Sunday, July 25, 2010

အကွေ့

"၀ုန်း"

လွယ်အိတ်အတွင်းမှရေဘူးနှင့် စားပွဲထိခတ်သံက အနည်းငယ် ကျယ်လောင်သွားသည်။ မိမိသည်လဲ ထူးမခြားနား။ ဘ၀ထဲတွင် ပစ်ချခံခဲ့ရသည်မှာ ဒီ့ထက်ပင် ကျယ်လောင်လှပေသည်။နှစ်ပေါင်းအတော်ကြာ မိမိ မက်ခဲ့သော အိပ်မက်တို့သည်လဲ အခုတော့ တစ်စစီ။ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်မိလိုက်သည်။

"ဟူးးးးးးး"

စားပွဲပေါ်တွင်တင်ထားသော လန်ဒန်စီးကရက်ဗူးမှ စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိလိုက်သည်။ စိတ်နှင့်လူနှင့် မကပ်သောကြောင့်ပင်ထင်၏ ။ အနည်းငယ် ညှော်နံ့ထွက်လာမှ မိမိ စီးကရက်ကိုပြောင်းပြန်မီးညှိနေမိမှန်း သတိထားလိုက်မိသည်။

" တောက် "

" အဆင်မပြေချင်တော့လဲ ဆေးလိပ်သောက်တာတောင် အဆင်မပြေပါလား "

ဗူးထဲမှ နောက်စီးကရက်တစ်လိပ်ကို ထုတ်ရင်း မီးညှိကာ အားရပါးရ ရှိုက်လိုက်မိသည်။ အလွန်တရာ စိတ်မွန်း ကြပ်သည့် အချိန်တိုင်း၌ မိမိအား အဖော်ပြုပေးနေသည်မှာ ဤဆေးလိပ်ပင်ဖြစ်သည်။ မီးခိုးများကို မှုတ်ထုတ် ရင်း မျက်စိနှစ်လုံးကို အသာအယာ ပိတ်လိုက်မိသည်။ ဂရုဏာမျက်ဝန်း၊ မေတ္တာအပြုံးများဖြင့် နွေးထွေးစွာ စိုက် ကြည့်နေသော မိခင်နှင့် ဖခင်ကြီး၏ မျက်နှာများက စိတ်အာရုံတွင် ထင်ဟပ်လာခဲ့သည်။ ထို့နောက် မိမိအား စာနာနားလည်မှု အပြည့်ဖြင့် ယနေ့ထက်တိုင် ချစ်နေရှာသော တစ်လောကလုံး၌ မိမိ၏ မိဘနှစ်ပါးပြီးလျှင် အချစ်ရဆုံးသော မိန်းကလေးတစ်ယောက်၏ မျက်နှာက ဖျတ်ခနဲ ပေါ်လာခဲ့ပြန်သည်။

"ဟူးးးးးးးးးးးးးးးးးးးးး"

ပိတ်ထားသော မျက်ဝန်းအစုံကို ဖွင့်ရင်း သက်ပြင်းမော တစ်ခုကို ဒုတိယအကြိမ်မြောက် ချမိပြန်သည်။ တစ်ချိန် ကဖခင်ကြီး ဆုံးမခဲ့သော စကားများအား မိမိနားထဲတွင် ပြန်ကြားယောင်လာမိသည်။

" ငါ့သား အဖေတို့ ဒီခန္ဓာအဖွဲ့အစည်းကို လူလို့သမုတ်တယ်ကွ"

" ပိုပြီးပြည့်စုံအောင် ပြောရမယ်ဆိုရင် ဦးခေါင်း၊ ခြေ လက် ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အပြင် အရိုး၊ အသား၊ အကြော စတဲ့ အရာတွေနဲ့ တည်ဆောက်ထားတယ်ပေါ့ကွာ။ "

" ဦးခေါင်းပိုင်းမှာမှ အဓိက အနေနဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တွေ ပါဝင်တယ်ပေါ့ "

" ငါ့သား လူတွေမှာ ဘာကြောင့်မျက်စိတွေ ပါလာသလဲ ငါ့သား "

ဖခင်ကြီး မေးလိုက်သော မေးခွန်းကြောင့် ရုတ်တရက် ကြောင်သွားမိ၏ ။ လူတွေမှာ မျက်စိပါလာကြခြင်းမှာ အ မြင်အာရုံ ရရှိစေရန်ဖြစ်သည်။ ထိုသို့အမြင်အာရုံရှိမှသာလျှင် ယေဘုယျအားဖြင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်မြင်နိုင်ကြမည်၊ အရာဝထ္တုတို့ကို တွေ့မြင်နိုင်မည်။ မိမိကို အန္တရာယ်ဖြစ်စေနိုင်သော ယဉ် သို့မဟုတ် အခြားတစ်စုံတစ်ရာကို မြင်တွေ့ ရှောင်ရှားနိုင်မည် မဟုတ်ပါလား။ ထို့အတွက် ထိုမျှလွယ်ကူသော မေးခွန်းကို ဖခင်ကြီးမေးလိုက်ခြင်းအတွက် ရုတ်တရက် ကြောင်သွားခဲ့ခြင်းဖြစ်သည်။
ို
" အဖေရယ် မျက်စိပါမှသာ မြင်နိုင်မှာပေါ့။ ဒါမှလဲ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်မယ်။ အန္တရာယ်ကို ရှောင် ရှားနိုင်မှာပေါ့။ "

