Tuesday, October 28, 2008

အချစ်ကို ခံစားကြည့်ခြင်း

" အချစ်ကြောင့် လွမ်းရ ဆွေးရ တမ်းတရခြင်းသည် ဒဏ္ဍာရီ ပမာ ပျက်လွယ် ပြောက်လွယ် ရှိလှ၏ "

ရော်ဘင်တရာနတ်တဂိုး

"အချစ်" လူတစ်ယောက်ဟာ မွေးဖွားလာကတည်းက အချစ်ဆိုတဲ့ အရာကိုဖန်တီးပေးတဲ့ ချစ်တတ်တဲ့ စိတ်တစ်ခုပါလာပြီးသားပါ။ အမေ့ဝမ်းက ကျွတ်လို့ လူ့လောကထဲ အူဝဲ လို့ငိုပြီးဝင်လာကတည်းက ချစ်တတ်တဲ့ စိတ်တစ်ခုပါလာခဲ့တာပေါ့။ ဒါ့ကြောင့်သာ လူမမယ်ကလေးအရွယ်မှာတောင် မိခင်၊ဖခင်ကို ချစ်တဲ့စိတ် ကိုယ့်ကိုဂရုတစိုက်ထိန်းကြောင်းတဲ့ လူတွေကို ချစ်တဲ့စိတ်တွေ တွေ့နေရတာပေါ့။ ဒီနေရာမှာ အချစ်ကိုအမျိုးအစားခွဲကြည့်တော့ မိဘနဲ့ သားသမီး ချစ်ခြင်း၊ မောင်ချစ်နှမချစ် ဆိုတဲ့ ၅၂၈ ချစ်ခြင်းမျိုးနဲ့တစ်ယောက်ကို တစ်ယောက် မမြင်ရ မတွေ့ရရင် မနေနိုင်အောင် ချစ်ခင်စွဲလမ်းတတ်တဲ့ ချစ်သူသမီးရည်းစားခြင်း၊ လင်မယားခြင်းချစ်ကြတဲ့ ၁၅၀၀ အချစ်ဆိုပြီး နှစ်မျိုးနှစ်စားရှိလာပါတယ်။၅၂၈ ချစ်ခြင်းကတော့ ငြိမ်းချမ်းတဲ့ မေတ္တာတရားနဲ့ လွှမ်းခြုံ တဲ့အေးမြတဲ့ ချစ်ခြင်းမျိုးပါ။ ၅၂၈ချစ်ခြင်းမှာတောင်မိဘနဲ့
သားသမီးချစ်ခြင်းမျိုးက မောင်ချစ်နှမချစ် ချစ်ခြင်းမျိုးထက် ပိုပြီးတော့ အေးမြပါတယ်။ မိဘက သားသမီးကို ချစ်တဲ့အချစ်ဟာ စုန်ရေသာရှိပြီး ဆန်ရေမရှိတဲ့ သဘောလို မိမိကသာပေးပြီး သားသမီးဆီက ဘာကိုမှ ပြန်မျှော်လင့်ချက်မထားတတ်တဲ့ ချစ်ခြင်းမျိုးဖြစ်လို့ အချစ်ခံရတဲ့သားသမီးကော ချစ်တဲ့ မိဘပါ အေးချမ်းတဲ့ ချစ်ခြင်းမျိုးပါ။၁၅၀၀အချစ်ကတော့ နေပူပူကန္တာရထဲမှာ ရေဘူးထဲက ရေကို သောက်ရသလိုပါဘဲ။ ပူလောင်မှုကိုလည်းပေးစွမ်းနိုင်သလို အေးမြမှုကိုလည်း ပေးနိုင်စွမ်းပါတယ်။ ဒါပေမယ့် အေးမြမှုကို ပေးနိုင်စွမ်းတာထက် ပူလောင်မှုကို ပေးစွမ်းမှုက ပိုမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၅၀၀အချစ်ဟာ ၅၂၈အချစ်လိုမျိုးဘာတုန့်ပြန်မှုကို မှမျှော်လင့်မထားတဲ့ အချစ်မျိုးမဟုတ်လို့ပါဘဲ။ ၁၅၀၀ အချစ်ရဲ့နောက်ကွယ်မှာ လိုချင်တပ်မက်မှု ရယူပိုင်ဆိုင်လိုမှုဆိုတဲ့ အတ္တစိတ်တွေဟာ ကပ်ပါလာပါတယ်။ ဒီအတ္တစိတ်တွေပါလာတဲ့ အတွက်ချစ်ခြင်းဟာ အပြစ်မကင်းတော့ပါဘူး။ သူ့ကိုတော့ ငါကချစ်လိုက်ရတာ သူက ငါချစ်သလောက်တောင်မချစ်ပါလား ငါကတော့ ဂရုစိုက်လိုက်ရတာ သူကတော့ ငါ့ကို ဂရုမစိုက်ပါလား စသဖြင့် လိုချင်တပ်မက်မှု နှိုင်းယှဉ်မှု အစရှိတဲ့ အတ္တမကင်းတဲ့ ချစ်ခြင်းအဖြစ်ရပ်တည်လာပါတယ်။ သို့ပေမယ့် အကုန်လုံးရယ်လို့တော့ မဆိုလိုပါဘူး။ တကယ့်ကို မေတ္တာစစ် မေတ္တာမှန်နဲ့ချစ်ပြီး ဘာကိုမှ ပြန်လည်မမျှော်လင့်တဲ့ ချစ်သူ၊လင်မယားတွေလည်း ရှိကြပါတယ်။ ဒါကတော့ လောကဓမ္မအမြင်နဲ့ စိတ်တို့ဖြစ်တည်မှုကို ပိုင်းခြားပြီး ချစ်ခြင်းရဲ့ဖြစ်တည်မှုကို ခံစားကြည့်တာပါ။

