသောရက်များလည်းရှိခဲ့ပေသည်။ တစ်ခါတစ်ရံ၌လည်း အပြင်မှာပင် ၀ယ်စားလိုက်သည်လည်း ရှိလေ၏ ။

သို့သော်အပြင်၌ ရောင်းသောထမင်းဟင်းတို့မှာ ရောင်းတန်းဆိုင်ချက်သာ ဖြစ်သဖြင့် ပြောပလောက်အောင်စား၍ မကောင်းပါချေ။ ထို့အပြင် ကျွန်ုပ်တို့၏ မြန်မာပါးစပ်မှာ ချဉ်၊ငံ၊စပ်များကို နှစ်သက်တတ်ရကား အချိုချက်သော ရောင်းတန်းဆိုင်များမှာ ကျွန်ုပ်၏လျှာကို စွဲမက်ဖွယ်ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းငှာ မစွမ်းသာပေ။ သို့အတွက်ကြောင့်ပင် ကျွန်ုပ်မှာ အိမ်ထမင်း၊အိမ်ဟင်းကို လွန်စွာမှ တမ်းတမိလေ၏။ မနက်ပိုင်း မေမေဖျော်ပေးသော ကော်ဖီနှင့် ထမင်းကြော်ကို လွမ်း၏။ နေ့လည်ထမင်းစားချိန်တွင် ကျွန်ုပ်အတွက် ကျွန်ုပ်ကြိုက်တတ်သော ကောင်းနိုးရာရာလေးများကို စီမံပေးတတ်သည့် မေမေ့လက်ရာဟင်းအမယ်များကို လွမ်း၏ ။ ညပိုင်းတွင် မိသားစုဝိုင်းဖွဲ့စားသောက်ကြချိန်များကို တမ်းတမိ၏ ။ ညအချိန်တွင် ဖေဖေဖျော်ပေးသော ကော်ဖီကို သောက်ချင်သေး၏ ။ သို့သော် ယခုတွင်မူ ထိုအရာများအားလုံးအား ကျွန်ုပ်မရရှိနိုင်သည်ကို ကျွန်ုပ်ကောင်းစွာ သိလေသည်။ တစ်ခါတစ်ရံ၌ ကျွန်ုပ်၏ ညီမဖြစ်သူ Green Girl မှ အကိုဖြစ်သူအား ထမင်းစားဖိတ်တတ်လေ၏ ။ ထိုသို့သော နေ့မျိုးတွင်တော့ ကျွန်ုပ်အူစိုပါ၏ ။ ညီမလေးမှာ အချက်အပြုတ်ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် သူချက်ထားသော ထမင်းဟင်းကို စား၍ ရှေးဟောင်းနှောင်းဖြစ်များ ၊ လက်ရှိအခြေအနေများကို ပြောရင်း ထမင်းစားရသည်မှာ အလွန်တရာမှပင် ထမင်းမြိန်လေတော့၏ ။ ထိုသို့သော ရက်များမှ အပ ကျန်ရက်များသည် ကျွန်ုပ်၏ အချစ်တော် ၀က်အူချောင်းနှင့် ကြက်ဥကြော်သာ နှစ်ပါးသွားကကြလေတော့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့သည် ဘ၀များစွာထဲမှ ဘ၀တစ်ခုကိုဖြတ်သန်းနေရသော လူထဲက လူတစ်ယောက်ဖြစ်သည့် အလျောက် ကျွန်ုပ်တို့ မသေဆုံးခင်အချိန်ထိ ခန္ဓာလိုအပ်ချက် အဟာရများကို ဆက်လက်ဖြည့်တင်းနေရမည်သာ ဖြစ်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်



စာကြွင်း။ ။ ညီမလေး Green Girl ရေ ကျေနပ်တော့နော်။ အကိုဒီ့ထက်လည်း ဆက်မရေးတတ်တော့လို့ ဒီလောက်နဲ့ဘဲ ကျေနပ်တော့နော်။

Friday, October 10, 2008

ကျွန်ုပ်နှင့် ခန္ဓာချုပ်ရန် (၁၀)ရက်အလို

" လောက၌ ဖြစ်တည်သမျှသော သက်ရှိဟူသမျှတို့သည် သေဆုံးရန်အတွက်သာ မွေးဖွားလာကြ၏ ။ "

ရက်သတ္တပတ် တစ်ပတ်၏အဆုံးဟုခေါ်ဆိုနိုင်သလို အစဟုလည်း မည်တွင်နိုင်သည့် တနင်္ဂနွေတစ်ရက်၏ မနက်ခင်း၌ ကျွန်ုပ်သည် လန်းဆန်းစွာ အိပ်စက်ရာမှ နိုးထခဲ့လေသည်။ မျက်နှာသစ် သွားတိုက်အမှုကို ပြုလုပ်ပြီး၌ မနက်ပိုင်းမပျက်မကွက် ပြုလုပ်နေကြသော ဘုရားဝတ်ပြူခြင်းအမှုကို ကျွန်ုပ်သည် ဦးစွာပထမ ပြုလုပ်လေ၏။ ထိုဘုရားဝတ်ပြုခြင်းအမှုပြီးလတ်သော် ကျွန်ုပ်သည် မနက်စာအလို့ငှာ ပေါင်မုန့်မီးကင်ကာ ထောပတ်သုတ်၍ ကော်ဖီတစ်ခွက်ကို ဖျော်ကာ ကျွန်ုပ်၏ မနက်စာကို ၀မ်းမီးငြိမ်းအောင်ပြုလေ၏ ။ ထိုအခိုက်မှာပင် ကျွနုပ်၏ ဘေးခန်းကပ်လျက်နေသော အိမ်နီးချင်းများဖြစ်သကဲ့သို့ ကျွန်ုပ်၏ ခင်ရာဆွေမျိုးဟုဆိုအပ်သော ကျွန်ုပ်၏ မိတ်ဆွေ ကိုဒီပနှင့် မရတနာတို့ စုံတွဲမှာ ၀တ်ကောင်းစားလှများ ၀တ်ဆင်ကာ ကျွန်ုပ်၏ အိမ်ပေါ်သို့ တက်လာလေတော့၏ ။

ကျွန်ုပ် ။ ။ ဒီလင်မယားနှစ်ယောက်စောစောဆီးဆီး ၀တ်ကောင်းစားလှတွေဝတ်လို့ ဘယ်သွားမလို့လဲ။
ကိုဒီပ ။ ။ ကိုမိုးမြင့်ရေ အလှူတစ်ခုသွားစရာရှိလို့ပါ။ ပြီးရင် အလုပ်ကိစ္စတစ်ခု စကားပြောဘို့ ချိန်းထားလို့ မသွားမဖြစ်သွားရမယ်။ခက်တာက ဒီမနက်ပိုင်းကိုနောက်တစ်ယောက်နဲ့လည်း အလုပ်ကိစ္စပြောဘို့ ချိန်းထားသေးတယ်။ အလှူသွားရုံတင်ဆို ကိစ္စမရှိပါဘူး ကိုမိုးမြင့်ရယ်။ အခုက အလုပ်ကိစ္စလေးပါ ဆက်သွားရမှာဆိုတော့ နည်းနည်းနောက်ကျနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ ပြန်မရောက်ခင် ချိန်းထားတဲ့ လူများလာခဲ့ရင် ကိုမိုးမြင့် ခဏလေးစောင့်ခိုင်းထားပေးပါ။ ကျွန်တော်တို့ ပြီးပြီးခြင်းပြန်လာခဲ့ပါ့မယ်။ အိမ်လေးကိုလည်း တစေ့တစောင်းလေး ကြည့်ထားပေးပါဦး။
ကျွန်ုပ်။ ။မောင်ရင့်နှယ် တနင်္ဂနွေလေးတစ်ရက်တောင် မနားရပါလား။ မောင်ရင်တို့ ပွဲစားတွေ သိပ်လောဘကြီးတာကိုး။ သေရင်ကိုယ့်နောက်ပါမှာ မဟုတ်ဘူးနော်။
မရတနာ။ ။ဒါတော့ဒါပေါ့ ကိုမိုးမြင့်ရယ် သို့ပေမယ့် သမုဒ္ဒရာ ၀မ်းတထွာလို့ ဆိုထားတယ်မှလား။မသေခင်စားဘို့တော့ ရှာရဦးမယ်လေ။ နောက်ဆိုရင်လည်း ကိုယ့်မျိုးဆက်သစ်လေးတွေလည်း လာဦးမှာလေ။ဒီတော့ ခုရှိနိုင်တုန်း ရှာထားမှ။
ကျွန်ုပ်။ ။ဟုတ်ပါပြီ ပွဲစားလင်မယားရယ်။ ခင်ဗျားတို့ကိုတော့ ပြောလို့မနိုင်ပါဘူးဗျာ။
ကိုဒီပ။ ။ကိုမိုးမြင့်ရေ ကျွန်တော်တို့သွားလိုက်ဦးမယ်။ နောက်ကျနေမှာဆိုးလို့။ စောစောစီးစီး အလုပ်လာရှုပ်တာ အားနာပါတယ်ဗျာ။
ကျွန်ုပ် ။ ။ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲလေ။ ကိုယ့်မိတ်ဆွေတွေဘဲ ကူညီရတာပေါ့။ ဘာမှ အပန်းကြီးတာမှ မဟုတ်တာ။

