Wednesday, May 14, 2008

မိဘကျေးဇူးကို ပြန်ပြောင်းအောက်မေ့ခြင်း




ဒီနေ့ အလုပ်က ပြန်ရောက်လို့ရေချိုး ၀မ်းရေးဖြည့်တင်းပြီး blogမှာတင်ဘို့ postတစ်ခုရေးမယ် ဆိုပြီးcomputerဖွင့်လိုက်တယ်။ ပြီးတော့မှ Postမရေးခင် emailစစ်လိုက် ဦးမယ်ဆိုတဲ့ စိတ်နဲ့ စစ်လိုက်မိတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ အမက forwardလုပ် ထားတဲ့ when i become old ဆိုတဲ့ emailကို ဖတ်လိုက်မိတယ် ဆိုရင်ဘဲအစတည်းက အိမ်ကိုလွမ်းတဲ့ စိတ်ဖြစ်နေတဲ့ ကျွန်တော် ပိုလို့တောင် လွမ်းလာမိတယ်။ အခုလို မိသားစု နဲ့ဝေးကွာပြီး တစ်မြေ တစ်ရပ်ခြားမှာ နေရမှဘဲ မိဘရဲ့ တန်ဘိုးကိုနား လည်လာမိတယ်။ မိဘအိမ်မှာနေတုန်းက ဘာမှပူပင် စရာမလို မနက် အိပ်ရာထတာနဲ့ ကော်ဖီနဲ့ မုန့်က အဆင်သင့်။အ၀တ်အစား ဆိုရင်လည်းလျှော်ပြီးသား မီးပူတိုက် ပြီးသား အဆင်သင့်။ အော် အခုများတော့ ကိုယ့်ဘာသာကိုယ် အကုန်လုပ်နေရတယ် မေမေ။ မိဘအိမ်မှာ ဆို အလုပ်က ပြန်လာတာနဲ့ ရေချိုးပြီး ထမင်းစားပွဲဝင်ထိုင်လိုက် ရုံနဲ့ ခူးပြီးသား ထမင်းပွဲ ကအဆင်သင့်။ အမေရယ် အမေ့ လက်ရာလေး ကိုလွမ်းလိုက်တာ။ အော်မေမေ့ မေတ္တာကြီးမား လှပါလား။


အလုပ်ကပြန်လာတဲ့ အချိန်တိုင်းမှာ "သား မင်းအလုပ်က အဆင်ပြေလား" လို့အမြဲတမ်းမေးတတ်တဲ့အဖေ့စကားသံကိုလွမ်းတယ်
်အဖေ။ အခုတော့ အလုပ်ကပြန်လာရင် ဆီးကြိုနေတတ်တာက သော့ခတ်ထား တဲ့တံခါးကြီးပါလား။ ဘယ်အရာကို ဘယ်လိုလုပ်ရ မယ် ဘယ်အလုပ်ကို ဘယ်လို ကြိုးစားရမယ် လို့အမြဲတမ်းသွန်သင်ဆုံးမတတ်တဲ့ အဖေ့ရဲ့ ဆုံးမစကားတွေ ကိုလွမ်းတယ်အဖေ။ တစ်လောကလုံး မှာကျွန်တော်အလေးစားဆုံးက ကျွန်တော့်ရဲ့အဖေပါ။ ကျွန်တော် စိတ်ထဲကစွဲမြဲစွာခံယူသတ်မှတ်ထားတဲ့သူရဲကောင်း
ကလည်း အဖေပါ အဖေ။ အခုလို အဖေနဲ့ဝေးနေချိန်မှာ ကျွန်တော်သိလိုက် တာတစ်ခုရှိတယ်အဖေ။ အဲဒါကအဖေ့ ကျေးဇူးကြီးမား လိုက်တာ။


ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ် ဆိုတဲ့အရွယ်ကနေ ယနေ့ လူလားမြောက်ကြီးပြင်းလာတဲ့ အချိန်အထိ ကျွေးမွေး ပြုစုစောင့်ရှောက် လာတဲ့ ကြီးမားလှတဲ့ မိဘနှစ်ပါးရဲ့ အနန္တမေတ္တာစေတနာ တွေကိုသားလေ ဘယ်သောအခါမှ မမေ့ခဲ့ပါဘူး။ အသက်အရွယ်ကြီးရင့်လို့ ဇရာရဲ့ အရေးအကြောင်းတွေ ထင်ဟပ်နေပေမယ့် သားအတွက်တော့ ဖေဖေနဲ့မေမေ မျက်နှာဟာအမြဲတမ်း ကျက်သရေ အပေါင်းနဲ့ ပြည့်စုံလို့ လှနေပါတယ် ဖေဖေနဲ့ မေမေ။

1 comments:

မဆုမွန် said...

ဟုတ်တယ် အိမ်ပြန်ရောက်တာနဲ့ အမေက သမီးလေး ဗိုက်ဆာပြီလားတဲ့  အဖေက သမီး အလုပ်မှာ အဆင်ပြေရဲ့လားတဲ့ ...သတိရတယ် အိမ်ကို ဝေးမှ ပိုသိတယ် မိဘအရိပ်ဟာ ဘယ်လောက်အေးတယ်ဆိုတာ.ငါအိုသွားတဲ့အခါဆိုတဲ့ တင်ထားတဲ့ စာလေး လိုချင်လိုက်တာ..

Template by - Abdul Munir