Thursday, December 17, 2009

အမေကျေနပ်မှာပါလေ

ငိုမလိုပြိုတော့မယ့် တိမ်ညိုကိုကြည့်ရင်း
တကယ်ရွာချခဲ့တာ ကျွန်တော့်ရင်မှာပါ "အမေ" ။ ။

မြွေတစ်ကောင် ညှို့ဓါတ်ဖျက်ခံရတာ
လိပ်တစ်ကောင် အခွံချွတ်ခံရတာ
ငါးတစ်ကောင် ပါးဟက်အ၀ှက်ခံရတာ
ပိတုန်းတစ်ကောင် ၀တ်ရည်ပြတ်လပ်သွားတာ
သဘာဝတွေပဲလား "အမေ" ။ ။

ကိုယ်တိုင်ဖြန့်ခင်းလိုက်တဲ့ လစ်လပ်မှုတစ်နေရာမှာ
ကျောက ကျောက်ဖျာဖြစ်ပေမယ့်
ကျွန်တော် ထိုင်ခွင့်မရှိခဲ့ပါဘူး ။ ။

ပွင့်လင်းမှုရဲ့ ဘေးထွက်ဆိုးကြိုးတွေပဲလား "အမေ"
စိန်ခေါ်ထိုးသတ်ပွဲတွေတောင်မှ
အလံဖြူပြရင် ရန်သူဘ၀ကလွတ်ပါတယ်
ကျွန်တော့်စိတ်ကို ကြိုးဖြတ်ဖို့
ကျွန်တော့်ခွန်အားကို သတ်ကွင်းပို့ဖို့
ဘယ်လိုနတ်ဆိုးတွေ ကြိုးပမ်းနေကြလဲ
ဂြိုဟ်ခွင်ဂြိုဟ်လှည့်တွေက
စေတန်တို့အတွက် နေရာမပေးတော့ဘူးတဲ့လား "အမေ" ။ ။

ကိုယ့်ကိုယ်ကိုယ် မြှားတစ်စင်းလိုချွန်မြချင်ခဲ့တာပါ
နွေးထွေးမှုမဲ့ ရပ်ဝန်းရောက်လို့
သောကတွေ မီးလိုတောက်မှ
စိတ်ကူးတွေ အဆိပ်လူးခံရမှန်း
ဝမ်းပမ်းတနည်း သိလိုက်ရတယ် "အမေ" ။ ။

ပူနွေးလာတဲ့ ကမ္ဘာမြေနဲ့
လူမှုရေးဘာသာမကျေတဲ့ လူတွေကြားမှာ
ဆယ်ပေပတ်လည် အသိုက်ကျဉ်းက
မျက်နှာကျက်နဲ့ကြမ်းခင်းတွေ
အသက်ပြင်းပြင်းရှုနေရတယ် "အမေ" ။ ။

မငိုတတ်တော့တဲ့ မျက်လုံး
မပြုံးတတ်တော့တဲ့ မျက်နှာ
သံမဏိလို မာလာခဲ့ရင်း
အသဲ(သည်း)နှလုံးသာ မရှိခဲ့ရင်
စက်ရုပ်ဘာသာဗေဒမှာ
ကျွန်တော်ဘွဲ့ရပြီ "အမေ" ။ ။

ပူဆွေးညွှတ်တွေး မငိုကျွေးပါနဲ့ "အမေ"
အမြင့်တက်သူတို့ မှတ်တမ်းမှာ
လက်ပန်းကျမယ့် အဖြစ်မျိုးတွေရှိပေမယ့်
ကျွန်တော့်စိတ် အငုံအဖူးကို
ကဗျာတွေနဲ့ ထုံးကူးတတ်ခဲ့ပါပြီ ။ ။

ဖိနှိပ်ဝန်းကျင် အရောင်ဆိုးလို့
ကျွန်တော့်အတောင်တွေ ကျိုးရင်တောင်
"အမေ့" ရဲ့ အပြုံးတစ်ချက်
ကျွန်တော့် ဦးထက်ရွက်ခဲ့တာ
"အမေကျေနပ်မှာပါလေ" ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

16 comments:

သိင်္ဂါကျော် said...

အမေ နားလည်မှာပါ ..
ကဗျာလေးကို ခံစားသွားပါတယ်..

ကောင်းကင်ပြာ said...

အတောင်တွေ မကျိုးစေနဲ့..အမေက အပြုံးတွေနဲ့ ကျေနပ်နေမှာ..

ဒဏ္ဍာရီ said...

အကိုရေ ... အမေကတော့ ထာဝရ အပြုံးတွေနဲ့ ကျေနပ်နေမှာပါ။

ခင်မင်လေးစားလျှက်

ကြယ်ပြာ said...

အပိုဒ်တိုင်းကိုနှစ်သက်စွာခံစားသွားပါတယ် ...

ကိုယ်တိုင်ဖြန့်ခင်းလိုက်တဲ့ လစ်လပ်မှုတစ်နေရာမှာ
ကျောက ကျောက်ဖျာဖြစ်ပေမယ့်
ကျွန်တော် ထိုင်ခွင့်မရှိခဲ့ပါဘူး ။ ။

ဒီအပိုဒ်လေးကို သဘောကျလိုက်တာအရမ်းပဲ ....