ပုဂ္ဂလိကအမြင်ဖြစ်တဲ့ ကျွန်တော့်ရဲ့၁၅၀၀ အချစ်ပေါ်အမြင်ကို ပြောရရင်တော့အချစ်ဆိုတာကော်ဖီတစ်ခွက်ဖျော်သောက်ရသလိုဘဲလို့မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီတစ်ခွက်သောက်ဘို့ရာ ပထမဦးစွာ ရေနွေးလိုအပ်ပါတယ်။ အဲဒီ့အတွက် ကျွန်တော်တို့ဟာ ရေနွေးကိုတည်ရပါမယ်။ ရေနွေးရပြီဆိုပြန်တော့ လိုအပ်တဲ့ နို့ဆီ၊သကြား၊ ကော်ဖီမှုန့်တို့ကို ပြင်ဆင်ရပါမယ်။ အကယ်၍မရှိနေခဲ့လျှင် ထိုအရာများကို ၀ယ်ရပါလိမ့်မယ်။ ပြီးရင်တော့ ကော်ဖီဖျော်ထည့်ဘို့ ပန်းကန်ခွက်ယောက်လိုတာပေါ့နော်။အဲဒီ့အတွက် ပန်းကန်ကိုလည်း ဆေးကြောထားဘို့ လိုအပ်ပါတယ်။အားလုံးပြည့်စုံလို့ ကော်ဖီဖျော်ပြီဆိုရင်တော့ ကော်ဖီမှုန့်၊ နို့ဆီ၊သကြားနဲ့ ရေနွေးတို့ကို အချိုးအစားမျှတအောင် ဖျော်စပ်ဘို့လိုတာပေါ့။ ဒါမှလည်း အရသာရှိတဲ့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရမှာပေါ့။ အချိုးအစားမမျှတခဲ့ဘူးဆိုရင်တော့ ကော်ဖီတစ်ခွက်ဖြစ်သော်ငြားလည်း ကော်ဖီကောင်းတစ်ခွက်တော့ မဖြစ်နိုင်တော့ဘူးပေါ့။

ဒီလိုပါဘဲ လူတစ်ဦးတစ်ယောက်အပေါ် ၁၅၀၀အချစ်နဲ့ ချစ်ခင်စွဲလမ်းတဲ့စိတ်ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ရေနွေးအိုးတည်တဲ့အချိန်ရောက်လာပါပြီ။ သူ့ကို ငါကချစ်နေတာမသိလို့လား။ ချစ်နေမှန်းသိရက်နဲ့ ငါ့ရှေ့မှာ တခြားလူတွေနဲ့ ရောရောနှောနှောတမင်များ ဆက်ဆံပြတာလား အစရှိတဲ့ လိုချင်တပ်မက်မှု ရယူလိုမှုမကင်းတဲ့ စိတ်တွေဖြစ်လာပြီဆိုရင်တော့ ရေနွေးဆူနေပြီပေါ့။ တစ်ခါ ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ပြန်လည်ရရှိအောင် ကိုယ့်ကို ပြန်ချစ်လာအောင် ကြိုးစားကြပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီမှုန့်၊ သကြား၊ နို့ဆီတို့ ကိုလိုက်ဝယ်နေပါပြီ။ ကိုယ်က ချစ်တဲ့အတွက် ရယူပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ပေါ်လာတာကိုး။ အဲဒီ့အတွက် ရရှိအောင်ကြိုးစားကြတော့တာပေါ့။ အဲ ကိုယ်ချစ်တဲ့ သူက ကိုယ့်ကို ပြန်လည်ချစ်တုံ့ပြန်လက်ခံတယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီတစ်ခွက်ကို ကော်ဖီမှုန့်၊ သကြား၊ နို့ဆီ နဲ့ ရေနွေးတို့ကို အချိုးအစားကျအောင် ရောစပ်နိုင်လို့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရတဲ့သူတွေပေါ့။ တကယ်လို့များ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်နိုင်လို့ လက်မခံနိုင်လို့ ငြင်းပယ်ခံရတယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကော်ဖီကို အချိုးအစားမှန်ကန်အောင်မဖျော်နိုင်လို့ ကော်ဖီကောင်းတစ်ခွက်မသောက်ရသူတွေပေါ့။ ဒါကတော့ အချစ်ဆိုတဲ့ အရာအပေါ်မှာ ကျွန်တော်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ကို ဥပမာထားပြီး ခိုင်းနှိုင်းမြင်တဲ့ ကျွန်တော့်ရဲ့ အမြင်လေးပါ။ တစ်ခုပြောချင်တာကတော့ ဒီအမြင်ဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်တစ်ခုဖြစ်တာမို့ မတိုက်ဆိုင်တာများရှိခဲ့ရင် နားလည်ပေးပါလို့။ ကဲ မိတ်ဆွေတို့ အားလုံးလည်း ကော်ဖီကောင်းတစ်ခွက်သောက်နိုင်တဲ့ သူတွေဖြစ်ကြပါစေ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်