ကျွန်ုပ်လည်း ပြောပြောဆိုဆိုနှင့်ထွက်သွားသော ကိုဒီပနှင့် မရတနာတို့ လင်မယားကို ကြည့်ကာ စီးပွားရှာရာ၌ တက်ညီလက်ညီနိုင်ပါပေ၏ ဟုတွေးတောမိလေသည်။ ကျွန်ုပ်မှာ တာဝန်ဖြင့် ဒီမြို့လေးသို့ပြောင်းလာပြီးနောက်ပိုင်း၌ ကိုဒီပတို့ လင်မယားမှာ ကျွန်ုပ်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့လေသည်။ ကျွန်ုပ်မှာ ထမင်းဟင်းကို ကောင်းစွာမချက်တတ်သဖြင့် စားရေးသောက်ရေး အခက်ခဲကို ဤလင်မယားမှ များစွာ အကူအညီပေးလေ၏။ထို့ကြောင့်ပင် ကျွန်ုပ်မှာ ဤလင်မယားကို များစွာကျေးဇူးတင်မိလေ၏။ကျွန်ုပ်မှာတစ်ကိုယ်ရေတကာရသမားဖြစ်သည့်အလျောက်အေးဆေးစွာနေလိုသဖြင့် ဤနှစ်ခန်းတွဲအိမ်လေးကို ငှားရမ်းမိသည်မှာပင် ကျွန်ုပ်အတွက် မိတ်ဆွေကောင်းများနှင့် တွေဆုံစေရန် ဖန်တီးပေးလိုက်ခြင်းပင်ဖြစ်လေ၏ ။

ကျွန်ုပ်လည်းထိုသို့တွေးတောရင်း ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ ကော်ဖီကို ဇိမ်ခံသောက်ရင်း ကျွန်ုပ်လွန်စွာ ကြိုက်နှစ်သက်လှသော London စီးကရက်ကို မီးညှိ ဖွာရှိုက်နေလေတော့၏ ။ ထို့နောက် အနည်းငယ်အိုက်စပ်စပ်ဖြစ်လာသဖြင့် ကျွန်ုပ်ရှေ့စားပွဲအောက်တွင် ရှိသော ယပ်တောင်ကို ယူကာ အသာခပ်နေလေမိတော့၏ ။ ထိုသို့ ခပ်နေရင်းမှ ယပ်တောင်တွင် ပုံနှိပ်ရိုက်နှိပ်ထားသော " ဧည့်သည် " ဆိုသော သံဝေဂ လကာင်္လေးထံ မျက်လုံးရောက်ရှိသွားပေလေတော့သည်။ထို့နောက် ကျွန်ုပ်လည်း ထိုလင်္ကာလေးအား နှုတ်မှအသံထွက်၍ ဖတ်လိုက်လေတော့၏ ။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထည်းတည်း ။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထည်းတည်း ။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ
ပြုံးရီမဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် သုတ်သုတ်စောလျှင်
ခရီးနှင်သည်
တို့လျှင် ဧည့်သည်ပါတကား ။

ထိုသို့ရွတ်ဆိုသံ အဆုံး၌ ကျွန်ုပ်၏ အကြားအာရုံသို့ ကိုဒီပတို့ အခန်းရှေ့မှ ကိုဒီပတို့ လင်မယားအားအော်ခေါ်နေသော အမျိုးသမီးတစ်ယောက်၏ ခေါ်သံမှာ တိုးဝင်လာလေ၏ ။

အမျိုးသမီး ။ ။ကိုဒီပ မရတနာ။ မရတနာ။ ဘယ်များသွားကြလဲမသိဘူး။
ကျွန်ုပ် ။ ။ဒီက အမက ကိုဒီပတို့ ဆီလာတာများလားခင်ဗျ။
အမျိုးသမီး ။ ။ဟုတ်ပါတယ်ရှင် ဒီက အကို ကိုဒီပတို့ ဘယ်များသွားသလဲ သိပါသလားရှင်။
ကျွန်ုပ် ။ ။အော် ကိုဒီပတို့ မရတနာတို့ အရေးတကြီး ကိစ္စလေးတစ်ခုရှိလို့ အပြင်ခဏ သွားပါတယ်။ ကျွန်တော့်ကို သူတို့မိတ်ဆွေ တစ်ယောက်လာရင် ခဏစောင့်ခိုင်းထားပေးဘို့ မှာထားပါတယ်။
အမျိုးသမီး ။ ။အော် ဟုတ်ပါတယ်ရှင် ကျွန်မက သူတို့နဲ့ ချိန်းထားလို့ပါ။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ပါ ဒါဆို ဒီက အမ ဒီမှာ ခဏထိုင်စောင့်ပါလားခင်ဗျာ။ သူတို့သွားတာ နည်းနည်းတော့ကြာသွားပါပြီ။ ပြန်လာကာနီးပါပြီ။
အမျိုးသမီး ။ ။ကျေးဇူးတင်ပါရှင် ကျွန်မက သူတို့နဲ့ အလုပ်ကိစ္စ ချိန်းထားလို့ ။
ကျွန်ုပ် ။ ။ရပါတယ် ခင်ဗျာ ဒီမှာ ထိုင်စောင့်လို့ ရပါတယ်။ပြောပြောဆိုဆိုနှင့် ကျွန်ုပ်လည်း ထိုအမျိုးသမီးထိုင်ရန် အလို့ငှာ ထိုင်ခုံတစ်လုံးကို ရွှေ့ပေးလိုက်လေ၏ ။ အနှီ အမျိုးသမီးသည်လည်း အိမ်ပေါ်သို့တက်လက်ကာ ထိုင်လေ၏ ။
အမျိုးသမီး ။ ။သူတို့သွားတာကြာပြီလားရှင့်။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ မနက်(၈)နာရီလောက်ကသွားတာပါ။ အခု(၁၀)နာရီ ထိုးပြီဆိုတော့ (နာရီကိုကြည့်လျက်) ပြန်လာခါနီးပါပြီ။
အမျိုးသမီး ။ ။အော် ဟုတ်ကဲ့ ကျွန်မ နာမည်က ရည်မွန်သန့်ပါ။ ဒီက အကိုနာမည်က???
ကျွန်ုပ် ။ ။အော် ဟုတ်ကဲ့ တွေရတာဝမ်းသာပါတယ်ဗျာ။ ကျွန်တော်က မိုးမြင့်တိမ်ပါ။
ရည်မွန်သန့် ။ဟုတ်ကဲ့ရှင် တွေ့ရတာ ၀မ်းသာပါတယ်။ ဒါနဲ့ စောစောက ကျွန်မလာတုန်း အကို " ဧည့်သည် " ဆိုတဲ့ လင်္ကာလေးရွတ်နေသံကြားတယ်။
ကျွန်ုပ် ။ ။ဟုတ်ပါတယ်ဗျာ။ တလောက ကျွန်တော့မိတ်ဆွေတစ်ယောက်ဆုံးတုန်းက လိုက်ပို့ရင်း သူ့မိသားစုက သူ့အတွက် ဓမ္မဒါန လုပ်တဲ့ ယပ်တောင်လေးမှာ ရိုက်ထားတာပါ။
ရည်မွန်သန့် ။ဟုတ်ကဲ့ ကျွန်မလည်း ဒီလင်္ကာလေးကို သိပါတယ်။ ဒီလင်္ကာလေးမှာ ဆုံးမထားတာလေးတွေက သိပ်မှန်ပါတယ်ရှင်။ နောက်ဆုံး သွားရမဲ့ ခရီးမှာ ကိုယ်နဲ့ အဖော်ဘယ်သူမှ ပါမှာမဟုတ်ဘူးလေ။
ကျွန်ုပ် ။ ။ဒါပေါ့ မရည်မွန်သန့်ရယ်။ လူတွေဟာ မွေးဖွားလာကတည်းက သေဆုံးဘို့ဘဲမှလား။ သေခြင်းတရားဆိုတာ ဒင်္ဂပြားတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါဘဲ။ ဆန့်ကျင်ဘက်ဖြစ်သလို တစ်ခုနဲ့ တစ်ခု အလွန်တရာမှလည်း နီးကပ်ကြတယ်လေ။ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ လို့ဆိုတယ်မှလား။
ရည်မွန်သန့် ။ဟုတ်ပါတယ်ရှင်။
ကျွန်ုပ် ။ ။အင်း လောကကြီးမှာ ကျွန်တော်တို့ နေဘို့အတွက် ပြင်ဆင်သလို သေဘို့အတွက်လည်း ပြင်ဆင်ထားဘို့လိုတယ်လေ။
ရည်မွန်သန့် ။ဒါပေါ့ရှင် အနေတတ်သလို အသေတတ်ဘို့လဲ လိုတာပေါ့။ ကိုမိုးမြင့်တိမ်ဆီက ဒီစကားကြားရတော့ ကျွန်မတစ်ခုလောက်မေးချင်တယ်။ စိတ်မရှိဘူးဆိုရင်ပေါ့ ။
ကျွန်ုပ် ။ ။မေးပါခင်ဗျာ မေးပါ။
ရည်မွန်သန့် ။အော်ဒီလိုပါ တကယ်လို့များပေါ့လေ ကိုမိုးမြင့်တိမ် အနေနဲ့ ကိုယ်သေရမယ့်ရက်ကို ကြိုသိနေမယ် ပြီးတော့လည်း အဲဒီရက်ရောက်ဘို့ (၁၀)ရက်ဘဲ လိုတော့တယ်ဆိုရင် ကိုမိုးမြင့်တိမ်အနေနဲ့ ဒီ(၁၀)ရက်ကို ဘယ်လိုအသုံးချမလဲလို့ပါ။
ကျွန်ုပ် ။ ။ဒါကတော့ ဒီလိုရှိတယ် မရည်မွန်သန့်ရဲ့။ ကိုယ်ဘယ်တော့သေမယ် ဘယ်အချိန်မှာသေမယ်ဆိုတာကို မြတ်စွာဘုရားရှင်နဲ့ ရဟန္တာတွေကလွဲပြီး ဘယ်သူမှ ကြိုတင်မသိနိုင်ဘူးလေ။
ရည်မွန်သန့် ။ဟုတ်ပါတယ်ရှင် ကျွန်မဆိုလိုတာက အကယ်၍များ သိခဲ့မယ်ဆိုရင်ပြောတာပါ။