ပူဆွေးညွှတ်တွေး မငိုကျွေးပါနဲ့ "အမေ"
အမြင့်တက်သူတို့ မှတ်တမ်းမှာ
လက်ပန်းကျမယ့် အဖြစ်မျိုးတွေရှိပေမယ့်
ကျွန်တော့်စိတ် အငုံအဖူးကို
ကဗျာတွေနဲ့ ထုံးကူးတတ်ခဲ့ပါပြီ ။ ။

ကဗျာတွေနဲ့ထုံကူးတတ်ပြီတဲ့လား ...
အမေ့ရဲ့အပြုံးတစ်ချက်ကို ဦးထက်ရွက်ထားတဲ့ ငါ့မောင်လေး ဘယ်တော့မှ အတောင်ကျိုးမှာမဟုတ်ပါဘူးကွယ် ... အဲ့ဒီအပြုံးရဲ့အစွမ်းကြောင့်ပဲ အတောင်ပြင်းပြင်းခတ်ပြီးပျံသန်းနိုင်ဦးမယ်လို့ ယုံကြည်နေပါတယ် ....

MANORHARY said...

ကဗျာလာဖတ်ပါတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကိုရင်နော်ခင်လေးငယ် said...

တစ်ကြောင်းခြင်း
တစ်ကြောင်းခြင်း.....

ရင်ဘတ်ထဲက လှိုက်လှိုက်လှဲလှဲ
ဖတ်သွားမိတော့....
တမျိုးကြီးပဲ...

အသဲ(သည်း)နှလုံးသာ မရှိခဲ့ရင်
စက်ရုပ်ဘာသာဗေဒမှာ
ကျွန်တော်ဘွဲ့ရပြီ "အမေ"


တဲ့လား....!! ဟုတ်တယ်နော်...

emayarKhin said...

အမေကျေနပ်မှာပါအကိုရေ.....

Anonymous said...

ပူဆွေးညွှတ်တွေး မငိုကျွေးပါနဲ့ "အမေ"
အမြင့်တက်သူတို့ မှတ်တမ်းမှာ
လက်ပန်းကျမယ့် အဖြစ်မျိုးတွေရှိပေမယ့်
ကျွန်တော့်စိတ် အငုံအဖူးကို
ကဗျာတွေနဲ့ ထုံးကူးတတ်ခဲ့ပါပြီ ။

မှန်လိုက်တာအကိုရယ် ကျွန်တော်တို့လို့ အဝေးရောက်သူများအတွက် ဒီကဗျာလေးက တော်တော်ထိရှိစေတယ်ဗျာ

Unknown said...
This comment has been removed by the author.
ညီအကိုများ said...

ရင်ထဲကို တန်းနေတာပဲ ကိုယ့်ဆရာ..

ကဗျာမရေးနိုင်သေးတဲ့ ကျွန်တော့်အတွက်တော့
ဒီကဗျာလေးဖတ်ရတာ ကျေးဇူးဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

Unknown said...

ဒီကဗျာလေးကို ကြိုက်တယ်... ကိုမိုးမြင့်ရေ.....

Anonymous said...

နွေးထွေးမှုမဲ့ ရပ်ဝန်းရောက်လို့
သောကတွေ မီးလိုတောက်မှ
စိတ်ကူးတွေ အဆိပ်လူးခံရမှန်း
ဝမ်းပမ်းတနည်း သိလိုက်ရတယ် "အမေ"

ဒါလေးထိတယ်

Unknown said...

ကိုယ့်ကိုယ်ကိုယ် မြှားတစ်စင်းလိုချွန်မြချင်ခဲ့တာပါ
နွေးထွေးမှုမဲ့ ရပ်ဝန်းရောက်လို့
သောကတွေ မီးလိုတောက်မှ
စိတ်ကူးတွေ အဆိပ်လူးခံရမှန်း
ဝမ်းပမ်းတနည်း သိလိုက်ရတယ် "အမေ" ။ ။
<--- ရင်ဘတ်နဲ့ ဖတ်မိတော့နာတယ်...ပြီးတော့ မရှိတော့တဲ့ အမေ့ကို ကျမလဲ အဲ့ဒီစကားလုံးတချို့ ပြောပြချင်ခဲ့မိတယ်...

nyein said...

အရမ်းကောင်းတယ်အကိုရေ

မဆုမွန် said...

အမြင့်တက်သူတို့ မှတ်တမ်းမှာ
လက်ပန်းကျမယ့် အဖြစ်မျိုးတွေရှိပေမယ့်
ကျွန်တော့်စိတ် အငုံအဖူးကို
ကဗျာတွေနဲ့ ထုံးကူးတတ်ခဲ့ပါပြီ ။.................

ကဗျာလေးကို ခံစားသွားတယ်

Unknown said...

ရင်ထဲက ခံစားပြီး ဖတ်သွားပါတယ် အကိုရဲ့ ကဗျာတိုင်းကို အရမ်းကြိုက်ပါတယ်....

Template by - Abdul Munir