ညီမလေး မီးငယ်ရေ အကို ရေးလိုက်ပါပြီ။ ရေးပေးတာ နောက်ကျတဲ့ အတွက်နားလည်ခွှင့်လွှတ်စေလိုပါတယ် ညီမလေးရေ။ ညီမလေး ကျေနပ်လိမ့်မယ်လို့ အကိုထင်ပါတယ်။

6 comments:

လင်းဒီပ said...

ကိုမိုးမြင့်ရေ...ကျွန်တော်ကတော့ အခုအသက်အရွယ်ထိ..ကော်ဖီကောင်းကောင်း မသောက်ဖူးသေးဘူး...
ကျွန်တော်ကြားဖူးတာလေးတစ်ခုရှိတယ်..
ကော်ဖီက သကြားကြောင့်ချိုတာမဟုတ်ပါဘူး...
မွှေလိုက်လို့ပါ..တဲ့
ကျွန်တော်မွှေနည်းမသိလို့နေမှာပေါ့နော်...
ကိုမိုးမြင့်က အခုကော်ဖီလို့ပြောတော့ ဘယ်လိုဖျော်ရမယ်ဆိုတာ နည်းပေးပါဦး..
(ကျွန်တော့်ဘဝမှာ ကော်ဖီခါးခါးတွေပဲရှိတယ်..)
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်

မီးငယ် said...

အစ်ကိုကြီး ညီမလေး ကော်ဖီဆိုင်ကောင်းကောင်းရှာနေတယ်...
တွေ့ရင် သတင်းလာပို့မယ်... :D

Anonymous said...

ကိုမိုးမြင့်ရေ

အချစ်ကို ဥပမာအပေးကောင်းလွန်းလို့ ဖတ်ရင်းနဲ့ ထပြီး
ကော်ဖီတစ်ခွက်တောင် ဖျော်သောက်မိပါရဲ့ဗျာ။
အချစ်အကြောင်းကတော့ ကမ္ဘာပေါ်မှာ ဘယ်လိုပဲ ဖွဲ့ဆိုဖွဲ့ဆို
ရိုးသွားတယ်၊ အီသွားတယ်ဆိုတာ မရှိပါဘူးဗျာ ...
ချစ်ခြင်းပြ ပိုစ့်ကလေးကို သဘောကျနှစ်ခြိုက်မိပါတယ်

ခင်မင်လေးစားစွာဖြင့်

GreenGirl said...

ငါ့အစ်ကိုကတော့ သူကြိုက်တဲံ ကော်ဖီကိုပဲ ပြေးပြေးမြင်နေတယ်နဲ့ တူပါရဲ့။ ကျန်သေးတယ်လေကိုကြီးရဲ့ ကော်ဖီဆိုရင်လည်း Premier မှကောင်းတာလို့.. အဟီး

ဒီအချစ်အကြောင်းလေးလည်း ကောင်းပါ၏ :)

အိုင်လွယ်ပန် said...

ကော်ဖီကောင်းကောင်းလေးသောက်ချင်လို့ဗျ :P

ရွှန်းမီ said...

ပညာယူရတာပေါ့.. =) ညီမလည်း ဒီအကြောင်း ရေးစရာ အကြွေး ရှိနေတယ်..။ ကျေးဇူး။

Template by - Abdul Munir