- မိသားတစ်စု ခေါင်မဲ့သွားတာ
သင်္ခါရတဲ့လား..အဖေ ။
မလွှဲမရှောင်သာ လက်ခံလိုက်ရတဲ့အမှန်တရားမှာ
တဆတ်ဆတ်နာနေတဲ့ ရင်တွေ
ပန်းထွက်နေတဲ့ ကြေကွဲခြင်းတွေ
တောက်စားနေတဲ့ အလွမ်းတွေ
အစားထိုးမရတဲ့ ဆုံးရှုံးခြင်းတွေ
မကျက်တော့မယ့် စေတသိတ်တွေနဲ့
စူးရှနေဆဲ နာကျင်နေဆဲ နင့်နဲနေဆဲ ။
- ခွဲခွာခြင်းနဲ့ ရှိခိုးဦးချနှုတ်ဆက်ခြင်းမှာ
ယူကြုံးမရခြင်းတွေ ပါဝင်နေတာ
သံသရာတဲ့လား...အဖေ ။
ဗျာပါဒတန်းလန်းနဲ့ ရင်ဘတ်တွေအတွက်
ကြိုးတစ်ချောင်း ပြတ်ထွက်ခြင်းဟာ
အခါးသက်သက် တီးကွက်နဲ့
ရင်နင့်ခဲ့တဲ့ ပြဇာတ်ပါ ။
- ရှောင်လွှဲခွင့်မရှိတဲ့ လမ်းမှာ
အဖေ့ရှင်သန်ခြင်း မီးငြိမ်းခဲ့ပေမယ့်
မိသားစုရဲ့ နှလုံးအိမ်အတွက်
အဖေဟာ...
ထာဝရလန်းတဲ့ပန်း နေထက်လင်းတဲ့ကြယ်
ခိုင်ခံ့မှုရဲ့တံတိုင်း နွေးထွေးခြင်းရဲ့အထွဋ်အမြတ်
ယုံကြည်ချက်ရဲ့ ဥသျှောင် ။
- စီးဆင်းလှည့်ပတ်တဲ့ သွေးထဲမှာ
ရှူရှိုက်နေတဲ့ ၀င်သက်ထွက်သက်မှာ
လျှောက်လှမ်းနေဆဲ မနက်ဖြန်တွေမှာ
အဖေဟာ..မီးရှူးတန်ဆောင်
အဖေဟာ..ခွန်အား
အဖေဟာ..သူရဲကောင်း
အဖေဟာ..အရာရာပါ ။
- တစ်ဘ၀လုံးစာ ပြန်မလာတော့မယ့်
အဖေ့ခွဲခွာခြင်း နှစ်ပတ်လည်မှာ
ကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး
ကိုယ်စိတ်နှလုံး သုံးပါးစလုံး ဦးညွှတ်ရင်း
ရင်ပွင့်အန် ကဗျာတစ်ပုဒ်နဲ့
ရိုကျိုးဦးချ ကန်တော့လိုက်တယ်
အဖေ...ကောင်းရာသုဂတိလားပါစေ။
မိုးမြင့်တိမ်
အတိတ်ကတစ်ချိန်
4 weeks ago
3 comments:
ရင်ထဲကနေ ကဗျာကိုဖတ်နေတဲ့ ကိုမိုးမြင့်တိမ်ရဲ့အသံ နားထဲမှာ ကြားယောင်...
ဒီကဗျာလေး သိမ်းထားခွင့်ပြု အုံးအကိုရေ
ထာဝရလေးစားလျှက်
(ဒုတိယ)
အဖေ ဆိုတာ ကျွန်တော် အရမ်းကြီး နားမလည်တဲ့ နယ်ပယ်တစ်ခု ပါ ... ကျွန်တော့် အတွက် ... အဖေ က .. ကျွန်တော့် အဘိုး လိုပါပဲ ... အဘိုး ဆုံးတုန်း က တော့ ... တကယ်ပဲ ... ၀မ်းနည်းခဲ့ရတယ် ... ရွှေတောင်ကြီး ပြိုတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ် က အဲဒီတော့မှ နားလည်သွားတယ် ...
Post a Comment