Friday, October 10, 2008

ကျွန်ုပ်နှင့် ခန္ဓာချုပ်ရန် (၁၀)ရက်အလို

" လောက၌ ဖြစ်တည်သမျှသော သက်ရှိဟူသမျှတို့သည် သေဆုံးရန်အတွက်သာ မွေးဖွားလာကြ၏ ။ "

ရက်သတ္တပတ် တစ်ပတ်၏အဆုံးဟုခေါ်ဆိုနိုင်သလို အစဟုလည်း မည်တွင်နိုင်သည့် တနင်္ဂနွေတစ်ရက်၏ မနက်ခင်း၌ ကျွန်ုပ်သည် လန်းဆန်းစွာ အိပ်စက်ရာမှ နိုးထခဲ့လေသည်။ မျက်နှာသစ် သွားတိုက်အမှုကို ပြုလုပ်ပြီး၌ မနက်ပိုင်းမပျက်မကွက် ပြုလုပ်နေကြသော ဘုရားဝတ်ပြူခြင်းအမှုကို ကျွန်ုပ်သည် ဦးစွာပထမ ပြုလုပ်လေ၏။ ထိုဘုရားဝတ်ပြုခြင်းအမှုပြီးလတ်သော် ကျွန်ုပ်သည် မနက်စာအလို့ငှာ ပေါင်မုန့်မီးကင်ကာ ထောပတ်သုတ်၍ ကော်ဖီတစ်ခွက်ကို ဖျော်ကာ ကျွန်ုပ်၏ မနက်စာကို ၀မ်းမီးငြိမ်းအောင်ပြုလေ၏ ။ ထိုအခိုက်မှာပင် ကျွနုပ်၏ ဘေးခန်းကပ်လျက်နေသော အိမ်နီးချင်းများဖြစ်သကဲ့သို့ ကျွန်ုပ်၏ ခင်ရာဆွေမျိုးဟုဆိုအပ်သော ကျွန်ုပ်၏ မိတ်ဆွေ ကိုဒီပနှင့် မရတနာတို့ စုံတွဲမှာ ၀တ်ကောင်းစားလှများ ၀တ်ဆင်ကာ ကျွန်ုပ်၏ အိမ်ပေါ်သို့ တက်လာလေတော့၏ ။

ကျွန်ုပ် ။ ။ ဒီလင်မယားနှစ်ယောက်စောစောဆီးဆီး ၀တ်ကောင်းစားလှတွေဝတ်လို့ ဘယ်သွားမလို့လဲ။
ကိုဒီပ ။ ။ ကိုမိုးမြင့်ရေ အလှူတစ်ခုသွားစရာရှိလို့ပါ။ ပြီးရင် အလုပ်ကိစ္စတစ်ခု စကားပြောဘို့ ချိန်းထားလို့ မသွားမဖြစ်သွားရမယ်။ခက်တာက ဒီမနက်ပိုင်းကိုနောက်တစ်ယောက်နဲ့လည်း အလုပ်ကိစ္စပြောဘို့ ချိန်းထားသေးတယ်။ အလှူသွားရုံတင်ဆို ကိစ္စမရှိပါဘူး ကိုမိုးမြင့်ရယ်။ အခုက အလုပ်ကိစ္စလေးပါ ဆက်သွားရမှာဆိုတော့ နည်းနည်းနောက်ကျနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ ပြန်မရောက်ခင် ချိန်းထားတဲ့ လူများလာခဲ့ရင် ကိုမိုးမြင့် ခဏလေးစောင့်ခိုင်းထားပေးပါ။ ကျွန်တော်တို့ ပြီးပြီးခြင်းပြန်လာခဲ့ပါ့မယ်။ အိမ်လေးကိုလည်း တစေ့တစောင်းလေး ကြည့်ထားပေးပါဦး။
ကျွန်ုပ်။ ။မောင်ရင့်နှယ် တနင်္ဂနွေလေးတစ်ရက်တောင် မနားရပါလား။ မောင်ရင်တို့ ပွဲစားတွေ သိပ်လောဘကြီးတာကိုး။ သေရင်ကိုယ့်နောက်ပါမှာ မဟုတ်ဘူးနော်။
မရတနာ။ ။ဒါတော့ဒါပေါ့ ကိုမိုးမြင့်ရယ် သို့ပေမယ့် သမုဒ္ဒရာ ၀မ်းတထွာလို့ ဆိုထားတယ်မှလား။မသေခင်စားဘို့တော့ ရှာရဦးမယ်လေ။ နောက်ဆိုရင်လည်း ကိုယ့်မျိုးဆက်သစ်လေးတွေလည်း လာဦးမှာလေ။ဒီတော့ ခုရှိနိုင်တုန်း ရှာထားမှ။
ကျွန်ုပ်။ ။ဟုတ်ပါပြီ ပွဲစားလင်မယားရယ်။ ခင်ဗျားတို့ကိုတော့ ပြောလို့မနိုင်ပါဘူးဗျာ။
ကိုဒီပ။ ။ကိုမိုးမြင့်ရေ ကျွန်တော်တို့သွားလိုက်ဦးမယ်။ နောက်ကျနေမှာဆိုးလို့။ စောစောစီးစီး အလုပ်လာရှုပ်တာ အားနာပါတယ်ဗျာ။
ကျွန်ုပ် ။ ။ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲလေ။ ကိုယ့်မိတ်ဆွေတွေဘဲ ကူညီရတာပေါ့။ ဘာမှ အပန်းကြီးတာမှ မဟုတ်တာ။

