Sunday, February 21, 2010

ကျောက်ဖြစ်သွားတဲ့ အဖြူ

အစဉ်အလာနဲ့ ထုံးတမ်းဓလေ့ကိုဖောက်ဖျက်ဖို့
လက်နှစ်ဖက်ရဲ့ အသက်ဓါတ်ထက်
ဦးနှောက်ရဲ့တွက်ချက်မှုက အစွန်းထွက်နည်းမယ် ။ ။

ကိုယ်တိုင်က ခရီးသွားတစ်ယောက်
ကိုယ့်လမ်းကိုယ် ဖောက်ရမဲ့အစား
သူများခြေထောက်တွေ လိုက်ဖမ်းနေခဲ့တော့
စေတနာအရောင်ဟာ ပြဒါးလိုမှောင်တယ် ။ ။

အကောင်းဆုံးကိုတော့ မျှော်လင့်ကြသူချည်းပဲ
အစွန်းနှစ်ဖက်ကို ဆုပ်ကိုင်ဖို့တော့
လက်တံတွေ ရှည်ဖို့လိုလိမ့်မယ် ။ ။

ပုရွက်ဆိတ်တစ်ကောင်ရဲ့ ကြီးကျယ်မြင့်မြတ်မှုမှာ
အဖြူရောင်မှတ်တမ်းတွေ ချိုးဖျက်ခံရမှတော့
ကိုယ်တိုင်ကြိုချက်လိုက်တဲ့ အနာဂါတ်အတွက်
မကျတ်တော့မယ့် အနာရင့်ရင့်တွေ
မင်း မလွမ်းရစ်နဲ့ ။ ။

ခေတ်ကိုက အတုတွေမော်ကြွားလာတဲ့အခါ
ထိုးစစ် ဆင် တွေက ခြေတစ်လှမ်းမဆုတ်တော့တဲ့အခါ
တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေအတွက်
နာနာဘာဝဟာ အရေးမပါတော့ဘူး ။ ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

GreenGirl said...

ကဗျာတွေပျောက်နေတဲ့ ငါ့အစ်ကို... ပေါ်လာတော့လည်း လက်သံပြောင်နေတာပဲ :)

အိန္ဒြာ said...

ခေတ်ကိုက အတုတွေမော်ကြွားလာတဲ့အခါ ထိုးစစ် ဆင် တွေက
ခြေတစ်လှမ်းမဆုတ်တော့တဲ့အခါ တစ္ဆေမကြောက်တဲ့ မျက်ကန်းတွေအတွက် နာနာဘာဝဟာ အရေးမပါတော့ဘူး ။ ။

ကောင်းလိုက်တာဟယ် နောက်ဆုံးအပိုဒ်က ရှေ့ကစာသားတွေ ဘယ်လိုမှ လိုက်လို့မမှီအောင် တော်တော့်ကိုကောင်းတယ် မောင်လေး..

အိန္ဒြာ

မိုးမောင် said...

ကျန်တဲ့ အချိန်တွေတော့ မသိဘူး။ ဒီအချိန်မှာ ဒီကဗျာဖတ်တာ ကိုယ့်ပေတံနဲ့ကိုယ့် ၀ါဒကို ရိုက်ချိုးနေတာပဲ မြင်တယ်။ ကဗျာညဉ်တွေ သိပ်ထက်မနေနဲ့ဗျာ။ ဓာတ်ပျက်တယ်....

(မူးသလို.. ရူးသလိုနဲ့ ရေးသည်)
လေးစားလျှက်...

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာကို ၂ခါ ပြန်ဖတ်မိတယ်။ ခေါင်းစဉ်ကိုက လှနေတာ အစ်ကိုမိုးမြင့်တိမ်ရဲ့...

ဒဏ္ဍာရီ said...

အကို့ရဲ့ ကဗျာတွေကို အမြဲတမ်း ဖတ်ဖြစ်ပေမယ့်။ ကွန်မန့်မရေးဖြစ်ခဲ့ဘူး။ ကဗျာလေး အရမ်းကောင်းလို့ လေးစားမိသလို ရေးလိုက်တဲ့ ကဗျာတိုင်း လှပတဲ့ ကာရံတွေနဲ့ အတွေးတွေကို အမြဲတမ်း ဖြစ်စေပါတယ်။ ဒီကဗျာလေးရဲ့ နောက်ဆုံး အပိုဒ်လေးကို အရမ်း နှစ်သက်မိတယ် အကို...။

ခင်မင်လေးစားလျှက်

Unknown said...

အောက်ဆုံး အပိုဒ်လေး သတိရလို့
လာပြန်ဖတ်တာအကို.း )..

Template by - Abdul Munir