ကျွန်ုပ်စဉ်းစားရပါပြီ။ လူတိုင်းလူတိုင်းတစ်နေ့နေ့တွင် သေဆုံးမည်ဆိုသည်ကို သိကြသော်လည်း ယခုကဲ့သို့ (၁၀)ရက်သာလိုတော့သည့် အချိန်တွင် မည်သည့်အရာကို လုပ်ဆောင်မည်ကိုမူ တစ်ခါမျှ စဉ်းစားမိလိမ့်မည်မဟုတ်ပေ။ သို့အတွက်ကြောင့်ပင် ယခုကျွန်ုပ်လည်း သေသေချာချာစဉ်းစားရပါပြီ။ အကယ်၍ သေဘို့ (၁၀)ရက်သာ ကျန်တော့သည့် အခါမည်သည်ကို လုပ်ဆောင်ပါမည်နည်း။ ကျွန်ုပ်စဉ်းစားရင်း၌ပင် ကျွန်ုပ်၏ဘ၀တွင် အလုပ်ချင်ဆုံးအရာ(၃)ခုရှိသည်ကို သတိရမိသည့်အလျောက် မရည်မွန်သန့် ၏အမေးကို မဆိုင်းမတွပင် ပြန်လည်အဖြေပေးလိုက်လေတော့၏ ။

ကျွန်ုပ် ။ ။ကျွန်တော်ကတော့ ဒီလိုစဉ်းစားထားတယ်။ တကယ်လို့များကျွန်တော်သေမယ့်ရက်ကို ကြိုသိမယ် အဲဒီ့ရက်ကလည်း (၁၀)ရက်ဘဲ လိုတော့တယ်လို့ ကျွန်တော်သိခဲ့ရင် ပထမဆုံးရက်မှာ ကျွန်တော့်ကျေးဇူးရှင် မိဘနှစ်ပါးဆီကို ကျွန်တော်ပြန်မယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိဘနှစ်ပါး အသွားချင်ဆုံးခရီးဖြစ်တဲ့ ဗုဒ္ဓဂါယာဘုရားဖူးသွားဘို့ ကျွန်တော်စီစဉ်မယ်။ ပြီးရင်တော့ ဒုတိယမြောက်နေ့မှာ အဲဒီခရီးသွားပြီး မြတ်စွာဘုရားရှင်ရဲ့ အနှိုင်းမဲ့ဂုဏ်ကျေးဇူးတော်နဲ့ မြတ်စွာဘုရားရှင် ရဲ့ အထုပ္ပုတ္တိတို့ ကိန်းဝပ်ရာ အဲဒီနေရာမှာ ကျွန်တော့်မိဘနှစ်ပါးနဲ့ အတူလှည့်လည်ဖူးမြော်ကြည်ညိုမယ်။ တတ်နိုင်သလောက်လှူမယ်ဗျာ။ ဒီလိုနဲ့ လေးရက်တာကာလကို ကျွန်တော်ကုန်ဆုံးမယ်။ ခြောက်ရက်မြောက်နေ့မှာတော့ ကျွန်တော့်ဘ၀မှာ ရှာဖွေဆုစောင်းထားသမျှ ဥစ္စပစ္စည်းတွေထဲက တစ်ပုံကို ကျွန်တော့်မိဘနှစ်ပါးအတွက် ကန်တော့မယ်။ တစ်ပုံကို ဆင်းရဲနွမ်းပါးတဲ့ ဘုန်းကြီကျောင်း၊ ၊ဆွံ့အနားမကြားကျောင်း ၊ မျက်မမြင်ကျောင်းနဲ့ ဘိုဘွားရိပ်သာတွေကို လှူမယ်ဗျာ။ကျန်တဲ့တစ်ပုံကတော့ စောစောက ဗုဒ္ဓဂါယာဘုရားဖူးသွားတဲ့နေရာမှာ သုံးမယ်လေ။ (၇) ရက်မြောက်နေ့မနက်မှာတော့ ကျွန်တော်စောစောထပြီးပွင့်လေပြီးခဲ့တဲ့ ဘုရားရှင်တွေဖြစ်တဲ့ ကကုသန်၊ ကောဏဂုံ ၊ကဿဖ ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူနဲ့ နောင်ပွင့်တောမူမယ့် အရိမေတ္တယျ မြတ်စွာဘုရားကို ရည်မှန်းလို့ ထိခြင်းကြီးငါးပါးနဲ့ ရိုသေစွာဖူးမြော်ကန်တော့ ပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းမယ်ဗျာ။ ပြီးရင်တော့ ကျွန်တော့်ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင် ဖေဖေနဲ့ မေမေကို ရိုသေစွာ ရှိခိုးကန်တော့ပြီး သာသနာ့ဘောင်ဝင်ခွင့်ပြုဘို့ ခွင့်တောင်းပြီးသာသနာ့ဘောင်ထဲဝင်မယ်ဗျာ။ပြီးတော့ ကျန်ရှိတဲ့ ရက်တွေကို ၀ိပဿနာအားထုတ်ရင်းနဲ့ဘဲ သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားတော့မယ်။ဒါကတော့ အကယ်၍ သေဘို့(၁၀)ရက်သာ ကျန်တော့မယ်ဆိုရင် ကျွန်တော်လုပ်ဘို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ပါဘဲဗျာ။
ရည်မွန်သန့် ။ကိုမိုးမြင့်တိမ်ရဲ့ အစီအစဉ်လေးကြားရတာ ကျွန်မ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်ရှင်။

ထိုအခိုက်မှာပင် ကိုဒီပနှင့် မရတနာတို့လည်း ပြန်ရောက်လာကြလေ၏ ။

ကျွန်ုပ် ။ ။ဟော ဟိုမှာ ကိုဒီပတို့ လင်မယား ပြန်လာပြီ မရည်မွန်သန့်ရေ။ မောင်ရင်ရေ ဒီမှာ မောင်ရင်တို့ ဧည့်သည်က မောင်ရင်တို့ကို စောင့်နေတာ။ နည်းနည်းတောင်ကြာသွားပြီ။
ကိုဒီပ ။ ။တောင်းပန်ပါတယ် မရည်မွန်ရယ်။ ကျွန်တော်တို့လည်း အရေးကြီးကိစ္စလေး ပေါ်လာလို့ပါ။ စောင့်နေရတာအားနာလိုက်တာဗျာ။
ရတနာ ။ ။ရည်မွန်ရယ် ဆောရီးနော်။ ရောက်နေတာ ကြာပြီလား။
ရည်မွန်သန့် ။ရပါတယ် ရတနာရယ်။ ဒီမှာ ကိုမိုးမြင့်တိမ်နဲ့ စကားကောင်းနေတာနဲ့ အချိန်သိပ်မကြာသလိုပါဘဲ။
ကိုဒီပ ။ ။ကိုမိုးမြင့်ရေ ကျေးဇူးပါဗျာ ကျွန်တော်တို့ဧည့်သည်ကို ဧည့်ခံပေးထားလို့။
ကျွန်ုပ် ။ ။ရပါတယ်ဗျာ မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးလို့ ဆိုစကားရှိတယ်မှလား။ ကိုယ့်ဆွေမျိုးတွေဘဲဗျာ ကူညီရမှာပေါ့။
ရည်မွန်သန့် ။ကိုမိုးမြင့်တိမ် ကျွန်မကို ခွင့်ပြုပါဦးရှင်။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ပါခင်ဗျာ။

ကျွန်ုပ်လည်း ကျွန်ုပ်အား နှုတ်ဆက်၍ ၎င်းတို့အိမ်ဘက်သို့ ကူးသွားသော ကိုဒီပတို့ လင်မယားနှင့် မရည်မွန်သန့်တို့ကို ကြည့်ကာ " ဧည့်သည် " ဆိုသော လင်္ကာလေးကို ဒုတိယအကြိမ်မြောက် ထပ်မံ၍ ဖတ်လိုက်လေတော့သတည်း ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်


( မဆုမွန်ရေ အမတက်ခ်ထားတာလေးကို ကျွန်တော် ရေးလိုက်ပြီနော် )

Tuesday, October 7, 2008

သိရင်ပြောကြပါ

မေတ္တာနဲ့ မော်ဒန်
ရင်မှာ ကာရန်ညီပါလျက်
တကယ်ဖွင့်ထုတ်မိတော့
ထွက်လာတာက
အနှစ်မရှိတဲ့ စကားလုံး.....
အပြုံးမရှိတဲ့ မျက်နှာ.....

ငါ့ ရင်အစုံ မေတ္တာဝတ်ရုံခြုံပါလျက်.....
ငါ့ စက္ခ္ခုနှစ်ကွင်း သစ္စာနဲ့ လင်းပါလျက်.....
အကြင်နာစကား ငါ့နားကကြားပါလျက်....
ရင်ခွင်မှာ အချစ်ပျောက်တာ
ဘာကြောင့်များလဲ?????????




စိတ်၏စေရာနာခံလေသော


မိုးမြင့်တိမ်

Sunday, October 5, 2008

အိပ်စက်ပါရစေ

အမှားကို ပြင်ရင်း
အမှန်ထဲကို မရောက်တဲ့...ငါ

အမှန်ကို ရှာဖွေရင်း
အမှားထဲက ရုန်းမထွက်နိုင်တဲ့...ငါ

မျှော်လင့်ချက် မဲ့တဲ့နေ့တွေ
ဖြတ်သန်းရတဲ့ အခါ...

