Tuesday, November 29, 2011

ငါ...ကဗျာရေးတယ်

ယားယံလာတဲ့ အာရုံတွေကို
အာသာဖြေ ၀မ်းချဖို့
ငါ...ကဗျာရေးတယ်။

တစ်ခါတစ်ခါ ဦးနှောက်အချဉ်ဖောက်
ကိုယ်ချင်းစာတရား ကျပျောက်လို့
လူစင်စစ်က ကျောက်ဖြစ်ရင်
ငါ....ကဗျာရေးတယ်။

မြန်မာမှာရော ကမ္ဘာမှာပါကျော်ကြားတဲ့
ကဗျာဆရာတော်တော်များများကို ငါမသိဘူး
ကဗျာအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ငါမသိဘူး
ကဗျာဂိုဏ်းတွေ ကမ္ဘာမှာ ဘယ်နှစ်ဂိုဏ်းရှိလဲ ငါမသိဘူး
ဒါပေမယ့်
ငါ....ကဗျာရေးတယ်။

ဘယ်တော့ပျောက်ပျက်မယ်မှန်း မသိနိုင်တဲ့
ခေတ်တစ်ခုရဲ့ တိုးတက်မှုလွင်ပြင်မှာ
ဝါသနာကို ဖြန့်ချပြဖို့အတွက်
ငါ....ကဗျာရေးတယ်။

ပွန်းပဲ့နေတဲ့ ဘ၀တွေအကြောင်း
ခြတက်နေတဲ့ စိတ်ဓါတ်တွေအကြောင်း
ငတ်နေတဲ့ အစာအိမ်တွေအကြောင်း
ဈေးကွက်ဝင်လာတဲ့ အတ္တတွေအကြောင်း
ဖျတ်ကနဲထထခုန်တဲ့ ဘယ်ဘက်ရင်အုံအကြောင်း
အမျိုးကို မချစ်တတ်သူတွေအကြောင်း
မြန်မာတွေ ဘယ်တော့မှ မညံ့တဲ့အကြောင်း
ငါ....ကဗျာရေးတယ်။

ကဗျာရဲ့ စည်းမျဉ်း
ကဗျာရဲ့ သမိုင်းကြောင်း
ကဗျာရဲ့ ရာဇ၀င်
ကဗျာရဲ့ စီးဆင်းမှု
ဘာတစ်ခုမှ မယ်မယ်ရရမသိဘူး
ဒါပေမယ့်
ငါ...ကဗျာရေးတယ်။

ဘ၀ထဲက ဘ၀တွေအတိုင်း
စိတ်ကို စိတ်အတိုင်း
ရင်ကိုထိမှန်တဲ့ အကြောင်းအရာတွေတိုင်း
ငါ...ကဗျာရေးတယ်။

ငါဟာ ကဗျာဆရာမဟုတ်ဘူး
ကဗျာရေးသူသာဖြစ်တယ်
ကဗျာချစ်သူသာဖြစ်တယ်
ကဗျာမြတ်နိုးသူသာဖြစ်တယ်

ငါဟာ ကဗျာကောင်းတစ်ပုဒ်မရေးတတ်သေးပါဘူး
ဒါပေမယ့်
ငါ...ကဗျာရေးတယ်။
ငါ...ကဗျာ ရေးနေတယ်။
ငါ...ကဗျာ ရေးဦးမယ်။


မိုးမြင့်တိမ်
(၂၉.၁၁.၂၀၁၁)

Template by - Abdul Munir