
စိတ်ကူးအတွေးကို
အမြင့်မားဆုံး ရင့်ကြူးဖွဲ့သီရင်း
လောကဓံ ကမ်းရိုးတန်းတလျောက်
ပိတောက်တွေနဲ့ ပစ်ပစ်ပေါက်နေတတ်ရဲ့ ။ ။
အဲဒီ့ကဗျာပေါ့...
ပဓါနနဲ့ ပကာသနကြား
ရုန်းကန်ဖောက်ထွက်ဖို့ ကြိုးစားရင်း
အရိုးစွဲတဲ့ သတ်မှတ်ခြင်းဘောင်ကိုဖြိုချချင်နေခဲ့ပေါ့ ။ ။
တစ်ခါတစ်ခါမှာ.. ကဗျာဟာ
သူ့သွေးကြောထဲ သူကိုယ်တိုင်စီးမျောရင်း
မနက်ညစာတွေလည်း ပေါင်းစားနေတတ်ရဲ့ ။ ။
အဲဒီ့ကဗျာကဘဲ
စီးကရက်နဲ့ ကော်ဖီကို
အသည်းခိုက်အောင် ကြိုက်နေပြန်သေးသတဲ့ ။ ။
ဘ၀ရဲ့ဆူကြုံနိမ့်မြင့် ကံတရားတွေ
အမြဲတမ်းမှန်ကန်မှုမဲ့တဲ့ အမှန်တရားတွေ
နေ့နဲ့ညကိုစားသုံးနေတဲ့ လူကုံထံတွေ
ကမ္ဘာလုံးပေမဲ့ ပြားပြီးရင်းပြားနေတဲ့ဘ၀တွေ
ဒါတွေကိုငေးကြည့်ရင်း ကဗျာက
ဆင်ခြင်တုံတရားတွေ လွှင့်ထုတ်နေတတ်ခဲ့ပြန်ပေါ့ ။ ။
ခံယူထားရှိတတ်ခဲ့တဲ့စိတ်နဲ့
ရပ်တည်ခဲ့တဲ့ နေရာတွေမှာ
ဘ၀ဖောင်ကို ကြိုးစားပဲ့ကိုင်
လွဲမှားစွာကျင့်သုံးခဲ့တဲ့ နေ့ရက်တွေကို
ခေါက်ချိုးသိမ်းထည့်ရင်း ကဗျာဟာ
ပင်စည်မဲ့တဲ့ အခြေအနေမျိုးမှာတောင်
အပွင့်အဖူးတွေနဲ့ ၀င့်ဝင့်ကြွားကြွားရူးချင်နေခဲ့သေးတယ် ။ ။
ကာကွယ်ချိန်မဲ့ခဲ့သလို ကာကွယ်နိုင်စွမ်းလည်းမရှိခဲ့
အပြင်းထန်ဆုံး အရက်စက်ဆုံးတို့ထက်
ပိုမိုဆိုးဝါးစွာ ရင်နှလုံးဖောက်ခွဲခံခဲ့ရချိန်မှာတော့
ကဗျာကလေ....အဲဒီ့ကဗျာက
သူ့ကိုယ်သူ ပြန်သတ်လိုက်တယ် ။ ။
သင်္ခါရတဲ့ ဈာပနမှာမှထပွင့်တယ် ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အထက်တွင်အသုံးပြုထားသောပုံအား www.nzflowers.co.nz မှ ကူးယူဖော်ပြပါသည်။