ပန်းသီးတစ်လုံးကို ကိုက်စားပြီး
ပြန်လာတဲ့ ပိုးကောင်တစ်ကောင်ရဲ့
အိမ်ပြန်ခရီးမှာ.....

ညဉ့်ငှက်တစ်ကောင်လောက်တောင်မှ
ပြင်းရှရှ မအော်နိုင်တော့.....

ဘ၀ကို အမှောင်ပိတ်လို့
ဂျောင်(ချောင်)တစ်ဂျောင်မှာ
ငါအိပ်နေပါရစေတော့.....





စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကျွန်ုပ်နှင့် တခုတ်တရ ညတည

မိတ်ဆွေ...သင်သည် သင်နှင့်နီးကပ်စွာ ရှိနေသော်လည်း သင်(ဖုန်းကံ နိမ့်နေသော အချိန်မှ လွဲ၍ ) မမြင်နိုင် မတွေ့နိုင် မကြားနိုင်သော ပရလောက တစ်ခုသည် ကျွန်ုပ်တို့နှင့် နီးကပ်စွာ တည်ရှိနေသည်ကို သင်ယုံကြည်ပါ၏လော။ ကျွန်ုပ်အနေနှင့်မှာမူ ကျွန်ုပ်ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် မယုံကြည်ပါ ဟူ၍လည်း လှေနံဓါးထစ် ပြောဆို၍ မရနိုင်တော့ပေ။

ကျွန်ုပ်မှာ အင်ဂျင်နီယာ အလုပ်နှင့် အသက်မွေးသူဖြစ်ရကား ဆည်မြောင်းမှ ထွက်လာခဲ့ပြီးနောက်တွင် ရန်ကုန်မြို့ (၈)မိုင် လမ်းဆုံတွင်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု၌ ၀င်ရောက်လုပ်ကိုင်ခဲ့လေသည်။ ဆောက်လုပ်ရေးလုပ်ငန်း တို့၏ သဘောသဘာဝအတိုင်း အဆောက်အအုံ တစ်ခုဆောက်လုပ်ရာ၌ တည်ဆောက်ရေးလုပ်ငန်းသည်လည်း အရေးကြီးသကဲ့သို့ ထိုနည်းတူစွာ အဆောက်အဦး မဆောက်လုပ်မှီ ကြိုတင်ခန့်မှန်းတွက်ချက်ရသည့် Estimate ဟုခေါ်သည့် အနီးစပ်ဆုံးကုန်ကျမှု ခန့်မှန်းစာရင်းနှင့် Bill ဟုခေါ်တွင်သည့် အနီးစပ်ဆုံးကုန်ကျစရိတ်တန်ဘိုး တွက်ချက်ခြင်းသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လေသည်။ အဆောက်အဦးတစ်ခုဆောက်လုပ်ရာ၌ အရှုံးအမြတ်ဟူသည် ထိုEstimate နှင့် Bill ပေါ်တွင် များစွာမူတည်နေလေသည်။

ကျွန်ုပ်သည်လည်း ကျွန်ုပ်တို့ ကုမ္ပဏီ မှ ရရှိထားသော တန်(၂၀၀)ပျော့ဖတ်စက္ကူစက်ရုံစီမံကိန်းမှ Warehouses , Workshops နှင့်Chimneyအစရှိသောအဆောက်အဦးများ၏ Estimate များတွက်ချက်ခြင်း ၊ တွက်ချက်ပြီးသော Measurmentများအား ပြန်လည်စီစစ်ခြင်း ၊ ထိုMeausrment များအရ ကုန်ကျမည့် ပစ္စည်းပမာဏအား တွက်ထုတ်ခြင်း ၊ ရရှိလာသော အရေအတွက်များအား ဈေးနှုန်းများ ထည့်သွင်းခြင်းဖြင့် Finial Bill ရရှိအောင်တွက်ထုတ်ခြင်း စသည်တို့ဖြင့် စာရွက်ပုံတွေကြားတွင်သာ ခေါင်းမြုပ်နေလေတော့သည်။ ကျွန်ုပ်၏ဆရာ ဒါရိုက်တာသည်လည်း အစည်းအဝေးများ တက်ရောက်ရခြင်း၊ အဓိကကျသော ဈေးနှုန်းများကို ညှိနှိုင်းရခြင်း စသည့်ကိစ္စများဖြင့် မအားမလပ်နိုင်အောင်ရှိရကား ထို Estimate နှင့် Bill တွက်ချက်ခြင်းလုပ်ငန်းများအား မည်သို့မျှ ထိရောက်စွာ ကြီးကြပ်နိုင်ခြင်းငှာ မစွမ်းသာပေ။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်အား Estimate Section ၏ Incharge ရာထူးကို ပေးကာ ထိုတာဝန်များ အားလုံးအား ကျွန်ုပ်၏ ပခုံးပေါ်သို့သာ လုံးလုံးလျားလျား ကျရောက်စေလေတော့သည်။ ထို့အတွက်ကြောင့်ပင် ကျွန်ပ်သည်လည်း အနှီစာရွက်များနှင့်သာ နပန်းလုံး၍ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေရလေတော့၏။ ထိုအချိန်က Green Girl တို့ သူငယ်ချင်းသုံးယောက် ကုမ္ပဏီသို့ မရောက်ရှိသေးပေ။ အကယ်၍သာ၎င်းတို့ ရှိနေခဲ့ပါမူ ကျွန်ပ်အဘို့ ယခုလောက်ပင်ပန်းမည် မဟုတ်ကြောင်းကိုမူ ကျွန်ုပ်အနေနှင့် ၀န်ခံရပေလိမ့်မည်။ထိုသို့ အလုပ်များ များမြောင်၍ ရှုပ်ထွေးနေသော ကျွန်ုပ်၏ ထံသို့ ထင်မှတ်မထားသော ကြောက်ရွံ့ ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုသည် ရောက်ရှိလာခဲ့ပေတော့သည်။ ထိုအဖြစ်အပျက်၏ အစမှာကား.........

တစ်နေ့သ၌ ကျွန်ုပ်သည် လွန်စွာမှပင် လူကြပ်လှ၍ ယောကျာ်းနှင့် မိန်းမ တန်းတူ ယဉ်ဘောင်တန်းကာ တိုးဝှေ့၍ စီးနင်းရသော (၅၁) Air Con Bus ပေါ်မှ မြေနီကုန်း မှတ်တိုင်အရောက်တွင် အားအင်ကုန်သုံး၍ ဆင်းကာ ကျွန်ုပ်နေထိုင်ရာ အိမ်ဂေဟာသို့ စိတ်အေးလက်အေးဖြင့် လမ်းလျှောက်ပြန်လာခဲ့လေတော့၏။ ထိုသို့လျှောက်လာရင်းမှပင် ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်လှ၍ သွားလေရာနေရာတိုင်းလိုလို ပါတတ်သည့် London ဟုအမည်ရသော စီးကရက်ဘူးအတွင်းမှ စီးကရက် တစ်လိပ်ကို မီးညှိဖွာရှိုက်၍ နောက်တစ်နေ့တာ လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းကိစ္စများအား ဦးခေါင်းတွင်း၌ အစီအစဉ်ချ၍ လာခဲ့လေသည်။

တစ်နေရာ အရောက်တွင် " ဟေ့ကောင် မိုးမြင့် " ဟု မည်တွင်သမုတ် အကျွန်ုပ်၏ အမည်ကို ပီပီသသကြီး ခေါ်သံကြားရ၍ အသံလာရာဆီသို့ လှမ်းကြည့်မိရာ ဤဇာတ်လမ်းတွင် ကျွန်ုပ်နှင့် အတူတူပါဝင်ကြမည့်သူများဖြစ်သည့် ကျွန်ုပ်၏ ချစ်လှစွာသော သူငယ်ချင်းများဖြစ်ကြသည့် ကျော်ဇင်နှင့် ညီညီ ကို လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည် တစ်ယောက်တစ်ခွက်၊ ဆေးလိပ်တစ်ယောက်တစ်လိပ်ဖြင့် ဆက်ရက်မင်းစည်းစိမ်ခံနေသည်ကို တွေရလေသည်။ ကျွန်ုပ်လည်း ထိုသူငယ်ချင်းများထံသို့ သွားရောက်၍ ၎င်းတို့နှင့် အတူတကွထိုင်ကာ ရောက်တတ်ရာရာ စကားများကို ပြောဆိုမိလေတော့သည်။ ထိုသို့ ပြောဆိုရင်းနေရင်းမှ ကျွန်ုပ်သည် ၎င်းတို့ စောစီးစွာလက်ဘက်ရည်ဆိုင် ရောက်နေခြင်းအား မေးမြန်းရန်သတိရလိုက်မိသဖြင့် မေးမြန်းရန် စကားစလိုက်လေတော့သည်။

