Saturday, May 23, 2009

စိုသူမဲ့သောမိုးစက်များ

အဲဒီနေ့က
ကောင်းကင်မှာ လမသာဘူး
ကြယ်တာရာတွေတော့ လင်းတယ်
ရေးလက်စကဗျာတစ်ပုဒ်ကို ခေါက်သိမ်းရင်း
ဘ၀ကိုတစ်ဆစ်ချိုးဘို့ ကြိုးစားတော့
ခေါက်ရိုးကျိုးနေတဲ့ ထောင့်တွေက
ဆန္ဒမှန်သမျှကို ဆန့်ကျင်နေကြ ။ ။

ဝမ်းတထွာကို ကျောင်းဖို့
ငါ့ကိုယ်ငါ ပေါင်းသင်ရင်း
ကြဲချလိုက်တဲ့ မျိုးစေ့တွေမှာ
ပတ်ဝန်းကျင်ရဲ့ သဟဇာတတွေပါတယ် ။ ။

နက်နက်နဲနဲ ဖြစ်သလို
နက်နဲမှုမရှိတဲ့ အတွေးကိုတွေးရင်း
မှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခို့ငွေ့တွေမှာ
လက်ပွန်းတတီး ညှစ်သတ်ခံလိုက်ရတဲ့
အတိတ်အနာ များစွာပါတယ် ။ ။

ဘယ်လိုလဲ.....

ဘ၀ကိုပဲ ကျောင်းမှာလား
အချစ်ကိုပဲ ပေါင်းမှာလား
တစ်ချို့ဒသနတွေက စိတ်ဓါတ်ကိုအားဖြည့်နေကြပေါ့ ။ ။

ငါသောက်သုံးမိလိုက်တဲ့ အိပ်မက်တစ်ခွက်အတွက်
မျှော်လင့်ချက်တွေကို ဖြည်ချရင်း
ညခင်းရဲ့ အလှဖောင်ထက်မှာ
ပေါက္ခရ၀ဿမိုးတွေ ရွာချမိကာမှ
ငါ့ရင်က တရိရိနဲ့နာလာတယ် ။ ။

ဒီမိုးစက်မှာ စိုသူမဲ့နေတယ်...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အထက်တွင်အသုံးပြုထားသောပုံအား www.rocbike.com မှ ကူးယူဖော်ပြပါသည်။

14 comments:

GreenGirl said...

စိုသူမဲ့နေတယ်တဲ့လား...
တစ်ခါတစ်လေ ဒီလိုပဲ ဖြစ်တတ်ပါတယ်
တစ်ယောက်ယောက်ကိုတော့ စိုမှာပါ။ စိတ်မလျှော့လိုက်ပါနဲ့

flowerpoem said...

ကဗျာလေးကို လာခံစားသွားပါတယ်

khin oo may said...

ရေပုံးလိုက်လောင်းလိုက်ပါ။ စေတနာနဲ့ပါပြေးမလွတ်ဘူပေါ့။

ကောင်းကင်ပြာ said...

ဘ၀ကိုပဲ ကျောင်းမှာလား၊ အချစ်ကိုပဲ ပေါင်းမှာလား.... အင်းးးး
ကောင်းကင်မှာ လမသာဘူး ရန်ကုန်မှာတော့ မိုးတွေ ရွာနေတာ မနက်ကတည်းကတဲ့ မိုးရေတွေ စိုသူများပီး ရေတွေ ကြီးလို့တဲ့

စိတ်စမ်းရေ said...

ကဗျာလေးတွေ တအားကောင်းတယ်ဗျာ...
အရမ်းကို ကြိုက်မိပါတယ်...။

မိုးကြယ် said...

ကောင်းတယ်ဆရာ..
သေသပ်တယ်..

အရုပ်ကလေး said...

လင်းဖြာမလာတဲ့ စိုသူမဲ့ ဒီမိုးစက်ကြား
ဘ၀တစ်ခုကို အခါခါ ဟစ်ကြွေး
ပဲ့တင်သံတွေ သံပြိုင်ပြန်ကြားနေရတဲ့
အိပ်မက်ထဲက မျှော်လင့်ချက်မှာ
ရင်ဘတ်တွင်းရဲ့ အနာဖြစ်ခြင်းအပေါ်
အချစ်ဟာ ရောထွေးသွားလေရဲ့ ...။


ဆိုင်မဆိုင်တော့ မသိ အစ်ကိုရေ ..
စိတ်ထဲထင်တာ မန့်လိုက်တာ ..

လေ့လာလျှက်
ညီငယ် idulize

အိန္ဒြာ said...

ကဗျာဆရာရေ...

အရောက်နောက်ကျတဲ့ အတွက် ဆောရီး

စိတ်တွေရှုပ်နေလို့မောင်လေးရေ...

ကဗျာလှလှ အတွေး..လှလှတွေကို အဖတ်ရတာကြာပါပေါ့...

ရွေးပြီရွာပါတယ်ဆိုကာမှ...
စိုသူမဲ့နေတယ်ဆိုတော့..
မိုးတွေကို အားနာစရာပါလားကွယ်..

minn thuka said...

ကောင်းပါ့ဗျာ...ဘဝလမ်းကြားထဲက
အချစ်ကို မဝံ့မရဲလေးချောင်းကြည့်ထားတာ
ချစ်သူက အရိပ်တစ်ခုခုအောက်ရောက်နေတာလေး
တွေးထားတာ ကဗျာဆန်ပါ့
“ဒီမိုးစက်မှာ စိုသူမဲ့နေတယ်...”တဲ့

ဆောင်းယွန်းလ said...

ငါသောက်သုံးမိလိုက်တဲ့ အိပ်မက်တစ်ခွက်အတွက်
မျှော်လင့်ချက်တွေကို ဖြည်ချရင်း
ညခင်းရဲ့ အလှဖောင်ထက်မှာ
ပေါက္ခရ၀ဿမိုးတွေ ရွာချမိကာမှ
ငါ့ရင်က တရိရိနဲ့နာလာတယ် ။ ။

ကဗျာလေးလာဖတ်တယ် ညီလေးရေ
စာသားတွေကတော့ရှယ်ပဲ..
စိုသူမဲ့ မိုးစက်တွေတဲ့လားညီလေးရာ..
တစုံတယောက်ကိုတော့......

MANORHARY said...

ယာမစု ဆောင်ထားတယ်ထင်ပ နော်..း)
နောက်တာပါ
လောကကြိးက ဒီလိုပါပဲ

ပိုင်ဖြိုးကို said...

" ဒီမိုးစက်မှာ စိုသူမဲ့နေတယ် " တဲ့လားဗျာ၊
စိုသူရှိရှိ၊ မရှိရှိ မိုးစက်လေးတွေကတော့ ရွာသွန်းပေးနေရတာပဲပေါ့ဗျာ .......

ကြယ်ပြာ said...

ကဗျာဆရာရဲ့ ကဗျာတွေဖတ်မိတိုင်း ရင်ထဲကို နင့်နင့်နဲနဲဖြစ်စေတယ် ... ခုလဲ တစ်ပုဒ်လုံးကို သေချာခံစားသွားပါကြောင်း ....

ရွှေပြည်သူ (ShwePyiThu) said...

“ဒီမိုးစက်မှာ စိုသူမဲ့နေတယ်...” တဲ့... စကားလုံးတွေကို ဖတ်သွားတာ မဟုတ်ဘူး အစ်ကိုရေ.. ငေးမောသွားတာ... တော်တော်လှတယ်...

Template by - Abdul Munir