" အင်း ဒီလိုဖြေရုံနဲ့တော့ မပြည့်စုံသေးဘူး သား။ လူတွေမှာ သူတို့ရဲ့ စိတ်ကိုလိုက်ပြီး အရောင်တွေသူတို့ မျက်နှာ တွေမှာ ထွက်နေတတ်တယ် ငါ့သား။ အဲဒီ့အရောင်တွေကို ကြည့်ဖို့အတွက် လူတွေမှာ မျက်စိပါလာကြတယ်။ ဒါပေမယ့် မြင်အောင်ကြည့်တတ်ဖို့တော့ လိုတယ် သား။ သားပြောတဲ့ အကြောင်းအရာတွေ အပြင် အဲဒီ့ အရောင် တွေကို ကြည့်တတ်ဖို့ လဲလိုအပ်တယ် သား။ "

" နားတွေကော ဘာကြောင့်ပါသလဲ သား "

" နားတွေပါတာက အကြားအာရုံအတွက်ပေါ့ အဖေ။ ဒါမှလဲ ကြားနိုင်စွမ်း ရှိမယ်လေ အဖေ။ "

" မှန်တယ်သား။ နားတွေပါတာက အကြားအာရုံအတွက်ပေါ့။ သို့ပေမယ့် ငါ့သား ဘယ်လို အကြောင်းအရာ မျိုး တွေကိုနားစွင့်မလဲ။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်မှာ သူများ ကောင်းကြောင်း မကောင်းကြောင်းထက် ကိုယ် ကောင်းကြောင်း မကောင်းကြောင်းကို နားစွင့်ပါ ငါ့သား။ "

" မိမိမြင်သမျှ ကြားသမျှကို သားရဲ့ဦးနှောက်နဲ့ ချင့်ချိန်ဆုံးဖြတ်ပါ။ လောကမှာ အဆိုးရှိသလို အကောင်းလဲ ရှိ တယ် ငါ့သား။ သင်ယူသင့်တာရှိသလို မသင်ယူသင့်တာရှိတယ်။ လက်ခံသင့်တာ ရှိသလို လက်မခံသင့်တာ ရှိတယ်။ မိမိကိုယ်တိုင် သေချာချင့်ချိန် ဆုံးဖြတ်ပြီးမှ လိုအပ်တာကို ရယူပြီး မလိုအပ်တာဆို ပယ်ပါ ငါ့သား။ "

" ပါးစပ်တွေ ရှိနေသရွေ့ စကားတွေလဲ ရှိနေမှာပဲ သား။ အဲဒီ့စကားတွေထဲမှာ ကိုယ့်မကောင်းကြောင်းထက် ကိုယ့်ကောင်းကြောင်းကို သူများတွေ ချီးကျူးနိုင်အောင် ကြိုးစား ငါ့သား။ "

" နှာခေါင်းဆိုတာ အသက်ရှုဖို့ အတွက် အဓိက အင်္ဂါအစိတ်အပိုင်းဖြစ်ပေမယ့် လူတွေရဲ့ စိတ်ရနံ့ကိုလဲ အနံ့ခံ တတ်ဖို့ လိုတယ် သား။ ဒါမှလဲ ငါ့သားကျင်လည်ရာ ပတ်ဝန်းကျင်မှာ စိတ်တွေ ဘယ်လို ဖူးပွင့် ရှင်သန်နေတယ် ဆိုတာ သားသိလိမ့်မယ်။ အဲဒီ့ စိတ်ရနံ့တွေမှာလဲ မွှေးပျံ့တဲ့ ရနံ့တွေ ရှိသလို ဆိုးဝါးတဲ့ အနံ့တွေ ရှိနေတတ် တယ် သား။ ဒါတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် ငါ့သား စိတ်ရနံ့တွေကို ရှုရှိုက်တတ်ဖို့လိုတယ် သား။ "

" အေး ဒီလိုပဲငါ့သား။ လက်နှစ်ဖက်ပါလာတာဟာလဲ လောကဓံရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ဖို့ပဲ။ ဘယ် လောက်ပဲ ဆိုးဆိုးရွားရွား ထိုးနှက်ခံရပါစေ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းပြီး တစ်လှမ်း ဆက်ဖို့ ခြေနှစ် ဖက်လဲ ပါလာခဲ့တယ် သား။ အဲဒီ့ အတွက် ငါ့သား ဘ၀ခရီးကို လှမ်းတဲ့အခါ သားရဲ့ မျက်စိ၊နား၊ နှာခေါင်းနဲ့ ခြေ လက်တွေ ကို ကောင်းကောင်း အသုံးချနိုင်အောင် ကြိုးစားပါ ငါ့သား။ "

