Thursday, October 16, 2008

ကျွန်ုပ်နှင့် ဖြစ်သလိုစားသော နေ့ရက်များ

လောက၌ အသက်ရှင်ရပ်တည်ကာ လှုပ်ရှားရုန်းကန်နေရသော လူသားတို့အဖို့ အစားအသောက်သည် မရှိမဖြစ်လိုအပ်သော အာဟာရ လောင်စာဆီတစ်မျိုးပင်ဖြစ်လေသည်။ ထိုအဟာရလောင်စာဆီအား သင့်တင့်မျှတအောင် ဖြည့်ဆည်းစားသောက်မှသာလျှင် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသော လူသားတို့အဘို့ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်၍ အကြံဥာဏ်ကောင်းများလည်း တိုးပွားနိုင်ပေမည်။ ထို့အတွက် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်စေရန် ကျန်းမာရေးနှင့်ညီညွတ်မျှတစေရန် အစားအစာသည် လူသားတို့အတွက် မဖြစ်မနေ စားသုံးရပေမည်။

ကျွန်ုပ်သည်လည်း လူသားထဲက လူတစ်ယောက်ပင်ဖြစ်၍ နေ့စဉ်နှင့်အမျှ အဟာရအလို့ငှာ ထမင်း ၊ အသားငါး ၊ အသီးအရွက်နှင့် အခြားအဟာရဖြစ်စေမည့် အရာများကို စားသုံးနေရပေသည်။ သို့သော်ယခုအချိန်တွင်မူ ကျွန်ုပ်စားသုံးသော အစားအစာတို့သည် အဟာရဖြစ်သည်ဆိုရုံမျှသာ ဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ယောကျာ်းလေးတစ်ယောက်ဖြစ်သည့်အားလျော်စွာ အချက်အပြုတ်ဝါသနာမပါသူဖြစ်ရကား အမြန်ပြီးစေမည့် ဟင်းအမယ်မျိုးကိုသာ ရွေးချက်တတ်လေ၏။ ကျွန်ုပ်မှာ ထမင်းဟင်းကို အကောင်းကြီးမဟုတ်သော်ငြားလည်း အသင့်အတင့် ချက်ပြုတ်နိုင်ပါ၏ ။ သို့သော် အလုပ်မှမောမောပန်းပန်းပြန်လာပြီး စားဘို့ကို ပင်ပန်းစွာ ထပ်မံချက်ပြုတ်ရမည်ကို ပျင်းသောကြောင့် လည်းကောင်း ၊ ထိုသို့ချက်ပြုတ်နေပါက အဆာလွန်မည်ဆိုးသောကြောင့် လည်းကောင်း ပြီးစလွယ် ဟင်းများကိုသာ ချက်ပြုတ်လေ့ရှိ၏ ။ ထိုသို့ ချက်ပြုတ်ရာတွင် ကျွန်ုပ်၏ လက်စွဲတော် အချစ်ဆုံး ဇာတ်လိုက်မှာ ၀က်အူချောင်းနှင့် ကြက်ဥကြော်ပင်ဖြစ်လေသည်။ ထိုဟင်းအမယ်နှစ်မျိုးမှာ ချက်ပြုတ်ရန်လွယ်ကူခြင်း ၊ အချိန်ကုန်သက်သာခြင်းတို့ကြောင့် ဟင်းချက်ရန် အချိန်များစွာ မပေးလိုသော ကျွန်ုပ်အဘို့ အလွန်ပင်အဆင်ပြေလှပေ၏။ ရံဖန်ရံခါ အရည်ဟင်းလေးစားချင်သည့် အချိန်၌ ပဲဟင်းချက်တတ်သလို ကုန်းကြောင်းဟင်းချိုနှင့် ပြီးသောရက်များလည်းရှိခဲ့ပေသည်။ တစ်ခါတစ်ရံ၌လည်း အပြင်မှာပင် ၀ယ်စားလိုက်သည်လည်း ရှိလေ၏ ။

