Friday, June 18, 2010

အဖေ့အတွက်

ကံကြမ္မာက ချပ်ဝတ်တန်ဆာအပြည့်နဲ့
သူကုံလုံကြွယ်ဝကြောင်း
အရာအားလုံးထက် သူအင်အားကြီးမားကြောင်း
လတ်ခမောင်းခတ်ကြေညာဖို့
ချင်းချင်းရဲ ပူပန်မှုလောင်မြိုက်
ရင်ဘတ်ပေါင်းစုံကို တိုက်တယ် ။ ။

အလစ်အငိုက်ပေါင်း များစွားနဲ့
ထိုးနှက်ချက်တိုင်းအတွက်
ရင်နင့်စွာနဲ့ ကာကွယ်ရင်း
အကျဉ်းကျခြင်း စိတ်အလျဉ်မှာ
ငါ....ညနဲ့တွေ့တယ် ။ ။

အလောတကြီး မမည်ပေမဲ့
တအိအိယိုင်လာတဲ့နောက်
အမှောင်ရဲ့ချောက်ချမှုဟာ
စိုက်ဝင်လုဆဲဆဲ မြှားတံလို
ခုတ်ဖြတ်ထစ်ပိုင်းလုလု ဓါးတစ်ချောင်းလို
သပ်လျှိုသွင်းစိုက်လာတဲ့နောက်
သေရာပါအမာရွတ်ဗလပွနဲ့
ဘ၀ဆိုတာက ညစ်သထက်ညစ်လာခဲ့ ။ ။

ချိုမြမွှေးဖြာတဲ့ ၀တ်ရည်တွေဟာ
လုယက်သောက်သုံးခြင်းအတွက်
ကြေကွဲဖွယ်ရာ စီးထွက်တဲ့
ပန်းတစ်ပွင့်ရဲ့ မျက်ရည်တဲ့ ...

စွှန့်လွှတ်ခြင်းအတွက် သောကကိုဖြေတတ်လာတဲ့အခါ
မေတ္တာကို ပခုံးနှစ်ဖက်နဲ့ ထမ်းပိုးတတ်လာတဲ့အခါ
အိမ်ဆိုတဲ့ ဝေါဟာရကို နွေးထွေးစွာဖတ်တတ်လာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် မဏ္ဏိုင်အဖြစ်ဘ၀ပြောင်းပြစ်လိုက်တဲ့အခါ
အဲဒီ့ညရဲ့ တိုက်ခိုက်မှုဟာတိုးတိတ်တိမ်ဝင်ရင်း
ကစဉ့်ကလျား ပုန်းရှောင်သွားတဲ့နောက်
ကံကြမ္မာကို စကားတစ်ခွန်းနဲ့ အပြီးသတ်တိုက်လိုက်တယ်...

" ဒါ အဖေ့အတွက် "


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Saturday, May 29, 2010

ညချော့တေး

ကိုယ့်အဠာရသနဲ့ ကိုယ်ပြန်အကျဉ်းကျ
ညတစ်ညရဲ့ မဏ္ဍိုင်ဟာ
ကိုင်လှုပ်ခံရတဲ့ လှံတစ်ချောင်းရဲ့အဖျားလို
ယိမ်းလို့ခါလို့ ။ ။

သုခုမဆန်ချင်စရာ တောရဲ့မာယာနဲ့
မြို့ပြတို့ရဲ့ဂီတ ရောနှောအချိုးချရင်း
လင်းတစ်ခါ မှောင်တစ်လှည့်ဘ၀တွေရဲ့
ကျင်လည်မှု အချိုးအဆစ်ကြား
သံဆူးတဲ့ လမ်းတွေများခဲ့ရင်း
လှည့်ကွက်မပြီတဲ့ လှည့်ကွက်များစွာထဲ
မပွင့်ရဲတဲ့ လည်ချောင်းတံခါးတွေ
မျက်စိသူငယ်နားသူငယ်
ဆာလောင်မှုနယ်ပယ်ထဲက
တစ်ထွာတစ်မိုက်အိမ်တွေ
သားမဲ့မိခင်နဲ့ မိခင်မဲ့သားတွေ
ဖခင်တစ်ယောက်ရဲ့ ပုခုံးသားနဲ့
ခြေသလုံးအိမ်တိုင် ဂရုဏာတွေ
အရာရာဟာ သဘာဝနဲ့အတူအသားကျလို့...

