Thursday, October 13, 2011

ဆန္ဒ

တစ်လောကလုံး ထမ်းပိုးထားရသလို သိပ်ကိုလေးလံလွန်းနေတယ်..
တအိအိပိကျလာတဲ့ အရာရာမှာ
အိပ်မက်ဟာ သိပ်ကိုဟားတိုက်စရာ ကောင်းလွန်းနေပြီ.!!

ပေါက်ပြဲနေတဲ့ ဘ၀ကိုဖာထေးဖို့
အကျစ်လျစ်ဆုံး စုစည်းချည်နှောင်ပစ်ရင်းက
ပိန်ချိုင့်နေတဲ့ အတိတ်ဗရပွနဲ့အငွေ့ပျံနေတဲ့ ပစ္စုပန်မှာ
အနာဂါတ်ဟာ တိုက်စားခံ ကမ်းပါးတစ်ခုလို..!!

အထက်မြဆုံးလွန်းတင်ထားတဲ့ အရည်အသွေးတွေနဲ့
အမြင့်မားဆုံး တဟုန်ထိုးလွင့်တက်ခဲ့တဲ့ စေတသိတ်မှာ
ရင်ဘတ်တန်းလန်း နေ့ညတွေ ရူးသွပ်မှု မနက်စာတွေ
ကလောင်တစ်ချောင်းရဲ့ ဥပေက္ခာနဲ့ ၀မ်းတထွာ အတိမ်အနက်တွေ
လူလူချင်း စီးချင်းထိုးတဲ့ပွဲတွေ နွေးထွေးမှုပျောက်နေတဲ့ညတွေ
တစ်ရက်ခြားတစ်ခါ ထထပွင့်နေတဲ့ အတ္တတွေပါတယ်..!!

ညကို အမည်းခြယ်စရာမလိုပေမယ့်
လက်ညှိုးထောင်လို့ ကိုယ်ရောင်မလင်းတဲ့ဘ၀တွေအတွက်
ကိုယ့်အရိုးကိုယ် မီးထိုးရင်း ကိုယ့်လိပ်ပြာကိုယ် ထွန်းညှိရမယ်
လေသင့်သလောက်တော့ လင်းလိမ့်မပေါ့..!!

ဒီလိုအတွေးတွေနဲ့ တင်းတင်းစေ့လိုက်တဲ့ နှုတ်ခမ်းနှစ်လွှာဟာ
အထီးကျန်ခြင်းကို အပြီးသတ်တိုက်ဖို့
ပတ်ဝန်းကျင်ကောက် ထွက်တဲ့ညမှာ
ဝိညာဉ်လွှင့်အတတ်တွေနဲ့ ကမ္ဘာကိုတစ်ပတ်ပတ်ရင်း
ချဉ်ချင်းတက် အာသီသတွေအတွက်
တစ်ကိုယ်ရေ တကာရကို ပြာချပစ်လိုက်တယ်..!!


မိုးမြင့်တိမ်
(၁၃.၁၀.၁၁)

4 comments:

ညီရဲ said...

ဟုတ်တယ် အစ်ကို...
လူကတော့ အတ္တနဲ့ မကင်းနိုင်ဘူးပေါ့...
အတ္တက တချက်တချက် ခေါင်းပြူ
ထွက်လာ တတ်တယ်...
ကျွန်တော် နှစ်ခေါက်တောင် ပြန်ဖတ်ခဲ့ရတယ် အစ်ကို...

စံပယ်ချို said...

လူဘောင်ကမထွက်နိုင်တာဒါတွေလဲ
ပါတယ်နော်...ဘယ်လောက်ပဲဖြူ
အောင်နေမယ်ဆိုပေမယ့်
တစ်ခါတစ်လေတော့လဲ
အော် အတ္တ အတ္တ ရှိနေပြန်တယ်။

Unknown said...

အားပေးသွားတယ်အကို
စကားလုံးတွေလည်း ခိုးသွားတယ် အကိုရေ..း)း)
လေးစားခင်မင်လျှက်

(ဒုတိယ)

တင့်ထူးရွှေ said...

ဆန္ဒလေးကို လှလှပပ ပုံဖော်ပြသွားတယ်၊
"အထီးကျန်ခြင်းကို အပြီးသတ်တိုက်ဖို့
ပတ်ဝန်းကျင်ကောက် ထွက်တဲ့ည " ၊ သိပ်လှတယ်ဗျ ။

Template by - Abdul Munir