သို့သော်အပြင်၌ ရောင်းသောထမင်းဟင်းတို့မှာ ရောင်းတန်းဆိုင်ချက်သာ ဖြစ်သဖြင့် ပြောပလောက်အောင်စား၍ မကောင်းပါချေ။ ထို့အပြင် ကျွန်ုပ်တို့၏ မြန်မာပါးစပ်မှာ ချဉ်၊ငံ၊စပ်များကို နှစ်သက်တတ်ရကား အချိုချက်သော ရောင်းတန်းဆိုင်များမှာ ကျွန်ုပ်၏လျှာကို စွဲမက်ဖွယ်ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းငှာ မစွမ်းသာပေ။ သို့အတွက်ကြောင့်ပင် ကျွန်ုပ်မှာ အိမ်ထမင်း၊အိမ်ဟင်းကို လွန်စွာမှ တမ်းတမိလေ၏။ မနက်ပိုင်း မေမေဖျော်ပေးသော ကော်ဖီနှင့် ထမင်းကြော်ကို လွမ်း၏။ နေ့လည်ထမင်းစားချိန်တွင် ကျွန်ုပ်အတွက် ကျွန်ုပ်ကြိုက်တတ်သော ကောင်းနိုးရာရာလေးများကို စီမံပေးတတ်သည့် မေမေ့လက်ရာဟင်းအမယ်များကို လွမ်း၏ ။ ညပိုင်းတွင် မိသားစုဝိုင်းဖွဲ့စားသောက်ကြချိန်များကို တမ်းတမိ၏ ။ ညအချိန်တွင် ဖေဖေဖျော်ပေးသော ကော်ဖီကို သောက်ချင်သေး၏ ။ သို့သော် ယခုတွင်မူ ထိုအရာများအားလုံးအား ကျွန်ုပ်မရရှိနိုင်သည်ကို ကျွန်ုပ်ကောင်းစွာ သိလေသည်။ တစ်ခါတစ်ရံ၌ ကျွန်ုပ်၏ ညီမဖြစ်သူ Green Girl မှ အကိုဖြစ်သူအား ထမင်းစားဖိတ်တတ်လေ၏ ။ ထိုသို့သော နေ့မျိုးတွင်တော့ ကျွန်ုပ်အူစိုပါ၏ ။ ညီမလေးမှာ အချက်အပြုတ်ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် သူချက်ထားသော ထမင်းဟင်းကို စား၍ ရှေးဟောင်းနှောင်းဖြစ်များ ၊ လက်ရှိအခြေအနေများကို ပြောရင်း ထမင်းစားရသည်မှာ အလွန်တရာမှပင် ထမင်းမြိန်လေတော့၏ ။ ထိုသို့သော ရက်များမှ အပ ကျန်ရက်များသည် ကျွန်ုပ်၏ အချစ်တော် ၀က်အူချောင်းနှင့် ကြက်ဥကြော်သာ နှစ်ပါးသွားကကြလေတော့သည်။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့သည် ဘ၀များစွာထဲမှ ဘ၀တစ်ခုကိုဖြတ်သန်းနေရသော လူထဲက လူတစ်ယောက်ဖြစ်သည့် အလျောက် ကျွန်ုပ်တို့ မသေဆုံးခင်အချိန်ထိ ခန္ဓာလိုအပ်ချက် အဟာရများကို ဆက်လက်ဖြည့်တင်းနေရမည်သာ ဖြစ်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်



စာကြွင်း။ ။ ညီမလေး Green Girl ရေ ကျေနပ်တော့နော်။ အကိုဒီ့ထက်လည်း ဆက်မရေးတတ်တော့လို့ ဒီလောက်နဲ့ဘဲ ကျေနပ်တော့နော်။

6 comments:

GreenGirl said...

