Tuesday, May 11, 2010

အမေ့သားက တစ်ဝက်တစ်ပျက်စီးဆင်းနေခဲ့ရတယ်

လေတိုက်လို့ သစ်ရွက်လှုပ်တာကအစ
လိပ်ပြာလွင့်မတတ်ဖြစ်နေခဲ့တယ် မေမေ..

မြဲမြံစွဲမြဲခြင်းနဲ့ ရဲ့ရင့်စွာတိုးထွက်ဖောက်ဝင်ခြင်းတွေဟာ
အထူးတလည်မကြိုးစားရပါဘဲ နစ်မြုပ်ပျောက်ဆုံးကုန်တာ
ခေတ်ကများ ပြုစားလိုက်တာလား မေမေ..

အလျားလိုက်ပဲ စီးစီး
ဒေါင်လိုက်ပဲ ပျော်ဝင်ပျော်ဝင်
ဒီခရီးက အတူတူဖြစ်နေမှတော့
တစ်နေ့တစ်လံလျှောက်လည်း
ကျွန်တော်ပန်းတိုင် ပျောက်နေတုန်းဘဲ မေမေ...

ကိုယ်တိုင်ကိုယ်ကျ ကျကျနနတည်ဆောက်မယ်ဆိုတဲ့အတွေးက
အခု လေဖမ်းဒါန်းစီးနေရသလိုပါဘဲ..

ခွန်အားရှိသလောက် ခြစ်ခြုတ်ကုတ်တက်ရင်း
ဥာဏ်စွမ်းရှိသလောက် ငြမ်းဆောက်ခါမှ
ကျွန်တော့်လှေခါး ခြစားနေတယ်တဲ့ မေမေ..

မိုးမျှော်အဆောက်အဦးတွေကြားရောက်မှ
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်သေးငယ်နေမှန်း
လူလူချင်း အနင်းခံရမှ
လေထုဖိအား ဘယ်လောက်များနေခဲ့မှန်း
မျက်ဝန်းမျက်ဆံ မှေးမှေးတွေမြင်မှ
ကိုယ့်ဘ၀က အနှိမ်ခံနေရမှန်း
လက်တစ်ဖျစ်စာ ဦးနှောက်က
ပလတ်စတစ်ပျားကြောင့် အရည်ဖျော်ခံနေရမှန်း
ချိနဲ့လာတဲ့စိတ်ဓါတ်က အရိပ်အမြွက်လောက်တောင်
မတွေးချင်တော့ပါဘူး မေမေ...

ကျွန်တော်တို့မြို့လေးမှာ
လျှပ်စစ်အားအလုံအလောက် မလာနိုင်ပေမယ့်
ကျွန်တော့်ဦးခေါင်းမှာတော့ တစ်နေ့တစ်ခြား
မီးချောင်းတွေ များများလာတယ် မေမေ...

ရတနာသုံးပါးကိုသာ အားထားရင်း
မေမေ့ခြေဖမိုးအစုံကို ဦးခိုက်ရင်း
"မွေးမေကျေးဇူးဆပ်ဖူးချင်တယ် အမေ" ဆိုတဲ့
မေမေသိပ်ကြိုက်တဲ့ သီချင်းလေးညဉ်းရင်း
တစ်ကိုယ်တည်း ကြိတ်ကြိတ်ငိုရလွန်းတော့
ခေါင်းအုံးလေးတောင်
ကျွန်တော့်ကိုအပေါင်းအသင်းမလုပ်ချင်တော့ဘူး မေမေ..

မေမေရေ.....
တောင်တစ်လုံးအဖြစ်ရပ်တည်ချင်တဲ့ မေမေ့သား
တိုက်စားဖန်များလွန်းတော့လည်း
ကျောက်စရစ် တစ်ခဲစာလောက်တောင် မကျန်တော့ဘူး..

အကောင်အထည်ဖော်ဆောင်မရနိုင်တဲ့ ထိုးနှက်ချက်တွေခံရတိုင်း
အမြင့်ကိုမှန်းတဲ့ ကျွန်တော့်ရင်ဘတ်တစ်ခြမ်းက
အရမ်းနာတယ် မေမေရယ်....။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

8 comments:

အိန္ဒြာ said...

