Sunday, May 31, 2009

ကဗျာဈာပန

အဲဒီကဗျာပေါ့...
စိတ်ကူးအတွေးကို
အမြင့်မားဆုံး ရင့်ကြူးဖွဲ့သီရင်း
လောကဓံ ကမ်းရိုးတန်းတလျောက်
ပိတောက်တွေနဲ့ ပစ်ပစ်ပေါက်နေတတ်ရဲ့ ။ ။

အဲဒီ့ကဗျာပေါ့...
ပဓါနနဲ့ ပကာသနကြား
ရုန်းကန်ဖောက်ထွက်ဖို့ ကြိုးစားရင်း
အရိုးစွဲတဲ့ သတ်မှတ်ခြင်းဘောင်ကိုဖြိုချချင်နေခဲ့ပေါ့ ။ ။

တစ်ခါတစ်ခါမှာ.. ကဗျာဟာ
သူ့သွေးကြောထဲ သူကိုယ်တိုင်စီးမျောရင်း
မနက်ညစာတွေလည်း ပေါင်းစားနေတတ်ရဲ့ ။ ။

အဲဒီ့ကဗျာကဘဲ
စီးကရက်နဲ့ ကော်ဖီကို
အသည်းခိုက်အောင် ကြိုက်နေပြန်သေးသတဲ့ ။ ။

ဘ၀ရဲ့ဆူကြုံနိမ့်မြင့် ကံတရားတွေ
အမြဲတမ်းမှန်ကန်မှုမဲ့တဲ့ အမှန်တရားတွေ
နေ့နဲ့ညကိုစားသုံးနေတဲ့ လူကုံထံတွေ
ကမ္ဘာလုံးပေမဲ့ ပြားပြီးရင်းပြားနေတဲ့ဘ၀တွေ
ဒါတွေကိုငေးကြည့်ရင်း ကဗျာက
ဆင်ခြင်တုံတရားတွေ လွှင့်ထုတ်နေတတ်ခဲ့ပြန်ပေါ့ ။ ။

ခံယူထားရှိတတ်ခဲ့တဲ့စိတ်နဲ့
ရပ်တည်ခဲ့တဲ့ နေရာတွေမှာ
ဘ၀ဖောင်ကို ကြိုးစားပဲ့ကိုင်
လွဲမှားစွာကျင့်သုံးခဲ့တဲ့ နေ့ရက်တွေကို
ခေါက်ချိုးသိမ်းထည့်ရင်း ကဗျာဟာ
ပင်စည်မဲ့တဲ့ အခြေအနေမျိုးမှာတောင်
အပွင့်အဖူးတွေနဲ့ ၀င့်ဝင့်ကြွားကြွားရူးချင်နေခဲ့သေးတယ် ။ ။

ကာကွယ်ချိန်မဲ့ခဲ့သလို ကာကွယ်နိုင်စွမ်းလည်းမရှိခဲ့
အပြင်းထန်ဆုံး အရက်စက်ဆုံးတို့ထက်
ပိုမိုဆိုးဝါးစွာ ရင်နှလုံးဖောက်ခွဲခံခဲ့ရချိန်မှာတော့
ကဗျာကလေ....အဲဒီ့ကဗျာက
သူ့ကိုယ်သူ ပြန်သတ်လိုက်တယ် ။ ။

သင်္ခါရတဲ့ ဈာပနမှာမှထပွင့်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံအား www.nzflowers.co.nz မှ ကူးယူဖော်ပြပါသည်။

7 comments:

flowerpoem said...

ကဗျာအသစ်တွေ့လို့လာဖတ်ပါတယ် ကိုမိုးမြင့်တိမ်

kaungkinpyar said...

ကဗျာကလေ အဲ့ကဗျာက အဆင့်မြင့်လွန်းတယ်၊

minn thuka said...

အနုပညာဆိုတာ များသောအားဖြင့် ဈာပနမှာမှ
ပိုပွင့်တတ်တယ်ညီလေးရေ...
အဲဒါအမှန်ပဲ...

ရွှန်းမီ said...

ဒီကဗျာက ၀မ်းနည်းတဲ့သူကို ပိုဝမ်းနည်းအောင် လုပ်တယ်

MANORHARY said...

ဈာပနလာရှုသွားတယ်။

အိန္ဒြာ said...

ကဗျာဆရာသေရင် ကဗျာနဲ့သရဏဂုံတင်ရမယ်တဲ့
မောင်ချောနွယ်က........

ကဗျာကိုယ်တိုင်သေခဲ့ရင်..
ကဗျာဆရာတွေက...ပြန်တမ်းဖတ်ရမှာပေါ့....

ကဗျာ...တွေ သေ ခဲ့ ရင်...
ကဗျာတွေများ..သေခဲ့ရင်....

Unknown said...

အဲဒီ့ကဗျာကဘဲ
စီးကရက်နဲ့ ကော်ဖီကို
အသည်းခိုက်အောင် ကြိုက်နေပြန်သေးသတဲ့ ။ ။

same to you ;) EXACTLY!!!!

Template by - Abdul Munir