Thursday, January 29, 2009

အကျွေ

" ဒီညနေစာကို ဆီဒိုးနားမှာ သွားစားရအောင် "

" တန်းစီနေရဦးမှာလားကွာ "

" စီစရာ မလိုပါဘူးကွာ ။ ရောက်တာနဲ့ ၀င်စားရုံပါဘဲ "

" ဟုတ်မှလဲ လုပ်စမ်းပါကွာ ။ တော်ကြာ ဗိုက်ဆာဆာနဲ့ စောင့်နေရဦးမယ် ။ "

" မင်းကလဲ အလကားစားရမှာကို ဂျီးများနေတယ် "

" သြော်...မင်းကကော ဘယ်လောက်ကုန်သွားမှာ မို့လို့လဲ "

တဖိတ်ဖိတ်လက်နေသာ ကား၏နောက်ကြည့်မှန်မှ ကိုယ့် ကိုယ် ကိုယ် ပြန်ကြည့်ရင်း ဇွဲ
၏အပြောကို ရဲရင့်ပြန်မေးလိုက်၏ ။

" ဒါနဲ့ ဒီကားကို ဒီ့ထက်မော်ဒယ်မြင့်တဲ့ ကားနဲ့ လဲဘို့ သိန်းတစ်ထောင် အလိုက်ပေးရမယ်
တဲ့ "

" မင်းက ဘယ်လိုလုပ်သိတာလဲ "

ရဲရင့်အပြောကြောင့် ဇွဲပြန်မေးလိုက်မိသည်။

" မနေ့ညက ငါ့အဖေက အမေ့ကို ပြောနေသံကြားတယ် ။ သိပ်မကြာခင်လဲဖြစ်မယ်ထင်
တယ်တဲ့ ။ "


x x x x x x x x x x x x x x x x x x x x x


" မစံပယ်ရေ ဒီအ၀တ်တွေလျှော်ပြီးရင် ပြန်လို့ရပြီနော် ။ မောင်ဇွဲရေ ကားရေဆေးပြီးရင်
မင်းအတွက် မုန့်ဘိုးလာယူချေ ။ "

အပေါ်ထပ်ဝရန်တာမှ ဒေါ်မြင့်မြတ်နှင်းအသံကြောင့် ဇွဲ ကားရေဆေးရာမှ အပေါ်ထပ်
ဝရန်တာသို့မော့ကြည့်မိလိုက်၏ ။

" ဟုတ်ကဲ့ မာမီလေး "

" မောင်ရဲရင့်ရေ မင်းအဖေ ကိုမောင့်ကို အလုပ်ကိစ္စနဲ့ မှော်ဘီဘက်ကို လိုက်ပို့တယ်ကွယ့်။
အိမ်ပြန်နောက်ကျလိမ့်မယ် ။ မင်းအမေကို ပြောလိုက်ဦး "

" ဟုတ်ကဲ့ မာမီလေး "

ဒေါ်မြင့်မြတ်နှင်း၏ အပြောကို ရဲရင့်တစ်ယောက် ရိုကြိုးစွာခေါင်းညိတ်ပြရင်း ပြန်လည်ဖြေ
ကြားလိုက်၏ ။

" သားရေ ဇွဲ "

" နင့် မာမီလေး ပေးတဲ့ မုန့်ဘိုးနဲ့ ငါးရေခွံကြော်ဝယ် ၊ ပြီးရင် မလှကြည်တို့ ဆိုင်ကဆန်သုံး
လုံးနဲ့မီးသွေးတစ်ပိသာ သွားယူ "

" နင့်အဖေပြန်လာရင် ဆက်ဆက်ပေးပါ့မယ် ပြောနော်၊ပြီးတော့ အနော်မာကန်မှာ ရေခပ်
ပြီးပြုတ်တို့ဘို့ ကနဖော့တွေ ချိုးလာခဲ့ ။ "

" အမေ လျှော်ပြီးသား အ၀တ်တွေလှန်းပြီရင် လိုက်လာခဲ့မယ် "

" ကောင်းကောင်းလည်း ပြန်ကြဦး ။ ဆော့မသွားကြနဲ့ ။ ပိုက်ဆံမပျောက်စေနဲ့နော် "

တန်ဘိုးကြီးကြွေပြားများနှင့် အလှဆင်ထားသည့် ခမ်းနားကြီးကျယ်လှသောနှစ်ထပ်တိုက်
ကြီးကိုကျောခိုင်းကာ တိုးချဲ့ရပ်ကွက်ဆီသို့ နှစ်ရာတန်တစ်ရွက်ကိုဆုပ်ကိုင်ရင်းကလေးနှစ်
ယောက်တရွေ့ရွေ့နှင့် ထွက်ခွာသွားလေတော့သည်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

9 comments:

Minn said...