အဲလိုညမျိုးမှာမှ ငါကနိုးထလာခဲ့တယ် ။ ။

မာယာအတတ်နဲ့ ယက်တဲ့တောင်းထဲ
ဝိညာဉ်တို့ရဲ့ကပွဲက ခြိမ့်ခြိမ့်သဲသဲပွဲခံ
အစွဲရှိသူတို့ရဲ့မှန်နဲ့ အစွဲမရှိသူတို့ရဲ့ဟန်
ပေါင်းစပ်ခြင်းရဲ့ သံစဉ်အောက်
လူဆိုတဲ့သတ္တ၀ါက ကြောက်ကြောက်လာတတ်ခဲ့ ။ ။

သူ့အသားက လျှာဖျားမှာစိမ့်နေအောင်ချိုမြသတဲ့
ကိုယ့်အသားကျမှ အခါးဆိုင်းဘုတ်ထောင်
ကမ်းမမြင်လမ်းမမြင်အောင် အမှောင်တွေထဲဖျော်ချ
ကိုယ့်မျှခြေနဲ့ ကိုယ်ရစ်ပတ်
အယူဝါဒ ကတုတ်ကျင်းများစွာနဲ့
လူလူချင်း ခင်းတဲ့စစ်တွေမှာ
အနိဠာရုံတွေကြီးထွား ရာသီတွေခြစားလို့
ခံတွင်းနဲ့ လျှာတောင်ရန်ဆောင်
အော်....
ဘ၀တွေ မှောင်မှောင်သွားကြပေါ့ ။ ။

နောက်ဆုံးတော့
ဘ၀ကို ဘောင်ကွပ်မဲ့အစား
ညကို အမှောင်သွတ်သွင်းလိုက်တယ်
မင်းလဲ အိပ်သင့်ပြီပေါ့လေ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Tuesday, May 11, 2010

အမေ့သားက တစ်ဝက်တစ်ပျက်စီးဆင်းနေခဲ့ရတယ်

လေတိုက်လို့ သစ်ရွက်လှုပ်တာကအစ
လိပ်ပြာလွင့်မတတ်ဖြစ်နေခဲ့တယ် မေမေ..

မြဲမြံစွဲမြဲခြင်းနဲ့ ရဲ့ရင့်စွာတိုးထွက်ဖောက်ဝင်ခြင်းတွေဟာ
အထူးတလည်မကြိုးစားရပါဘဲ နစ်မြုပ်ပျောက်ဆုံးကုန်တာ
ခေတ်ကများ ပြုစားလိုက်တာလား မေမေ..

အလျားလိုက်ပဲ စီးစီး
ဒေါင်လိုက်ပဲ ပျော်ဝင်ပျော်ဝင်
ဒီခရီးက အတူတူဖြစ်နေမှတော့
တစ်နေ့တစ်လံလျှောက်လည်း
ကျွန်တော်ပန်းတိုင် ပျောက်နေတုန်းဘဲ မေမေ...

ကိုယ်တိုင်ကိုယ်ကျ ကျကျနနတည်ဆောက်မယ်ဆိုတဲ့အတွေးက
အခု လေဖမ်းဒါန်းစီးနေရသလိုပါဘဲ..

ခွန်အားရှိသလောက် ခြစ်ခြုတ်ကုတ်တက်ရင်း
ဥာဏ်စွမ်းရှိသလောက် ငြမ်းဆောက်ခါမှ
ကျွန်တော့်လှေခါး ခြစားနေတယ်တဲ့ မေမေ..

