Sunday, December 13, 2009

ရင်ခွင်ပြောင်းတဲ့ "လ"

ကိုယ့်အရောင်နဲ့ ကိုယ်ပြန်မှောင်နေခဲ့
အဲဒီ့ ဥပဒေမဲ့ညွန်းတမ်းမှာ
လိုတမျိုး မလိုတမျိုးမာတိကာနဲ့
ကိုယ်ကြိုးကြည့်သဒ္ဒါတွေသာ ပြဌာန်းတယ် ။ ။

မေတ္တာနဲ့ဖြူတဲ့ မြူတွေ
နွေးထွေးမှုနဲ့ ပွင့်တဲ့မနက်တွေ
စိတ်သံစဉ်ညီမျှ ဂီတလိုသူငယ်ချင်းတွေ
လွင့်ပါးကွယ်ပျောက် ဒီကျွန်းလယ်ရောက်မှ
ကိုယ့်လှေကိုယ် မှောက်ရမတဲ့

နွယ်တစ်မျှင်နဲ့ ဆင်တဲ့ချောက်ထဲ
လွတ်လပ်မှုတွေ အရောင်မွဲလို့
ထောင်မလဲတဲ့ ငွေတစ်ချို့နဲ့
ကိုယ့်ကိုယ်ကိုယ် ရှို့နေခဲ့ရပေါ့ ။ ။

ကိုယ့်စည်းကိုယ် တားကြည့်တော့
လူ ဘီလူး ခွဲခြားဖို့တောင်အားမရှိ
အခု ညိနေတဲ့နေရာက
ဓလေ့မတူ အတွေ့မတူ
စရိုက်မတူ အကြိုက်မတူ
ဦးနှောက်ကိုသာ ခြွေယူရင်း
ဖိနှိမ်ခြင်းအတတ်တွေ ပြောင်မြောက်
ပင်ကူလူသားတို့ရဲ့ ထောင်ချောက် ။ ။

ကျေကျေနပ်နပ် အဖောက်ခံကြသလို
အခြေအနေအရ အဖောက်ခံကြရ
အဖေ့အတွက် အမေ့အတွက်
မယားအတွက် သားအတွက်
ဇနီးအတွက် သမီးအတွက်
အကိုအတွက် မောင်အတွက်
အဲဒီ့ အတွက်ပေါင်းများစွာမှာ
ကျွန်ဆက်ထုံးတွေ သံသရာရှည်ဦးမယ် ။ ။

မသေချာမှုတွေနဲ့ ညှို့ယူခံရရင်း
အမွန်းကြပ်ဆုံးပိတ်ဆို့ခြင်းရဲ့ လေးဖက်လေးတန်မှာ
ညကိုသောက်သုံးဖို့ ရွံ့မုန်းလာတဲ့နောက်
"လ" တစ်စင်းဟာလည်း ရင်ခွင်ပြောင်းရင်းသာလိုက်တယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

4 comments:

သိင်္ဂါကျော် said...

လတစ်စင်းတောင် ရင်ခွင်ပြောင်းသွားပြီလား..
ဒီကမ္ဘာမှာ ဘယ်နေရာမှ သစ္စာမရှိကြတော့ဘူးပေါ့...

Anonymous said...

ကဗျာလေးလာဖတ်တယ်
ရင်ခွင်ပြောင်းသွားပြီပေါ့
လပြေားပါတယ်း)

ကြယ်ပြာ said...

ကဗျာဆရာရေ .... ဒီလိုကဗျာမျိုးတွေဖတ်မိတိုင်း ထုံးစံအတိုင်းမွန်းကြပ်ကြပ်လိုလို ခံစားရပေမယ့် ကိုယ်ပြောချင်တာတွေကို ပြန်မြင်နေရသလိုလည်းခံစားရတယ် ... ဖြစ်ချင်တာထက် ဖြစ်သင့်တာ ... လုပ်ချင်တာထက် လုပ်နေရတာ ဆိုတဲ့စကားတွေက ကိုယ်တွေအတွက်များလားရယ်လို့ ယောင်ယမ်းတွေးမိသွားတယ် .... ဘာပဲဖြစ်ဖြစ် စိတ်သံစဉ်ညီမျှ ဂီတလိုသူငယ်ချင်းတွေ လွင့်ပါးကွယ်ပျောက်နေရင်တောင် ....
ရင်ဘတ်နဲ့ညှိတဲ့ ကဗျာသံစဉ်တွေ ၀ိုင်းခံစားပေးမယ့် သူငယ်ချင်းတွေရှိတယ်ဆိုတာလဲ မမေ့ပါနဲ့ဦး ...

ဆောင်းယွန်းလ said...

မသေချာမှုတွေနဲ့ ညှို့ယူခံရရင်း
အမွန်းကြပ်ဆုံးပိတ်ဆို့ခြင်းရဲ့ လေးဖက်လေးတန်မှာ
ညကိုသောက်သုံးဖို့ ရွံ့မုန်းလာတဲ့နောက်
"လ" တစ်စင်းဟာလည်း ရင်ခွင်ပြောင်းရင်းသာလိုက်တယ် ...
ကဗျာလေးကိုကြိုက်တယ်ညီလေးရေ...
မွန်းကြပ်နေတာတွေကိုတော့ တတ်နိုင်သလောက် ကဗျာတွေအဖြစ်နဲ့ဖြေဖျောက်နိုင်ပါစေ

Template by - Abdul Munir