Friday, March 12, 2010

ငွေ က သံစဉ်

အသက်အောင့်ထားတဲ့ မနက်ခင်းတစ်ခုဟာ
ချဉ်းကပ်လာတဲ့ ပြောင်းလဲမှုကိုရင်ဆိုင်ဖို့
ရဲစိတ်တင် နှစ်ချို့တစ်ခွက်နဲ့
ရွပ်ရွပ်ချွံချွံ တိတ်ဆိတ်နေရဲ့ ။ ။

ကံကြမ္မာဟာ ကြည့်မှန်နောက်ကပြဒါး
အသံထက်မြန် နှုန်းထားနဲ့လာခဲ့ရင်
ကြိုတင်ပြင်ဆင်ခွင့်ဟာ ဆိုင်းဘုတ်အနေနဲ့သာ ။ ။

ပုလင်းတစ်လုံး ခေါင်းအပွင့်
ရေပေါ်ဆီ နှုတ်ခမ်းတွေနစ်ရင်း
စီးကရက်ရနံ့မှာ ပန်းကြွေကျရင်း
လင်းတစ်ခါ မှိန်တစ်လှည့်
ကဝေပျိုကကွက်တွေ ဖြန့်ကျက်
လျင်သူစားတမ်း အင်အားကြီးသူသာစတမ်း
ကိုယ်စီကိုငှ ၀ှက်ဖဲများစွာနဲ့
ဘ၀လှည့်တမ်း ကစားပွဲတွေဟာ
သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်တဲ့လား ။ ။

ရုန်းရင်းကန်ရင်း သလုံးတောင့်မတတ်
ချွေးမွေ့ယာနဲ့ ပျော်မွေ့ယဉ်ပါးလာတဲ့
ဆိုက်ကားသမားတစ်ယောက်ရဲ့ အိတ်ထောင်မှာ
ဆာလောင်မှု မျက်နှာများစွာနဲ့ ။ ။

ပက်ကြားအက်မတတ် လက်ဖ၀ါးဟာ
စွမ်းရည်တွေ စုပ်ထုတ်ခံလိုက်ရသလို
အချိန်မတိုင်ခင် ရင့်ရော်မှုဟာ
အလှအပတရားကို စုတ်ဖြဲခံရသလို
အပူလှိုင်းကို ပါးကွက်နဲ့အန်တု
အုတ် ကျောက် သဲသယ် ပန်းရံသမငယ်တစ်ယောက်ရဲ့နောက်ကွယ်မှာ
ကြောက်မက်ဖွယ်ရာ ကြပ်တည်းမှုတွေအပြည့် ။ ။

တစ်ပါးသူအမှိုက်နဲ့ ဆက်တဲ့အသက်
ပေးစာကမ်းစာ ထမင်းတစ်နပ်
သနားကြပါ တစ်စာစာအော်ရင်း
အရွယ်နဲ့မလိုက်အောင် ဖိနှိပ်ချိုးနှုက်မှုအစုံ
ဇိမ်ခံကားပေါ်က ခွေးတစ်ကောင်လောက်တောင်
အဖိုးမတန်လိုက်တဲ့ပုံ ။ ။

ဝေဒနာသည် မိခင်အတွက်
ငွေအရှာထွက်တဲ့ ပန်းရောင်းသမားလူငယ်မှာ
မရေမရာ မျှော်လင့်ချက်ဝတ်ရုံခြုံလို့
တဲငယ်အစုတ် မဏ္ဏိုင်ကိုပုခက်တိုင်ချည်ရင်း
သားချော့တေးဆို အမေအိုမှာ
မနက်ဖြန်ဆိုတဲ့ အတွေးခါးတွေမြိုလို့ ။ ။

အဲဒီလို......
ကိုယ့်ကိုယ်ကိုယ် ဖျော်ချကြည့်တော့
ဆို့နင့်သွားတဲ့ မေတ္တာကမ်းပါးမှာ
တခမ်းတနားကဖို့ ငွေလိုတယ်
လမ်းမမှားဖို့ ငွေလိုတယ်
နေဖို့ အတွက်ငွေလိုတယ်
သေဖို့ အတွက်ငွေလိုတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

9 comments:

kaungkinpyar said...

အင်း ဟုတ်တယ် ငွေလိုတယ်...

ဒဏ္ဍာရီ said...

ကဗျာထဲက အပိုဒ်တိုင်း စကားလုံးတိုင်း အဓိပ္ပါယ်တွေ အပြည့်နဲ့နော် အကို။ ပြည့်စုံတဲ့ ဘ၀တွေနဲ့ ဆင်းရဲ့လွန်းလှတဲ့ ဘ၀တွေများ ကွာခြားလိုက်ကြတာ။ ငွေဟာ အတိုင်းအတာ တခုအထိတော့ ပြောင်းလဲစေနိုင် ဆိုတာ နားလည်လာတယ် အကို။

ခင်မင်လေးစားလျှက်

သိင်္ဂါကျော် said...

အမှန်တရားတွေကို ပြောင်ပြောင်မြောက်မြောက် သီကုံးထားတာပဲ..

ကိုရင်နော်ခင်လေးငယ် said...

ပိုက်ပိုက် ချေးစမ်းဘာ အမြင့်ရယ်.....
ဂယ်ပြောတာနော်...

သေဖို့ အတွက်ငွေလိုတယ် ။ ။

:P
ဂျီးတော်ခင်

အိန္ဒြာ said...

မန်းနီးမိတ်အဲဗရီးသင်းတဲ့

နိုးမန်းနီး နိုးဟန်းနီ
ဆိုတာလည်းရှိသေးမောင်လေးရေ...

အားးးးးးလုံးးးးးးးး
ကိုယ်ဝဲဂရက်နဲ့ကိုယ် နစ်မြုတ်ကူးခတ်နေကြတာတာပေါ့

emayarKhin said...

ဟုတ်ပအကိုရေ..
အရာရာတိုင်းအတွက်ငွေဟာ
လိုနေတော့တာပါပဲ..
စကားမစပ်ပြောရရင်..အိမ်ပြန်ဖို့လဲ
ငွေလိုနေပါတယ်...ဒါနဲ့ပဲမပြန်ဖြစ်မပြန်ဖြစ်နဲ့
ပြန်မှကိုဖြစ်မယ်...

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရေ ကဗျာကဗျာ နာနာကျင်ကျင်နဲ့ လှနေတယ်။ ဟုတ်တယ် “ငွေက သံစဉ်” ဖြစ်နေခဲ့ပြီနော်...

လင်းဦး(စိတ်ပညာ) said...

ကံကြမ္မာဟာ ကြည့်မှန်နောက်ကပြဒါး
အသံထက်မြန် နှုန်းထားနဲ့လာခဲ့ရင်
ကြိုတင်ပြင်ဆင်ခွင့်ဟာ ဆိုင်းဘုတ်အနေနဲ့သာ ။ ။

သိပ်မှန်တာပေါ့ ညီရာ.. ကဗျာလေးကြိုက်တယ်..

ကြယ်ပြာ said...

ဒီကဗျာလေးကိုလဲ နှစ်သက်စွာခံစားသွားပါတယ် ...

Template by - Abdul Munir