မိုးမျှော်အဆောက်အဦးတွေကြားရောက်မှ
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်သေးငယ်နေမှန်း
လူလူချင်း အနင်းခံရမှ
လေထုဖိအား ဘယ်လောက်များနေခဲ့မှန်း
မျက်ဝန်းမျက်ဆံ မှေးမှေးတွေမြင်မှ
ကိုယ့်ဘ၀က အနှိမ်ခံနေရမှန်း
လက်တစ်ဖျစ်စာ ဦးနှောက်က
ပလတ်စတစ်ပျားကြောင့် အရည်ဖျော်ခံနေရမှန်း
ချိနဲ့လာတဲ့စိတ်ဓါတ်က အရိပ်အမြွက်လောက်တောင်
မတွေးချင်တော့ပါဘူး မေမေ...

ကျွန်တော်တို့မြို့လေးမှာ
လျှပ်စစ်အားအလုံအလောက် မလာနိုင်ပေမယ့်
ကျွန်တော့်ဦးခေါင်းမှာတော့ တစ်နေ့တစ်ခြား
မီးချောင်းတွေ များများလာတယ် မေမေ...

ရတနာသုံးပါးကိုသာ အားထားရင်း
မေမေ့ခြေဖမိုးအစုံကို ဦးခိုက်ရင်း
"မွေးမေကျေးဇူးဆပ်ဖူးချင်တယ် အမေ" ဆိုတဲ့
မေမေသိပ်ကြိုက်တဲ့ သီချင်းလေးညဉ်းရင်း
တစ်ကိုယ်တည်း ကြိတ်ကြိတ်ငိုရလွန်းတော့
ခေါင်းအုံးလေးတောင်
ကျွန်တော့်ကိုအပေါင်းအသင်းမလုပ်ချင်တော့ဘူး မေမေ..

မေမေရေ.....
တောင်တစ်လုံးအဖြစ်ရပ်တည်ချင်တဲ့ မေမေ့သား
တိုက်စားဖန်များလွန်းတော့လည်း
ကျောက်စရစ် တစ်ခဲစာလောက်တောင် မကျန်တော့ဘူး..

အကောင်အထည်ဖော်ဆောင်မရနိုင်တဲ့ ထိုးနှက်ချက်တွေခံရတိုင်း
အမြင့်ကိုမှန်းတဲ့ ကျွန်တော့်ရင်ဘတ်တစ်ခြမ်းက
အရမ်းနာတယ် မေမေရယ်....။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Monday, May 3, 2010

ဗလာ

အကြေးတစ်ချို့ကို ခွာချဖို့
ကိုယ့်စိတ်ကိုယ် စိုက်ပျိုးလိုက်ကာမှ
ငါ့မြေယာက လောင်စာမပြည့်ဘူး ။ ။

ပူပြင်းလာတဲ့ ရာသီကြောင့်ဘဲလား
လေးလံခန်းခြောက်လာတဲ့ တင့်တောင့်တင့်တယ်က
တစ်ကိုယ်ရေတကာရ အငွေ့ပျံခြင်းမှာ
ဖူးပွင့်လိုက်တဲ့ ရာသီစာ
အကြောင်းမတိုက်ဆိုင်မှု များစွာ ။ ။

ကိုယ်တိုင်ကိုယ်ကျ မကြောက်တတ်ခဲ့ပေမယ့်
အသိတရားတွေ အခိုးခံရတဲ့
နေ့တစ်နေ့ရဲ့ နောက်ဆုံးထွက်သက်မှာ
စိတ်ရဲ့ အမှောင်ဆုံးအခန်းဟာ
မျက်နှာ ဖြစ်နေခဲ့တယ် ။ ။

မှာယွင်းမှုကို ခြေရာခံမိသွားတာလား
ဒါမှမဟုတ်
အမှန်တရားကိုပဲ ရှာဖွေတွေ့ရှိလိုက်တာလား
ဘယ်လိုဘဲဖြစ်ဖြစ်
ပျော်ကျစီးဆင်းလာတဲ့သက်ပြင်းတွေမှာ
သုခုမဆန်စွာ တီးခတ်ဖို့
ငါ့လက်တွေ အသံမထွက်တော့ဘူး ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Friday, March 12, 2010