ကျွန်ုပ် ။ ။ နေပါဦးကွ မင်းတို့ကို မေးပါရစေဦး။ ဒီနေ့မင်းတို့ နှစ်ယောက်က ထူးထူးဆန်းဆန်း စောစောစီးစီး လက်ဘက်ရည်ဆိုင် ရောက်နေပါလား။ အရင်ဆို ညီညီဆိုင်သိမ်းမှ လာနေကြမှလား။
ကျော်ဇင်။ ။ အေးဟေ့ အရင်ကတော့ ဟုတ်တယ်။ ဒါပေမယ့် ဒီနေ့တော့ မဟုတ်ဘူး။ ဒီကောင် ဒီနေ့ လွတ်လပ်ရေးရနေတယ်။
ကျွန်ုပ် ။ ။ဟ တယ်ဟုတ်ပါလား ဆိုစမ်းပါဦး။ စိတ်ဝင်စားလာပြီ။
ညီညီ ။ ။ ဒီလိုကွ အခုငါတို့နေတဲ့ အိမ်ကို ဖျက်ပြီး ကန်ထရိုက်တိုက်ဆောက်မလို့။ အဲဒါ အားလုံး စာချုပ်ချုပ်ပြီး ပြောပြီးဆိုပြီးပြီကွ။
ကျွန်ုပ် ။ ။ အင်း အဲဒီတော့ ငါက Estimate တွက်ပေးရမယ်ပေါ့။ အလကားတော့ မရဘူးမောင်။ ရေတော့လောင်းရမယ်။ ဟဲ ဟဲ
ကျော်ဇင် ။ ။ ဟေ့ကောင် သောက်မြင်ကပ်အောင်လာမလုပ်နဲ့ ပြောတာကို ဆုံးအောင်နားထောင်။
ညီညီ ။ ။ ချည်းတဲမှဘဲ မင်းကို ဘယ်သူမှ မအပ်ဘူး။ ပြောတာကို နားထောင်ဦး။ အဲဒါ အခုနောက် ၃ရက်လောက်နေရင် အိမ်ကို စပြီးဖျက်တော့မယ်။ပစ္စည်းတွေအားလုံး မနေ့ကပြောင်းပြီးသွားပြီ။ ဒါပေမယ့် ကားဂိုဒေါင်က ပြောင်းထားဘို့ ငှားထားတာ မနက်ဖြန်မှ ရမယ်။ အဲဒါ ဒီနေ့တော့ ကားက ဒီမှာဘဲထားရမှာကွ။ ငါ့အိမ်က ဘယ်သူမှ မရှိဘဲ ကားထားရမှာ စိတ်မချလို့ ဒီည ငါ့ကို စောင့်အိပ်ခိုင်းတာ။ ငါတစ်ယောက်တည်း ပြင်းတာနဲ့ ကျော်ဇင်ကို အဖော်စပ်နေတာကွ။
ကျွန်ုပ် ။ ။ အော် ဒီလိုလား။ ဒါကြောင့်မို့ မင်းက စောစောစီးစီး လက်ဘက်ရည်ဆိုင်ထွက်ထိုင်လို့ ရတာပေါ့လေ။ အခုနေ မင်းကား ၀င်ခိုးသွားရင်တော့ မင်းအိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရမယ်။
ညီညီ ။ ။ ဟေ့ကောင် ဒီအချိန်ကြီး ဘယ်သူမှမခိုးဘူး။ အခုမှ ည၇နာရီဘဲ ရှိသေးတယ်။ လူတွေစည်တုံး။ မင်းလို သူခိုးမျိုးသာ ဒီအချိန်ခိုးမှာ။
ကျော်ဇင်။ ။ ကဲတော်ပါတော့ကွာ။ မိုးမြင့် မင်းပါလာအိပ်ပါလား။ မင်းပါရင် ပိုပျော်ဘို့ကောင်းမှာ။ ညကျရင် ငါတို့ ယမကာလေးမှီဝဲကြတာပေါ့။ ဘယ်လိုလဲ??
ညီညီ ။ ။ အေး ဟုတ်တယ်ကွ မင်းပါလာခဲ့ကွာ။
ကျွန်ုပ် ။ ။ လာတော့လာချင်ပါတယ်ကွာ။ ဒါပေမယ့် ငါက မနက်ကို အလုပ်သွားရမှာ ညအိပ်ရေးပျက်လို့ မဖြစ်ဘူးကွ။
ကျော်ဇင်။ ။ ဟာ ဟေ့ကောင် ငါတို့လည်းဘယ်သူမှ ညဉ့်နက်အောင်နေမှာမဟုတ်ဘူး။ လာခဲ့စမ်းပါကွာ။ မနက်ကြတော့ စောစောထပြီး မင်းအိမ်ပြန်ပေါ့ကွ။
ညီညီ ။ ။ အေးလေ မင်းကလဲ။ ငါတို့တွေလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မဆုံဖြစ်တာကြာပြီလေကွာ။
ကျွန်ုပ် ။ ။ အိုကေကွာ ငါလာခဲ့မယ် အခုတော့ အိမ်ပြန်လိုက်ဦးမယ်။ ရေချိုးပြီးတော့မှ ပြန်လာခဲ့မယ်။ နည်းနည်း ငြီးစီစီ ဖြစ်နေလို့ ရေချိုးလိုက်မှ လန်းသွားမှာ။
ကျော်ဇင်။ ။ မိုးမြင့် ထမင်းစားမလာနဲ့နော် စားပြီးသွားရင် သောက်နိုင်မှာ မဟုတ်ဘူး။
ကျွန်ုပ် ။ ။ အေးပါကွ မစားခဲ့ပါဘူး။

ကျွန်ုပ်လည်း သူငယ်ချင်းများနှင့် လမ်းခွဲကာ အိမ်သို့ ခပ်သွက်သွက်ပြန်လာခဲ့လေ၏။ အိမ်သို့ ပြန်ရောက်လတ်သော် ခဏနားကာ ရေမိုးချိုးပြီးနောက် ကျွန်ပ်၏ မွေးသမိခင်အား ညီညီတို့ အိမ်တွင် သူငယ်ချင်းများ စုအိပ်မည် ဖြစ်ကြောင်း ဘယ်မှသွားမည်မဟုတ်ကြောင်း ထိုအိမ်တွင်ပင် နေမည် ဖြစ်ကြောင်း မနက်စောစော ပြန်လာခဲ့မည်ဖြစ်ကြောင်း ကတိပေးကာ ညီညီတို့ အိမ်ရှိရာသို့ ထွက်ခဲ့လေတော့၏။ ကျွန်ုပ်နှင့် ညီညီတို့သည် တစ်ရပ်ကွက်ထဲနေကြသည်မှန်သော်လည်း အိမ်ချင်း အတန်ငယ်လှမ်းသည်ဖြစ်ရာ မိနစ်၂၀ လောက်လမ်းလျှောက်ရလေသည်။ ကျွန်ုပ်ထိုအိမ်သို့ ရောက်လတ်သော အိမ်ရှေ့တွင် ကျော်ဇင် အမှိုက်များကို မီးရှို့နေသည်ကို တွေ့ရလေ၏။ ညီညီ့ကိုမူကား မတွေ့ပေ။ ညီညီတို့အိမ်ကို အိမ်ရှေ့မှလှမ်းကြည့်ရင်း စိတ်ထဲတွင် တွန့်ကနဲ တစ်ချက်ဖြစ်သွားလေ၏။ ကန်ထရိုက်တိုက်များကြားတွင် တည်ရှိနေသော နှစ်ထပ်ပျဉ်ထောင်အိမ်မှာ လမ်းမမှ ကြည့်လျှင် ရုတ်တရက်မြင်အိမ်တွင်းသို့ မြင်နိုင်ရန် ခဲယဉ်းပေ၏။ အိမ်၌ထွန်းထားသော မီးချောင်းမှာလည်း အနည်းငယ်အားနည်သည်ဖြစ်ရာ မမှောင့်တမှောင်အလင်းနှင့် နှစ်ထပ်ပျဉ်ထောင်အိမ်ကိုကြည့်ကာ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားရလေ၏။ သို့သော် ကျွန်ုပ်၏ စိတ်အတွင်း၌သာ ထင်မြင်ယူဆသည်ဖြစ်သဖြင့် တကယ်လက်တွေ့ တွင်မူ မဖြစ်နိုင်ကြောင်းကို တွေးတောလျက် ထိုအတွေးများကို ပယ်ဖျောက်ကာ အိမ်ရှေ့တွင် အမှိုက်မီးရှို့နေသော ကျော်ဇင်ထံသို့ တန်းတန်းမတ်မတ် လှမ်းသွားမိလေတော့သည်။

ကျွန်ုပ် ။ ။ ဟေ့ကောင် မီးပုံပွဲ လုပ်နေတာလား။

ကျွန်ုပ်စကားကြောင့် အမှိုက်မီးရှို့နေသော ကျော်ဇင်လှည့်ကြည့်လေ၏။

ကျော်ဇင်။ ။ အေး မီးပုံပွဲတော့ မီးပုံပွဲဘဲ။ အမှိုက်တွေပုံပြီး မီးရှို့တဲ့ပွဲလေ။
ကျွန်ုပ် ။ ။ ဟေ့ကောင် ညီညီကော မမြင်ပါလား။ ဘယ်သွားလဲ။
ကျော်ဇင်။ ။ ရှိပါ့ဗျာ ကျေးဇူးရှင်က အပေါ်ထပ်မှာ ဖွန်ကြောင်နေလေရဲ့။
ကျွန်ုပ် ။ ။ ဟေ ဟုတ်လား ဒီကောင့် ကောင်မလေး ဒီအိမ်ရောက်နေလို့လား။ ညဘက်ကြီးကွာ မကောင်းပါဘူး။ ဒီကောင်ကလည်း စကားပြောရင် အိမ်ရှေ့မှာ ပြောပေါ့ကွာ။
ကျော်ဇင်။ ။ ဟာ ဟေ့ကောင် ထင်ရာမြင်ရာတွေ စွတ်ပြောမနေနဲ့။ ငါပြောတာက အပေါ်ထပ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် သူ့ကောင်မလေး အိမ်ရဲ့နောက်ဖေးပြတင်းပေါက်ကို မြင်ရတယ်ကွ။အေး သူတို့က ပြတင်းပေါက်ကနေ လက်ဟန်ခြေဟန်နဲ့ ပြောပြီး ကြူနေတာဟေ့။
ကျွန်ုပ် ။ ။ ဟ မနိပ်လိုက်တာကွာ။ ဘာမှလည်း မကြေားရဘဲ လက်ဟန်ခြေဟန်နဲ့ ဘဲပြောရသေးတယ်လို့။ ဖုန်းလေးဘာလေး ဆက်တယ်ဆိုရင်တော်သေး။ ဒါနဲ့သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်ပြောတာတွေကို ရောနားလည်လို့လား။
ကျော်ဇင် ။ ။ အေး အဲဒါတော့ ငါလည်းမသိဘူး။ နားလည်ရင်လည်းလည်မှာပေါ့ကွာ။ ထားလိုက်ပါကွာ အဲဒီဖွန်ကြောင်ကို။ မင်းနဲ့ငါနဲ့ အရက်သွားဝယ်ရအောင်။