ကျေးဇူးအများကြီး တင်ပါ၏။
"ကျွန်ုပ်၏ ညီမဖြစ်သူ Green Girl မှ အကိုဖြစ်သူအား ထမင်းစားဖိတ်တတ်လေ၏ ။ ထိုသို့သော နေ့မျိုးတွင်တော့ ကျွန်ုပ်အူစိုပါ၏ ။ ညီမလေးမှာ အချက်အပြုတ်ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် သူချက်ထားသော ထမင်းဟင်းကို စား၍ ရှေးဟောင်းနှောင်းဖြစ်များ ၊ လက်ရှိအခြေအနေများကို ပြောရင်း ထမင်းစားရသည်မှာ အလွန်တရာမှပင် ထမင်းမြိန်လေတော့၏ ။"
ဟီးဟီး စိတ်ချ နောက်လည်း ဖိတ်ကျွေးဦးမယ်နော် :P

မဆုမွန် said...

ကုန်းကြောင်းဟင်းချိုဆိုတာ ဘာလဲဟင် ဒီလိုညီမလေးမျိုးနဲ့ အတူနေရတာ ကံကောင်းတယ်နော် အစ်မလည်း အဲ့ဒီလိုပဲ အလုပ်က အသံပြန်နားထောင် စစ်ပြီးတာနဲ့  အားလုံးပြီးရင် ည၈နာ၇ီပဲ အိမ်ပြန်ချိန်တွေဆို မချက်ချင်တော့ဘူး အပြင်စာတွေလည်း ကြာတော့ ငြီးလာတယ်လေ အတူစုနေတဲ့ အစ်မတွေက မွန်တွေဆိုတော့ ဟင်းချက်သိပ်ကောင်းတယ် အစ်မလဲ ညာတာပါတေးနဲ့ မမ မမနဲ့ ကပ်စားတာပဲ သူတို့ ကလဲ ကိုယ့်အတွက် အမြဲ ဖွယ်ဖွယ်ရာရာ လေးတွေ ချက်ပေးတယ် အသုတ်တွေ ဟင်းချိဲုတွေဆို သိပ်စားကောင်းတယ် နောက် ကိုယ်နောက်ကျရင်လည်း အမြဲ ထိုင်စောင့်ပြီး ဖုန်းတဂွမ်ဂွမ်နဲ့ စိတ်ပူသေးတယ် ဘာပဲပြောပြော မိဝေးဘဝေးနေတဲ့အချိန် အဲ့လို ညီမလေး green လို အစ်မရဲ့ မမတွေလို ရင်းတဲ့ သွေးသောက်မိတ်တွေမျိုးတွေရထားတာ ကံတကယ်ကောင်းတယ်နော်

ရွှန်းမီ said...

မ greengirl ဟင်းချက်ကောင်းတာ သိလိုက်ပြီ =) ..
ဒီအစ်ကိုတိမ်က ဒီလို ဒကာခံမယ့်သူတွေ ရှိတာ သိပ်ကံကောင်းတာပဲ။
"ဇာတ်လိုက်ကျော် ၀က်အူချောင်းနဲ့ ကြက်ဥ".. =) ဟုတ်တယ်.. တကယ်ကို ပွဲတိုင်းကျော်ပါပဲ.. သူတို့ချင်း တွဲလည်း လိုက်တယ်။

khin oo may said...

Greengril ပဲဟင်းချိုတွေ အားလုံး သောက် သွားတယ် ဆို။

ပန်းခရမ်းပြာ said...

ကုန်းကြောင်းဟင်းချို ချက်နည်းလေး ပို့စ်တစ်ပုဒ် ရေးပါဦး။ အဖေ ဖျှော်ပေးတဲ့ ကော်ဖီ သောက်ရတယ်ဆိုတော့ အတော် မနာလိုစရာ ကောင်းတာပဲနော်။

မီးငယ် said...

အစ်ကို ကုန်းကြောင်းဟင်းချိုဆိုတာဘာလဲပြောပြပါဗျို့.. ပညာမလျှိုပါနဲ့..အဟဲ...:P

Template by - Abdul Munir