ငွေ က သံစဉ်

အသက်အောင့်ထားတဲ့ မနက်ခင်းတစ်ခုဟာ
ချဉ်းကပ်လာတဲ့ ပြောင်းလဲမှုကိုရင်ဆိုင်ဖို့
ရဲစိတ်တင် နှစ်ချို့တစ်ခွက်နဲ့
ရွပ်ရွပ်ချွံချွံ တိတ်ဆိတ်နေရဲ့ ။ ။

ကံကြမ္မာဟာ ကြည့်မှန်နောက်ကပြဒါး
အသံထက်မြန် နှုန်းထားနဲ့လာခဲ့ရင်
ကြိုတင်ပြင်ဆင်ခွင့်ဟာ ဆိုင်းဘုတ်အနေနဲ့သာ ။ ။

ပုလင်းတစ်လုံး ခေါင်းအပွင့်
ရေပေါ်ဆီ နှုတ်ခမ်းတွေနစ်ရင်း
စီးကရက်ရနံ့မှာ ပန်းကြွေကျရင်း
လင်းတစ်ခါ မှိန်တစ်လှည့်
ကဝေပျိုကကွက်တွေ ဖြန့်ကျက်
လျင်သူစားတမ်း အင်အားကြီးသူသာစတမ်း
ကိုယ်စီကိုငှ ၀ှက်ဖဲများစွာနဲ့
ဘ၀လှည့်တမ်း ကစားပွဲတွေဟာ
သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်တဲ့လား ။ ။

ရုန်းရင်းကန်ရင်း သလုံးတောင့်မတတ်
ချွေးမွေ့ယာနဲ့ ပျော်မွေ့ယဉ်ပါးလာတဲ့
ဆိုက်ကားသမားတစ်ယောက်ရဲ့ အိတ်ထောင်မှာ
ဆာလောင်မှု မျက်နှာများစွာနဲ့ ။ ။

ပက်ကြားအက်မတတ် လက်ဖ၀ါးဟာ
စွမ်းရည်တွေ စုပ်ထုတ်ခံလိုက်ရသလို
အချိန်မတိုင်ခင် ရင့်ရော်မှုဟာ
အလှအပတရားကို စုတ်ဖြဲခံရသလို
အပူလှိုင်းကို ပါးကွက်နဲ့အန်တု
အုတ် ကျောက် သဲသယ် ပန်းရံသမငယ်တစ်ယောက်ရဲ့နောက်ကွယ်မှာ
ကြောက်မက်ဖွယ်ရာ ကြပ်တည်းမှုတွေအပြည့် ။ ။

တစ်ပါးသူအမှိုက်နဲ့ ဆက်တဲ့အသက်
ပေးစာကမ်းစာ ထမင်းတစ်နပ်
သနားကြပါ တစ်စာစာအော်ရင်း
အရွယ်နဲ့မလိုက်အောင် ဖိနှိပ်ချိုးနှုက်မှုအစုံ
ဇိမ်ခံကားပေါ်က ခွေးတစ်ကောင်လောက်တောင်
အဖိုးမတန်လိုက်တဲ့ပုံ ။ ။

ဝေဒနာသည် မိခင်အတွက်
ငွေအရှာထွက်တဲ့ ပန်းရောင်းသမားလူငယ်မှာ
မရေမရာ မျှော်လင့်ချက်ဝတ်ရုံခြုံလို့
တဲငယ်အစုတ် မဏ္ဏိုင်ကိုပုခက်တိုင်ချည်ရင်း
သားချော့တေးဆို အမေအိုမှာ
မနက်ဖြန်ဆိုတဲ့ အတွေးခါးတွေမြိုလို့ ။ ။

အဲဒီလို......
ကိုယ့်ကိုယ်ကိုယ် ဖျော်ချကြည့်တော့
ဆို့နင့်သွားတဲ့ မေတ္တာကမ်းပါးမှာ
တခမ်းတနားကဖို့ ငွေလိုတယ်
လမ်းမမှားဖို့ ငွေလိုတယ်
နေဖို့ အတွက်ငွေလိုတယ်
သေဖို့ အတွက်ငွေလိုတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir