Wednesday, July 9, 2008

လေပြေတမ်းချင်း

နွေရာသီဆိုတာနဲ့ လိုက်ဖက်အောင်နေမင်းက အစွမ်းကုန်ပူပြင်း နေလေရဲ့။ ခြောက်သွေ့သွေ့သစ်ရွက်တွေဟာလည်း လေပူအဝှေ့ မှာ လူးလွန့်မျောပါနေကြတယ်။ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်အိုငုံ့ ကြည့်ရာမြေပြင်ထက်မှာတော့ ဖြူဖွေးဖွေး အုတ်ဂူတွေက အစီအရီ။ အကျည်းတန်လှတဲ့ မြင်ကွင်းထဲကို ရုတ်တရက် နတ်မိမယ်လေးတစ်ပါးလို ချောမောလှပတဲ့ အမျိုသမီးတစ်ယောက် နှင်းဆီပန်း အနီတစ်စီးကိုင်လို့ ၀င်ရောက်လာတယ်။သူမ ဦးတည်ရာကတော့ သုသာန်မြေရဲ့ ထောင့်တစ်နေရာမှာ ရှိနေတဲ့ အုတ်ဂူတစ်လုံးစီကိုပေါ့။ အုတ်ဂူရှေ့ရောက်တော့ သူမညင်သာစွာရပ်လိုက်ပြီး လက်ထဲကပန်းစည်းလေးကို အုတ်ဂူပေါ်အသာအယာတင်လိုက်တယ်။ ပြီးတော့ အုတ်ဂူကို စိုက်ကြည့်ရင်းက တီးတိုးစကားတွေ ပြောလိုက်တယ်။ "မိုးမြင့် ဒီနေ့ဆိုရင် နင်လူ့လောကထဲက ထွက်သွားတာ တစ်နှစ်တင်းတင်းပြည့်ြ့ပီနော်။ ငါလေ ဒီအကြောင်းတွေကို တွေးမိတိုင်း အရမ်းစိတ်မကောင်းဖြစ်ရတယ် ငါ့ကိုငါလည်း မုန်းတီးမိတယ်။ တကယ်ဆိုရင် ငါနင့်ကို မျှော်လင့်ချက်တွေ မပေးသင့်ဘူး။ ဘာရယ်မဟုတ်ဘဲ ပြောလိုက်မိတဲ့ ငါ့စကားတစ်ခွန်းဟာ နင့်ကို လူ့လောကထဲကနေ ဆွဲထုတ်သွားမယ်မှန်းသိခဲ့ရင် ဒီစကားကို ငါမပြောခဲ့ပါဘူးဟာ။ ဒါပေမယ့် အခုတော့ ဘာမှပြန်ပြင်လို့ မရတော့ဘူး။ အားလုံးဟာ လွန်ကုန်ပြီ။ ငါအရမ်းမှားသွားတယ်ဟာ။နင်ငါ့ကို ခွှင့်မလွှတ်ပါနဲ့ဟာ" ပြောရင်းနဲ့ သူမရင်ထဲမှာ ဆို့နင့်လာတယ်။ မျက်ဝန်းအိမ်က ပူနွေးစိုစွတ်တဲ့ မျက်ရည်စတို့ လိမ့်ဆင်းလာခဲ့တယ်။ မျက်ရည်စတို့နဲ့ေ၀၀ါးနေတဲ့ အမြင်အာရုံထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလကို ပြန်မြင်ယောင်လာမိတယ်။
..................................................................................................................................................................................