ကျွန်ုပ်လည်း ပြောပြောဆိုဆိုနှင့်ထွက်သွားသော ကိုဒီပနှင့် မရတနာတို့ လင်မယားကို ကြည့်ကာ စီးပွားရှာရာ၌ တက်ညီလက်ညီနိုင်ပါပေ၏ ဟုတွေးတောမိလေသည်။ ကျွန်ုပ်မှာ တာဝန်ဖြင့် ဒီမြို့လေးသို့ပြောင်းလာပြီးနောက်ပိုင်း၌ ကိုဒီပတို့ လင်မယားမှာ ကျွန်ုပ်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့လေသည်။ ကျွန်ုပ်မှာ ထမင်းဟင်းကို ကောင်းစွာမချက်တတ်သဖြင့် စားရေးသောက်ရေး အခက်ခဲကို ဤလင်မယားမှ များစွာ အကူအညီပေးလေ၏။ထို့ကြောင့်ပင် ကျွန်ုပ်မှာ ဤလင်မယားကို များစွာကျေးဇူးတင်မိလေ၏။ကျွန်ုပ်မှာတစ်ကိုယ်ရေတကာရသမားဖြစ်သည့်အလျောက်အေးဆေးစွာနေလိုသဖြင့် ဤနှစ်ခန်းတွဲအိမ်လေးကို ငှားရမ်းမိသည်မှာပင် ကျွန်ုပ်အတွက် မိတ်ဆွေကောင်းများနှင့် တွေဆုံစေရန် ဖန်တီးပေးလိုက်ခြင်းပင်ဖြစ်လေ၏ ။