ပြောပြောဆိုဆိုနှင့် ကျော်ဇင်က လောင်စာကုန်လု၍ မီးငြိမ်းကာနီးနေပြီ ဖြစ်သော မီးပုံကို ရေဖြင့်လောင်းကာ ငြိမ်းသတ်လိုက်လေ၏။ ထို့နောက် ကျွန်ုပ်တို့လည်း ဖွန်ကြောင်ညီညီကို ထားခဲ့ကာ အရက်နှင့် အမြည်းများဝယ်ရန် ထွက်လာခဲ့လေတော့သည်။အိမ်သို့ ပြန်ရောက်လတ်သော် အချိန်က ၉နာရီခွဲလုလုပင်ရှိနေချေပြီ။ ညီညီမှာမူ ဖွန်ကြောင်၍မပြီးနိုင်သေး။

ကျွန်ုပ် ။ ။ ဟေ့ကောင် ဖွန်ကြောင် မပြီးသေးဘူးလားကွ။ ငါတို့ မသွားခင်တည်းက ပြောနေတာ အခုငါတို့ ပြန်လာတာတောင်မပြီးသေးဘူး။ အေး ဘယ်လက်ကဘဲ စောင့်မယ်ဟေ့။
ကျော်ဇင် ။ ။ ထားလိုက်မိုးမြင့် အချိန်တန်ရင် သူ့ဘာသူဆင်းလာလိမ့်မယ်။ ငါတော့မစောင့်တော့ဘူး သောက်မယ်ကွာ။
ညီညီ ။ ။ ဟေ့ကောင်တွေ ငါဘို့လည်းချန်ဦးနော်။
ကျော်ဇင် ။ ။ အေး သောက်ချင်ရင် မြန်မြန်လာ။ ဒီမှာ ကြွက်တွင်းတွေချည်းဘဲ။

ဒီလိုနဲ့ နောက်(၁၅)မိနစ်လောက်နေတော့ ညီညီဆင်းလာပါတယ်။

ကျွန်ုပ် ။ ။ အော် ကိုယ်တော် ကြွချီတော်မူလာသေးတယ်နော်။ မင်းနှယ့်ကွာ အံ့ပါရဲ့ ဘာမှလည်း ကြားရတာမဟုတ် လက်ဟန်ခြေဟန်နဲ့ဘဲ ပြောနေရသေးတယ်။
ညီညီ ။ ။ အော် ဒါကတော့ ချစ်တာကိုး။
ကျွန်ုပ် ။ ။ တော်စမ်းပါကွာ မင်းအကြောင်းမသိတာမှတ်လို့။

ထိုသို့နှယ် ရောက်တတ်ရာရာများပြောဆိုကြရင်း ကျွန်ုပ်တို့သူငယ်ချင်း သုံးယောက်သား သောက်လိုက်စားလိုက်နှင့် ဇိမ်ကျနေကြတော့၏။ ဤသို့ဖြင့် ကျွန်ုပ်တို့လည်း တော်တော်များများသောက်ပြီးကြပြီဖြစ်ရာ လူများမှာလည်း ရီဝေေ၀ဖြင့် အာသွက်လျှာသွက် ပိုဖြစ်လာလေ၏။ ဤတွင် ညီညီက ဇာတ်လမ်းစပါလေတော့သည်။

ညီညီ ။ ။ မိုးမြင့် ဒီအချိန် သူရဲလာခြောက်ရင် ဘယ်လိုလုပ်မလဲ။ အိမ်က အားလုံးပြောင်းသွားပြီဆိုတော့ ဘုရားစင်လည်း မရှိတော့ဘူးကွ။ ဒီတော့ သူတို့ အချိန်မရွေးဝင်လာလို့ ရနိုင်တယ်။ မင်းကောဘယ်လိုထင်လဲ။

ကျွန်ုပ်မှာလည်း အရက်ရှိန်လေး တက်လာပြီ ဖြစ်ရာ ညီညီမေးသည်ကို မဆိုင်းမတွ ပင်ပြန်လည်၍ ဖြေဆိုလိုက်လေ၏။

ကျွန်ုပ် ။ ။ ခြောက်တော့ကော ဘာဖြစ်လဲ။ သရဲမ ချောချောလေး လာခြောက်ရင် ပိုတောင်ကောင်းသေးတယ်။ ဟုတ်တယ်မှလား ကျော်ဇင်။
ကျော်ဇင်။ ။ အေး ဟုတ်တယ်။ငါကတော့ မကြောက်ဘူး။ ဖွန်ကြောင် မင်းက ကြောက်လို့လား။
ညီညီ ။ ။ မကြောက်ပေါင်ဗျာ။ လာခြောက်ရင်ဘယ်လို နေမလဲလို့မေးကြည့်တာ။ ပြီးတော့ မင်းတို့ ၀ယ်လာတဲ့ အမြည်းကလည်း အမဲခြောက်ကျော်တွေလေ။ ဒါမျိုးတွေဆို သရဲတွေ သိပ်ကြိုက်တယ်လို့ ငါကြားဘူးတယ်။
ကျွန်ုပ်။ ။ ဟေ့ကောင် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ အချိန်ကိုလည်း ကြည့်ဦး။ သောက်စရာရှိတာသောက်။ ပြီးရင်အိပ်မယ်။ ငါက မနက်အလုပ်သွားရမှာ။

ထို့နောက် ကျွန်ုပ်တို့လည်း လက်ကျန်လေးများကို ဖြတ်ကာ အိပ်ရာသို့ ၀င်ရန်ပြင်ဆင်ကြလေတော့၏။ ကျွန်ုပ်လည်း ၀ိုင်းသိမ်းချိန်၌ လက်မှ နာရီကို ကြည့်မိရာ၁၂နာရီခွဲနေပြီ ဖြစ်လေ၏။

ကျွန်ုပ် ။ ။ ညီညီ ငါတို့က ဘယ်မှာ အိပ်ရမှာတုံး။
ညီညီ ။ ။ အပေါ်ထပ်မှာလေ။
ကျော်ဇင်။ ။ ဟေ့ကောင် ကားဂိုဒေါင်ကို သေချာစစ်ပြီးပြီလား။ သော့တွေကော ခတ်ပြီးပြီလား။
ညီညီ ။ ။ ညကျရင် ငါတို့ကသောက်မှာ ဆိုတော့ မသောက်ခင် အစောကြီးကတည်းက သေချာစစ်ပြီး ခတ်ပြီးပြီ။
ကျွန်ုပ် ။ ။ အေး ဒါဆိုလည်း ပြီးတာဘဲကွာ။ အိပ်ကျမယ်။
ကျော်ဇင် ။ ။ သရဲမလေးလာရင် ငါ့ဆီလွှတ်လိုက်နော် မိုးမြင့်။
ကျွန်ုပ် ။ ။ အေး မင်းဆီကိုတော့ ရုပ်ဆိုးဆိုး သရဲထီးဘဲ လွှတ်လိုက်မယ်။ ဟား ဟား ဟား ဟား။

ထို့နောက် ကျွန်ုပ်တို့လည်း အသီးသီး အိပ်ရာဝင်ခဲ့ကြလေသည်။ ကျွန်ုပ်လည်း သောက်ထားသော အရက်ရှိန်လေးကြောင့် ရီဝေေ၀နှင့် အိပ်ပျော်ကာနီးသော အချိန်တွင် ညီညီ့ဆီမှ စကားသံကို ကြားလိုက်ရလေသည်။

ညီညီ ။ ။ ဟေ့ကောင်တွေ အိပ်ပြီလား။ သေချာ နားထောင်စမ်း ဘာသံလဲ။
ကျွန်ုပ် ။ ။ ဟေ့ကောင် အိပ်ချင်နေပြီကွာ။ မင်းခြောက်လဲ မကြောက်ဘူး။ မနောက်နဲ့တော့။အိပ်တော့မယ်။
ကျော်ဇင် ။ ။ ဟေ့ကောင် မိုးမြင့် နောက်နေတာမဟုတ်ဘူးကွ။ ငါလည်းကြားတယ်။

ကျွန်ုပ်လည်း သူငယ်ချင်း နှစ်ယောက်ပြောစကားကြောင့် အိပ်ချင်နေသော မျက်လုံးကို ပြူးပြဲကာ အသံကို နားစွင့်မိလေသည်။ " ဂေါက် ဂလောက် ချပ် ချပ် ချပ် " အသံကား ကားဂိုဒေါင်ဆီမှ လာသော အသံမျိုးပေတည်း။ ကျွန်ုပ်လည်း ကျွန်ုပ်နားနှင့် ဆတ်ဆတ်ကြားလိုက်မှပင် ညီညီနှင့် ကျော်ဇင်မနောက်မှန်းသိလေတော့၏။

ကျွန်ုပ် ။ ။ ဟေ့ကောင် အသံက ဂိုဒေါင်ဘက်ကကွ။ သူခိုးကပ်ပြီနဲ့ တူတယ်။
ညီညီ ။ ။ ဖြစ်နိုင်တယ်ကွ။ ငါတို့သွားကြည့် ရအောင်။
ကျော်ဇင်။ ။ အေး သွားမယ်။ ဒီအတိုင်းသွားလို့တော့ မဖြစ်ဘူး။ လက်နက် တစ်ခုခု ယူသွားမှ ဖြစ်မယ်။ တော်ကြာ သူခိုးက လက်နက်ပါလာရင် ခက်မယ်။
ကျွန်ုပ် ။ ။ အေး ကောင်းတယ်။ ယူကွာ သွားမယ်။

သို့ဖြင့် ကျွန်ုပ်တို့လည်း နီးစပ်ရာ လက်နက်ကို ရှာဖွေရာ အနီးတွင် အသင့်တွေ့ရသော တစ်တောင် သာသာရှိသည့် တုတ်နှစ်ချောင်းကို လက်နက်အဖြစ် ယူဆောင်လိုက်လေ၏။ ညီညီကမူ အိမ်ပြောင်းစဉ်က ကျန်ရစ်ခဲ့သော လှံတံကို ယူ၍ ကျော်ဇင်ကမူ တံခါးခုသော အုတ်နီခဲ နှစ်လုံးကို ကိုင်ကာ အောက်ထပ်သို့ အသံမကြားစေရန် တိုးညှင်းစွာဆင်းလာလေတော့၏။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ အကယ်၍အသံတစ်စုံတစ်ရာကြားပါက သူခိုးသိရှိပြီး ထွက်ပြေးမည် ဆိုး၍ဖြစ်လေသည်။ သို့သော် ကျွန်ုပ်တို့ ဆင်းလာသည်ကိုကား သူခိုးသည်သိဟန်မတူပေ။ အဘယ်ကြောင့်ဆိုသော် စောစောကကြားရသော အသံတို့သည် တိတ်မသွားဘဲ ဆက်လက်ကြားနေရသဖြင့် ဖြစ်လေ၏။ သို့သော် ကျွန်ုပ်တို့ ကားဂိုဒေါင်နား ချဉ်းကပ်မိသည်နှင့် ထိုအသံတို့သည် လုံးဝရပ်တန့်သွားလေ၏။ ကျွန်ုပ်လည်း ဓါတ်မီးထိုးရန် ညီညီအားအချက်ပြ၍ ကျွန်ုပ်နှင့် ကျော်ဇင်က ဂိုဒေါင်တံခါးသော့ကို ဖွင့်ကာ ဂိုဒေါင်တွင်းသို့ ၀င်ရောက်လေတော့၏။ သို့သော် ကျွန်ုပ်တို့ ထင်မှတ်ထားသကဲ့သို့ သူခိုးအားတွေ့ရှိရခြင်းမရှိဘဲ တိတ်ဆိတ်၍ ခြေရာလက်ရာမပျက်သော ကားနှင့် ကားဂိုဒေါင်သာ တွေ့ရလေ၏။ ကျွန်ုပ်တို့လည်း သူခိုးထွက်ပြေးပြီအထင်ဖြင့် ကားဂိုဒေါင်နှင့် ကပ်လျက်ရှိသော လမ်းကြားသို့လိုက်လေ၏။ သို့သော် လမ်းကြားတွင်း၌လည်း မည်သည့် အရိပ်အယောင်မျှမတွေ့ ရသဖြင့် လက်လျှော့ကာ ပြန်လာခဲ့လေ၏။

ထို့နောက်တွင် ကျွန်ုပ်တို့လည်း ဂိုဒေါင်တွင်းသို့ တစ်ခေါက်ပြန်ဝင်ကာ ကားအားစစ်ဆေးကြလေသည်။ မည်သည့်ပျက်ဆီးမှုအရိပ်အယောင်မျှ မတွေ့ရသဖြင့် စိတ်ချကာ ဂိုဒေါင်တွင်းမှ ပြန်ထွက်ရန်ပြင်စဉ် ကျွန်ုပ်၏မျက်လုံးများမှာ ကားဂိုဒေါင်နှင့် အိမ်မကြီးစပ်ဆက်ထားသော တံခါးဆီသို့ ရောက်ရှိသွားလေ၏။ စောစောက ကြားရသောအသံမှာ သစ်သားနှင့် သံကြားတွင် ခလောက်သော အသံမျိုးဖြစ်ပေရာ ကျွန်ုပ်လည်း ပို၍သေချာစေရန်တံခါးနားသို့ သွားကြည့်မိလေသည်။ တံခါးမှာ အိမ်မကြီး၏အတွင်းဘက်မှ သစ်သားတံခါး ဖြစ်ပြီး ဂိုဒေါင်ဘက်မှ တံခါးမှာ သံဘာဂျာ တံခါးဖြစ်ပေ၏။ ထိုတံခါး နှစ်ခု၏ကြား၌ ဂိုဒေါင်အပြင်ဘက်တံခါးအားခတ်သော သော့နည်းတူ သော့ခလောက်အကြီးတစ်လုံး ခတ်၍ ထားလေ၏။ သို့သော် ကျွန်ုပ်တွေးထင်သလို ထိုတံခါးနှစ်ခုကြားသို့ လက်ဝင်၍ ခလောက်ရန်မှာ မဖြစ်နိုင်ပေ။ ပို၍သေချာစေရန် ကျွန်ုပ်၏လက်ကို သွင်း၍ ခလောက်ကြည့်ရာတွင် သော့ခလောက်အားကိုင်နိုင်သည် မှန်သော်လည်း ခလောက်ရန်မှာမူ လက်ညပ်နေသဖြင့် မဖြစ်နိုင်ပေ။ အားစိုက်၍ ကြိုးစားလှုပ်ကြည့်ရာ " ဂလောက် ချပ် " ဟူ၍သာ အသံထွက်လေသည်။တံခါးနား ရပ်၍ အလုပ်ရှုပ်နေသော ကျွန်ုပ်အား ညီညီမှ...

ညီညီ ။ ။ မိုးမြင့် တံခါးနားရပ်ပြီး ဘာလုပ်နေတာတုံး။ ငါဂိုဒေါင်တံခါး ပိတ်တော့မယ်။ လာခဲ့တော့။

အိပ်ခန်းအတွင်းသို့ ပြန်ရောက်လတ်သော် ကျွန်ုပ်မှ ညီညီအား

ကျွန်ုပ် ။ ။ ညီညီ မင်းတို့ ဂိုဒေါင်မှာ တံခါးနှစ်ခုရှိတယ်နော်။ တစ်ခုက ကားအသွင်းအထုတ်လုပ်တဲ့ ဂိုဒေါင်တံခါး။ တစ်ခုက အိမ်မကြီးနဲ့ ဆက်ထားတဲ့ တံခါးနော်။
ညီညီ ။ ။ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ။
ကျွန်ုပ် ။ ။ အဲဒီတံခါးမှာလည်း သော့ခတ်ထားတာတွေ့တယ်။ မင်းတို့ အဲဒီသော့ကို ခတ်တော့ ဘယ်လိုခတ်လဲ။ ကားဂိုဒေါင်ဘက်ကနေတော့ ခတ်ဖို့မလွယ်ဘူး။လက်ဝင်လို့ မရဘူး တံခါးနှစ်ခုကြားမှာ ညပ်နေတယ်။
ညီညီ ။ ။ အော် အေးဟုတ်တယ်။ အဲဒီသော့ကို ခတ်ရင် အိမ်ထဲကနေ အိမ်မကြီး တံခါးကို အရင်ဖွင့် ရတယ်။ ပြီးမှ သော့ခတ်ရတယ်။ ဒါပေမယ့် ဒီတံခါးက မဖွင့်သလောက်ကို ရှားတယ်။ ဘာလို့လဲ။
ကျွန်ုပ် ။ ။ နည်းနည်းထူးဆန်းနေသလားလို့။ စောစောက ငါတို့ကြားရတဲ့ အသံက တံခါးမကြီးနဲ့ သံတံခါးကြားခေါက်တဲ့ အသံမျိုး။ ဒါပေမယ့် စောစောက ငါခေါက်ကြည့်တော့ " ဂေါက် ချပ် " လို့ဘဲမည်တယ်။ ဒါတောင် တော်တော် အားစိုက်ခေါက်ရတာ။ စောစောက ကြားတဲ့ အသံက သစ်သားသံ တစ်သံဘဲ ကြားတယ် ကျန်တာက သံတံခါးကို ထိတဲ့ အသံကွ။ ဘယ်လိုဘဲဖြစ်ဖြစ် သစ်သားကော သံကော ထိရမယ်ကွာ။
ကျော်ဇင် ။ ။ အာ ဒီတံခါးကို လာခေါက်တာပါလို့ မင်းကို ဘယ်သူပြောလဲ။ သူ့ဘာသာ မြည်ချင်သလို မြည်မှာပေါ့။
ကျွန်ုပ် ။ ။ မဟုတ်သေးဘူးကွ အသံက အဲဒီကလာတာ။
ညီညီ ။ ။ ကဲပါကွာ ငြင်းမနေနဲ့တော့ စိတ်ထင်လို့ လို့ဘဲ သဘောထားလိုက်။ အိပ်ကြမယ်။

ထိုသို့ပြောနေစဉ်မှာပင် " ချပ် ချပ် ချပ် ချပ် " ဟူသော အသံကို သုံးယောက်စလုံးပီပီသသကြားလိုက်ရပြန်သည်။ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အောက်ထပ်သို့ ဒရောသောပါး ပြေးဆင်းကြလေတော့၏။ သို့သော် ကျွန်ုပ်တို့ အောက်သို့ရောက်သည့် ခဏ၌ပင် ယင်းအသံသည်လည်းပျောက်ကွယ်သွားလေ၏။ လူသူအရိပ်အယောင်ဟူ၍လည်း တစိုးတစိမျှ မတွေ့ရပေ။ အချိန်သည်လည်း ည၁နာရီခွဲပင် ကျော်နေလေပြီ။သုံးယောက်စလုံး၏စိတ်တွင် ကြောက်ရွံစိတ်အနည်းငယ် ကိန်းအောင်းလာပြီဖြစ်လေသည်။ထိုမှတစ်ဖန် တတိယမြောက်ကြားရချိန်တွင်မူ သုံးယောက်သား လူမဖြစ်နိုင်တော့ ဟုမှတ်ချက်ချလေတော့၏။ သို့ဆိုပါမှာ သရဲပင်လော။ ဝေခွဲ၍မရနိုင်ပေ ဖြစ်လေ၏။