လင်းသွဲ့လေပြေ
လင်းသွဲ့လေပြေလို့ အမည်ရှိတဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေက လေပြေလို့ ခေါ်ကြတဲ့ ကျွန်မကို Ecoမေဂျာ တစ်ခုလုံးက Queen အဖြစ်တင်မြှောက်ထားခဲ့ကြတယ်လေ။ ကျွန်မကလည်း ဒီဘွဲ့ကို ကျေနပ်အားရစွာနဲ့ လက်ခံခဲ့တယ်။ တစ်ကျောင်းလုံးရှိသမျှသော ပုရိသယောကျာ်းတွေရဲ့ ပါးစပ်ဖျားမှာ လည်း လေပြေဆိုတဲ့ ကျွန်မ ဘယ်လောက်ချောတယ် ဘယ်လောက်လှတယ် ဆိုတာကို ဘဲပြောနေကြတယ်လေ။ ကျွန်မကလည်း ကို့ရဲ့ အလှအပကို ဂုဏ်ယူနေမိတယ်။ သူငယ်ချင်းတွေကျွန်မကို အမြဲပြောတဲ့ စကားကတော့ "လေပြေ့ကို အားကျလိုက်တာ" ဆိုတာပါဘဲ။ ကျွန်မကို စာလိုက်ပေးတဲ့ လူတွေ ရည်းစားစကားလိုက်ပြောတဲ့ သူတွေကလည်း တစ်ကျောင်းလုံးနီးပါး လောက်ပါဘဲ။ဒီတော့ သူငယ်ချင်းတွေ အားကျမယ်ဆိုလည်း ကျစရာဘဲပေါ့။တစ်နေ့တော့ ကျွန်မရဲ့ လှပမှုကို အကျည်းတန်စေတဲ့ အဖြစ်တစ်ခု မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ မိုးမြင့်လို့ ခေါ်တဲ့ အူကြောင်ကြောင် ငနဲကြောင့်ပေါ့။ သူလည်း ကျောင်းမှာတော့ နာမည်ကြီးစာရင်းဝင် တစ်ယောက်ပေါ့။ ဒါပေမယ့် သူနာမည်ကြီးတာက အူကြောင်ကြောင်နိုင်လွန်းလို့လေ။အမြဲတမ်းလဲ တစ်လွဲလုပ်တတ်လို့ပေါ့။
တစ်ရက် ကျွန်မ ကန်တင်းလ်ကို အလာလမ်းမှာပေါ့။ "လေပြေ လေပြေ " နောက်ကနေ အမောတကောခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိတော့ အလွဲတကာ့ထိပ်ခေါင် အူကြောင်ကြောင်မိုးမြင့် နောက်ကနေပြေးလိုက်လာတယ်။" ဘာလဲ" ကျွန်မလည်း ခပ်မာမာပြန်ထူးလိုက်တယ်။ ကျွန်မထူးသံကြောင့် သူလန့်သွားတယ်ထင်ရဲ့။ ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်နေတယ်။ " ဟဲ့ ဘာလဲလို့မေးနေတယ်လေ" စိတ်မရှည်နိုင်တဲ့ ကျွန်မ ခပ်ဆတ်ဆတ်ထပ်မေးလိုက်မှ အထစ်ထစ်နဲ့ စကားပြောလာတယ်။ "ဟို ဟို " "ဘာဟိုဟို လဲ" " ဟိုလေ စာ စာ" " သြော် စာကလေးကျော်လား ဟိုရှေ့နားမှာ ရောင်းတယ်" "အာမဟုတ်ဘူး ဟို နင့်ကို စာပေးတာ" "ဘာစာလဲ" "နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာ ရေးထားတဲ့ ငါ့ရဲ့ မေတ္တာစာပါ ယူသွားပြီးဖတ်ပေးပါနော် " "ပြီးရင် ငါ့ကို စဉ်းစားပေးပါဟာ နော်" " ဘာ မိုးမြင့် နင့်အိမ်မှာ မှန်ရှိလား" ရုတ်တရက် ကျွန်မမေးလိုက်တဲ့ စကားကြောင့် သူခဏကြောင်သွားတယ် ပြီးတော့မှ " သြော်ရှိတယ် နင် လိုချင်လို့လား ငါယူလာပေးမယ်လေ" " သွားသေလိုက် နင့်မှန်ကို ငါကဘာလုပ်ရမှာလဲ " " မသိဘူးလေ နင်ဘဲမှန်ရှိလားဆို " " အေးငါပြောတာက နင့်အိမ်မှာ မှန်ရှိရင် နင့်ကို နင်မှန်ထဲပြန်ကြည့် ငါ့ကို စာလိုက်ပေးရအောင်နင့် ရုပ်ရည် နဲ့တန်လို့လားလို့" " အာ မဟုတ်ဘူးလေဟာ ရုပ်ချောတယ် မချောဘူးဆိုတာ ဘုရားပေးသလောက်ပေါ့ ငါကရုပ်မချောပေမယ့် နင့်ကို ချစ်တဲ့ ငါ့နှလုံးသားက အချစ်တွေက အမြဲလှ နေပါတယ်ဟာ " " ဟဲ့ နင်လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ ငါ့ရှေ့ကနေဖယ်" " လေပြေ နေပါဦးဟာ ငါ့စာလေး ယူသွားပါဟာနော်" "အို မယူနိုင်ဘူး " ဒီလိုနဲ့ ကျွန်မက ရှေ့လှမ်းအထွက် သူကဘေးကနေ အတင်းလိုက်ပေးနဲ့ သူ့ခြေထောက်က ကျွန်မ ဖိနပ်ကို တက်နင်းမိပြီး ကျွန်မ ဖိနပ်ပြတ်သွားပါရော။ " ဟယ် " " ဟာ " " ဖိနပ်ပြတ်သွားပြီ " " ငါ့ဖိနပ် စီးသွားလေ လေပြေ ဖိနပ် မပါရင် နင့်ဖ၀ါး နုနုလေးတွေ နာကုန်လိမ့်မယ် " " သွားသေလိုက် နင်ငါ့နောက်လိုက်မလာနဲ့နော် " ကျွန်မလည်း ရှက်ရှက်နဲ့ အရှေ့က ခပ်သွက်သွက်သွား သူကလည်း နောက်ကနေ အတင်းဖိနပ်လိုက်ပေးနဲ့ တော်တော်ရုတ်ပျက်ဆင်းပျက်နိုင်ပြီး တော်တော်လည်းရှက်ဖို့ကောင်းပါတယ်။ကျောင်းသားကျောင်းသူတွေက လည်း အကုန်ဝိုင်းကြည့်နေတော့ ကျွန်မလည်း တော်တော်ကို ရှက်မိတယ်။ ကျွန်မရှက်လွန်းလို့ ထူပူပြီးတော့ ဘာလုပ်ရမှန်းကို မသိပါဘူး။ ခြေထောက်ကလည်း တစ်ဖက်က ဖိနပ်နဲ့ တစ်ဖက်က ခြေဗလာနဲ့ ဆိုတော့ လမ်းလျှောက်ရတာ တော်တော်ကို ကသိကအောက်နိုင်ပါတယ်။ စိတ်ထဲ မှာတော့ဒင်းကို အမှုန့်ချေပစ်ချင်လောက်အောင်ကို ဒေါသထွက်နေတာ။သူလည်း ကျွန်မဒေါအကြီးအကျယ်ကန်နေပြီဆိုတာ သိတော့ ဆက်လိုက်မလာတော့ဘူး။ကန်တင်းလ်ရောက်လို့ သူငယ်ချင်းတွေကို ပြောပြတော့ သူငယ်ချင်းတွေက အားရပါးရကောင်းချီးပေးကြပါတယ်။ ရီလိုက်ကြတာမှ ပြောမနေပါနဲ့တော့။ " ဖြစ်မှ ဖြစ်ရလေ လေပြေရယ် အလွဲတကာ့ထိပ်ခေါင်နဲ့ မှတွေ့ရတယ်လို့" တဲ့။ ဒင်းတော့လား နေနှင့်ဦးပေါ့။ နောက်တစ်ခါ လာလို့ကတော့ လေပြေ့အကြောင်းကောင်းကောင်းသိစေရမယ်။



ဆက်ရန်

2 comments:

ရွှေပြည်သူ said...

“မိုးမြင့် ဒီနေ့ဆိုရင် နင်လူ့လောကထဲက ထွက်သွားတာ တစ်နှစ်တင်းတင်းပြည့်ြ့ပီနော်။” ဆိုတော့ လန့်တောင် လန့်သွားတာပဲ။ မင်းသားနာမည် ပေးစရာရှားလို့ အစ်ကိုရေး) အရေးအသား အရမ်းကောင်းပါတယ်။ နောက်ပိုင်းတွေ စောင့်ဖတ်နေပါ့မယ်။

ရွှန်းမီ said...

နေနှင့်ဦးပေါ့။ နောက်တစ်ခါ လာလို့ကတော့ . . .
=)
ဆက်ရေး ဆက်ရေး ..

Template by - Abdul Munir