ကျွန်ုပ်လည်းထိုသို့တွေးတောရင်း ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ ကော်ဖီကို ဇိမ်ခံသောက်ရင်း ကျွန်ုပ်လွန်စွာ ကြိုက်နှစ်သက်လှသော London စီးကရက်ကို မီးညှိ ဖွာရှိုက်နေလေတော့၏ ။ ထို့နောက် အနည်းငယ်အိုက်စပ်စပ်ဖြစ်လာသဖြင့် ကျွန်ုပ်ရှေ့စားပွဲအောက်တွင် ရှိသော ယပ်တောင်ကို ယူကာ အသာခပ်နေလေမိတော့၏ ။ ထိုသို့ ခပ်နေရင်းမှ ယပ်တောင်တွင် ပုံနှိပ်ရိုက်နှိပ်ထားသော " ဧည့်သည် " ဆိုသော သံဝေဂ လကာင်္လေးထံ မျက်လုံးရောက်ရှိသွားပေလေတော့သည်။ထို့နောက် ကျွန်ုပ်လည်း ထိုလင်္ကာလေးအား နှုတ်မှအသံထွက်၍ ဖတ်လိုက်လေတော့၏ ။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထည်းတည်း ။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထည်းတည်း ။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ
ပြုံးရီမဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် သုတ်သုတ်စောလျှင်
ခရီးနှင်သည်
တို့လျှင် ဧည့်သည်ပါတကား ။

ထိုသို့ရွတ်ဆိုသံ အဆုံး၌ ကျွန်ုပ်၏ အကြားအာရုံသို့ ကိုဒီပတို့ အခန်းရှေ့မှ ကိုဒီပတို့ လင်မယားအားအော်ခေါ်နေသော အမျိုးသမီးတစ်ယောက်၏ ခေါ်သံမှာ တိုးဝင်လာလေ၏ ။

အမျိုးသမီး ။ ။ကိုဒီပ မရတနာ။ မရတနာ။ ဘယ်များသွားကြလဲမသိဘူး။
ကျွန်ုပ် ။ ။ဒီက အမက ကိုဒီပတို့ ဆီလာတာများလားခင်ဗျ။
အမျိုးသမီး ။ ။ဟုတ်ပါတယ်ရှင် ဒီက အကို ကိုဒီပတို့ ဘယ်များသွားသလဲ သိပါသလားရှင်။
ကျွန်ုပ် ။ ။အော် ကိုဒီပတို့ မရတနာတို့ အရေးတကြီး ကိစ္စလေးတစ်ခုရှိလို့ အပြင်ခဏ သွားပါတယ်။ ကျွန်တော့်ကို သူတို့မိတ်ဆွေ တစ်ယောက်လာရင် ခဏစောင့်ခိုင်းထားပေးဘို့ မှာထားပါတယ်။
အမျိုးသမီး ။ ။အော် ဟုတ်ပါတယ်ရှင် ကျွန်မက သူတို့နဲ့ ချိန်းထားလို့ပါ။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ပါ ဒါဆို ဒီက အမ ဒီမှာ ခဏထိုင်စောင့်ပါလားခင်ဗျာ။ သူတို့သွားတာ နည်းနည်းတော့ကြာသွားပါပြီ။ ပြန်လာကာနီးပါပြီ။
အမျိုးသမီး ။ ။ကျေးဇူးတင်ပါရှင် ကျွန်မက သူတို့နဲ့ အလုပ်ကိစ္စ ချိန်းထားလို့ ။
ကျွန်ုပ် ။ ။ရပါတယ် ခင်ဗျာ ဒီမှာ ထိုင်စောင့်လို့ ရပါတယ်။ပြောပြောဆိုဆိုနှင့် ကျွန်ုပ်လည်း ထိုအမျိုးသမီးထိုင်ရန် အလို့ငှာ ထိုင်ခုံတစ်လုံးကို ရွှေ့ပေးလိုက်လေ၏ ။ အနှီ အမျိုးသမီးသည်လည်း အိမ်ပေါ်သို့တက်လက်ကာ ထိုင်လေ၏ ။
အမျိုးသမီး ။ ။သူတို့သွားတာကြာပြီလားရှင့်။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ မနက်(၈)နာရီလောက်ကသွားတာပါ။ အခု(၁၀)နာရီ ထိုးပြီဆိုတော့ (နာရီကိုကြည့်လျက်) ပြန်လာခါနီးပါပြီ။
အမျိုးသမီး ။ ။အော် ဟုတ်ကဲ့ ကျွန်မ နာမည်က ရည်မွန်သန့်ပါ။ ဒီက အကိုနာမည်က???
ကျွန်ုပ် ။ ။အော် ဟုတ်ကဲ့ တွေရတာဝမ်းသာပါတယ်ဗျာ။ ကျွန်တော်က မိုးမြင့်တိမ်ပါ။
ရည်မွန်သန့် ။ဟုတ်ကဲ့ရှင် တွေ့ရတာ ၀မ်းသာပါတယ်။ ဒါနဲ့ စောစောက ကျွန်မလာတုန်း အကို " ဧည့်သည် " ဆိုတဲ့ လင်္ကာလေးရွတ်နေသံကြားတယ်။
ကျွန်ုပ် ။ ။ဟုတ်ပါတယ်ဗျာ။ တလောက ကျွန်တော့မိတ်ဆွေတစ်ယောက်ဆုံးတုန်းက လိုက်ပို့ရင်း သူ့မိသားစုက သူ့အတွက် ဓမ္မဒါန လုပ်တဲ့ ယပ်တောင်လေးမှာ ရိုက်ထားတာပါ။
ရည်မွန်သန့် ။ဟုတ်ကဲ့ ကျွန်မလည်း ဒီလင်္ကာလေးကို သိပါတယ်။ ဒီလင်္ကာလေးမှာ ဆုံးမထားတာလေးတွေက သိပ်မှန်ပါတယ်ရှင်။ နောက်ဆုံး သွားရမဲ့ ခရီးမှာ ကိုယ်နဲ့ အဖော်ဘယ်သူမှ ပါမှာမဟုတ်ဘူးလေ။
ကျွန်ုပ် ။ ။ဒါပေါ့ မရည်မွန်သန့်ရယ်။ လူတွေဟာ မွေးဖွားလာကတည်းက သေဆုံးဘို့ဘဲမှလား။ သေခြင်းတရားဆိုတာ ဒင်္ဂပြားတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါဘဲ။ ဆန့်ကျင်ဘက်ဖြစ်သလို တစ်ခုနဲ့ တစ်ခု အလွန်တရာမှလည်း နီးကပ်ကြတယ်လေ။ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ လို့ဆိုတယ်မှလား။
ရည်မွန်သန့် ။ဟုတ်ပါတယ်ရှင်။
ကျွန်ုပ် ။ ။အင်း လောကကြီးမှာ ကျွန်တော်တို့ နေဘို့အတွက် ပြင်ဆင်သလို သေဘို့အတွက်လည်း ပြင်ဆင်ထားဘို့လိုတယ်လေ။
ရည်မွန်သန့် ။ဒါပေါ့ရှင် အနေတတ်သလို အသေတတ်ဘို့လဲ လိုတာပေါ့။ ကိုမိုးမြင့်တိမ်ဆီက ဒီစကားကြားရတော့ ကျွန်မတစ်ခုလောက်မေးချင်တယ်။ စိတ်မရှိဘူးဆိုရင်ပေါ့ ။
ကျွန်ုပ် ။ ။မေးပါခင်ဗျာ မေးပါ။
ရည်မွန်သန့် ။အော်ဒီလိုပါ တကယ်လို့များပေါ့လေ ကိုမိုးမြင့်တိမ် အနေနဲ့ ကိုယ်သေရမယ့်ရက်ကို ကြိုသိနေမယ် ပြီးတော့လည်း အဲဒီရက်ရောက်ဘို့ (၁၀)ရက်ဘဲ လိုတော့တယ်ဆိုရင် ကိုမိုးမြင့်တိမ်အနေနဲ့ ဒီ(၁၀)ရက်ကို ဘယ်လိုအသုံးချမလဲလို့ပါ။
ကျွန်ုပ် ။ ။ဒါကတော့ ဒီလိုရှိတယ် မရည်မွန်သန့်ရဲ့။ ကိုယ်ဘယ်တော့သေမယ် ဘယ်အချိန်မှာသေမယ်ဆိုတာကို မြတ်စွာဘုရားရှင်နဲ့ ရဟန္တာတွေကလွဲပြီး ဘယ်သူမှ ကြိုတင်မသိနိုင်ဘူးလေ။
ရည်မွန်သန့် ။ဟုတ်ပါတယ်ရှင် ကျွန်မဆိုလိုတာက အကယ်၍များ သိခဲ့မယ်ဆိုရင်ပြောတာပါ။

