Sunday, September 5, 2010

အာရုံမှားတဲ့ လှေ

မြင်မြင်သမျှ အပြာနဲ့ယက်တယ်..

ကောင်းကင်ထဲ နစ်မြုပ်သွားသလို
နှလုံးသွေးကို အရောင်ဆိုးထားသလို
ပင်လယ်ရဲ့ ပြုစားခြင်းကိုခံရသလို
ဝင်သက်ထွက်သက်တိုင်းက ဆေးခတ်ထားသလို
အဲသလိုမျိုး...
မြင်မြင်သမျှက အပြာ ။ ။

ပိတ်ထားတဲ့ စာအုပ်တစ်အုပ်ကိုလှန်ကြည့်မိတော့
ငါ့လက်ကို အပြာရောင်မီးတောက်တစ်ခု
ရုတ်ခနဲ ဖြာခနဲ လောင်မြိုက်
အူလှိုက်သဲလှိုက် အနာတရတွေနဲ့
စေတသိတ်ရဲ့ ဒဏ်ရာကလဲအပြာ ။ ။

တစ်ခါတစ်လေမှာ မွတ်သိပ်လွန်းလို့
ဝမ်းစာကိုပြာချ အရည်ဖျော်သောက်တဲ့အခါ
ယိုဖိတ်စီးဆင်းမှုနဲ့ ပိတ်ပင်တားဆီးမှုအကြား
တံတိုင်းတစ်ချပ်ခြားထားတာလဲ အပြာ ။ ။

ထိုင်နေရင်းက နစ်မြုပ်နေသလို
ထွန်းလင်းနေရင်းက မှောင်မိုက်နေသလို
ပြုံးနေရင်းက ငိုနေသလို
ဆုပ်ကိုင်မိသမျှ အိပ်မက်အပိုင်းအစတွေဟာ
တစ်တစ်ချင်ချင်ကို ပြာနေခဲ့ပေါ့ ။ ။

ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်ခြင်းတွေနဲ့
ရေးသားထားတဲ့ ကယ်ရီကားချားတစ်ချပ်ဟာ
ရုတ်တရက်ပြာပိန်းသွားရင်းက
သံစဉ်တစ်လက်ရဲ့ ရင်ကွဲသံအဆုံး
ပွင့်လာတဲ့ မျက်လုံးအစုံနဲ့မော့ကြည့်တော့
လမင်းက ငုံ့ကြည့်ရင်းပြံးပြချိန်
ငါ့ကိုယ်ငါ သိလိုက်တယ်
ငါဟာ အာရုံမှားတဲ့လှေ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

5 comments:

သိင်္ဂါကျော် said...

ကဗျာ ဖတ်ရင်းနဲ့ မျက်စိတွေတောင် ပြာလာ သလိုပဲ.. :P

ခင်လေးငယ် said...

အောက်ဆုံးက ရည်ရင် တတိယမြောက် အပိုဒ်လေး...
အရမ်းကို သဘောကျတာပဲ...
....................

အိန္ဒြာ said...

သစ္စာခံယူခြင်းသင်္ကေတတွေနဲ့ အပြာတွေက ပြာနေကြတာပါ..
အဲဒီ့မှာ သတ္တ၀ါတွေကောင်းကျိုးသယ်ပိုးစိတ်တွေတစိမ့်စိမ့်ဖြာထွက်နေခဲ့တာ
ကောင်းကင်ကြီးကို ကိုယ်စားပြုထားတဲ့ အပြာကို
သမုဒ္ဒရာကြီးကိုကိုယ်စားပြုထားတဲ့ အပြာကို
သူ့ပန်းချီကားထဲက ကြယ်တွေ ကြယ်ကြွေတွေ ရဲ့အရောင်အဖြစ်ရဲရဲဝံ့ဝံ့ရွေးချယ် ပစ်ခဲ့တယ်..

အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်.. အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...
သူဒီလိုခပ်ဖြည်းဖြည်းရေရွတ်လိုက်မိတယ်....
နောက် ခပ်မြန်မြန်ကြီး..တရစပ် ရေရွတ်နေမိတယ်...

အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...အပြာတွေဟာစွမ်းရည်ထက်မြက်ကြတယ်...

ShwunMi- said...

Vincent ရဲ့ starry night ပန်းချီကားထဲက အပြာရောင်တွေကို မြင်မိတယ်

Unknown said...

အကိုရေ အကို့  ကဗျာတွေ က တော့
ဘယ်အချိန် ဖတ်ဖတ် အရသာကို ရှီနေတာပဲ ..
.

Template by - Abdul Munir