သတ္တိရှိရှိ တစ်မျက်နှာဝတ္ထုတို ချပြရဲတာ
လေးစားတယ်ညီ..
အကောင်းအဆိုးဆိုတာထက်
အနုပညာအတွက် ရဲရင့်ပြရဲတာ
သူရဲကောင်းစိတ်ဓတ်ပဲ...
တစ်ခါကပြောခဲ့ဘူးတယ်
လူမှန်ရင် ဘုရားရှင်ကလွဲလို့
မွေးမွေးချြင်း လမ်းမလျောက်တတ်ကြပါဘူး
ဘယ်လောက်ပြည့်စုံနေပါစေ
အိပ်တာနဲ့ စားတာတော့ လူငှားချလို့မရဘူး
ဒီလိုပဲ...အနုပညာဆိုတာ....

မီးငယ် said...

အစ်ကိုတွေးထားတာလေးအရမ်းကောင်းတယ်.....

ညီအကိုများ said...

အားပါး ကိုယ့်ဆရာကက ဒါမျိုးလည်းရတာပဲ။
လေးစားတယ်ဗျာ။

မိုးကြယ်

အိုင်လွယ်ပန် said...

အင်း ဘဝတွေ ဘဝတွေ

ညီအကိုများ said...

အားပါး ကိုယ့်ဆရာကက ဒါမျိုးလည်းရတာပဲ။
လေးစားတယ်ဗျာ။

မိုးကြယ်

မိုးမောင်(happycloud) said...

ဟား.ဟားးး..အပေါ်မှာ မိုးကြယ်တော့ မူးမူးနဲ့မန့်သွားပြီ..
ဆရာမိုးမြင့်က ၀တ္တုရေးတာနည်းပေမယ့် တကယ်ချပြတော့လဲ သဘာဝထဲက ဇာတ်ရုပ်ကို လှစ်ကနဲပြလိုက်တာပဲ။ ကိုယ့်ဆရာမှာ ထင်မထားတဲ့ ၀ှက်ဖဲတွေ ရှိနေအုံးမှာ အသေအချာပဲ။ နည်းနည်းချင်းတော့ လှမ်းပြဗျာ...(ဟေ့လူ.. ၀ှက်ဖဲနော်) ဒါပဲ....။

GreenGirl said...

ဘ၀ဆိုတာ စိတ်ကူးထဲမှာလောက် မလှတာတော့ သေချာတယ်း)

HAPPYCLOUD said...

တွေးစရာတွေတော့ အများကြီးရတယ်ညီရေ...
ဆက်ရေးအုံးကွာ...
ဖိုးမောင်

အိပ်မက်ရှင် said...

ဟုတ်ပြီ ... ကြိုက်တယ် ...
ရင်ဘတ် တစ်ခုကို ဆွဲဖွင့်ပြလိုက်တာ ... လှစ်ကနဲ ညင်ညင်သာသာလေး
အနက်ရှိုင်းဆုံး အစိတ်အပိုင်း ..... မှာ
နှစ်ခြမ်းမြင်နေရတယ် ...
ကမ်းကုန်အောင် ချစ်တတ်လွန်းနေတဲ့ ချစ်ခြင်းပြု နှလုံးသား တစ်ခြမ်း ...
အနုပညာထုံတွေ မွှမ်းနေတဲ့ မှော်အောင် နှလုံးသား ... ကျန် တစ်ခြမ်း ...
ဒီနှလုံးသား တစ်စုံနဲ့ ...
မိန်းမူးအောင်၊ ရီဝေအောင်၊ ပြိုလဲအောင် .... လုပ်နိုင်စွမ်းရှိတဲ့
ကဗျာဆရာကလည်း ဒီလို အနုပညာမျိုးတွေ ချပြရဲပေတာကိုး ....
ဆရာ ... လေးစားပါတယ် ...
ဆက်လက်ချီတက်ပါဆရာ ..... ။

ခင်မင်လေးစားစွာဖြင့်
ကဗျာပေါင်း မိတ်ဆွေကြီး

Template by - Abdul Munir