Monday, May 3, 2010

ဗလာ

အကြေးတစ်ချို့ကို ခွာချဖို့
ကိုယ့်စိတ်ကိုယ် စိုက်ပျိုးလိုက်ကာမှ
ငါ့မြေယာက လောင်စာမပြည့်ဘူး ။ ။

ပူပြင်းလာတဲ့ ရာသီကြောင့်ဘဲလား
လေးလံခန်းခြောက်လာတဲ့ တင့်တောင့်တင့်တယ်က
တစ်ကိုယ်ရေတကာရ အငွေ့ပျံခြင်းမှာ
ဖူးပွင့်လိုက်တဲ့ ရာသီစာ
အကြောင်းမတိုက်ဆိုင်မှု များစွာ ။ ။

ကိုယ်တိုင်ကိုယ်ကျ မကြောက်တတ်ခဲ့ပေမယ့်
အသိတရားတွေ အခိုးခံရတဲ့
နေ့တစ်နေ့ရဲ့ နောက်ဆုံးထွက်သက်မှာ
စိတ်ရဲ့ အမှောင်ဆုံးအခန်းဟာ
မျက်နှာ ဖြစ်နေခဲ့တယ် ။ ။

မှာယွင်းမှုကို ခြေရာခံမိသွားတာလား
ဒါမှမဟုတ်
အမှန်တရားကိုပဲ ရှာဖွေတွေ့ရှိလိုက်တာလား
ဘယ်လိုဘဲဖြစ်ဖြစ်
ပျော်ကျစီးဆင်းလာတဲ့သက်ပြင်းတွေမှာ
သုခုမဆန်စွာ တီးခတ်ဖို့
ငါ့လက်တွေ အသံမထွက်တော့ဘူး ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

5 comments:

မေ့သမီး said...

အလုပ်တွေရှုပ်နေတာလား။ ကဗျာရေးတာမတွေ့လို့။ အခုမှပဲဖတ်ရတော့တယ်။

ကိုရင်နော်ခင်လေးငယ် said...

ကိုမိုးမြင့်တိမ်ရေ..

ကဗျာလေး သိပ်ကောင်းပါတယ်ခင်ဗျာ..
စကားလုံးတွေ စွမ်းအားအပြည့်နဲ့ အဓိပ္ပါယ် ဖော်ဆောင် ချိတ်ဆက်ထားတာလေး သိပ်ကြိုက်တယ်..

ကဗျာတွေ အများကြီးရေးနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

(အတည်ပေးတာ)
................

(နောက်ပေးမယ်..)

ဟဲ့ အမြင့် ညည်းကအေ.. ရေးပါဟဲ့ ကဗျာတွေ များများ.. ကောင်း၏ ကောင်း၏

“ပျော်ကျစီးဆင်းလာတဲ့သက်ပြင်းတွေမှာ
သုခုမဆန်စွာ တီးခတ်ဖို့
ငါ့လက်တွေ အသံမထွက်တော့ဘူး ။ ။”

ညည်းအေ ကြံကြံဖန်ဖန် စကားလုံးရှာတတ်တယ်.. ဟွင့်..

ဒဏ္ဍာရီ said...

ကိုမိုးမြင့်တိမ်ရဲ့ ကဗျာတွေ မဖတ်ရတာ ကြာပြီနော်။ ဘယ်အချိန်ရေးရေး ကဗျာတွေရဲ့ သံစဉ်ကတော့ ဖတ်သူရင်ကို ထိစေတာ အမှန်ပဲ။ ကဗျာတပုဒ်လုံးရဲ့ နောက်ဆုံး အပိုဒ်လေးကို အရမ်းနှစ်သက် မိပါတယ်။

အမြဲတမ်း အားပေးနေပါတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

သိင်္ဂါကျော် said...

ကိုယ့်စိတ်ကိုယ် စိုက်ပျိုး ဖို့ ကြိုးစားတော့လည်း
ကိုယ့်မြေယာက လောင်စာမပြည့်တော့ ခက်သားပေါ့..

Anonymous said...

ကောင်းတယ်နော်
ဒီကဗျာပို ကြိုက်တယ်

Template by - Abdul Munir