ကျွန်ုပ်စဉ်းစားရပါပြီ။ လူတိုင်းလူတိုင်းတစ်နေ့နေ့တွင် သေဆုံးမည်ဆိုသည်ကို သိကြသော်လည်း ယခုကဲ့သို့ (၁၀)ရက်သာလိုတော့သည့် အချိန်တွင် မည်သည့်အရာကို လုပ်ဆောင်မည်ကိုမူ တစ်ခါမျှ စဉ်းစားမိလိမ့်မည်မဟုတ်ပေ။ သို့အတွက်ကြောင့်ပင် ယခုကျွန်ုပ်လည်း သေသေချာချာစဉ်းစားရပါပြီ။ အကယ်၍ သေဘို့ (၁၀)ရက်သာ ကျန်တော့သည့် အခါမည်သည်ကို လုပ်ဆောင်ပါမည်နည်း။ ကျွန်ုပ်စဉ်းစားရင်း၌ပင် ကျွန်ုပ်၏ဘ၀တွင် အလုပ်ချင်ဆုံးအရာ(၃)ခုရှိသည်ကို သတိရမိသည့်အလျောက် မရည်မွန်သန့် ၏အမေးကို မဆိုင်းမတွပင် ပြန်လည်အဖြေပေးလိုက်လေတော့၏ ။

ကျွန်ုပ် ။ ။ကျွန်တော်ကတော့ ဒီလိုစဉ်းစားထားတယ်။ တကယ်လို့များကျွန်တော်သေမယ့်ရက်ကို ကြိုသိမယ် အဲဒီ့ရက်ကလည်း (၁၀)ရက်ဘဲ လိုတော့တယ်လို့ ကျွန်တော်သိခဲ့ရင် ပထမဆုံးရက်မှာ ကျွန်တော့်ကျေးဇူးရှင် မိဘနှစ်ပါးဆီကို ကျွန်တော်ပြန်မယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိဘနှစ်ပါး အသွားချင်ဆုံးခရီးဖြစ်တဲ့ ဗုဒ္ဓဂါယာဘုရားဖူးသွားဘို့ ကျွန်တော်စီစဉ်မယ်။ ပြီးရင်တော့ ဒုတိယမြောက်နေ့မှာ အဲဒီခရီးသွားပြီး မြတ်စွာဘုရားရှင်ရဲ့ အနှိုင်းမဲ့ဂုဏ်ကျေးဇူးတော်နဲ့ မြတ်စွာဘုရားရှင် ရဲ့ အထုပ္ပုတ္တိတို့ ကိန်းဝပ်ရာ အဲဒီနေရာမှာ ကျွန်တော့်မိဘနှစ်ပါးနဲ့ အတူလှည့်လည်ဖူးမြော်ကြည်ညိုမယ်။ တတ်နိုင်သလောက်လှူမယ်ဗျာ။ ဒီလိုနဲ့ လေးရက်တာကာလကို ကျွန်တော်ကုန်ဆုံးမယ်။ ခြောက်ရက်မြောက်နေ့မှာတော့ ကျွန်တော့်ဘ၀မှာ ရှာဖွေဆုစောင်းထားသမျှ ဥစ္စပစ္စည်းတွေထဲက တစ်ပုံကို ကျွန်တော့်မိဘနှစ်ပါးအတွက် ကန်တော့မယ်။ တစ်ပုံကို ဆင်းရဲနွမ်းပါးတဲ့ ဘုန်းကြီကျောင်း၊ ၊ဆွံ့အနားမကြားကျောင်း ၊ မျက်မမြင်ကျောင်းနဲ့ ဘိုဘွားရိပ်သာတွေကို လှူမယ်ဗျာ။ကျန်တဲ့တစ်ပုံကတော့ စောစောက ဗုဒ္ဓဂါယာဘုရားဖူးသွားတဲ့နေရာမှာ သုံးမယ်လေ။ (၇) ရက်မြောက်နေ့မနက်မှာတော့ ကျွန်တော်စောစောထပြီးပွင့်လေပြီးခဲ့တဲ့ ဘုရားရှင်တွေဖြစ်တဲ့ ကကုသန်၊ ကောဏဂုံ ၊ကဿဖ ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူနဲ့ နောင်ပွင့်တောမူမယ့် အရိမေတ္တယျ မြတ်စွာဘုရားကို ရည်မှန်းလို့ ထိခြင်းကြီးငါးပါးနဲ့ ရိုသေစွာဖူးမြော်ကန်တော့ ပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းမယ်ဗျာ။ ပြီးရင်တော့ ကျွန်တော့်ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင် ဖေဖေနဲ့ မေမေကို ရိုသေစွာ ရှိခိုးကန်တော့ပြီး သာသနာ့ဘောင်ဝင်ခွင့်ပြုဘို့ ခွင့်တောင်းပြီးသာသနာ့ဘောင်ထဲဝင်မယ်ဗျာ။ပြီးတော့ ကျန်ရှိတဲ့ ရက်တွေကို ၀ိပဿနာအားထုတ်ရင်းနဲ့ဘဲ သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားတော့မယ်။ဒါကတော့ အကယ်၍ သေဘို့(၁၀)ရက်သာ ကျန်တော့မယ်ဆိုရင် ကျွန်တော်လုပ်ဘို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ပါဘဲဗျာ။
ရည်မွန်သန့် ။ကိုမိုးမြင့်တိမ်ရဲ့ အစီအစဉ်လေးကြားရတာ ကျွန်မ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်ရှင်။