ဘာပဲဖြစ်ဖြစ် မေမေကတော့
ကောင်းကင်ဆီမော့မော့ပြီး...
သူ့သားကြီး အတွက်
ရှာရှာကြံကြံ ဂုဏ်ယူနေလေရဲ့...........

ဆောင်းယွန်းလ said...

ကျွန်တော်တို့မြို့လေးမှာ
လျှပ်စစ်အားအလုံအလောက် မလာနိုင်ပေမယ့်
ကျွန်တော့်ဦးခေါင်းမှာတော့ တစ်နေ့တစ်ခြား
မီးချောင်းတွေ များများလာတယ် မေမေ...
အရေးအသားတွေနဲ့ အတွေးတွေလှပပုံကတော့ အရင်အတိုင်းပါပဲလား ညီလေးရေ....

Anonymous said...

အမေကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုတော့ အမေကို ဖွဲ့တဲ့ ကဗျာတိုင်းဟာ ချစ်ဖို့ ကောင်းတာပဲ ညီရေ...
ညီကဗျာလေးကိုလည်းသဘောကျတယ်... အမေနဲ့ ဝေးပြီး စိတ်ညစ်တာတွေ ကြုံတိုင်း အမေကို ပိုလွမ်းတတ်တာ သားသမီးတွေရဲ့ သဘာဝလိုပဲနော်...

ခင်မင်တဲ့
ဖိုးမောင်

ရေနွေးကြမ်း said...

တကယ်ကို ရင်နဲ့ဖတ်သွားခဲ့ပါတယ် မိုးမြင့်တိမ်ရေ...။ တစ်ကိုယ်တည်း ကြိတ်ကြိတ်ငိုရလွန်းတော့
ခေါင်းအုံးလေးတောင် ကျွန်တော့်ကို အပေါင်းအသင်း မလုပ်ချင်တော့ဘူး မေမေ..တဲ့လား..။စိတ်ကူးလေးတွေ ကောင်းလွန်းလှတယ်ဗျာ..။

ရေနွေးကြမ်း said...

တကယ်ကို ရင်နဲ့ဖတ်သွားခဲ့ပါတယ် မိုးမြင့်တိမ်ရေ...။ တစ်ကိုယ်တည်း ကြိတ်ကြိတ်ငိုရလွန်းတော့
ခေါင်းအုံးလေးတောင် ကျွန်တော့်ကို အပေါင်းအသင်း မလုပ်ချင်တော့ဘူး မေမေ..တဲ့လား..။စိတ်ကူးလေးတွေ ကောင်းလွန်းလှတယ်ဗျာ..။

msd said...

really nice, bro.

ကြယ်ပြာ said...

မဖတ်ရတာကြာတော့ ဖတ်လို့ပိုကောင်းနေသလားပဲ .... အတွေးတွေကတော့ မွန်းကြပ်လွန်းတယ် .... ဖွဲ့ထားတာတွေနက်လွန်းတော့ အသက်ရှုတောင် သိပ်မ၀သလိုခံစားရတယ် ... ဒါပေမယ့် ဖတ်လို့အရမ်းကောင်းတယ် ကဗျာဆရာရေ ...

Unknown said...

အကိုရေ ..သတိရ လို့ ဒီစာသားလေး လာပြန်မ တာ
ဟီးး("မွေးမေကျေးဇူးဆပ်ဖူးချင်တယ် အမေ" ဆိုတဲ့
မေမေသိပ်ကြိုက်တဲ့ သီချင်းလေးညဉ်းရင်း
တစ်ကိုယ်တည်း ကြိတ်ကြိတ်ငိုရလွန်းတော့
ခေါင်းအုံးလေးတောင်
ကျွန်တော့်ကိုအပေါင်းအသင်းမလုပ်ချင်တော့ဘူး မေမေ..)

ခင်မင်လေးစားလျှက်
(ဒုတိယ)

Template by - Abdul Munir