Thursday, July 9, 2009

မိုးမြင့်တမ်းချင်း

စိတ်အနှစ်ရဲ့ သိက္ခာအဆီတဲ့
လူယဉ်ကျေးတွေ ရီကြလိမ့်မယ်...။

ဘယ်လောက်များရရှိခဲ့ပြီးပြီလဲ
ဘယ်လောက်ကော ပေးဆပ်လိုက်ရလဲ
ဘာတွေထပ်ရဖို့ကော ကျန်ရှိနေသေးလဲ

မေတ္တာကို ဈေးကွက်တင်ရောင်းချလာတဲ့အခါ
အချစ်နဲ့ သစ္စာဟာ ရွှေမန်းသဘင်နဲ့မော်တော်ဘုတ်နာမည်သာသာ...။

သိပ်ကိုချစ်တတ်ပါတယ်တဲ့
သိပ်ကိုမြတ်နိုးတတ်ပါတယ်တဲ့
တစ်ဒင်္ဂ ဖြတ်ပြေးသွားတဲ့ အပြုံးအောက်မှာ
မာယာတပ်သားတွေ ကိုးဖျာမက...။

ဟန်ဆောင်ခြင်းတွေကိုဘဲ ပြန်လည်ဟန်ဆောင်လာကြတဲ့ခေတ်ထဲ
ချစ်ခြင်းကို ဘောင်ခတ်သတ်မှတ်လာကြတော့
လှည့်စားခြင်းတွေကိုပဲ မြိန်ယှက်စွာသောက်သုံး
ရာသီအမျိုးမျိုးမှာ ပန်းအမျိုးမျိုးတွေပွင့်ပြလိုက်ကြတာများ
ငါ့လက်ထဲမှာ အသည်းဘယ်လောက်ကွဲခဲ့တာကို ဂုဏ်ယူလိုက်ကြ
မျက်နှာဖုံးတွေ အမျိုးမျိုးနဲ့ ပွဲခံလိုက်ကြ
ခေတ်ကိုက ကြေးစားသိပ်ဆန်လွန်းနေပြီ...။

ငိုကြွေးနေတဲ့ အိမ်အိုတစ်လုံးထဲ
ပြုံးယောင်ဆောင် ပန်းချီတစ်ချပ်
မွန်းကြပ်ပြည့်လျှံ စကားလုံးနံရံနဲ့
အေးစက်သွားတဲ့ မနက်ခင်းစာ
ဆောင်ယူသူမဲ့နေတဲ့ သွားပွတ်တံတစ်ချောင်း
လောကရမ္မက်ထဲမှာ တစ်ချက်ခြင်းပစ်ချ
ဆည်းလည်းတစ်လုံးရဲ့ ကြုံးဝါးသံမှာ
သံစဉ်တွေအားလုံး ကျိုးပျက်ကြေမွ....။

အတုအယောင်ဆိုတဲ့ စကားလုံး
သုံးဆယ့်တစ်ဘုံမှာ အခါးဆုံးအရာ
အစစ်ဆိုတာ ပျောက်ဆုံးတောင်
အတ္တပုံဆောင်နဲ့ အစားမထိုး
ငါ့ရင်ခွင်သင်ရိုးမှာ ဘာသာရိုင်းတွေပဲကြီးစိုးတယ်...။

မိစ္ဆာတွေ ထုံကူးတဲ့အသိုက်အမြုံ
နင်ချန်ရစ်လေတော့မှ ကြုံတယ်...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

10 comments:

ကောင်းကင်ပြာ said...

သူ ချန်ရစ်ခဲ့တော့ အမ မောင်လေးရော
ဘယ်လောက် ရထားလိုက်လဲ
ဘယ်လောက်ရောပေးလိုက်ရလဲ
ဘာတွေ ထပ်ရဖို့ရော ရှိသေးလဲ

ဘာမှ မရခဲ့ဘူးလား???

ဓားထက်ထက် said...

ကြားဖူးတာတော့..
အသွားအပြန် အလျားအနံ ရှိတယ်တဲ့..
ပေးသလောက် ပြန်ရတာ ဘာဆန်းလဲ..
အတုံ့အလှည့် ရောင်ပြန်ဟပ်တာနေမယ်..
ကိုယ်ကောင်းရင် သူလဲ ပြန်ကောင်းမှာပေါ့.
ကိုယ်ကဆိုးနေရက်နဲ့.. သူက ပြန်ကောင်းပါ့မလား.
စဉ်းစားကြည့်လေ..

အမရာ said...

အကိုရေ...အသဲကွဲနေတုန်းလား
ဘာပဲပြောပြော..ကဗျာတွေကတော့
မာတုန်းပဲ.....။။။

အိန္ဒြာ said...

အတုအယောင်ဆိုတဲ့ စကားလုံး
သုံးဆယ့်တစ်ဘုံမှာ အခါးဆုံးအရာ

ကောင်းတယ်...အတွေးရော အရေးရော..

ခပ်စိပ်စိပ်ယက်ထားတဲ့ ကွန်တစ်ခုလို...
စိတ်ကို အသေးအမွှားလေးတွေကစ သဲ့လာပြနိုင်တယ်..

နွေးနွေးသဲမွန် said...

ထက်လိုက်တဲ့စာသားတွေ...ရင်ဘတ်ကြားကခွဲထွက်လာခဲ့တာလား....အကိုရေ

Heartmuseum said...

အတုအယောင်ဆိုတဲ့ စကားလုံး
သုံးဆယ့်တစ်ဘုံမှာ အခါးဆုံးအရာ
အစစ်ဆိုတာ ပျောက်ဆုံးတောင်
အတ္တပုံဆောင်နဲ့ အစားမထိုး
ငါ့ရင်ခွင်သင်ရိုးမှာ ဘာသာရိုင်းတွေပဲကြီးစိုးတယ်...။

ကိုရင်နော်ခင်လေးငယ် said...

အေးစက်သွားတဲ့ မနက်ခင်းစာ
ဆောင်ယူသူမဲ့နေတဲ့ သွားပွတ်တံတစ်ချောင်း
လောကရမ္မက်ထဲမှာ တစ်ချက်ခြင်းပစ်ချ...

ဖတ်ရင်းနဲ့ တစ်စက်ခြင်း ပုလဲခ သွားတယ်...

ဆောင်းယွန်းလ said...

မိုးမြင့်တမ်းချင်းကို တိတ်တဆိတ်ဖတ်သွားတယ်ညီလေး
ကဗျာကောင်းတပုဒ်ပါဘဲ...အတွေးရောအရေးပါကြိုက်မိတယ်

Minn said...

ဖတ် မှတ် သွားပါတယ်။

မေ့သမီး said...

ချန်ခဲ့ရတဲ့အကြောင်းတွေ မကြားချင်ဘူး။ အမယ်မင်း မကြားချင်ဘူး။ :P

Template by - Abdul Munir