" သားကို အဖေ နောက်ဆုံးပြောချင်တာကတော့ လူ့အောက်ကျလို့ မသေဘူး ဆိုပေမယ့် အောက်ကျပါ များလွန်း တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ကိုယ်စွမ်းကိုယ်စတွေ တဖြည်းဖြည်း မှေးမှိန်လာတတ်တယ် ငါ့သား။ အဲဒီတော့ သား ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ချွန်မြနေအောင် ကြိုးစားပါ သား။ "

ခရီးဝေး ထွက်ခါနီး ဖခင်ကြီးက မိမိအားဆုံးမခဲ့သော စကားများအား ထိုစဉ် အချိန်က ကောင်းစွာ နားမလည် ခဲ့သော်လဲ ယခု ဘ၀ခရီးတွင် ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့လာချိန်၌ ထိုစကားများ၏နောက်ကွယ်မှ လေးနက်မှု များကို ကောင်းစွာ နားလည်ခဲ့လေပြီ။ ဖခင်ကြီး၏ ရှေ့နောက် တွေးခေါ်မျှော်မြင်မှု ကြီးလှသော စကားများ၏ တန်ဖိုးကို ကောင်းစွာ သဘောပေါက်ခဲ့လေပြီ။

" တီ တီ တီ တီ "

အတွေးလွန်နေမိသော မိမိအား လက်ကိုင်ဖုန်း မြည်သံမှ ရုတ်တရက် လှုပ်နှိုးလိုက်လေသည်။ ဖုန်းကို ကြည့်မိ တော့ မိမိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော နံပါတ် တစ်ခု။

" ဟယ်လို "

" ဟယ်လို။ ကိုဇော်ထွန်းပါလား "

" ဟုတ်ပါတယ်။ ကျွန်တော် ဇော်ထွန်းပါ "

" ဟုတ်ကဲ့။ ကျွန်မတို့ .......................ကုမ္ပဏီကပါ။ ကိုဇော်ထွန်း ပို့လိုက်တဲ့ အလုပ်လျှောက်လွှာ အီးမေးလ်ကို ကျွန်မ တို့လက်ခံရရှိပါတယ်။ မနက်ဖြန် .............နာရီကို အင်တာဗျူး လာနိုင်မလား ရှင်။ "

" ကျွန်တော် လာခဲ့ပါ့မယ် ခင်ဗျာ။ "

" ဟုတ်ကဲ့။ ဒါဆို လာရမယ့် လိပ်စာကို ခဏနေရင် ကျွန်မ အသေးစိတ် အီးမေးလ်ပြန်ပို့ပေးပါ့မယ် "

" ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော် လာခဲ့ပါ့မယ် "

" ကောင်းပါပြီ။ မနက်ဖြန် တွေ့ကြတာပေါ့ ကိုဇော်ထွန်း "

" ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ "

တစ်ဖက်မှ ဖုန်းချသွားပြီး ခဏ၌ ကျွန်ုပ်လဲ အီးမေးလ်ကို ဖွင့်၍ ထိုအမျိုးသမီး ထံမှ ၀င်လာမည့် အီးမေးလ်ကို စောင့်မျှော်နေလိုက်သည်။ ခဏအကြာတွင်တော့ လာရမည့် အသေးစိတ် လိပ်စာ အီးမေးလ် ၀င်ရောက်လာခဲ့ လေသည်။ မိမိ ဘ၀၏ အကွေ့တစ်ခုကား စတင်ခဲ့လေပြီ။ ထို အချိုးအဆစ်အတွက် ရင်ဆိုင်ဖြတ်သန်းရန် ဖခင် ကြီး၏ ဆုံးမစကားများက အားအဖြစ်ဖြင့် စီးဆင်းလာခဲ့သည်။ မိမိ၏ စိတ်အတွင်းမှ မိခင်နှင့် ဖခင်ကြီးအား ရိုသေ စွာရှိခိုး ကန်တော့မိလိုက်သည်။

အကွေ့တစ်ခုကို ဖြတ်ကျော်ရန်အတွက် မိမိ ပြင်ဆင်ရပေဦးမည်။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

2 comments:

Mhu Darye said...

း)
ဘယ်လို အချိုးအကွေ့တိုင်းမှာမဆို နောက်မဆုတ်တမ်း ရင်ဆိုင်ကျော်ဖြတ် လိုရာအရပ်ဆီရောက်ဖို့ ဆုတောင်းပေးပါ့တယ်။

မှူးဒါရီ

ywartharlay-ytu said...

အောင်မြင်ပါစေခင်ဗျာ

Template by - Abdul Munir