Tuesday, July 3, 2012

ကြယ်ကြွေနိဂုံး

တအုံနွေးနွေးနဲ့ သွန်ချခံလိုက်ရတဲ့
လတ်ဆတ်မှု သံယောဇဉ်ဟာ
အတွင်းကြေဆိုတဲ့ ဒဏ်ရာထက်ပြင်းထန်လွန်းနေခဲ့တော့
ဝင်သက်ထွက်သက်တိုင်းဟာ ခဲယဉ်းသထက်ခဲယဉ်းလာခဲ့ !!

တစ်လောကလုံးအုံ့မှိုင်းတဲ့ ရာသီနဲ့
ဒီကမ္ဘာ ကျဉ်းကျဉ်းလေးထဲက
ဖယောင်းတိုင်လို လူတစ်ယောက်
ကိုယ့်ဒဏ်ရာ ကိုယ်ပျောက်ဖို့
သက်ပြင်းကို ဖျော်ချနေမိခဲ့ !!

ပျောက်ဆုံးနေတဲ့ ဘုံဗိမ္မာန်အတွက်
ပဉ္စလက်ဆန်ဆန် ရှာဖွေတွေ့နိုင်ဖို့
နတ်ပျိုမရဲ့ အပြုံးတစ်ပွင့်နဲ့
ရင်ငွေ့လှုံ ပန်းသီးတစ်လုံး
သံယောဇဉ်နဲ့စားသုံးဖို့ လိုအပ်နေခဲ့ !!

ဝင်ရိုးစွန်းအတွက် သူရိန်ရဲ့အပြုံးမျက်နှာဟာ
အိပ်မက်ဆန်ဆန် ပန်းချီတစ်ချပ်ဖြစ်ခဲ့ချိန်
မွန်းကြပ်မှုအလုံးအရင်းရဲ့ ထိုးစစ်ဆင်ခြင်းမှာ
ကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး
အာရုံခြောက်ပါး ဆုံးရှုံးရင်း
ကြယ် သက် ကြွေ တယ်!!!


မိုးမြင့်တိမ်

3 comments:

သိင်္ဂါကျော် said...

ကဗျာထဲက ဒဏ်ရာတွေကို ဖတ်ရင်းနဲ့ မြင်လိုက်ရတယ်..

စံပယ်ချို said...

တအုံနွေးနွေးနဲ့ သွန်ချခံလိုက်ရတဲ့
လတ်ဆတ်မှု သံယောဇဉ်ဟာ
အတွင်းကြေဆိုတဲ့ ဒဏ်ရာထက်ပြင်းထန်လွန်းနေခဲ့တော့
ဝင်သက်ထွက်သက်တိုင်းဟာ ခဲယဉ်းသထက်ခဲယဉ်းလာခဲ့ -----------------
မှန်လိုက်လေခြင်း
ချစ်တတ်သူတွေသာမြင်နိုင်တဲ့အရာပါပဲလေ

Unknown said...

စာသားလေးတွေ အရမ်းလှတယ်

Template by - Abdul Munir