ကျွန်ုပ် ။ ။ ဟုတ်တော့မဟုတ်တော့ဘူးကွ။ ပထမ တုန်းက သစ်သားသံပါသေးတယ်။ အခုဟာက သံဘာဂျာတံခါးသံဘဲနော်။ ဘယ်လိုမှ သံကို ခေါက်သံ မြည်အောင်မခေါက်နိုင်ဘူးကွ။
ညီညီ ။ ။ ဟေ့ကောင်မိုးမြင့် သရဲခြောက်တာများလား။
ကျော်ဇင်။ ။ အေး ငါလည်း အဲဒါစဉ်းစားနေတာ။ ကဲဒီတစ်ခါမြည်ရင် ငါတို့အောက်မှာဆင်းစောင့်မယ်ကွာ။ ဘယ်လိုလဲ။
ကျွန်ုပ် ။ ။ လုပ်ကွာ ငါလည်း ကွဲကွဲပြားပြားသိချင်တယ်။ ညီညီ ဘယ်လိုလဲ။
ညီညီ ။ ။ တူတယ်ကွာ။

ထိုအချိန်မှာပင် စတုတ္ထမြောက်မြည်သံကို ကြားရလေ၏။ ကျွန်ုပ်တို့်လည်း ကြောက်စိတ်ဝင်နေကြပြီဖြစ်သော်လည်း သုံးယောက်မို့ အားတင်းကာ အောက်သို့ဆင်းလာခဲ့လေ၏။ ထို့နောက် သုံးယောက်သား အောက်ထပ်၌ ဖိုခလောက်ဆိုင်ထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြလေသည်။ လက်ထဲ၌လည်း လက်နက်ကိုယ်စီကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေ၏။ ထိုအချိန်မျိုးတွင် တကယ့်သူခိုးတစ်ယောက်ကို တွေ့မည်ဆိုပါက ထိုသူခိုး စိစိညက်ညက် ကြေသွားနိုင်ပေသည်။

ကျွန်ုပ်တို့လည်း ၁၅မိနစ်ခန့် ကြာအောင်ထိုင်စောင့်သော်လည်း နောက်ထပ်မည်သည့် အသံကိုမှ မကြားရတော့ပေ။ ကျွန်ုပ်တို့ ထိုင်စောင့်နေ၍လော သို့တည်းမဟုတ် မရှိတော့၍ပေလော ဝေခွဲ၍မရနိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ဟင်းချကာ အိပ်စက်ရန်အတွက် အသီးသီး အပေါ်ထပ်သို့ တက်ခဲ့လေတော့သည်။ ထိုသို့တက်ရာ၌ ကျွန်ုပ်မှာ နောက်ဆုံးမှ တက်သူ ဖြစ်လေသည်။ ကျွန်ုပ်လည်း လှေကားပေါ်သို့ တက်ရာ၌ လက်ထဲရှိ တုတ်နှစ်ချောင်းဖြင့် လှေကားလက်ရန်းကို ခေါက်၍ တက်လာခဲ့လေ၏။ ထို့နောက်အခန်းတွင်းသို့ ၀င်ကာ သုံးယောက်သား အိပ်ရာပေါ် လှဲမိချိန်၌ စောစောက ကျွန်ုပ်ခေါက်သကဲ့သို့ပင် လှေကားလက်ရန်းသို့ ခေါက်၍ တက်လာသံကိုပီပီသသကြီး ကြားရလေတော့၏။

ကျွန်ုပ်တို့သုံးယောက်သာ ရှိသောဤအိမ်ထဲတွင် မည်သူက ကျွန်ုပ်ကဲ့သို့ လှေကားကို ခေါက်၍တက်လာပါသနည်း။ ကျွန်ုပ်တို့ သုံးယောက်လုံးသည်လည်းအိပ်ရာထက်တွင်ရှိနေလေ၏။ ကျွန်ုပ်ခေါက်ခဲ့သော အနှီတုတ်သည်လည်း ကျွန်ုပ်၏ အိပ်ရာနံဘေးတွင် ရှိနေပါ၏။ သို့ဆိုပါမူ မည်သူသည် ကျွန်ုပ်ကဲ့သို့ ခေါက်၍တက်လာပါသနည်း။ ကျွန်ုပ်တို့ သုံးယောက်သားသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သုံးယောက်သား ပူးကပ်၍စောင်ကို ခေါင်းမြီးခြုံကာ တုတ်တုတ်မျှပင်မလှုပ်ရဲတော့ပါချေ။ မည်သည့်အချိန်တွင် စောင်ကို လာလှန်မည်နည်းဟု တထိတ်ထိတ်ဖြင့် ကြောက်ရွံ့နေခဲ့လေတော့သည်။

အချိန်တွေမည်မျှကြာသွားလေသည် မသိ အလင်းရောင်ဝိုးတ၀ါး ၀င်လာ၍ ပဲပြုတ်သည်အော်သံကြားမှပင် အိပ်ရာထက်မှ ထရဲလေတော့၏။ ကျွန်ုပ်မှာလည်း အလုပ်သွားရန်ရှိနေသဖြင့် အိမ်သို့ပြန်ရချေတော့မည်။ ထို့အတွက်ကြောင့်ပင် မရဲသော်လည်း ပြေးခဲစေဆိုသည့် အတိုင်း အရဲစွန့်၍ အိမ်သို့ပြန်ခဲလေတော့၏။ ကျွန်ုပ်၏
သူငယ်ချင်းနှစ်ယောက်သည်လည်း အိမ်ထဲတွင် မနေရဲတော့သည်ဖြစ်သဖြင့် ပဲပြုတ်သည်အား ခေါ်ကာ ပဲပြုတ်ဝယ်အပြီး၌ အိမ်ပေါက်ဝမှာပင် ထိုင်၍နေလေတော့၏။ ကျွန်ုပ်သည်လည်း ကြောက်ကြောက်နှင့် အိမ်သို့သုတ်သုတ်ပြန်ခဲ့လေရာ အိမ်ပြန်ရောက်မှပင် သက်ပြင်းချနိုင်လေတော့၏။

ယခုတွင်မူ ထိုအိမ်သည်လည်း ကန်ထရိုက်တိုက်အဖြစ်သို့ ရောက်ရှိပြီးဖြစ်သကဲ့သို့ ကျွန်ုပ်သည်လည်းကောင်း ကျွန်ုပ်၏သူငယ်ချင်းများသည်လည်းကောင်း တစ်ယောက်နှင့် တစ်ယောက် လွန်စွာဝေးကွာသော အရပ်၌ ရောက်ရှိနေကြပြီဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်အတွက်၌မူကား ထိုထိတ်လန့်ဖွယ်ကြုံဆုံခဲ့ရသည့်
ညတစ်ညသည်လည်းကောင်း ကျွန်ုပ်၏သူငယ်ချင်းများသည်လည်းကောင်း အမြဲတမ်း တခုတ်တရ ရှိနေတော့မည်သာဖြစ်ပေသည်။



စာကြွင်း။ ။ အထက်၌ဖော်ပြခဲ့သော အကြောင်းအရာတို့သည် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ၍ စာဖတ်သူမိတ်ဆွေများ ဖတ်၍အဆင်ပြေ ချောမွေ့မှုရှိစေရန် ၀ထ္တုတို တစ်ပုဒ်အနေဖြစ်အောင် တတ်သလောက်မှတ်သလောက်လေးနှင့် အတတ်နိုင်ဆုံးကြိုးစားကာ ဖော်ပြခဲ့ခြင်းဖြစ်သည့် အလျောက် စာဖတ်သူမိတ်ဆွေများအနေနှင့် ပျင်းရိဘွယ်ဖြစ်ခဲ့လျှင်သော်လည်းကောင်း ၊ စိတ်ညစ်ညူးဖွယ်ရာဖြစ်ခဲ့လျှင်သော်လည်းကောင်း ၊ စာဖတ်သူမိတ်ဆွေများအား မည်သည့်ရသကိုမှ ပေးစွမ်းနိုင်ခြင်းမရှိလျှင်သော်လည်းကောင်း ၀ါသနာရှင်လူရွယ်တစ်ယောက်၏ စိတ်၏စေစားရာနောက်သို့ အတတ်နိုင်ဆုံး ကြိုးစားထားသော ၀ထ္တုတိုတစ်ပုဒ်အနေနှင့်သာ ရှုမြင်၍ သည်းခံခွှင့်လွှတ်ကာ ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ မည်သို့သောအကြောင်းကြောင့်ပင်ဖြစ်စေကာမူ ကျွန်ုပ်စိတ်၏စေစားရာအတိုင်း ဖန်တီးထားသော ဤဘလောခ့်လေးနှင့် ဘလောခ့်လေးထဲမှစာများကို လာရောက်လည်ပတ်ဖတ်ရှုကြသော ကျွန်ုပ်၏ စာချစ်သူ စာဖတ်သူ မိတ်ဆွေများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကာ အမြဲတမ်း တခုတ်တရ ( အမှတ်တရ ) ရှိနေမည်သာ ဖြစ်ပေတော့သတည်း။




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Template by - Abdul Munir