ထိုအခိုက်မှာပင် ကိုဒီပနှင့် မရတနာတို့လည်း ပြန်ရောက်လာကြလေ၏ ။

ကျွန်ုပ် ။ ။ဟော ဟိုမှာ ကိုဒီပတို့ လင်မယား ပြန်လာပြီ မရည်မွန်သန့်ရေ။ မောင်ရင်ရေ ဒီမှာ မောင်ရင်တို့ ဧည့်သည်က မောင်ရင်တို့ကို စောင့်နေတာ။ နည်းနည်းတောင်ကြာသွားပြီ။
ကိုဒီပ ။ ။တောင်းပန်ပါတယ် မရည်မွန်ရယ်။ ကျွန်တော်တို့လည်း အရေးကြီးကိစ္စလေး ပေါ်လာလို့ပါ။ စောင့်နေရတာအားနာလိုက်တာဗျာ။
ရတနာ ။ ။ရည်မွန်ရယ် ဆောရီးနော်။ ရောက်နေတာ ကြာပြီလား။
ရည်မွန်သန့် ။ရပါတယ် ရတနာရယ်။ ဒီမှာ ကိုမိုးမြင့်တိမ်နဲ့ စကားကောင်းနေတာနဲ့ အချိန်သိပ်မကြာသလိုပါဘဲ။
ကိုဒီပ ။ ။ကိုမိုးမြင့်ရေ ကျေးဇူးပါဗျာ ကျွန်တော်တို့ဧည့်သည်ကို ဧည့်ခံပေးထားလို့။
ကျွန်ုပ် ။ ။ရပါတယ်ဗျာ မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးလို့ ဆိုစကားရှိတယ်မှလား။ ကိုယ့်ဆွေမျိုးတွေဘဲဗျာ ကူညီရမှာပေါ့။
ရည်မွန်သန့် ။ကိုမိုးမြင့်တိမ် ကျွန်မကို ခွင့်ပြုပါဦးရှင်။
ကျွန်ုပ် ။ ။ဟုတ်ကဲ့ပါခင်ဗျာ။

