Saturday, October 1, 2011

နွံ

မရည်ရွယ်ပဲ နစ်မြုပ်နေတဲ့စိတ်သဏ္ဍာန်ကို လှုပ်နှိုးဖို့
ရေခဲရိုက်ထားတဲ့ မျှော်လင့်ချက် ခပ်ပါးပါးတွေတော့ရှိတယ်.!!

တဖြည်းဖြည်း ပါးလျားလာတဲ့ အစာအိမ်
ချွတ်ခြုံကျသထက်ကျလာတဲ့ ကိုယ်ကျင့်တရား
နာမ်ရုပ်တရား မခွဲခြားနိုင်တဲ့ အမိုက်မှောင်ထဲ
ကမ္ဘာဦးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအကြောင်း
မေတ္တာတရားရဲ့ အတိမ်အနက်တွေအကြောင်း
မတူညီတဲ့ အယူအဆတွေအကြောင်း
အလှအပတရားကို ဖျက်ဆီးသူနဲ့ကာကွယ်သူတို့အကြောင်း
တွတ်တီးတွတ်တာ လိမ်ညာတတ်တဲ့ နှုတ်ခမ်းတွေအကြောင်း
အရောင်ဖျော့နေတဲ့ မျက်ဝန်းတွေအကြောင်း
ချို့တဲ့နေတဲ့ ကလောင်တွေအကြောင်း
အရေထူလာတဲ့ ကျောပြင်တွေအကြောင်း
ဝမ်းတထွာကို ထိန်းကျောင်းနေကြသူတွေအကြောင်း
ဘယ်လိုအကြောင်းအရာမျိုးမှ မစဉ်းစားချင်လောက်အောင်
မှတ်ဥာဏ်တစ်ချို့ကို မှိုင်းတိုက်ပစ်လိုက်တယ်.!!

အတက်အကျတွေနဲ့ လူးလှိမ့်နေခဲ့ရတာပါ
ကျားကုတ်ကျားခဲ တွယ်ထားတဲ့လက်အစုံ
ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ညာဘက်ရင်အုံတစ်ခြမ်း
ခဲရာခဲဆစ် ကျစ်ယူနေရတဲ့ ခွန်အားလက်ကျန်တွေ
အရောင်မလွင်တော့တဲ့ အိပ်မက်အနွမ်းတချို့နဲ့
အထူးချွန်ဆုံး မိုက်မဲနေတုန်း ရူးသွပ်နေတုန်း ဆာလောင်နေတုန်း.!!

နေ့စွဲတွေကတော့ သူလိုငါလိုဖြတ်ကျော်သွားလိုက်ကြ
သာမာန်ဖြစ်စဉ်တစ်ခုလို ပေါ့ပေါ့ပါးပါးပါပဲ
ငါ့လက်ထဲ အေးစက်နေတဲ့ ကော်ဖီတစ်ခွက်မှာ
အထီးကျန်ခြင်း စိမ့်သက်သက်ပါဝင်နေတာကလွဲရင်ပေါ့.!!

မိုးမြင့်တိမ်

5 comments:

Unknown said...

အကိုရေ အားပေး သွားတယ်နော်
အကိုစီ ရောက်လာရင် ကဗျာ
ရေးချင်စိတ် ပေါက်ပေါက်သွားတယ်.
အကိုစီက ပြန်သွား ရင် ကဗျာ ရေးချင်
စိတ် ပျောက်သွားရော အကိုရာ..
ကယ်ပါအုံးဗျာ...ဟီးးးးးးးးးးးး



လေးစားခင်မင်လျှက် (ဒုတိယ)

ညီရဲ said...

အစ်ကိုရေ...
နွံကဗျားလေး ဖတ်သွားတယ်နော်...

မြသွေးနီ said...

Blog Digest အတွက် ဒီကဗျာလေး လျာထားချင်ပါတယ်။
အဆင်ပြေမပြေ ပြန်ပြောနော်..။

Unknown said...

သိပ်ကိုကောင်းတဲ့ နွံ ကဗျာလေးပါလား...
ဖူးငုံရဲ့ Blog Digest မှာပါလာလို့ လာဖတ်တာ.. တကယ်ကြိုက်မိတယ်..

ခင်မင်လျက်

ပေါ့ဆိမ့် said...

"နွံ" ကဗျာတစ်ပိုင်းတစ်စလေး အားမရလို့ ဖူးဗားရှင်းလေး ခံစားချင်လို့ ဒီထိလိုက်လာပါတယ် အစ်ကိုရေ....

Template by - Abdul Munir