ကျွန်ုပ်လည်း ကျွန်ုပ်အား နှုတ်ဆက်၍ ၎င်းတို့အိမ်ဘက်သို့ ကူးသွားသော ကိုဒီပတို့ လင်မယားနှင့် မရည်မွန်သန့်တို့ကို ကြည့်ကာ " ဧည့်သည် " ဆိုသော လင်္ကာလေးကို ဒုတိယအကြိမ်မြောက် ထပ်မံ၍ ဖတ်လိုက်လေတော့သတည်း ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်


( မဆုမွန်ရေ အမတက်ခ်ထားတာလေးကို ကျွန်တော် ရေးလိုက်ပြီနော် )

9 comments:

လင်းဒီပ said...

ကိုမိုးမြင့်ရဲ့ ဆယ်ရက်ရေးဟန်ကလည်းတစ်မျိုးလေးဗျ..
တစ်ယောက်တစ်မျိုးစီကို လက်စွမ်းပြနေကြတော့တာပဲ..
ကောင်းတယ်ဗျာ...
(PS..ဒီပဆိုတဲ့ နာမည်သုံးထားတာတွေ့တယ်..နာမည်ယူသုံးထားရင် မုန့်ကျွေးရမယ်နော်..ဟဲ ဟဲ..)

မီးငယ် said...

စိတ်ကူးလေးကကောင်းလိုက်တာအစ်ကိုရယ်...

GreenGirl said...

သူများထက်တောင် အရင်ဦးသွားသေးတယ်နော်။ ပြောတော့ မရေးချင်ဘူး မရေးချင်ဘူးဆိုပြီး :P

ပန်းခရမ်းပြာ said...

စာရေးဆရာကောင်းတွေများ ရေးလိုက်ရင် သူများထက် ထူးခြား၇မယ်လေ။ ခုလို ဇာတ်လမ်းလေးမျိုး များများရေးဘို့ တောင်းဆိုပါတယ်။

မိုးမြင့်တိမ် said...
This comment has been removed by the author.
မိုးမြင့်တိမ် said...

ကိုလင်းဒီပရေ နာမည်ချင်းတူနေလို့ အားနာလိုက်တာဗျာ။ coffee နဲ့ burger ကျွေးမယ်နော်။
ကျေးဇူးတင်ပါတယ်ညီမလေးမီးငယ်။
မဟုတ်ရပါဘူး greengirl ရယ်။ စိတ်ကူးလေးရလာတုန်းလေး ရေးလိုက်တာ။အရင်ဦးအောင်ရေးတာမဟုတ်ပါဘူး။
အမ ပန်းခရမ်းပြာရေ အမအဲ့လိုပြောတော့ ကျွန်တော့် ခြေထောက်နဲ့ မြေကြီးနဲ့မထိတော့ဘူးအမ။ ကျွန်တော့်ထက်စာရေးကောင်းတဲ့ blogger တွေအများကြီးပါအမရဲ့ ။ အမက ကို့မောင်လေးကို မြှောက်နေပြန်ပါပြီ။ ဟုတ်အမပြောသလို ဒီလိုမျိုးဇာတ်လမ်းလေးတွေများများရေးနိုင်အောင်ကြိုးစားပါ့မယ် အမရေ။

ရွှန်းမီ said...

အစ်ကိုတိမ်ရဲ့ စိတ်ကူးတွေကို တလေးတစား လာဖတ်သွားပါတယ်။

မိုးမြင့်တိမ် said...

ညီမလေးရွှန်းမီရေ ကျေးဇူးပါနော်

အမရာ said...

အကိုရဲ့မွန်မြတ်တဲ့စိတ်ထားအတွက်
သာဓု...သာဓု....သာဓု.....ခေါ်ပါတယ်နော်....

Template by - Abdul Munir